ကျွန်ခေတ်ကအမှိုက်များ
---------------------
“ဆရာ”
“ဘာလဲကွ”
“မာလ်တီမီဒီယာပွဲမှာ စာရိုက်ပြရတာ ရိုးသလားလို့ပါ”
“ဟေ”
ကျွန်တော်က မာလ်တီမီဒီယာ လံကြုတ်ပွဲကို ဦးဆောင်နေရစဉ်ကဖြစ်သည်။
တပည့်ကျော် မော်ကျော်ဇေယျက ကျွန်တော့်ကို စာမရိုက်ပြချင်ကြောင်း လာပြောနေသည်။
“မောင်ကျော်ဇေယျ”
“ဗျာ”
“မင်းက စာမရိုက်ပြချင်တော့ ဘာလုပ်ပြချင်သလဲကွယ်”
“ဒီလိုရှိပါတယ်ဆရာ”
“အေး ... ဘယ်လိုရှိသလဲ”
“ကျွန်တော် ကွန်ပျူတာကို တစ်စစီဖြုတ်ချင်တယ်”
“အလိုကွယ် ... ဘာကြောင့်များလဲ”
“တစ်စစီဖြုတ်ပြီး အားလုံးကို ပြန်တပ်ဆင်ပြလိုက်ရင် သူများတွေလုပ်ပြနေတာထက် ကွဲသွားမလားလို့ပါ”
“ဟာ ကောင်းလိုက်တဲ့ အကြံကွယ် ... ငါဘာကြောင့် မတွေးမိတာလဲ”
ကျွန်တော့်တပည့် မောင်ကျော်ဇေယျကား အလွန်တော်သူဖြစ်သည်။ သူက ဆယ်တန်းသာရှိသေးသည် ကွန်ပျူတာတွင် ကျွန်တော့်ထက် ဆရာကျသည်။
ကျွန်တော်က ဌာနမှပေးထားသော “ကလုတ် ... ကလုတ်” အော်နေသည့် ကွန်ပျူတာအစုတ်နှင့် အဟုတ်ထင်နေချိန်တွင် သူက IBM ကွန်ပျူတာတွေကို ကောင်းစွာပြင်တတ်၊ ဆင်တတ်နေသည်။ ဆောဖ့်ဝဲတွေကိုလည်း နည်းမျိုးစုံနှင့် စမ်းသပ် နေချိန်၌ ကျွန်တော်က Apple LC 630 ကွန်ပျူတာအစုတ်နှင့် ချွေးပြန်နေချိန်ဖြစ်သည်။
ကွန်ပျူတာကို ဘုရားစင်ပေါ်တင်ပြီး ကိုးကွယ်ထားရမလို ဖြစ်နေချိန်တွင် သူနှင့် ကျွန်တော် တစ်စစီဖြုတ်ကြည့် ထားသည့် Apple ကျွန်ပျူတာအပျက်က ဘေးတွင် ပုံထားသည်။
“ဒီလိုလုပ်ရအောင်ကွာ ... သူတို့ ဌာနက ထုတ်ပေးထားတဲ့ Apple ကွန်ပျူတာကိုပဲ တစ်စစီပုံ ထားပြီးတော့ သရုပ်ပြထားမယ် ... ပြီးတော့ ရှင်းပြမယ် ... အထူးသဖြင့်တော့ Apple ကွန်ပျူတာရဲ့ အားနည်းချက် ဖြစ်တဲ့ ဘက်ထရီပိုင်းကို ထောက်ပြမယ်။ မသုံးဘဲ ပစ်ထားတာကြာရင် ဘက်ထရီက ဆားပေါက်ပြီးတော့ အရည်တွေ ထွက်လာမယ် ... ဆားကစ်တွေကို စားပြီးတော့ ပျက်စီးနိုင်တယ်ဆိုတာ ထောက်ပြမယ်”
ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ပျော်လိုက်သည်မှာ ပြောစရာမလို။
ကျွန်တော်ကား ကွန်ပျူတာ အစုတ် တွေကို တစ်ကျောင်းပြီးတစ်ကျောင်းထမ်းကာ စာရိုက်ပြလိုက်၊ ဇယားဆွဲပြလိုက်၊ ပုံဆွဲပြလိုက်တာလေးတွေကို လုပ်ပြနိုင်ရန်အတွက် ကြိုတင်ဇာတ်တိုက်ကာ လုပ်ဆောင်ပေးနေရသည့် ဇာတ်ဆရာဘဝရောက်နေသည်။
မောင်ကျော်ဇေယျနှင့် ဇာတ်တိုက်ပြီး လေ့ကျင့်သည်။ သူ့ကို အခေါ်အဝေါ်တွေကို အင်္ဂလိပ်လို ရွတ်ခိုင်းသည်။ ရေဒီယိုမှ ဖြုတ်ထားသောတိုင်နှင့် နေရာတွေကို လိုက်ထောက်ပြခိုင်းသည်။ ပုံပြ လုပ်ဆောင်မှုအဆင့်ဆင့် တွေကို ကားချပ်ကြီးတွေ ဆွဲစေသည်။
ထိုအစီအစဉ်မှာ လွန်ခဲ့သည့် နှစ်ရက်လောက်က ညွှန်ချုပ်ကြီးစစ်ဆေးသွားစဉ်က မပါသေး။ ကျွန်တော်တို့ ဆရာ တပည့်နှစ်ယောက်ဖြည့်စွက်အစီအစဉ်သစ်ဖြစ်သဖြင့် ပျော်နေသည်။
မာလ်တီမီဒီယာဖွင့်ပွဲနေ့ရောက်လာပြီ
ညွှန်ချုပ်ကြီးက ဗိုလ်ချုပ်ကြီးကို ဦးဆောင်ကာ ခေါ်လာသည်။ ကွန်ပျူတာ စာစီစာရိုက် ပုံဆွဲတွေကို ကြည့်လာပြီး ကျွန်တော့်တပည့်လေး စားပွဲတစ်လုံးနှင့် စောင့်နေသည့် နေရာကို ရောက်လာသည်။
“ဒါက ဘာလုပ်နေတာလဲ”
“ကျွန်ပျူတာတစ်လုံး လုပ်ဆောင်ပုံကို အတွင်းပိုင်း စနစ်ပုံတွေ ဖွင့်ပြထားတာပါ”
“ဟာ ... ဌာနက ထုတ်ပေးထားတဲ့ ကွန်ပျူတာကို ဒီလိုပဲ ဖျက်လိုဖျက်ဆီးလုပ်ခွင့်ရှိသလား”
“ဖျက်တာ မဟုတ်ဘူးခင်ဗျ ... ဒါတွေက အရှင်တွေပါ ... ထုတ်ပြီး ပြန်တပ်လို့ရတယ် ... အရေးကြီးတဲ့ ဆားကစ်ဘုတ်ရဲ့ အလုပ် လုပ်ပုံကို ပြချင်လို့ပါ”
ကျွန်တော့်တပည့်လေးက ရှင်းပြသည်
သို့သော် ညွှန်ချုပ်ကြီးက မျက်နှာပျက်ကာ
“ဒီဘက်ကို လာကြည့်ပါဗိုလ်ချုပ် ... ဒီဘက်က အော်ဒီယိုလက်ဗ်အခန်းပါခင်ဗျ” ဟုဆိုကာ ခေါ်သွားသည်။
စစ်ဆေးကြည့်ရှုပြီး အားလုံးပြန်သွားချိန်တွင် ကျွန်တော့်တပည့်လေးက သူ့ပစ္စည်းတွေကို သိမ်းနေသည်။
“မောင်ကျော်ဇေယျ”
“ဗျာဆရာ”
“ငါတို့က ကျွဲပါးစောင်းတီးဖြစ်သွားပြီ”
“ဘာလဲဆရာ”
“ကျွဲကို စောင်းတီးပြလိုက်တော့ အလကားဖြစ်သွားတာပေါ့ကွာ”
ထိုစဉ် ညွှန်ချုပ်ကြီးနှင့် သူ၏အနားတော်ပြာတို့ ရောက်လာကာ
“ဒီမှာ ဆရာ”
“ဟုတ်ကဲ့ပြောပါ”
“ခင်ဗျားကို ဒီအစီအစဉ် ဘယ်သူထည့်ခိုင်းသလဲ”
“ကျွန်တော့်စိတ်ကူးနဲ့ထည့်တာပါ ... ဒီကလေးရဲ့ ကျွမ်းကျင်မှုကို သိစေချင်လို့ပါ”
“မလိုချင်ဘူး ... ပြခိုင်းတာပဲပြ ... ပြောခိုင်းတာပဲပြော”
“ဒီလိုရှိပါတယ် ... ဒီကလေးရဲ့ ဟာ့ဒ်ဝဲကျွမ်းကျင်မှုကို ဖော်ထုတ်ချင်လို့ ဒါကို ထည့်ပေးရတာပါ”
“ကိုင်း ... ခုဆိုရင် ကွန်ပျူတာက တစ်စစီ ဖြစ်နေပြီ ဘယ်လိုလုပ်မလဲ”
ကျွန်တော်နှင့် မောင်ကျော်ဇေယျ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ကွန်ပျူတာကို တစ်စစီ ဖြုတ်ထားတာကို ဖျက်စီးထားသည်ဟု ထင်နေသော ညွှန်ချုပ်နှင့် ဗိုလ်ချုပ်တို့ကို ကျွန်တော်တို့ မည်သို့ရှင်းပြရမည်နည်း။
ထိုစဉ်ကျောင်းအုပ်ကြီးက ရောက်လာပြီး ညွှန်ချုပ်ကြီးအား
“ဆရာကြီး” ဟု ခေါ်လိုက်သည်
“ဘာလဲဗျ”
“ဌာနက ထုတ်ပေးထားတဲ့ ကွန်ပျူတာ ငါးလုံးက မှန်ခန်းထဲမှာ ရှိပါတယ် ... ဒါက ဒီကျောင်းသားရဲ့ ကိုယ်ပိုင် ကွန်ပျူတာခင်ဗျ ... သူက သူ့ကွန်ပျူတာကို ဒီလိုပဲ တစ်စစီ ဖြုတ်ပြီး ကစားနေကျ”
“ဟုတ်လား ... ကောင်းပြီလေ ... ကျောင်းပိုင်ပစ္စည်းတွေကို မကစားစေနဲ့ ... ကျုပ် ဗိုလ်ချုပ်ကို ရှင်းပြလိုက်မယ် ... ဟိုမှာ စိတ်ဆိုးသွားတာ ... ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးတယ်ဆိုပြီး”
ကျွန်တော်က တပည့်ဖြစ်သူအား
“မောင်ကျော်ဇေယျ”
“ဗျာဆရာ”
“အမှိုက်တွေကို လွှင့်ပစ်ရအောင်ကွာ”
“ဟုတ်ဆရာ”
ညွှန်ချုပ်ကြီးကစိတ်ဆိုးကာ မျက်စောင်းထိုးပြီး ထွက်သွားသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်က အတွေ့အကြုံတစ်ခုဖြစ်ပါသည်။
တင်ညွန့်
၁၆.၂.၂၀၂၁