ဒေါက်ဖိနပ်ပါဝါ

 ဒေါက်ဖိနပ်ပါဝါ

---------------

၂၀၁၈ ဖေဖော်ဝါရီလ ၇ ရက်နေ့က အမေရိကန်၊ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ နန်စီ ပလော့စီဟာ မီဒီယာကို သတင်းစာရှင်းလင်းပွဲလုပ်တော့ သူစကားပြောတာ ၈ နာရီလောက်တောင်ကြာသတဲ့။ 


မီဒီယာတွေ အံ့အားသင့်သွားတာက ပလော့စီ ၈ နာရီအကြာ ရပ်တည်နိုင်ခဲ့တာပဲ။ ပလော့စီ ၈ နာရီအကြာ မတ်တတ် ရပ်နေတာ ၄ လက်မအမြင့်ရှိတဲ့ ဒေါက်မြင့်ဖိနပ်ပေါ်မှာ ဖြစ်နေလို့ပါ။ 


MSNBC သတင်းမီဒီယာက ရေချယ် မက်ဒိုးကတော့ 


“ကျွန်မဆိုရင် ၈ မိနစ်တောင် တည်တည်ငြိမ်ငြိမ်နဲ့ ရပ်နေဖို့မလွယ်ပါဘူး” လို့ ပြောသွားတယ်


သတင်းမီဒီယာက သတင်းထုတ်ပြန်တာထက် ဒေါက်ဖိနပ်အပေါ် စိတ်ဝင်စားသွားကြတယ်။ နန်စီ ပလော့စီ ကိုလည်း အမျိုးသမီးတွေက ချီးကျူးကြတယ်။ ဒေါက်ဖိနပ်နဲ့ ၈ နာရီရပ်နေနိုင်တာကြောင့် 


“ငါတို့ သူရဲကောင်း” လို့လည်း ချီးကျူး ဂုဏ်ပြုကြတယ်။


အဲဒါ အမျိုးသမီးတွေရဲ့ ဒေါက်ဖိနပ်ပါဝါ


၂၀၀၅ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ဟာ ဂျာမနီနိုင်ငံ၊ ဝိုင်းစ်ဘာဒင်လေတပ်ကို ရောက်လာတယ်။ ရိုက်စ်ဟာ ဝတ်ထားတာက စစ်တပ်စတိုင်ကုတ်အင်္ကျီ၊ ဒါပေမဲ့ စီးထားတဲ့ ဖိနပ်က ဒေါက်မြင့်ဘွတ်ဖိနပ်၊ ဒေါက်ဖိနပ်တံက သေးသေးသွယ်သွယ်။


ရိုက်စ်စီးလာတဲ့ ဖိနပ်ဟာ နာရီပိုင်းအတွင်း ရောင်းအကောင်းဆုံးဖြစ်ကုန်တယ်။ အဲဒါလည်း ဒေါက်ဖိနပ်ပါဝါပဲ။


နိုင်ငံရေးလောကမှာ ဒေါက်ဖိနပ်စီးပြီး ပါဝါတန်ခိုးတွေ ပြသွားတဲ့ ခေါင်းဆောင်တွေ အများကြီးပဲ။ 


အမျိုးသမီးနိုင်ငံရေးသမားတွေ ဒေါက်မြင့်ဖိနပ်စီးတာနဲ့ ပတ်သက်ပြီး စိတ်ပညာရှင် ဟိုးလ်ဂရေ့စ်ရဲ့ သုံးသပ်ချက်လေးကလည်း စိတ်ဝင်စားစရာကောင်းတယ်


- ငါ့ကိုယ်ငါ မြှင့်တင်ထားတယ်


- ငါ့ကို ယုံကြည်နိုင်တယ်


- ငါဟာ ဟန်ချက်ညီညီ မျှမျှတတ လုပ်နိုင်တယ်


- ဘယ်တော့မှ ငါ့ကြောင့် မပြိုလဲရဘူး


- ငါလုပ်နိုင်တယ်


အဲဒါ ဒေါက်ဖိနပ်စီးတဲ့ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ပါတဲ့။


၁၉၈၈ ခုနှစ်တုန်းက တက္ကဆက်ပြည်နယ်မှာ အမျိုးသမီး အမတ်တစ်ယောက် မဲဆွယ်တော့ ပြိုင်ဘက်ကို ဘယ်လို ပြောတယ်ထင်သလဲ


“ရှင်ဘာမဆို လုပ်နိုင်တယ်ထင်ရင် ဒေါက်ဖိနပ်စီးပြီး နောက်ပြန်လျှောက်ပြပါလား” တဲ့


လှလိုက်တဲ့ စကားလုံးလေး။ ဘာမဆို လုပ်ရဲတဲ့သူတွေကို မေးကြည့်ချင်လိုက်တာ


“ဒေါက်ဖိနပ်နဲ့ နောက်ပြန်လျှောက်ရဲလား”


ကဲ


ဖြေကြည့်လေ


တင်ညွန့်


၃၀.၁၀.၂၀၂၀