အမေ မသိပါစေနဲ့

 အမေ မသိပါစေနဲ့ (စ/ဆုံး)


——————–


“အေမ”

“အမေ့ဆွဲကြိုး ဘယ်ရောက်သွားပြန်ပြီလည်း?”

“သမီးရယ် မေးမနေပါနဲ့အေ”

“အမေရယ် သမီးမမေးလို့ဘယ်ရမလည်း ခု ဘယ်သူယူသွားပြန်ပြီလည်း?”

“တော်တော်လွန်တယ်”

“ငါ့သမီးရယ် အချိန်တန် ပြန်ရမှာပါအေ ညီးမောင်ကို ခဏပေးလိုက်တာပါ”

“အမေ အပြောကတော့ ခပ်အေးအေး”

အမေ့ဆွဲကြိုးကို ကျမပဲ အကြိမ်ကြိမ်ပြန်ရွေးပေးခဲ့ရတာ။

အမကေ မသိ။

မောင်ကတလှည့် ညီမကတလှည့် ယူယူပေါင်ကြတာလေ။

ကျမမှာသာ စိတ်တိုဒေါသထွက်နေရတာ အမော။


ကျမတို့ကို အမေမွေးထားတာက မောင်နှမငါးယောက်။

ကျမက အလတ်။

အထက်မှာအကို နှစ်ယောက်။

အောက်မှာ မောင် တစ်ယောက်။

ညီမ တစ်ယောက်။

ကျမက အပျိုကြီး။ကျောင်းဆရာမ။

အားလုံးက အိမ်ထောင်သည်တွေ။အမေ့ကို ဟုတ်တိပတ်တိ လှည့်မကြည့်နိုင်ကြ။

(အဖေက လွန်ခဲ့တဲ့ ငါးနှစ်က ကွယ်လွန်သွားခဲ့ပါပြီ)


တခါတလေ အကိုနှစ်ယောက်ကတော့ စိတ်ကူးပေါက်ရင် ပေါက်သလောက် အမေ့ကို ထောက်ပ့ရှာကြပါတယ်။

(နှစ်ယောက်လုံးက မိန်းမ ကြောက်ရရှာသေးတာပ့)

အကိုတွေက ဌာနဆိုင်ရာ အရာရှိတွေပါ။

ကျမ အမေမို့လို့ပြောတာမဟုတ်။

အမေဟာ သားသမီးတွေအပေါ်မှာ မိခင်မေတ္တာအပြည့်ထားတတ်တဲ့ မိခင်ကောင်းတစ်ယောက်ပါ။


အမေ ကောင်းလွန်းအားကြီးလို့ တခါတလေ ကျမ မှာ စိတ်တိုမိခဲ့ရတာပါ။

ဣသာမစ္ဆရိယ မဖြစ်အောင်တော့ ကျမကိုယ်ကျမ တရားနဲ့ စိတ်ကို ထိန်းသိမ်းရမိတာလည်း ခဏခဏပေါ့။

အမေက အမေ့ပင်စင်နဲ့ အဖေ့ပင်စင် လစဉ်ရနေတုန်းပါ။

ကျမ အမေက အသက်၈၀နားနီးပါပြီ။


လုပ်ငန်းတွေမရှိပေမယ့် အိမ်ဘေးပတ်လည် ဆိုင်ခန်းတွေငှားစားထားပါတယ်။

အမေ့ငွေကို ထိန်းသိမ်းစောင့်ရှောက် ရတာက ကျမပါ။

(အမည်ခံထိန်းသိမ်းရေး)

အမေ့ကို ခြေဆုပ်လက်နယ် ပြုစုသူကလည်းကျမ။

(တူမလေးနဲ့ ဆွေမျိုးနီးစပ် အဒေါ်တစ်ယောက်ကို လည်း ကျမခေါ်ထားပေးပါတယ်)

အမေ့အတွက် ရွှေဆင်ပေးတာကလည်း ကျမဝင်ငွေက ရသမျှ စုဆောင်းပြီး ဆင်ထားတာပါ။


အမေ့ကို အသက်ကြီးမှ အားငယ်စိတ် မဝင်စေချင်တာရယ် အမေ့ကို ရွှေငွေအပြည့်အစုံနဲ့ မြင်လိုက်ရမှ ကျမစိတ်ချမ်းသာတာရယ်ကြောင့်ပါ။

ခုတော့ အမေ့လည်ပင်းမှာ ရွှေမမြင်တော့။

မေးမိတာ ကျမ မှားသလား?


အကို၂ယောက်က (မယားတွေကြည်ဖြူရင်)စတိအနေနဲ့ လာရောက် ကန်တော့ရင်း ထောက်ပံ့ကြပေမယ့် မောင်နဲ့ ညီမလေးကတော့ အမေ့ဆီက အယူပဲရှိကြပါတယ်။

(စတိ ဆိုတာ တစ်နှစ်တစ်ခါ သီတင်းကျွတ်နဲ့ ကြားကာလလေး တခါတလေ)


သူတို့(မောင်နဲ့ညီမ)က သားသမီးများတော့ မပြေလည်။

မပြေလည်တော့ အမေ့ဆီက ယူကြ နှိုက်ကြ။(သဘာဝပါပဲလေ)

တစ်ခါ တစ်ခါ ကျမ စဉ်းစားမိသေးတယ်။

ကျမသာမရှိခဲ့ရင်……

အမေတော့ ဘိုးဘွားရိပ်သာမှာပဲ မြေကြရတဲ့ဘဝ ရောက်မလားလို့ တွေးမိသား။

အမှန်တကယ်တော့ ဆိုင်ခန်းငှားစားထားတဲ့ငွေတွေကလည်း မောင်နဲ့ညီမတို့အတွက်ပေးတာနဲ့ ကုန်တာပါပဲလေ။

ကျမ အမေ့ကြောင့် အမေ့ကို သနားတာနဲ့တင် တော်ရုံမပြော ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။

(ကျမရှိတဲ့အချိန်လည်း မောင်နဲ့ညီမက မလာပါဘူး)


တစ်နေ့…..

ကျမ နေမကောင်းဖြစ်ချင်သလို ဖြစ်တာနဲ့ အိမ်ကိုစောပြန်လာ…

“သမီးငယ် ရော့စားစား”

“အမေ ချိုင့်နဲ့ ဟင်းတွေပါ ထည့်ပေးထားတယ်”

“ညည်းသားသမီးတွေပါ စားရအောင်”

“သမီးငယ်က ဝက်သားသိပ်ကြိုက်တာ ဝအောင်စား”

“ငါ့မြေးတွေနဲ့ဆို ငါ့သမီးလေး ဝအောင်စားရမှာမဟုတ်ဘူး”

ညီမလေး ထမင်းစားနေတာကို ဘေးကနေ ကြည့်ရင်း ဟင်းတွေ အတင်းထည့်ထည့်ပေးနေတဲ့အမေ။

ဘေးမှာလည်း ၃ဆင့်ချိုင့်နဲ့။

ကျမ ငေးကြည့်နေမိရင်းးးးးးးးးး

မျက်ရည်ကျလာမိတယ်။

(မောင်လေးလာရင်လည်း ဒီလိုပဲ အမေ ပျာယာခတ်နေကြပါ)


အမေ့ မေတ္တာကို ခံစားလာမိလို့ပါ။

(ငယ်တုန်းက ကျမတို့ မောင်နှမတွေ ထမင်းမစားရင်တောင် ရိုက်ယောင်ပြပြီးကျွေးခဲ့တဲ့အမေ)

ကျမ ရှိရင်တော့ ချိုင်နဲ့ထည့်ပေးမှာမဟုတ်။

ကျမ စည်းကမ်းရှိမှန်း အမေသိလို့ပါ။

ခုတော့ ကျမ မရှိဘူးအထင်နဲ့ အမေ့သမီးငယ်(ကျမညီမ)ကို ထည့်ပေးနေရှာတာ။

အမေရယ်…..

ကျမကိုများ ညီမတွေ မောင်တွေကို စေတနာမရှိဘူးများ ထင်နေလားအမေရယ်…

အမေ့သမီးကလေ

အမေ မသိအောင်တစ်မျိုး သိအောင်တမျိုး မောင်နဲ့ညီမကို ငွေကြေးလစဉ်ထောက်ပံ့ပေးယုံမက တူတွေ တူမတွေကိုတောင် ပညာရေးအတွက် အဆင်ပြေအောင် ကြည့်ရှုနေတာပါအမေ။

(အသက်၈၀နားနီးနေတဲ့အမေ့ကို စိတ်ရှုပ်စရာတွေ ခေါင်းထဲမဝင်စေချင်တာပါပါတယ်)

သူတို့က ရလေ လိုလေ အိုတစေ ကျမ မသိအောင် အမေ့ဆီကပါ ထပ်ပြီးယူနေကြလို့ပါ။


ကျမပြောတော့ ကျမ အပေါက်ဆိုးတယ်လို့ အမေမြင်နေတာလား အမေရယ်

ကျမ လွန်သလားအမေရယ်…

အမေ့ကို ရင်ထဲကစကားတွေ အသံတိတ်ပြောရင်း***

ကျမ ဝမ်းနည်းလိုက်တာ။

မသိတတ်တဲ့မောင်နဲ့ညီမ။

ကျမ အဆိုးကြီးပေါ့။

ကျမ မှာတော့ ကျောင်းလခ အပြင် အပိုဝင်ငွေရအောင် အိမ်မှာကျုရှင်ပြရသေးတာလေ။

အမေ့အတွက်ပါ။

အမေ အူစိုအောင် အမေလှလှပပ မပူပင် မကြောင့်ကြနေရအောင် အမေဆွမ်းဟင်းမပြတ်လောင်းလူ ှုရအောင် ဒါနအမြဲပြုနိုင်အောင် လို့ပါအမေ။


ကျမကတော့ အမေသေရင် သီလရှင် အပြီးဝတ်သွားမယ်လို့ ရည်ရွယ်ထားတာပါ။

အမေသိလား?

တစ်နေ့က တနင်္ဂနွေနေ့။

အကိုတွေလာပြောကြတယ်။

အိမ်ကိုရောင်းပြီး အမွေခွဲဖို့တဲ့။

အမေတောင် မသေသေးဘူး။

(မောင်နဲ့ညီမကတော့ပါမလာဘူး။ကျမကိုကြောက်လို့မပြောရဲဘူးလေ)


ကျမ ရင်နာလိုက်တာအမေရယ်။

အမေ့ကို ဘယ်လိုပြောထွက်ပါ့မလည်းးးးးး

အမေသာသိရင်…..

အမေကတော့ သားတွေသမီးတွေကို ချစ်ရှာလိုက်တာ။

သားသမီးတွေကတော့ အမေ မသေသေးဘူး။

အမွေအရင်လိုနေကြပြီ။


သားသမီးငါးယောက်လုံးကို ဘွဲ့ရ ပညာတတ်ဖြစ်အောင် အဖေရော အမေရော အစိုးရဝန်ထမ်းလစာလေးနဲ့ ချိုးခြံချွေတာ ချစ်ချစ်ကုပ်ကုပ် အလုပ်လုပ်ရင်း ကျောင်းထားပေးခဲ့ပြီးပြီ။

အိမ်ထောင်ကျကျတော့ ငွေသားအသင့်အတင့်နဲ့ လက်ဝတ်လက်စားကိုယ်စီ သားသမီးတွေကို ပေးအပ်ခဲ့ကြတာပါ။

ယခု အမေ ၈၀ပြည့်တော့မယ်။

အမေ့ကို မကြွေးနိုင် မမွေးနိုင်ရင်နေကြပါ။

အမေ့ကို အခွံပါကျွတ်အောင် အမွှေးထပ်မနှုတ်ကြပါနဲ့တော့လား။


ပြောထွက်ရက်တဲ့ အကိုနှစ်ယောက်ကို ကျမ စိတ်နာလွန်းတယ်။

ကျမ အတွေးတွေနဲ့ ည မအိပ်နိုင်တာ ရက်သတ္တပတ်ပြည့်တော့မယ် အမေရယ်။

အမေ့ကို ဘယ်လိုပြောရပ့….?

အို … . ပြောမထွက်ပါဘူးအမေရယ်။

အမေ ဝမ်းများနည်းသွားမလား?

စိတ်မကောင်းများဖြစ်သွားမလား?

အမေ့ကို သနားလိုက်တာ…..

ကျမကတော့ လက်မခံဘူးလို့ ခါးခါးသီးသီးငြင်းခဲ့ပြီးပါပြီအမေ။

အမေ ဒီအကြောင်း မသိပါစေနဲ့။

မသိနိုင်ပါစေနဲ့အမေရယ်။


အတွေးစာစုလေးပါ။


စံဌာနီထွန်

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည