အချိန်ကာလတစ်ခု
----------------------
လူငယ်လေးတစ်ယောက်သည် တစ်နေ့တွင် ဤသို့ ကြွေးကြော်လိုက်လေသည်။
“အို ... မတရားသည့် လောကကြီး ... သင့်ကို ငါရင်ဆိုင်အံ့ ... သင့်ကို ငါတန်ပြန် တိုက်အံ့ ... သင် သတိသာ ထားလေတော့။ သင့်ကို အနိုင်ယူရန်အတွက် ယနေ့ကစပြီး နည်းလမ်းမျိုးစုံ ရှာဖွေအံ့။ နည်းလမ်းများကို သင်ကြားညွှန်ပြ ဆိုဆုံးမနိုင်သူအား ငါရှာအံ့” ဟု ဆိုကာ လောကတိုက်ပွဲခရီးကို စတင်ပြီး ထွက်လာလေတော့ သည်။
သူသည် တစ်နေရာပြီးတစ်နေရာ သူ့ကို သင်ကြားပြသနိုင်မည့် ဆရာသခင်ကို ရှာလေသည်။ သို့သော် တစ်ဦးကိုမျှ သဘောမကျသဖြင့် ခရီးဆက်လာရင်း တစ်နေ့တွင် ရွာလေးတစ်ရွာကို ရောက်လာလေသည်။
ထိုရွာသို့ ဝင်ဝင်ချင်းပင် သစ်ပင်ကြီးတစ်ပင်အောက်တွင် အဘိုးအိုတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရ လေသည်။
“အဘိုးခင်ဗျား ... အဘိုးကိုကြည့်ရတာ အသက်လည်းကြီးပါပြီ။ ဘဝအတွေ့အကြုံလည်း အတော်လည်း စုံခဲ့မည်ထင်ပါသည်။ အကြားအမြင် များမည်ပုံလည်း ရှိမည်ထင်သည်။ တစ်ခုလောက် မေးချင်ပါသည်”
“ဘာများနည်း”
“ကျွန်ုပ်သည် ဘဝတိုက်ပွဲကို ရင်ဆိုင်ရန် နေရာအနှံ့ နည်းမျိုးစုံကို လှည်လည် ရှာဖွေနေသူတစ်ဦး ဖြစ်ပါသည်”
“သင် ဘာကို ရှာဖွေနေသနည်း”
“မတရားမှုများကို ရင်ဆိုင်ကာ တိုက်ပွဲဝင်နိုင်ရေးအတွက် နည်းလမ်းကောင်းများ သွန်သင်ညွှန်ပြနိုင်သူအား ရှာဖွေနေခြင်းဖြစ်ပါသည်။ ကျေးဇူးပြုပြီး ထိုသို့ သင်ကြားနိုင်မည့် ဆရာသခင်ထံ လမ်းညွှန်ပြစေလိုပါသည်”
“မည်သို့သော ဆရာမျိုးနည်း”
“ပြည့်ဝသောဆရာသခင်မျိုးကို အလိုရှိပါသည်”
အဘိုးအိုသည် လူငယ်ကို လမ်းညွှန်လေသည်။ လူငယ်သည် လမ်းကြောင်းကို သေချာစွာ ရေးမှတ်သွားလေ သည်။
နောက်သုံးနှစ်ကြာသွားသည်။
ထိုလူငယ်သည် သူ့ကို လမ်းညွှန်လိုက်သည့် အဘိုးအိုနေထိုင်ရာ ရွာကိုပင် ပြန်ရောက်လာသည်။ လွန်ခဲ့သော သုံးနှစ်ကအတိုင်းပင် အဘိုးအိုသည် ရွာထိပ်က သစ်ပင်ကြီးအောက်တွင် ထိုင်နေလေသည်။
“အလို သူငယ်ပါလား ... အင်း မတွေ့တာကြာပြီပဲ။ သူငယ်ဟုပြောရမည်မှာ မသင့်တော့ဟုထင်သည်။ သင်သည် ရင့်ကျက်လာပြီပဲ”
“အဘိုးခင်ဗျား လွန်ခဲ့သောသုံးနှစ်က ကျွန်ုပ်သည် ဤနေရာကို ရောက်ခဲ့ပါသည်။ မှတ်မိပါ၏လော”
“မှတ်မိသည်”
“အဘိုးသည် ကျွန်ုပ်အား ဆရာသခင်ကို လမ်းညွှန်လိုက်ပါသည်။ အဘိုး လမ်းညွှန်သည့်အတိုင်း တစ်ရွာဝင် တစ်ရွာထွက် ကျွန်ုပ်လိုက်ရှာခဲ့ပါသည်။ သို့သော် ကျေနပ်လောက်အောင် ပြည့်ဝသော ဆရာသခင်မျိုးကို မတွေ့ ခဲ့ရပါ။ ဤသို့ဖြင့် သုံးနှစ်တာကာလ ကြာသည့်တိုင်အောင်ပင် အခက်အခဲ ဒုက္ခမျိုးစုံကြားတွင် ဇွဲဖြင့် ဆရာ သခင်ကို လိုက်ရှာရာ နောက်ဆုံးတွင် လူတိုင်းက ပြန်ပြီးလမ်းညွှန်သဖြင့် ဤရွာကိုပင် ပြန်လည်ရောက်ရှိလာရ ပါသည်။ အဘိုးသည် အားလုံးက လက်ခံထားသော ဆရာသခင် ပညာရှင်ကြီး ဖြစ်ပါလျက် ကျွန်ုပ်ကို အဘယ်ကြောင့် နေရာပေါင်းများစွာ သုံးနှစ်သုံးမိုးထွက်သွားစေရန် လမ်းညွှန်ရသနည်း။ အဘယ်ကြောင့် တွေ့စကတည်းက ဆရာဟုဆိုကာ လမ်းညွှန်သင်ကြားပေးခြင်း မပြုရသနည်း။ ကျွန်ုပ်မှာ ထိုသုံးနှစ်တာ ကာလအတွင်း ပင်ပန်းဆင်းရဲလှပါဘိ”
အဘိုးအိုက တည်ငြိမ်စွာဖြင့် သူ့ကို ပြုံးကာ ကြည့်နေရာမှ ပြန်ပြောလိုက်သည်
“အမောင် သင် ငါ့ထံကို ရောက်လာခါစက သင့်ကို လက်မခံလိုက်ရသေးသည်မှာ သင့်အတွက် အချိန်တစ်ခု လိုအပ်နေသေးသောကြောင့် ဖြစ်သည်။ သင့်ထံတွင် ဘဝကို ရင်ဆိုင်ရန် အချိန် လိုသေးသည်။ တိုက်ပွဲဝင်ရန် စိတ်ရှည် သည်းခံမှု လိုသေးသည်။ ရင်ဆိုင်ရန် ဇွဲလိုသေးသည်။ မဆုတ်မနစ် လိုချင်သည်ကို မရမက ရှာဖွေရန် သတ္တိလိုသေးသည်။ ထိုလိုအပ်ချက်များအတွက် အချိန်တစ်ခုလိုသည်။ ယခု သင်၏ ဇွဲ လုံ့လ ဝီရိယနှင့် သတ္တိ တို့ကြောင့်သာ ငါ့ထံကို ပြန်ရောက်လာပြီ မဟုတ်လော”
“မှန်ပါသည်ဆရာသခင်”
“အချိန်အတိုင်းအတာတစ်ခုအတွင်း သင်သည် ဘဝကို ရင်ဆိုင်ရန်အတွက် ဘဝထဲကို ဝင်သွားသည်ကပင် သင့်ထံတွင် ရင့်ကျက်ခြင်းများကို ဖြစ်လာစေခဲ့သည်။ ယခု သုံးနှစ်တာကာလအတွင်း ဘဝဆိုတာဘာလဲ ဆိုသည်ကို သင်ကောင်းစွာ နားလည်သွားလိမ့်မည်ဟု ထင်သည်။ ဘဝကို ရင်ဆိုင်ကာ တိုက်ပွဲဝင်မည့်သူသည် ဘဝထဲမဆင်းဘဲ မသိနိုင်။ ဘဝဆိုသည်ကို ဘာမှန်းမသိဘဲ ရင်ဆိုင်တိုက်ပွဲမဝင်နိုင်။ ယခု ဘဝဆိုသည်ကို သင်ရေးရေးလေး သဘောပေါက်လောက်ပြီ။ သင်သည် သုံးနှစ်တာ ကာလတွင် လူဆိုးတွေနှင့်လည်း ကြုံတွေ့ရမည်၊ လူကောင်းတွေနှင့်လည်း ကြုံတွေ့ရမည်။ ယခုသင့်ထံတွင် အမှန်တကယ်လိုအပ်နေသော ဘဝကို ရင်ဆိုင်ရမည့် ဗျူဟာတို့ကို ငါသည်သင်ကြားပေးအံ့။ ထို့ကြောင့်လည်း နေ့တိုင်း သင့်ကို ငါသည် ဤသစ်ပင်အောက်တွင် ထိုင်လျက်စောင့်နေခြင်းဖြစ်သည်”
သုံးနှစ်ဆိုသည့် အချိန်အတိုင်းအတာတစ်ခုသည် လူငယ်လေးကို များစွာ ပြုပြင်ပြောင်းလဲပေးလိုက်သည်။
လူငယ်လေးက သစ်ပင်ကြီး အပြင်ကိုထွက်လိုက်ပြီး ထိုသစ်ပင်ကြီးကို ငေးစိုက်ကာ ကြည့်နေသည်။ ထို့နောက် အဘိုးအိုထံပြန်လာလိုက်ပြီး
“ဆရာသခင် ကျွန်ုပ်အိပ်မက်ထဲတွင် ညစဉ်လို မြင်မက်နေသည့် သစ်ပင်ကြီးမှာ ဤသစ်ပင်ကြီး ဖြစ်ပါသည်။ ထိုသစ်ပင်အောက်တွင် ကျွန်ုပ်အားသင်ပေးနိုင်မည့် ဆရာသခင်ထိုင်နေသည်ဟု မြင်သော်လည်း မှုန်ဝါးဝါးသာ ဖြစ်နေသည်”
“အမောင် သင်ထွက်သွားစဉ်က သစ်ပင်သည် ဤသစ်ပင်ဖြစ်သည်။ သင်ထွက်သွားစဉ်က သူသည်လည်း တစ်ဦး တည်းသာဖြစ်သည်။ သို့သော် ပြန်ရောက်လာသော သင်သည်ကား ယခင်ကလူငယ်လေးတစ်ယောက် မဟုတ် တော့ပြီ။ ရင့်ကျက်လာပြီ။ ကိုင်း ယနေ့ပင် သင်နှင့်ငါ စတင်ကာ ဘဝတိုက်ပွဲအတွက် ပြောဆိုဆွေးနွေးကြအံ့”
(Osho ၏ In Search of a Master ကို မြန်မာမှု ပြုထားခြင်း ဖြစ်ပါသည်)
တင်ညွန့်
၂၇.၁.၂၀၂၄