သူတို့ညီနောင်နှင့်ကျွန်တော်

 သူတို့ညီနောင်နှင့် ကျွန်တော် (ဝတ္ထုတို)✍️ဇော်ဂျီ


📔📔📔

သူတို့ညီနောင်ဆိုသည်မှာ တကောင်းမင်း အဘိရာဇာ၏ သားတော်များဖြစ်ကြသာ ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့ ဖြစ်ပါသည်။ တကောင်းပြည်ထီးနန်းကို ထိုညီနောင် နှစ်ပါးလုခဲ့ကြသည်မှာ ကျွန်တော်တို့ ရာဇဝင်၏ ကနဦးခေတ်ပိုင်းကဖြစ်ရာ ကြာလှပါပြီ။ သို့ရာတွင် ထိုညီနောင် နှစ်ပါးအကြောင်းကို စဉ်းစားမိသည့်အခါတိုင်း ကျွန်တော့်အတွေးနှင့် ကျွန်တော် ရင်လေးမိတတ်ပါသည်။


ကျွန်တော်တို့ ကျောင်းသားအရွယ်က ထိုညီနောင်နှစ်ပါးထီးနန်းလုကြပုံ အကြောင်းကို ကျောင်းဖတ်စာအုပ်၌ ဖတ်ခဲ့ရပါသည်။ ထိုအကြောင်းကို အချို့သော စာဖတ်ပရိသတ်လည်း ဖတ်ပြီးဖြစ်မည်ဟု ထင်ပါသည်။ သို့ရာတွင် ကျွန်တော် ရင်လေးမိတတ်သည့် အကြောင်းကို ပြောမပြမီ ထိုညီနောင်နှစ်ပါး ထီးနန်းလုကြပုံအကြောင်းကို ထပ်၍ပြောပြဖို့ လိုပါလိမ့်ဦးမည်။


တကောင်းပြည်တွင် အဘိရာဇာမင်း ကံ ကုန်သောအခါ သားတော် ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့သည် တကောင်းပြည်ထီးနန်းအတွက် လက်ရုံးစစ်ထိုးရန်ပြင်ကြသည်ဟု ဆိုပါသည်။ ထိုအခါ အမတ် ပညာရှိတို့က အရှင့်သားတို့သည် လက်ရုံးစစ်ကို မထိုးကြပါကုန်လင့်။ ကုသိုလ်စစ်ကိုသာ ထိုးကြပါလေဟု နားတော်လျှောက်ကြလေကုန်၏။ ကုသိုလ်စစ်ဆိုသည်ကား အဘယ်နည်းဟု ညီနောင် နှစ်ပါးက မေးကြရာ အလှူမဏ္ဍပ်နှစ်ဆောင်ကို တစ်ယောက်တစ်ဆောင်စီ ညတွင်းခြင်းပြီးအောင် ဆောက်ကြပါ။ အလျှင်ပြီးအောင် ဆောက်နိုင်သူသည် တကောင်းပြည်ထီးနန်းကို ဆက်ခံထိုက်သူ မည်ပါသည်။ ထိုသို့ပြုခြင်းသည် ကုသိုလ်စစ်ထိုးခြင်းဖြစ်ပါသည်ဟု လျှောက်ထားကြလေသည်။


ညီနောင်နှစ်ပါးလည်း ကောင်းပြီဟုဝန်ခံ၍ အလှူ

မဏ္ဍပ်ဆောက်ကြလေသည်။နောင်တော် ကံရာဇာကြီးသည် မိမိ၏ အလှုမဏ္ဍပ်ကို သစ်ကြီးဝါးကြီးဖြင့်ဆောက်သည်။ ညီတော် ကံရာဇာငယ်သည် မိမိ၏ အလှုမဏ္ဍပ်ကို သစ်ငယ်ဝါးငယ်ဖြင့်ဆောက်၍ ဖျင်ဖြူပတ်ခြင်း၊ ထုံးဖွေးဖွေးသုတ်ခြင်းတို့ကို ပြုလေသည်။ နံနက် မိုးသောက်လတ်သော် ကံရာဇာကြီး၏ အလှုမဏ္ဍပ် အပြီးသို့ မရောက်ခြေ။ ကံရာဇာငယ်၏ အလှုမဏ္ဍပ်သာလျှင် အပြီးသို့ရောက်လေသည်။ ထို့ကြောင့် ကံရာဇာကြီးသည် အထက်စကားကတိ ရှိသည့်အတိုင်း တကောင်းပြည်ထီးနန်းကို ကံရာဇာငယ်လက်သို့အပ်၍ တကေင်းမြို့မှ ခွာလေသည်။ ဤကား သူတို့ညီနောင်နှစ်ပါး ထီးနန်းလုကြပုံ အကြောင်းဖြစ်ပါသည်။


ကျွန်တော်သည် ထိုအကြောင်းကို ပထမဖတ်ရစဉ်က ကံရာဇာငယ်၏ အမူအရာကို လက်ခုပ်တီး၍ အများကြီး ချီးကျူးလိုက်ပါသည်။ ကံရာဇာငယ်သည် ဉာဏ်ကောင်းလေစွ။ မဖြစ်လျှင်ဖြစ်အောင် လုပ်တတ်လေစွ။ နောင်အခါ၌ကား ကျွန်တော်သည် ကံရာဇာငယ်၏ အမူအရာကို သံသယ ဖြစ်လာပါတော့သည်။


ရှေးဦးစွာ တကောင်းပြည်၏ နိုင်ငံရေးဝါဒနှင့် နိုင်ငံရေးခြေလှမ်းတို့ကို ကျွန်တော် ဤသို့မှန်းကြည့်သည်။ အဖေကို သားကသတ်၍၊ အစ်ကိုကို ညီကသတ်၍၊ ဦးရီးကို တူက သတ်၍ ထီးနန်းကို ယူနိုင်လျှင် ရခွင့်ရှိသည်ဟူသော ထီးမွေနန်းမွေဆက်ခံရေး သဘောတရားကို ကမ္ဘာပေါ်တွင် မည်သူက စတင်ဖန်တီးခဲ့သည်ဟု ကျွန်တော်မသိပါ။ သို့ရာတွင် ထိုသဘောတရားကို နှစ်သက်လက်ခံခြင်းသည် ခေတ်ဆန်သည် တိုးတက်သည်ဟု ယူဆထားကြလေသလားမသိ။ တကောင်းပြည်တွင် ထိုသဘောတရား ရှိနေနှင့်လေသည်။ ထို့ကြောင့်သာလျှင် အဘိရာဇာ ကံကုန်သောအခါ သားတော် ကံရာဇာကြီး ထီးထီး မားမား ရှိနေပါလျှက် သားတော်ကံရာဇာငယ်သည် နောင်တော်သော၊ ဘာသောညာသော နားမလည် တကောင်းပြည်ထီးနန်းကို ငါ့လက်သို့ အပ်ရမည်ဟု ဓားကြိမ်းကြိမ်းဝံ့ခြင်းဖြစ်သည်ဟု ယူဆနိုင်လေသည်။


ပုံပန်းမှာ အဘိရာဇာ နာမကျန်းဖြစ်နေစဉ်အခါကပင် ကံရာဇာငယ်သည် ကြိုတင်ပြင် ဆင်သော အနေဖြင့် နောက်ပိုင်းအစည်းအဝေး ခဏခဏခေါ်၍ စက်ပုန်းခုတ်ခြင်း၊ လူမျိုးဘာသာမရွေး၊ ကျားမ မရွေး ပြုံးနိုင်သမျှ ပြုံးပြခြင်း၊ ငါ့မုန့် တဖဲ့စားစေ၍ ငါ့အိတ်ထဲသို့ ဝင်နိုင်သမျှ ဝင်စေခြင်း စသည် တို့ကို ပြုလုပ်ထားပုံရလေသည်။ နောင်တော် ကံရာဇာကြီးမှာကား ထိုသို့မဟုတ် နောင်တော်ဖြစ်သည့်အတိုင်း ထီးနန်းကို အေးအေးသာသာရလိမ့်မည်အထင်နှင့် အေးအေးသာသာနေခဲ့ပုံ ရလေသည်။ ထို့ကြောင့်သာလျှင် ကံရာဇာငယ်က ဓားကြိမ်းကြိမ်း လိုက်သောအခါ ကံရာဇာကြီးမှာ မည်သို့မျှ မတတ်နိုင်။ ကိုရွှေဝန်တို့၏ ကုသိုလ်စစ် စကားနားမထောင်ချင်ဘဲ နားထောင်လိုက်ရသည်ဟု ထင်မိပါသည်။ ဤကားတကောင်းပြည်၏ နိုင်ငံရေးဝါဒနှင့် နိုင်ငံရေးခြေလှမ်းတို့ကို ကျွန်တော် မှန်းကြည့်လိုက်ခြင်း ဖြစ်ပါသည်။


ထို့နောက် ကံရာဇာငယ်၏ အမူအရာအား ကျွန်တော်သံသယဖြစ်လာပုံကို ဆက်၍ ပြောပြချင်ပါသေးသည်။ ကိုရွှေဝန်တို့၏ ကုသိုလ်စစ်စကားကို ညီနောင် နှစ်ပါးလက်ခံပြီးသည့် နောက်ပိုင်းတွင် ညီနောင်နှစ်ပါး၏ အလှုမဏ္ဍပ်ကို တစ်ယောက်တစ်‌ဆောင်စီ ညဉ့်တွင်းချင်းပြီးအောင် ဆောက်ကြရန်သာ ကျန်ပါတော့သည်။ ထို့ကြောင့် ညီနောင်နှစ်ပါးသည် တပည့်လက်သားများကိုခေါ်၍ တောသို့သွားကြ သည်။ သစ်ဝါးခုတ်ကြသည်။ သယ်လာကြသည်။ မ‌ဏ္ဍပ်ဆောက်ကြသည်။ ရှုလော့၊ အရုဏ်တက်တွင် ကံရာဇာငယ်၏ အလှူမဏ္ဍပ်သည် ဖြူဖြူဖွေးဖွေးငေးကြည့်ရမတတ်ဖြစ်သည်။ အလွန် ကျော့၍ ကော့၍၊ မော့၍၊ ကြွ၍၊ ပျံ၍ နေသည်။ ကံရာဇာကြီး၏ အလှူမဏ္ဍပ်မှာမူကား တစ်စိတ်တစ်ပိုင်းသာ ပြီးသေးသည်။ ကံရာဇာငယ်အောင်ပြီ။ ကံရာဇာငယ် တကောင်းပြည် ထီးနန်ကို သိမ်းပြီ။


သို့ရာတွင် ကျွန်တော်တို့သည် ကံရာဇာငယ်ဆောက်သော အလှူမဏ္ဍပ်၏သဘောကို ရာဇဝင်ဆရာမှတဆင့် သိပြီးဖြစ်ကြပါသည်။ ရာဇဝင်ဆရာ၏ အဆိုအရ ကံရာဇာငယ်၏ အလှူမဏ္ဍပ်သည် သစ်ငယ်ဝါးငယ်မျှသာဖြစ်သည်။ ဖျင်ဖြူပတ်ထားခြင်းမျှသာဖြစ်သည်။ ကံရာဇာငယ်သည် ဉာဏ်ကောင်းပါ၏။ မဖြစ်လျှင် ဖြစ်အောင်လုပ်တတ်ပါ၏။ လုပ်သဖြင့် ဖြစ်လည်း ဖြစ်ပါ၏။ သို့ရာတွင် ဖြစ်လာသော အလှူမဏ္ဍပ်သည် တကယ့်မဏ္ဍပ်မဟုတ် စိတ်ကူးယဉ် မဏ္ဍပ်သာတည်း။ အခိုင်အခံ့မဟုတ်၊ ဖြစ်ကတတ်ဆန်းသာတည့်။ စေတနာမဟုတ်၊ ပြရုပ်သာတည်း။ ကံရာဇာငယ်သည် ထိုအလှူမဏ္ဍပ်မျိုး၌ တကောင်းပြည်သူလူထုအား အလှူပေးလျှင် မည်သည့်နည်းနှင့်မျှ အဓွန့်ရှည်စွာ အလှူပေးနိုင်မည် မဟုတ်ချေ။ အလွန်ဆုံး သုံးလေးလမျှလောက်သာ အလှုပေးနိုင်မည်။ တကောင်းမိုး တကောင်းလေတို့နှင့် သင့်မြတ်အောင် ဆောက်ခြင်းမဟုတ်သောကြောင့် ထိုအလှူမဏ္ဍပ်သည် သုံးလေးလကြာလျှင် ယိုင်လဲပြိုကွဲရမည်သာ ဖြစ်လေသည်။ ကံရာဇာငယ်၏အမူအရာကို ကျွန်တော်ချီူးကျူးလာရာမှ သံသယဖြစ်လာရသည်မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်ပါသည်။


ထို့နောက် တကောင်းပြည်အတွက် ရင်လေးမိတတ်သည့် အကြောင်းကို ပြောပြပါတော့မည်။ ရင်လေးမိတတ်သည်မှ ပထမတွင် ကံရာဇာကြီးသည်လည်းကောင်း၊ ကိုရွှေဝန်တို့သည် လည်းကောင်း၊ တကောင်းပြည်သူလူထုသည်လည်းကောင် ရိုးလွန်း အလွန်း နလွန်းကြသည်ဟု အထင်ရှိလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ကံရာဇာကြီးသည် စိတ်ကူးယဉ်မဏ္ဍပ်၊ ဖြစ်ကတတ်ဆန်းမဏ္ဍပ်၊ ရုပ်ပြမဏ္ဍပ်တို့ကို အဘယ်ကြောင့် ကန့်ကွက်ခြင်းမပြုဘဲ နေပါသနည်း။ ကိုရွှေဝန်တို့သည် ထိုမဏ္ဍပ်ကို အဘယ်ကြောင့် ပယ်ချခြင်းမပြုဘဲ နေကြပါသနည်း။ တကောင်းပြည်သူလုထုသည် ထိုမဏ္ဍပ်ကို အဘယ်ကြောင့် လူထုအုံကြွနည်းဖြင့် တိုက်ဖျက်ခြင်း မပြုဘဲနေကြပါသနည်း။ အကယ်၍ ထိုသူတို့သည် ထိုမဏ္ဍပ်ကို တကယ့်မဏ္ဍပ် အခိုင်အခန့်မဏ္ဍပ်၊ စေတနာမဏ္ဍပ်ဟူ၍ ယုံကြည်ကြသည်ဖြစ်လျှင် ထိုသူတို့သည် အကယ်ပင် ရိုးလွန်း၊ အလွန်း၊ နလွန်း ကြသည်ဟု ဆိုရာသည်။ ထိုသူတို့သည် ထိုမျှလောက် ရိုးလွန်း၊ အလွန်း၊ နလွန်း လိမ့်သည်ဟု ကျွန်တော်မထင်ပါ။ ထိုသူတို့သည်လည်း မဏ္ဍပ်ဆောက်တတ်သူများပင်ဖြစ်ပါသည်။ ကံရာဇာငယ်၏ အလှူမဏ္ဍပ်ကို အဝေးမှသာကြည့်ရစေကာမူ သစ်ငယ်ဆောက်၊ ဝါးငယ်ဆောက်၊ ဖျင်ဖြူပတ်၊ ထုံးဖြူသုတ် မဏ္ဍပ်ဖြစ်သည်ကိုကား ခွဲခြား၍သိမြင်ကြမည်သာ ဖြစ်လေသည်။


ထိုသို့ တပြီးကား ကံရာဇာကြီးက ကန့်ကွက်ခြင်းမပြူဘဲနေသည်မှာ လောဘဇောတိုက်နေသော ညီတော် ကံရာဇာငယ်ကို စက်ဆုတ်သောကြောင့်ပေလော။ စက်ဆုတ်သောကြောင့်ဟုဆိုလျှင် တကောင်းပြည်မှ ကံရာဇာကြီး ခွာသွားခြင်းသည် အသေဝနာစ ဗာလာနံ ပုဒ်အရ မင်္ဂလာရှိသော ခွာသွားခြင်းပေဟု ဆိုရာသည်။ တဖန် ကိုရွှေဝန်တို့က ပယ်ချခြင်း မပြုဘဲနေကြသည်မှာ ကံရာဇာငယ်ထံမှ စားပေါက် စားလမ်းကို မျှော်မှန်းကြသောကြောင့်ပေလော။ မျှော်မှန်းကြသောကြောင့်ဆိုလျှင် တကောင်းပြည်၌ ခေါင်ကစ မိုးယိုနေပြီ ဖြစ်သဖြင့် သနားစရာသာ ဖြစ်တော့သည်။ တဖန် တကောင်းပြည်သူလူထုက တိုက်ဖျက်ခြင်း မပြုဘဲနေကြသည်မှ တိုင်းပြည်အရေးသည် ငါတို့ အရေး၊ ငါ့တို့ အရေးသည် တိုင်းပြည်အရေးဟူသောအချက်ကို သဘောမပေါက်ကြသောကြောင့်ပေလော။ သဘောမပေါက်ကြသောကြောင့်ဟု ဆိုလျှင် တကောင်းပြည်သူလူထုထဲ၌ ဘယ်သူသေသေ ငတေမာပြီးရောသမား အတော်ခပ်များများ ရှိနေသေးသဖြင့် သနားစရာသာဖြစ်တော့သည်။


သို့ရာတွင် ကံရာဇာကြီးသည် စက်ဆုတ်သောကြောင့် ခွာသွားသည်ဟု ကျွန်တော်မထင်ပါ။ စက်ဆုတ်သည်ဖြစ်လျှင် ကံရာဇာကြီးသည် ကုသိုလ်စစ်ကိုပင် ထိုးတော့မည် မဟုတ်ပါ။ ကိုရွှေဝန်တို့သည်လည်း စားပေါက် စားလမ်းကို မျှော်မှန်းကြသည်ဟု ကျွန်တော်မထင်ပါ။ မျှော်မှန်းကြသည်ဖြစ်လျှင် ကိုရွှေဝန်တို့သည် ကုသိုလ်စစ်စကားကိုပင် ဆိုကြမည် မဟုတ်ပါ။ တကောင်းပြည်သူ လူထု၌လည်း ငတေမာပြီးရောသမား အတော်များများ ရှိနေကြသည်ဟု ကျွန်တော်မထင်ပါ။ ရှိနေကြသည်ဖြစ်လျှင် မည်သည့်မင်းသား၏ အလှူမဏ္ဍပ်ကိုမျှ ဝိုင်းဆောက်ပေးကြလိမ့်မည် မဟုတ်ပါ။


ထိုသို့ တပြီးကား ကံရာဇာငယ်၏ သစ်ငယ်ဆောက်၊ ဝါးငယ်ဆောက်၊ ဖျင်ဖြူပတ်၊ ထုံးဖြူသုတ် မဏ္ဍပ်ကို ကန့်ကွက်ခြင်း၊ ပယ်ချခြင်း၊ တိုက်ဖျက်ခြင်း မပြုပဲ နေခဲ့ကြသည်မှ မည်သည့် အကြောင်းကြောင့်ပေနည်း။ မည်သည့် အကြောင်းကြောင့်မျှ မဟုတ်နိုင်။ ကံရာဇာငယ်သည် ကံရာဇာကြီး အား လည်းကောင်း၊ ကိုရွှေဝန်တို့အား လည်းကောင်း။ တကောင်းပြည်သူလူထုအား လည်းကောင်း တနည်းနည်းဖြင့် ခြိမ်းခြောက်နေသောကြောင့်သာလျှင် ဖြစ်နိုင်သည်။


ကံရာဇာငယ်သည် မိမိ၏ အလှူ မဏ္ဍပ်ရှေ့တွင် နောင်တော်အတွက် ဝမ်းနည်းပက်လက်ဖြစ်ရသော မျက်နှာပေးကို လည်းကောင်း၊ ကိုရွှေဝန်တို့ကို သိမ်းသွင်းချော့မော့နေသာ မျက်နှာပေးကိုလည်းကောင်း၊ တကောင်းပြည်သူလူထုအား အချိုသွေးနေသော မျက်နှာပေးကိုလည်းကောင်း ပြချင်လျှင် ပြနေမည်ဖြစ်သည်။လက်နက်နှင့် တပည့် လက်သားတို့ကိုမူကား မဏ္ဍပ်အတွင်း၌ လည်းကောင်း၊ မဏ္ဍပ်အပြင်၌ လည်းကောင်း၊ ပေါ်ပေါ်ထင်ထင် တချို့ ပုန်းလျှိုးကွယ်လျှိုးတချို့ နေရာချထားပြီး ဖြစ်မည်မှာ သေချာပါသည်။


ရာဇဝင်ဆရာသည် ထိုအချက်ကို ရာဇဝင်၌ထည့်ဆိုခြင်း မပြုခဲ့ပါ။ သို့ရာတွင် အာဏာကို အဓမ္မလိုချင်သော ကိစ္စမျိုး၌ ထိုအချက်မျိုးသည် ဓမ္မတာလိုလိုပင် ဖြစ်သောကြောင့် ထိုအချက်ကို စိတ်ကူးဖြင့် အစားထိုးကြည့်ခြင်းမျှသာ ဖြစ်ပါသည်။


မည်သို့ပင်ဖြစ်စေ သူတို့ညီနောင်အကြောင်းကို စဉ်းစားမိသည့်အခါတိုင်း ကျွန်တော့်မှာ တကောင်းပြည်အတွက် ကျွန်တော့်အတွေးနှင့် ကျွန်တော် ရင်လေး မိတတ်သည်မှာ ကံရာဇာငယ်သည် ကံရာဇာကြီးအား လည်းကောင်း၊ ကိုရွှေဝန်တို့အားလည်းကောင်း၊ တကောင်းပြည်သူလူထုအားလည်းကောင်း တနည်းနည်းဖြင့် ခြိမ်းခြောက်နေသည်ဟု အထင်ရှိခြင်းကြောင့် ပင် ဖြစ်ပါသည်။


ကံရာဇာငယ်သည် ကျွန်တော်၏ အတွေးအောက်တွင် အတော်အတန်ပိနေပါပြီ။ စင်စစ်မှာ ကံရာဇာငယ်သည် ကျွန်တော်တွေးသကဲ့သို့ ဟုတ်ချင်မှလည်း ဟုတ်မည်။


မဟုတ်ဘူးယောင်ယောင်နှင့် ဟုတ်ချင်လျင်လည်း ဟုတ်နေမည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ခြိမ်းခြောက်သူနှင့် အတူတကွ နေရခြင်းသည်လည်း ဆင်းရဲပေတကား။ မခြိမ်းခြောက်သူနှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲပေတကားဟုသာ ဆိုလိုက်ချင်ပါတော့သတည်း။ ။

▪️▪️▪️

ဇော်ဂျီ


#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ