ပိတ်မိနေသူများ

 ပိတ်မိနေသူများ

-----------------

မြန်မာနိုင်ငံတွင် “ငါသိ၊ ငါတတ်၊ ငါသာမြတ်” ဆိုသည့် လူစားတွေက သီးခြားရှိနေသည်။


ထိုလူစားတွေသည် အမှန်တော့ ပဲ့တင်သံအခန်းထဲတွင် လှောင်ပိတ်မိသူများဖြစ်သည်။


ပဲ့တင်သံအခန်းကို “Echo Chamber” ဟုခေါ်သည်။


လူတစ်စုသည် သူတို့၏ မူလယုံကြည်ချက်တွေ၊ အမြင်တွေနှင့် ထပ်တူကျသည့် သတင်းအချက်အလက်များနှင့် အတွေးအမြင်များကိုသာလက်ခံပြီး၊ ကွဲပြားခြားနားသော သို့မဟုတ် ဆန့်ကျင်ဘက်အမြင်တွေကို မမြင်၊ မကြား၊ မသိ၊ မတွေ့နိုင်အောင် ပိတ်ပင်ထားသည့် ပတ်ဝန်းကျင်တစ်ခုကို “Echo Chamber” ဟုခေါ်သည်။


“Echo Chamber” ထဲရောက်နေသူတွေမှာ မည်သူတွေဖြစ်နိုင်သနည်း။


တူညီသောအမြင်ရှိသူတွေနှင့်သာ အတူလက်တွဲနေထိုင်တတ်ခြင်းက “Echo Chamber” ထဲပိတ်မိစေနိုင်သည်။ ဘာသာရေးအုပ်စု၊ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းစသည်တို့သည် မိမိတူရာစုဝေးကြသည့် အခါတွင် ကိုယ့်အချင်းချင်း တူညီသော အမြင်တွေကိုသာ ထပ်တလဲလဲ ပြောဆိုကြသည်။ ထိုအမြင်တို့သည် မှားနေသော်လည်း ကြာကြာကြားရဖန်များလာသောအခါ ဟုတ်မှန်သယောင်ထင်လာတတ်ကြသည်။ ဤသို့ဖြင့် ငါ့အဖွဲ့မှအမှန်ဟု ထင်မြင်လာကြခြင်းသည် “Echo Chamber” ထဲ ပိတ်မိခြင်းပင်ဖြစ်သည်။


ဆိုရှယ်မီဒီယာများတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ မိမိသဘောကျနှစ်သက်သူ၏ အရေးအသား တွေကိုသာ ဖတ်ရှုလေ့ရှိကြသည်။ AI ကလည်းသိသည်။ ထိုသို့တူရာကို စုဝေးပြီး သတင်းပေးလိုက်သည့် အခါတွင် မိမိနှင့် အမြင်မတူသည့် သတင်းအချက်အလက်တွေမှာ မိမိထံရောက်မလာတော့ပေ။ ယင်းသည်လည်း “Echo Chamber” ထဲပိတ်မိခြင်းတစ်မျိုးဖြစ်သည်။


ပဲ့တင်သံအခန်းထဲတွင် အနေကြာလာသည့်အခါ ကိုယ့်အမြင်ကို ထောက်ခံသူတွေ၏ အသံတွေကိုချည်း ကြားနေရသဖြင့် မိမိ၏ မူလယုံကြည်ချက်က ပိုပြီးခိုင်မာလာတော့သည်။ ထို့ကြောင့်


“ငါတို့ပြောတာအမှန် … တခြားသူတွေပြောတာအမှား” ဆိုသည့် အတွေးတွေ ဝင်လာတတ်သည်။


ပဲ့တင်သံကြားရသည့် အခန်းထဲတွင် သူတို့အချင်းချင်းပြောလိုက်သည့်အသံတွေကသာ နံရံကတစ်ဆင့် ပဲ့တင် ထပ်လာမည်။ အခြားမိမိနှင့် စိတ်သဘောချင်း မတိုက်ဆိုင်သူတို့အမြင်သည် အားနည်းလျှင် မကြားရတော့ပေ။ ကိုယ့်အမြင် ကိုယ်ပြန်ကြားနေရခြင်းကလည်း “Echo Chamber” ကိုဖြစ်စေသည်။


နိုင်ငံရေးတွင်လည်း နိုင်ငံရေးပါတီတစ်ခုတွင် ပါဝင်သူတို့သည် ကိုယ့်ပါတီ၏ မူဝါဒ၊ ဆုံးဖြတ်ချက်များကိုသာ အကောင်းမြင်ပြီး အခြားဝေဖန်မှုတွေကို နားမထောင်ခြင်းသည်လည်း “Echo Chamber” ကိုဖြစ်စေသည်။


ထိုနည်းအတူပင် တိုင်းပြည်ကို အုပ်ချုပ်သူတို့ကလည်း ကိုယ့်ပတ်ဝန်းကျင်ရှိ ဖော်လံဖားတွေက ကောင်းလှပါ၏၊ သင့်မြတ်ပါပေ၏၊ မှန်လှပါပေ၏ စသည့် မြှောက်ပင့်ပြောသံတွေကို ကြားရဖန်များလာသည့်အခါ အဆိုး၊ အပျက်တွေကို မမြင်တော့ဘဲ တိုးတက်နေသည်ဟု ထင်ကြခြင်းကလည်း “Echo Chamber” ထဲ ရောက်နေ သည့် သဘောပင်ဖြစ်သည်။


“Echo Chamber” ထဲရောက်နေခြင်းကို တစ်နည်းအားဖြင့် အမြင်ကျဉ်းမြောင်းခြင်းဟု ဆိုနိုင်သည်။


ကိုယ်နှင့်တူသူတွေ၏ အမြင်တွေကိုသာ အားဖြည့်နေသည့်အတွက် အမြင်သစ်တွေ လက်ခံနိုင်စွမ်း လျော့နည်း လာသည်။


အမှန်တရားကို တစ်ဖက်သတ်မြင်ပြီး ကိုယ့်အမြင်သာအမှန်ဟု ယူဆသည့်အတွက် မှားယွင်းသော ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်သည်။


မတူညီသော အမြင်တွေကို လက်မခံနိုင်သည့်အခါတွင် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များစွာနှင့် ဆက်ဆံနေကြ ရသော လူ့ဘောင်တွင် နားလည်မှုလွဲပြီး ပဋိပက္ခတွေကို ဖြစ်စေနိုင်သည်။


ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၏ အမြင်ကိုသာ ကွက်ကွက်လေးကြည့်သဖြင့် ပြဿနာတစ်ရပ်ကို ဘက်ပေါင်းစုံက ကြည့်မြင်နိုင်စွမ်းနည်းသွားပြီး အဖြေမှန်ရနိုင်မည့် အခွင့်အလမ်းတွေ နည်းပါသွားတတ်သည်။


မြန်မာစကားတွင်လည်း “ရေတွင်းထဲက ဖားသူငယ်” ဆိုသည့် ခိုင်းနှိုင်းမှုမျိုးကိုတွေ့နိုင်သည်။


ကန့်သတ်ထားသည့် အတွေးအခေါ်ဘောင်ထဲတွင် ပိတ်မိနေပြီး ပြင်ပလောကကို ကြည့်မြင်ခွင့်မရ၊ ကျယ်ပြန့်သည့် ကမ္ဘာကြီးအကြောင်းကို သိခွင့်မရသူတို့မှာ ရေတွင်းထဲက ဖားသူငယ်များဘဝကို ရောက်နေကြ သူများဖြစ်သည်။


ရေတွင်းထဲရောက်နေသည့်ဖားနှင့် ပဲ့တင်သံအခန်းထဲရောက်နေသူတို့သည် အနေအထားချင်းအတူတူပင် ဖြစ်သည်။


ကိုယ့်အမြင်ကိုယ့်အတွေးနှင့် ထင်တစ်လုံး ဖြစ်နေသူများသည် ပြန်လည်ဆန်းစစ်သင့်သည်။


ငါသည် ပဲ့တင်သံအခန်းထဲရောက်နေသလား


ရေတွင်းထဲရောက်နေသလား။


တင်ညွန့်


၃၁.၅.၂၀၂၅