လက်မည်း

 လက်မည်း ( ဝတ္ထုတို) ✍️ နေဝင်းမြင့်


📔📔📔

(၁)


ရေစကြိုပုခန်းလမ်းသည် လှသောလမ်းဖြစ်သည်။ အေးသောလမ်း၊ အညာနွေ ကျဉ်းကျဉ်လောင်လောင်ထဲက စိမ့်သော လမ်းဖြစ်သည်။ ကျွန်တော်သည် လမ်းကို အကြိမ်ကြိမ်ဖြတ်ဖူးပါသည်။ ဖြတ်ရတိုင်းလည်း အမှတ် ထင်ထင် ရှိရသည်။ မဟာဂီတမှာထဲက မြမြမောင်မောင်း ... ပြာအညိုတွေ တိမ်ခြေငွေနှင်းပေါင်းဆိုသည့် ရာသီ။ ရေစကြို လွန်လျှင် ပုခန်းကြီးကိုရောက်လိမ့်မည်။ ပုခန်းကြီးမြို့ဟောင်း စင်းမနားတံခါးမှ ဝင်မိလျှင်ပင် လက်ငင်း ပစ္စုပ္ပန်မှ နောက်နှောင်းအတိတ်ကို နောက်ကြောင်းပြန်တိုး၀င်ရသည်နှင့် တူတော့သည်။


နွေဦးလွန်ပြီ။ လက်ပံနှင့်ပေါက်တို့ ပင်လုံးသွန်ခဲ့ကြပြီ။ မြင်ကွင်းထဲမှာ လက်ပံမရှိတော့၊ ပေါက်မရှိတော့။ စိမ်းသောလမ်း ဆိုသော်လည်း လမ်းတစ်လျှောက်ကိုသာ ကျွန်တော် ဆိုပါသည်။ ထနောင်းနှင့်ထန်း ကလွဲလို့ အပင်ခပ်သိမ်း စိမ်းသည်မဆိုသာပါ။ ချပ်ကြားကုန်းရိုးကြားက အင်တိုင်းတောရွက်ကြွေတော တစ်ခွင်မှာ တော့ အစိမ်းပါးလျား လွန်းလှသည်။ လောင်မြိုက်လုလုတောခြောက်သည်ပင် ခြေကျင်းကျင်းရှိလေသည်။ ကျောက်စရစ် လူးသော ညိုဝါ၀ါ ကျောက်ဖြန်းတောတစ်လျှောက် ဒဟတ်၊ ရှား၊ သန်း၊ ထိန်၊ မအူ၊ လဲလူ၊ ဆူးဖြူ ဆူးညို၊ ကန္တာရတို့ ကိုယ်ရောင်မဲ့ကြပြီ။ မြိုင်တစ်ကြော ဥသြသံမရှိ။ ထန်းတောစိုစို ဖြတ်လာသော လေ ကလည်း မအေးချင်ချင် အေးချင်ချင်။


"ပုခန်းကြီးမြို့ဟောင်း"

တစ်ခါ က သမိုင်းကြီးခဲ့သောမြို့သည် ငြိမ်သက်လျက်ရှိ၏။


"ကျွန်တော်တို့ပုခန်းကြီးနတ်ပွဲလာရင် ပြုနေကျထုံးစံကတော့ စည်သူရှင်မြတ်စွာဘုရား အဦးထားဖူးကြ တာပဲ။ ပြီးမှ ပုခန်းငယ် ကို ရောက်အောင်သွား၊ ချင်းတွင်းမြစ်ကိုဖြတ်ပြီး ကူနီထတောရွာကို ကူးကြတယ်။ ပုခန်းငယ် ကျွန်း ကျောင်းကြီး ကြည့်ချင်သပဆိုတော့လည်း ချစ်သူရွာကတစ်ခေါ်ထင်ရယ်"


ကျွန်တော် တို့ မိသားစုနှင့်အတူ လိုက်ပါလာသော ရေစကြိုဦးတင်အုန်းက ပြောလိုက်ခြင်းဖြစ်သည်။ ဦးတင် အုန်းက ကျွန်တော်တို့ မိသားစု ကူနီထတောရွာကိုလာတိုင်း လိုက်ပို့နေကျ။ သည်တစ်ခေါက်လည်း ဦးတင် အုန်းကို ဖုန်းကြိုးဆက်ပြီးလိုက်ခဲ့ဖို့ ခေါ်ရသည်။ ဦးတင်အုန်းက ရေစကြိုမြို့ခံဆိုတော့ ဆက်ရာနွယ်ရာ မိတ် ဆွေဧည့်၊ အမျိုးဧည့်တွေကို နတ်နန်းအရောက် ပို့ရသည်ကိုပင် ၀မ်းသာရှာသူဖြစ်သည်။


"ကျုပ်က ဘဘကျော်နတ်ပွဲရက်များ မအားရပါဘူးဗျာ၊ လိုက်ပို့ရတာကို ၀မ်းသာလွန်းလို့ ... ကိုကြီးကျော်နဲ့ ကျုပ် တို့က ဆွေနတ်မျိုးကိုးဗျ၊ နို့ ... ဆရာကကော ..."


"မိဆိုင် ဖဆိုင်နတ်တော့မဟုတ်ဘူး ဦးတင်အုန်းရဲ့ ... "မယဆိုင်နတ်" (မယားဆိုင်နတ်) ရယ် ..." 


ဦးတင်အုန်း ရယ်သည်။


"မယဆိုင်နတ်များ၊ မရိုမသေမရှိနဲ့ဗျနော်၊ မိဆိုင်ဖဆိုင်နတ်က တော်သေးတယ်"


ဦးတင်အုန်းက ပျော်တတ်သူဖြစ်သည်။ စကားပြောတော့လည်း ပလုပ်ပလောင်း။ အသားဖြူဖြူ၊ လူလုံးဖိုင့်ဖိုင့်၊ မျက်နှာချိုချို နှုတ်ချိုချို။ ကိုကြီးကျော်နတ်နန်းက နတ်အုပ်နတ်ထိန်းများနှင့် ခင်မင်သူဆိုတော့ ကိုကြီးကျော် စီးတော်မြင်းပါးချပ်ကြိုးကိုပင် ဆွဲနိုင်သူဖြစ်သည်။ ခုန်တိုင်းလှသည့် ဘုတ်လှစွန်ချီ၊ မောင်ကျော် ဆက်သည့် ကြက်ဖနီကို လှမ်းပွေ့နိုင်သူဖြစ်သည်။ ဦးတင်အုန်းက ခင်ခင်ထူးကိုစသည်။


"ဆရာမနှယ် ... ကျုပ်တို့နတ်က အရက်တော့ကြိုက်သဗျနော၊ မောင်မင်းတို့လည်းသောက် ကိုယ်တော် လည်းသောက် ... ပင်ရည်နောက်နှင့်မညီ ခြောက်ကျပ်တင် ... ဆူစနိုးငှက်ကယ်တင် ငါးကင်ဆီလူး ... မ သောက်ရင် မပြီးဘူးဆိုတဲ့ နတ်ခင်ဗျ၊ ပုခန်းကျော်ကျေနပ်အောင် ဆရာနေနည်းနည်းတော့ တွယ်ရလိမ့်မယ်"


"ကျွန်မလည်း တရေသောက်မှာပေါ့ ဦးတင်အုန်းရဲ့။ ကျွန်မတို့ ငယ်ငယ်က ရွာကနေ လှည်းတွေနဲ့လာကြ ရတာရယ်။ လူသံလား ခြူသံလားဟေ့ ... လှည်းသံလား၊ ခြူသံလားဟေ့ လှည့်းသံလှည်းသံ ပါဗျို့၊ ခြူသံ ခြူသံပါဗျို့ ... လူသံလူသံပါဗျို့ဆိုပြီး တစ်လမ်းလုံး အော်ခဲ့ကြတာညံလို့"


ကိုကြီးကျော် နတ်နန်း ကို ဖြုံဘူးရွာဆီက နတ်ပွဲလှည်းတွေနဲ့ ရောက်ခဲ့ရဖူးသည်။ ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်း မင်း ရွာချင်း မထပ်အောင် ခြူကုံးသံ ကျူသံ ဆူသံ ခြူသံတွေ ထောင်းထောင်းထအောင် လာကြတာ ကလည်း ပျော်စရာ ကောင်းလှသည်။ 


"ခေါင်းပေါင်း ကြယ်စီ၊ ပန်းဆိုးနီနှင့် ကူနီနန်းက ရွှေခန်းကျော် ... ပျော်တယ် ဟေ့ ပျော်တယ်ဟေ့"


"မြတ်လေး ပန်းညို ... ရှုတိုင်းစို .. ပျိုများချစ်စဖွယ် အရက်ဖိုးနဲ့ ကြက်ဖိုးပါလျှင် စိတ်ကြိုက်ကယ်လည်း ... ဘို့မယ်အိမ် က ဆဲသနှင့် ... ဆဲသနှင့်"


ကိုကြီးကျော်နတ်ပွဲရက်မှာ သောက်သောက်စားစား ရွှေမင်းသားတို့ သောက်ခွင့်ပါမစ် အထူးတောင်း မနေရပါ။ ကဇော်အိုး ပေါက် သောက်နိုင်ကြသည်။ ရှေးကတော့ ရေစကြိုသက်ပျောက် နန်းနတ် ပွဲ၊ မုံရွာ မအူရွာနတ်ပွဲ၊ ပရိမ္မနတ်ပွဲ၊ မြေနီပြင်နတ်ပွဲ၊ မြို့သာနတ်ပွဲ၊ ဆာလင်းကြီးပေါင်း၀နတ်ပွဲ၊ စုံးကျောင်းနတ်ပွဲ၊ ပခန်းငယ်နတ်ပွဲ၊ ရေစကြို ကနားနတ်ပွဲစသည်ဖြင့် ကွန်းထောက်နတ်ပွဲများပင် ရှိခဲ့သည်။ ချင်းတွင်းမြစ်ရိုးတစ် လျှောက် ကိုကြီးကျော် တန်ခိုးထွားလွန်းချည့်။

စည်သူရှင်မြတ်စွာဘုရားကို ဖူးကြတော့ နေရင့်ပြီ။


(၂)


"ပုခန်းစည်သူရှင်အရှေ့ရှိ ကျောက်စာတွင်ကား စစ်ကိုင်းပျက်၍၊ နှစ်လည်၍၊ သက္ကရာဇ်အစွန်း ၅ ခု သိမ်တော် တည်သည်။ တစ်ခုကားပုဂ္ဂိုလ်၊ နှစ်ခုကား အရာသင်္ဃာဟုပါသည်။ အရာကား အရံသင်္ဃာကို ဆိုလို သည်။ ၃၂၉ ခု နရပတိစည်သူ အမည်ရှိသော လှေစင်္ကြာတော်ရတော်မူသော မင်း၏ ဆရာ ပေါင်းလောင်ရှင် အမည် ရှိသော မဟာကဿပထေရ် တုံမောင်းအရပ်၌ လှူသည်။"


မုံရွေးဆရာတော်မှတ်စုဖြစ်သည်။ စည်သူရှင်မြတ်စွာဘုရားကို နှစ်စဉ်ဖူးခွင့်ကြုံသည်။ ရွာက တစ်ဆင့် ရောက်ရသော နတ်ပွဲရက်တွေ တုန်းကတော့ စည်သူရှင် မြတ်စွာဘုရားဖူးခွင့်မသာပါ။ ကျွန်း ၁၂ ရွာထဲက ရွာ အချို့ကို ဖြတ်ရသောလှည်းခရီးဆိုတော့ ရေစကြို၊ ပခုက္ကူ ကားလမ်းဘက်ဆီမရောက်နိုင်ခဲ့။ သည်ဖက် နှစ်တွေမှာတော့ မန္တလေးကချောင်းဦး၊ ချောင်းဦးမှ တောကျောင်းကြီး။ ဆင်ဖြူရှင် တံတားကို ဖြတ်ရသော ရေစကြိုပုခန်းကြီးလမ်းက လာရတာများပြီး ကားနှင့်ဆိုတော့ မန္တလေးကို နေ့ချင်းပြီးပြန်နိုင်သည်။ ရွာဘက် မရောက်တော့ ရွာနတ်ပွဲလှည်းတွေမစီးရတော့။ သို့သော် စည်သူရှင်မြတ်စွာဘုရားကိုတော့ ဖူးခွင့်ရသည်။


ပုခန်းသည် သာသနာတော် ပွင့်လန်းရာ အရပ်ဖြစ်သည်။ ရဟန်းပညာရှိ လူပညာရှိတို့ ပေါ်ထွန်းရာ အရပ်ဖြစ်သည်။ ရှေးက ကျမ်းတတ်အကျော် ဆရာတော် ဘုရားကြီးများ သီတင်းသုံးရာ အရပ်ဖြစ်သည်။

စည်သူရှင်ဘုရားရှေ့ တန်ဆောင်းရိပ်မှာ ခိုကြရသည်။ တန်ဆောင်းထဲမှာ ဘုရားဖူးတွေလား၊ နတ်ပွဲလာသူတွေလား မသိနိုင်သည့် အနယ်နယ်က ဘုရားဖူးတွေ များလှသည်။ သာသနာ့အလံတွေမှာ ဖုန်အလူးလူး။ အမိုးပေါ်မှာ အထုပ်အပိုး စားအိုးစားခွက်တွေပါ ပါကြသည်။ ရောက်သည့်နေရာမှာ ချက်ပြုတ်စားကြပုံရသည်။ ငွေကြေးရှားပါးသော်လည်း သဒ္ဓါကြီးသူတွေ။ တစ်နေရာမှာတော့ ယောက်ျားသားနတ်ကတော်ကြီး တွေ ထိုင်နေကြသည်။ 


ကူနီနတ်ပွဲ တောင်ပြုံးနတ်ပွဲလို ကနွဲ့ကလျတွေ နည်းသည်။ မရှိသလောက် နည်းသည်။ ရှေးမင်း သကျကြီးတွေလို မျက်နှာအစ်အစ်၊ မျက်ခွံပိတ်ပိတ်၊ ပါးစုံ့ဖေါင်းဖေါင်း နတ်ထိန်းနတ်၀င် သည်တွေက မြင်ရုံနှင့် သိသာသည်။ သူတို့ ကိုယ်တိုင်က နတ်နှင့်တူနေတတ်ကြသည်။ ကျားပါးစပ် အင်္ကျီ ရင်ပတ်ပြဲမှာ ရွှေဆွဲကြိုး တ၀င်း၀င်း။ လက်စွပ်တွေက တဖျပ်ဖျပ်။ ရီဖန်ဖန် မျက်လုံးများဖြင့် နတ်ကြည့်ကြည့် နေသလို ထင်ရသည်။ ကျွန်တော်တို့ကို လက်ဖက်စားကြဦးမလားဟုဆိုကာ လက်ဖက်ချိုင့်ထိုးပေးရင်း နှုတ်ဆက်သည်။ ကျွန်တော် တို့က ယဉ်ကျေးစွာ ငြင်းတာကို လက်မခံပါ။


"စားပါလေ အန္တရာယ်ကင်းလက်ဖက်ခေါ်တယ်။ ကိုးနန်းလက်ဖက်ခေါ်တယ်။ ကျုပ်တို့က ရေစကြိုပုခန်းမြိုင် ပခုက္ကူ တစ်ကြော က နတ်ကွန်းတွေ နတ်နန်းတွေရောက်ကြလှပြီ။ ပုခန်းနန်းကနောက်ဆုံး ပေါ့။ ပွဲသိမ်းရက် ပြန်ကြမှာ"


ကျွန်တော်က လက်ဖက်တစ်ဇွန်း ယူစားလိုက်သည်။ လက်ဖက်သား၊ နှမ်းကြက်သွန်ကြော်သာပါသည့် လက်ဖက် က နူးညံ့လှသည်။ တစ်ယောက်တစ်ယောက် မိတ်ဆက်တော့လည်း ခပ်ညံ့ညံ့မပါ။ အားလုံး နန်းထိန်းတွေချည်း။ ဘယ်နန်း ဘယ်လိုထိန်းကြသလဲ မသိနိုင်။ အားလုံးထဲမှ မျက်နှာရှည်ရှည်မျက်ခွံတွဲတွဲ နန်းထိန်းမောင်မောင်မိတ်ဆိုသူက အရေးပါသူဖြစ်လောက်သည်။


"မြိုင်နယ်မြေနီပြင်ရွာမှာ မောင်ပိုးတူ နတ်ပွဲဆိုတာအထင်ကရပေါ့၊ ဘိုးဖိုးတူနတ်ခေါ်ကြတယ်။ လက်ဖက် ကုန်သည်က ဖြစ်ရတဲ့ နတ်ပေါ့ညီတော်ရဲ့။ မြိုင်ဘက်ကတော့ ကုန်သည်ကြီးဦးပိုးတူခေါ်ကြတယ်။ ရောက်ဖူးကဲ့လား"


"မရောက်ဖူးပါဘူး"


"ပုခန်းမင်း နတ်ပွဲလောက်တော့ မစည်ဘူး။ အနားရွာတွေလောက် အဆက်အသ ရောက်ကြတာရှိတာပဲ။ ကျုပ်တို့က ဦးပိုးတူ နတ်နန်းမှာ တောင်ပိုင်းလက်ဖက်ကို ငှက်ပျောလင်ပန်းနဲ့ ဆက်ပြီး ပွဲကျကို နှစ်ပေါက် စားကြတာ မကောင်းပဲလား။ သည်ပုခန်းနယ်မှာလည်း ဦးပိုးတူနတ်ကွန်းရှိပါရဲ့"


နန်းထိန်း မောင်မောင်မိတ်က မျက်ခွံသာတွဲသည်မဟုတ်။ စကားလုံးတွေကလည်း တွဲလွန်းလှသည်။ လူက မပြော နတ်ကပြောသည့်လေသံ။ နန်းထိန်းမောင်မောင်မိတ် ပြောသလောက်ဆိုလျှင် မောင်ပိုးသူက ပင်းတယသားဖြစ်သည်။ မယားက မနှင်းအေး။ အညာကုန်ကို နွား၀န်တင်ကာ ရှမ်းနယ်မှာရောင်းသည်။ အပြန် ရှမ်းနယ် လက်ဖက်တွေတင်လာပြီး အညာမှာ ရောင်းသည်။ တစ်ခါမှာတော့ မယားက တားသည့်ကြား ဇွတ် ထွက်လာခဲ့သည်။ လမ်းမှာ ညအိပ်တော့ အိပ်မက်ဆိုးတွေမက်သည်။ မနက်နိုးတော့ ရေရှာအထွက် ကျားကိုက်လို့ သေသည်ဆို၏။ သိပ်မဆန်းလှသည့် ဇာတ်လမ်း။ အင်း၀ဘုရင် မင်းခေါင်လက်ထက်တွင် မောင်းမငယ် တစ်ဦးကို ပူးကာ ရွှေစင်သင်နတ်နှင့် နှစ်ပါးမင်းအဖြစ် သတ်မှတ်ပေးရန် တောင်းခံသည်ဆို၏။


"မင်းနှစ်ပါးနတ်ခေါ်ကြတယ်။ မောင်ပိုးတူနတ်နဲ့ ရွှေစင်သင်နတ် ... ရွှေစင်သင်နတ်က ဘုရင့်သား နတ်ဖြစ်တာကိုး ညီတော် ရဲ့ နတ်သံတောင်ရှိသေးတာကို ..."


နန်းထိန်း က နတ်သံတောင်ရှိသေးဆိုမှတော့ ဆိုချင်ဆိုလို့ ပျိုးနေမှန်းသိသာသည်။ ဦးတင်အုန်းက ကျွန်တော် တို့ကို လက်တို့၏။ ခင်ခင်ထူးကလည်း မျက်ရိပ်ပြလေသည်။ ကိုကြီးကျော်နန်း မရောက်ရဘဲ နတ်ပိုးတူ နှင့် နေကုန် တော့မည်။ စည်သူရှင် မြတ်စွာဘုရား ပုရဝုဏ်ကို ဖြတ်သွားကြသည့် နတ်ပွဲသွားကားတွေ ဆိုင်ကယ်တွေ သွားကြလှပြီ။ ကျွန်တော်တို့လည်း ထပါမှ။ လက်ဖက်တစ်ဇွန်းစားမိတော့ ချက်ချင်းထဖို့ကလည်း ခက်သည်။


"ကျုပ်တို့ ငယ်ငယ်က တောင်မြို့ ထီးပေါင်းကားဘက်မှာ မောင်ပိုးတူနတ်ကွန်းရှိတယ် ကြားဖူးတယ်။ ကျုပ်တို့မိဘများတော့ မီအံ့ထင်ပါရဲ့၊ နတ်သံတော့ လူကြီးတွေဆိုနေကျ မှတ်မိတယ်။ ဘာတဲ့ လက်ဖက်ကယ် ရွှေဖီ ... ဖူးစီစီ နှင့် ... မြှောက်ချီခယ ကိုးကွယ်ပလို့၊ ငါ့ကိုတင်လျှင် ... ရေစင်ရွှန်းအောင်သွန်းခဲ့မယ်လေး ... ကုန်သည် အပေါင်း သူတော်ကောင်းတို့ ... တဲ့ဗျ"


နန်းထိန်းကြီးက နတ်သံနှောသည်ဖြစ်၍ ပရိသတ်တို့အုံလေသည်။ နန်းထိန်းကြီးက လက်ဖက်ချိုင့်ထဲက ဆီ နစ်နစ် လက်ဖက်သား ကွမ်းသီးတစ်လုံးစာစီ နှိုက်နှိုက်ပြီး လက်သင့်ရာဝေလေသည်။ ကျွန်တော်လည်း ပရိသတ်များတုံး အသာထဖို့ပြင်ရတော့သည်။ မရပါ။ အနားတွင် ထိုင်နေသည့် နန်းထိန်းညိုခြောက်ခြောက် က ကျွန်တော့်ပေါင်ကို လက်နှင့်ဖိနှင့်သည်။


"ဟောသည် ပုခန်းကြီးမြို့ တံခါးလေးပေါက်မှာ လူလေးယောက် ဘုမသိဘမသိ အစတေးခံရတာကော ကြားဖူးကဲ့လား ... နေဦးဗျ ဒါတော့ နားထောင်သွားဦး တံခါးလေးပေါက်က အရှေ့ပြင်မှာ ကြွယ်၀တံခါး၊ မြို့တောင် မှာ ကျောက်ပုံတံခါး၊ အနောက်မှာ သာစည်တံခါး၊ မြောက်မှာ ၀င်းမနားတံခါးရယ်လို့ ရှိတာကိုးဗျ၊ ဘုရင်တစ်စီးရှင့်ကျော်စွာက သူ့ကျွန်ရင်းလက်ပန်ရွာစား လူသူတော်ကောင်းကို သူတကာကုန်းချောတာနဲ့ ပုခန်းကြီးက လက်မည်းအမတ်ဆီ ပို့လိုက်ကရော၊ လက်မည်းအမတ်က ရာဇ၀တ်သား သေနှင့်တော့ရယ်လို့ ကြွယ်၀တံခါးမှာ အရှင်လတ်လတ်ခုတ်လို့ သေကရော၊ လက်ပန်ရွာ စားခမျာ အစိမ်းသေသေရာက နတ်ဖြစ် ရတယ်။ နတ်စိမ်းဘ၀နဲ့ ကြိမ်းပသတဲ့၊ သည်မြို့မှာ မင်းပြုသူမှန်သမျှ ပြည်သူဆင်းရဲသားတို့အပေါ် မတော် မတရားမပြုကြလေနဲ့ ပြုရင် သေအောင်သတ်မယ်ကိုးဗျ၊ တကယ်လဲ စောင့်နေတာတဲ့ဗျို့"


နန်းထိန်း က ကျွန်တော့်ပေါင်ကိုဖိရင်းက သူကိုယ်တိုင်တွေ့လာသလိုလို ပြောနေခြင်းဖြစ်သည်။


"အော် ဟုတ်ကဲ့လား"


"ဘယ်နှယ့်ဟုတ်ကဲ့လားတုံး ရာဇ၀င်မှာပါတာဗျာ၊ ဓမဇစ် (ဓမ္မစစ်)ရယ်"


ထလို့ မရသည့် အတူတူ တံခါးလေးပေါက် လူလေးယောက် အခြောက်တိုက်သေရသည့် အဖြစ်ကို စုံစေ့ အောင် နားထောင်နေရတော့သည်။ ဒုတိယအစတေးခံရသူက ပင်းယသား ငသကြားဆိုသူဖြစ်သည်။ ငသကြားသည်လည်း လူသူတော်ကောင်းဖြစ်သည်။ တစ်နေ့မှာတော့ သူခိုးချခဲ့သော ဥစ္စာထုပ်ကို အကြောင်းပြု၍ သူခိုး ယိုးစွပ် ခံရကာ ပုခန်းကြီး လက်မည်း အမတ်ထံ အပို့ခံရသည်။ လက်မည်းအမတ်လည်း မမေးမမြန်းဘဲ ကျောက်ပုံတံခါးအနီးတွင် ငသကြားကို ကွပ်လေသည်။ ငသကြားလည်း လူ့ဘ၀တွင် သီလ ကောင်းခဲ့ပါလျက် သေမှ နတ်စိမ်းဖြစ်ရရှာသည်။ ငသကြားလည်း နတ်စိမ်းဘ၀နှင့် ကြိမ်းပြန်လေ၏။ သည်မြို့တွင် မင်းပြုသူသည် သီလစောင့်ရမည်။ သီလမစောင့်လျှင် ငါသတ်မည်ဆိုကာ သီလ အပျက် စောင့်လေသည်။


တတိယမြောက် စတေး ခံ ရသူက ကျောက်စည်သူရှင်လှကြီးဖြစ်သည်။ ရှင်လှကြီးကို တစ်စီးရှင်ကျော်စွာ ဘုရင်က မိဖုရားမြှောက်တင်၍ အနောက်နန်းတွင် စံစေသည်။ လူပျိုတော်သားငပျော့နျင့် မသင်္ကာသဖြင့် အပျိုတော် မိလှငယ် နှင့် အတူ ပုခန်းမြို့လက်မည်း အမတ်ထံ ပို့ပြန်၏။ မိန်းမနှစ်ယောက်ကို အနောက်သာစည် တံခါး နှင့် မြောက်၀င်းမနား တံခါးအနီးတွင် မြေမြုပ်သတ်သည်။ မိန်းမတို့သည် နတ်စိမ်း ဖြစ်ကြ၍ ဤမြို့၌ မင်းပြုသူသည် သားပျိုသမီးပျိုတို့ကို မဖျက်ဆီးရာ၊ ဖျက်ဆီးလျှင် သေအောင်သတ်မည်ဟု ကြိမ်းမောင်းသည်။

လူလေးယောက် စတေးခံရသည့် ဇာတ်လမ်းတွေပြီးမှ နန်းထိန်းကြီးတွေကို နှုတ်ဆက်ရင်း ပြန်ခွင့်ရသည်။ ပုခန်းငယ်ချင်းတွင်းမြစ်ဆိပ်ကို ရောက်တော့ နေမွန်းတိမ်းချင်ပြီ။


(၃)


ပုခန်းငယ်မြစ်ကမ်းပါးမှာ လူတွေခဲခဲလှုပ်နေသည်။ တစ်ဖက်ကမ်း ကူနီထတောရွာဘက်ကို ကူးကြမည့် မော်တော်တွေပေါ်မှာလည်း လူအပြည့်။ ဖုန်တွေတလုံးလုံးကြားမှာ မိုးတိုးမတ်တပ် ရပ်နေကြရသည်။ ဖြတ် ကူးတို့မော်တော်တွေ မရှိတာတော့မဟုတ်။ ကူသယ်ခေါက်သယ်ဆိုတော့ အချိန်တွေလင့်လှသည်။ ဦးတင်အုန်းက မော်တော်တစ်စီး ဆိုက်သည်နှင့် ဖျိုးဖျိုးဖျပ်ဖျပ် ဆင်းကာ နေရာယူသည်။ ကျွန်တော်တို့လည်း ချက်ချင်း ပြည့်သွားလေ၏။ ကဘဇောက် (ကမ်းပါးစောက်)က ပြိုဆင်းလာသူတွေထဲမှာ နန်းထိန်းကြီး အုပ်စုကို မော်တော်၀မ်းထဲက လှမ်းမြင်လိုက်ရသည်။ ချိုင့်တွေ၊ အထုပ်တွေ၊ အိတ်တွေဆွဲကြလို့။ တစ်ခုသော ချိုင့်ကတော့ လက်ဖက်ချိုင့်ဖြစ်လိမ့်မည်။ မောင်ပိုးတူလက်ဖက်တွေ ကုန်သေးဟန်မတူ။


"နန်းထိန်းကြီးတွေ ဆင်းလာပြီနော် ... တော် ... သည် ဖက်လှည့်နေ"


ခင်ခင်ထူး က လက်ကုတ်ရင်း သတိပေးလေ၏။ ကျွန်တော့်မှာတော့ ကျွန်တော့် အတွေးနှင့်ကျွန်တော်။ မြို့ တံခါးလေးပေါက်မှာ သူတော်ကောင်း သီလကောင်းသူတွေ မှန်ပါလျက် လက်မည်းသတ်လို့ သေကြရသည့် စတေးခံရသူတွေကို စိတ်ရောက်နေခဲ့သည်။ ပုခန်းကြီးမြို့ကို ရာဇ၀င်အရ ဓနုသီဟမင်း တည်ခဲ့သည်။ စည်သူနှင့် ကျော်စွာတို့ တည်ခဲ့သည်။ မြန်မာမင်းများ လက်ထက်တွင် ရာဇဌာနီ အုပ်ချုပ်ရေးနှင့် အဝေးမြို့ ကျေးအုပ်ချုပ်ရေး နှစ်မျိုးရှိရာ ဆိုင်ရာ၀န်တို့ ဘုရင်ငယ်ပမာ တန်ခိုးထွားခဲ့ကြသည်ချည်း။ ရှေးကသည်မြို့ကို စားရသူတွေထဲမှာ ပျံချီဇေယျကျော်၊ ရဲထင်နော်ရထာဘွဲ့ခံ ဦးရွှေခဲ၊ နေမျိုးရဲခေါင်ကျော်ဘွဲ့ခံ ဦးမှိုင်း၊ မြို့၀န် ဦးဘိုးမောင်၊ မင်းထင်သီဟ ဗိုလ်ဘွဲ့ခံ ဦးရွှေတုတ်၊ မဟာမင်းကျော်မင်းခေါင်၊ ဦးကျောက်လုံး၊ ပုခန်းကြီးသား ဦးသာအို၊ ပုခန်းကြီးသား မြို့၀န်ဦးမောင်မောင်၊ မဟာမင်းလှကျော်သူရိန်ဘွဲ့ခံ ဦးသာမှုန်တို့ ထင်ရှားသည်။ ထိုထိုသော အဝေးမြို့၀န်တို့ ပုခန်းကြီးပြည်သူ ဆင်းရဲသားတို့အပေါ် တကယ်ပင် တရားစောင့်ခဲ့ကြလေ သလော။ 

တစိုးကင်းခဲ့ကြလေသလော။ အနှိပ်စက်အဖျက်အဆီး ကင်းခဲ့ကြလေသလော။ ထိုထိုသော မြို့၀န် တို့၏ ဖြောင့်ခဲ့ လေသလော။ မတော်မတရားပြုလျှင် သတ်မည်ဟု ကြိမ်းခဲ့ကြသော လက်ပန်ရွာစား၊ ငသကြား ရှင်လှကြီးနှင့် မိလှငယ် တို့ ငြိမ်လှချည့်။


ကူတို့ မော်တော်က ချင်းတွင်းရေတိမ်ကို တဒီးဒီးကျော်လျက်ရှိလေသည်။ ကူနီ ထတောရွာ ကမ်းမှာ တစ်ဖက်ကမ်း ပုခန်းငယ် ဘက်ကို ကူးကြမည့် ခရီးသည်တွေကို နေရောင်စူးစူးအောက်မှာ မြင်နေရသည်။ သူတို့က နတ်ပွဲပြန်၊ ကျွန်တော်တို့က နတ်ပွဲသွား။ သည်နှစ်ထူးခြားတာက ခါတိုင်းနှစ်တွေလို သောင်ပြင်ပူပူကို မဖြတ်ရခြင်းဖြစ်သည်။ မော်တော်ကပ်လိုက်သည်နှင့် ကမ်းပါးခြေကို တက်နိုင်ကြသည်။ နတ်ပွဲကွင်းက ဝေးလှသည်မဟုတ်သော်လည်း သမီးက နေကြီးခေါင်ခေါင်ထဲမှာ လျှောက်နိုင်မည့်ပုံမရှိ။ ဦးတင်အုန်းက လှည်းတစ်စီး ငှားသည်။ လှည်းအခင်းဖျာကြမ်းက ပူလွန်းလှသည်။ လှည်းရံတိုင်တွေကလည်း ကျိုက်ကျိုက် ဆူ ... လှည်းခမေးတော့ နှစ်ထောင်ဆို၏။


လှည်းပေါ်ကဆင်းတော့ လှည်းခပေးသည်။ လှည်းဆရာက လှမ်းယူသည်။ လှည်းဆရာလက်တွေကို ကျွန်တော် သတိထားလိုက်မိသည်။ သမင်နက် ခေါ်ကြသည့် အရေပြားရောဂါတစ်မျိုး စွဲကပ် နေပုံရသည်။ လက် နှစ်ဖက်စလုံး အညိုနှင့် အမည်းပြောက် ထိုးနေကြသဖြင့် မီးကျွမ်းထားသော ထင်းချောင်းနှင့်တူသည်။ သည် တော့မှ တစ်စုံတစ်ရာကို ကျွန်တော် သတိရ လိုက်သည်။ ပုခန်းကြီးမြို့ရာဇ၀င်ထဲက ပျောက်ချက်သားကောင်း နေသည့် လက်မည်းအမတ် ဆိုသူကိုဖြစ်၏။

▪️▪️▪️

နေဝင်းမြင့်

ပိတောက်ပွင့်သစ် မဂ္ဂဇင်း 


#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ