တောင်းပန်ပါတယ် သူကြီးရာ”(စ/ဆုံး)

 “တောင်းပန်ပါတယ် သူကြီးရာ”(စ/ဆုံး)

————————-

ဒီမနက် သူကြီး အတော်လေး ပေါက်ကွဲနေတယ်။

ဟေ့ … ဘယ် ငါးမြွေထိုးလဲကွ … ငါ့မြင်းကို ခိုးရသတဲ့လား …

မင့် အမေရိုးမျိုးသူခိုး …

မိလို့ကတော့ ငါကိုယ်တိုင် နှစ်လုံးပြူးနဲ့ အဆုံးထိုးစီရင်မယ်”


နှစ်လုံးပြူးကြီးထမ်းပြီးတော့

တစ်ရွာလုံး ပတ်ရမ်းနေတဲ့ သူကြီးကြောင့်

တစ်ရွာလုံး မလှုပ်ရဲဘူး။


အိမ်တံခါး တွေပိတ်၊ ညဆိုလို မီးမှိတ်။

သူခိုးမြန်မြန်မိပါစေလို့ပဲ ဆုတောင်းပေးနေကြတာ။


ဒါပေမဲ့ နောက်တစ်နေ့မှာ

မြင်းက သူ့အလိုလို ပြန်ရောက်လာတယ်။

မြင်းလည်ပင်းမှာ စာနှစ်စောင်ချည် ထားတယ်။

စာတစ်စောင်ထဲမှာ


သူကြီးခင်ဗျား


တောင်းပန်ပါတယ်

သူကြီးမြင်းမှန်းမသိလို့ ယူသွားမိပါတယ်။

အရေးကြီးတဲ့ကိစ္စရှိနေလို့ သူကြီးမြင်းကို

ခေတ္တယူသုံးမိတာပါ။


ကျေးဇူးဆပ်တဲ့အနေနဲ့

ဘုရင်ခံဒါဘာပွဲဖိတ်စာတစ်စောင်ကို ပူးတွဲပေးပို့လိုက်ပါတယ်။


ဘုရင်ခံဒါဘာပွဲကို

သူကြီးမင်းနဲ့ သူကြီးကတော် နှစ်ဦးလုံး တက်ရောက်ရမှာပါ


တောင်းပန်ပါတယ်


မြို့ပိုင်လေး


မြို့ပိုင်လေးက မြင်းကို ယူသုံးသွားတာပဲ။

ပြီးတော့ သူ့ကို တောင်းပန်သေးတယ်။

တောင်းပန်ရုံမက ဘုရင်ခံဒါဘာပွဲပါ တက်ရဦးမတဲ့။


ဟဲ့ … ဘယ်မှာလဲဖိတ်စာ”


ဖိုးညှက်တို့ မိနက်တို့ အလုပ်တွေရှုပ်ကုန်တယ်။

နောက်တစ်စောင်ကဖိတ်စာတဲ့


ဘာတွေမှန်းလည်း မသိဘူးတော့”


အင်္ဂလိပ်လိုရေးထားတဲ့စာ ဘယ်သူမှလည်း မဖတ်တတ်ဘူး။


ဘာဖြစ်ဖြစ် ဘိုလိုရေးထားတော့ အဆင့်မြင့်တဲ့ စာပေါ့။


သူကြီး ဂုဏ်ယူလို့မဆုံး။ တစ်ရွာလုံး လိုက်ကြွားနေသဗျာ


ဟေ့ … မြို့ပိုင်လေးကိုယ်တိုင်ကတောင်

ငါ့ကို တောင်းပန်ရတာကွ … နှယ်နှယ်ရရ မမှတ်နဲ့။


ဒီတိုက်နယ်မှာ ဘုရင်ခံဒါဘာပွဲ တက်ခွင့်ရတဲ့သူကြီးကွ”


သူကြီးနဲ့ သူကြီးကတော်

လှည်းယဉ်ကြော့ကြော့ ခပ်မော့မော့လေး ထွက်သွားကြ။


သူကြီးသမီး ကွမ်းတောင်ကိုင် အလှပဂေး မမြလေးကတော့

အိမ်စောင့်အဖြစ်ကျန်ခဲ့တယ်။


တောင်ရှည်ချိတ်ပုဆိုး၊ ပိုးတိုက်ပုံရွှေဖလား၊

ခေါင်းပေါင်းစထောင်ထောင်၊

ရွှေစလွယ်ဝင်းဝင်း၊ နှစ်လုံးပြူး အထင်းသားနဲ့

သူကြီးတစ်ယောက် ကြွားဝင့်နေပုံများ။


သူကြီးကတော်လည်း ဘာထူးသလဲ။

တစ်သက်လုံးချမဝတ်တဲ့ ဘရိုကိတ်ထဘီ၊ ငွေချည်ထိုးရင်ဖုံး၊

ဘီးဆံပတ်ထုံးကြီးနဲ့ ခံ့ညားနေလိုက်တာ။


နောက်တစ်ပတ်လောက်အကြာ

သူကြီး ရှူးရှူးရှားရှားပြန်လာသဗျာ။

ရွာထဲမရောက်သေးဘူး သေနတ်ဖောက်


“ဒိုင်း … ဒိုင်း … ဒိုင်း”


ဘယ် … ငါးမြွေထိုးလဲကွ … မြို့မှာ ဒါဘာပွဲမရှိဘဲ …

ငါ့ကို ညာလွှတ်တာ။


ဒါ အတွင်းလူမပါဘဲ မဖြစ်နိုင်ဘူး။

သိလိုက်လို့ကတော့ ခွေးမျိုးတွေ ဘေးဆိုးဝင်ပြီမှတ်”


သူကြီး အိမ်ဝိုင်းထဲရောက်တော့


သမီးရေ … သမီး”


မိနက်ကအပြေးလေးဆင်းလာ။

သူကြီးကို မကြည့်ရဲ လက်ထဲကို စာလေးတစ်စောင်ထည့်လိုက်တယ်။


လာပြန်ပြီလားဒီစာ”


သူကြီးက စာကိုဖွင့်ဖတ်လိုက်တော့


သူကြီးခင်ဗျား


ဒုတိယမ္ပိ တောင်းပန်ပါတယ်ခင်ဗျာ

မကြံကောင်းမစည်ရာလို့ မထင်စေလိုပါ


မြလေးကို ချစ်လွန်းလို့ ကြံမိတာပါ

သူကြီးတို့ ရှိနေလို့ ကျွန်တော့်နောက်ကို

မြလေးမလိုက်ရဲတာ


ခုတော့ ကျွတ်ကျွတ်လွတ်လွတ်ကို လာခိုးသွားနိုင်ခဲ့တာပါ


တောင်းပန်ပါတယ်ခင်ဗျာ


သောင်းဒန်


ဟေ့ … ငါးမြွေထိုး … သဝေထိုး … သပြေရိုး သောင်းဒန် …

မင်းကို ဗြောင်းဆန်အောင်ရှာပြီးသတ်မယ်ကွ”


သူကြီး အစ်မလေးကလည်း စာတစ်စောင်ပေးသွားတယ်”


သူကြီးက နောက်စာတစ်စောင်ကိုဖွင့်ဖတ်


အဖေ


တောင်းပန်ပါတယ်


သမီးမှာ သောင်းဒန်နဲ့ အကြောင်းဖန်ထားတာ

ကပြောင်းကပြန်တွေ ဖြစ်နေလို့ပါ


အဖေဗြောင်းဆန်မှာကြောက်လို့


သမီးကြံမိကြံရာ ကြံလိုက်တာပါ


တောင်းပန်ပါတယ်အဖေ


သမီးမိုက်


သူကြီးလည်း ဆွေ့ဆွေ့ခုန်။

တစ်အိမ်လုံး ပတ်ဆဲ၊ ရွာထဲလည်းလိုက်အော်။

နောက်ဆုံး မောလွန်းလို့ ဘုန်းကြီးကျောင်းထဲလာ။


တမာပင်ရိပ်မှာ ထိုင်နေတုန်း ကျောင်းပေါ်က

ဆရာတော်ကဆင်းလာပြီး


ဒကာကြီး … ဒကာကြီးကို တောင်းပန်ရဦးမယ်”


အလို လာပြန်ပြီ … တောင်းပန်ဦးမယ်တဲ့”


ဒီလို ဒကာကြီးရဲ့ …

ဒကာကြီး မြို့မသွားခင် လာအပ်သွားတဲ့သေတ္တာ

ဒကာကြီးသမီးက အဖေတောင်းခိုင်းလို့ ဆိုပြီး

လာပြန်ယူသွားတာ။


တကယ်မှတ်လို့ ပေးလိုက်ပါတယ်။

မနက်ကမှ ဒကာမ မြလေး လင်နောက်လိုက် ပြေးတာ

ကျောင်းက သောင်းဒန်နဲ့မှန်းသိလို့

အဲဒါ … တောင်းပန်”


သူကြီးကိုဗျာ

တစ်ရွာလုံးကလည်း ဝိုင်းပြီးတောင်းပန်လိုက်ရတာ

မတောင်းပန်လို့လည်း မရဘူးလေ


တစ်ရွာလုံး မီးတိုက်မယ်ဆိုပြီးတော့ မီးတုတ်ကြီး

ရမ်းနေတာ..


#တင်ညွန့်


#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳


Crd#