အရှုံးထဲက အမြတ်(စ/ဆုံး)

 အရှုံးထဲက အမြတ်(စ/ဆုံး)

——————-


“ဒီနှစ် နွေကျောင်းပိတ်ရက်မှာအိမ်သစ်မဆောက်သေးဘဲ ငါတို့သားလေးနှစ်ယောက်ကို ရှင်ပြုအလှူပွဲဲဲဲလေး အရင်လုပ်ပေးရရင်ကာင်းမယ် မိန်းမရာ”


ကိုမြကျော်က သတင်းစာဖတ်နေရင်းမှ ထမင်းဟင်း ချက်ပြုတ်နေသည့် ဇနီးဖြစ်သူကို လှမ်းပြောလိုက်သည်။ သည်နှစ်အလုပ်အကိုင်စျေးရောင်းဝယ်လေးလည်း အဆင်ပြေသည် မို့ ၁၀နှစ်အရွယ်နှင့် ၈ နှစ်အရွယ် သားလေးနှစ်ယောက်ကို နွေကျောင်းပိတ်ရက်လေးတွင် ရှင်သာမဏေလေးများအဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်းပေးလိုသဖြင့် ဇနီးဖြစ်သူ မအေးသာကို တိုင်ပင်ပြောကြားလိုက်ခြင်းဖြစ်သည်။


” အို…ရှင်၊ မဖြစ်သေးပါဘူး။ကလေးတွေက ငယ်လွန်းပါသေးတယ်၊ တော်ကြာ သင်္ကန်းမနိုင် ဘာမနိုင်ဖြစ်နေပါ့မယ်။ ပြီးတော့ အိမ်ကလည်း ဆင့်တန်းတွေဆွေးပြီး ဘေးပျဥ်ကာတွေကလည်း မကောင်းတော့တာ ရှင်အသိပဲလေ။ ကျုပ်တို့ ရည်ရွယ်ထားတဲ့အတိုင်း ဒီနွေမှာ တိုက်အသစ်လေးဆောက်ပြီးမှပဲ အိမ်သစ်တက်ပွဲတို့ ၊ရှင်ပြုပွဲတို့ လုပ်ကြတာပေါ့ရှင် ”


မအေးသာကတော့ ထုံးစံအတိုင်း တိုက်သစ်လေးဆောက်ပြီး မော်ကြွားနိုင်ဖို့အတွက် ကုသိုလ်အရေးကိုပင် ဦးစားမပေးနိုင်။ သူ့ကိုလည်းအပြစ်မဆိုသာ၊ သူပြောသလိုပင် အိမ်ကကြမ်းခင်းအောက်ဆင့်တန်းအချို့က ဆွေးပြီးကျိုးကျနေသည်မို့ တန်းအစားထိုးပြီး ဒေါက်ထောက်ထားရသည်။ အကာပျဥ်အချို့ကလည်း ကွာကျနေသည့်အတွက် တချို့နေရာများတွင် မိုးကာဖျင်စဖြင်ပင် ယာယီကာရံထားရသည်။ ပြောမဲ့သာပြောလိုက်ရသည် မအေးသာက သူ့စိတ်ကူးစီမံထားသည်များကို မည်သို့ပင် ပြောပြော ဖျက်မည့်သူမဟုတ်မှန်းသိထားသည်။


မအေးသာက စျေးထဲတွင် ငါးရောင်းသည်။ ကိုမြကျော်က မနက်စျေးလိုက်ကြိုပေးရသည်။ စျေးရောင်းနေချိန်များတွင်လည်း

ဘေးကနေ မအေးသာ လိုအပ်သည်များကို ဝိုင်းကူပေးရသေးသည်။ တကယ်တော့ ကိုမြကျော်၏ပင်ကို ဗီဇအရ အနေအေးသူမို့ သည်လို အကုသိုလ်အလုပ်ကို စိတ်မဝင်စား။ မအေးသာကတော့ သည်သို့မဟုတ် ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲသူ။


အိမ်ထောင်မကျခင်ကတည်းက ကိုမြကျော်ကဝန်ထမ်းအလုပ်လုပ်လာသူ။ သားကြီးမွေးပြီးတော့ ကိုမြကျော် တစ်ယောက်တည်း၏ ဝန်ထမ်းလစာလေးဖြင့်မလောက်ငတော့။ မအေးသာ စျေးစရောင်းကြည့်သည်။ အဆင်ပြေလာတော့ ကိုမြကျော်ကို အလုပ်ကထွက်ခိုင်းပြီး စျေးရောင်းကူခိုင်းလာသည်။ကိုမြကျော် စျေးကူ စရောင်းသည့်နေ့မှာပင် စျေးဝယ်သူက ငါးအရှင်မို့မယူချင်သဖြင့်မအေးသာက ကိုမြကျော်ကို အသတ်ခိုင်းသည်။ ကိုမြကျော်က မလုပ်ဝံ့သူမို့ ငြင်းဆန်သောအခါ မအေးသာက ဇိုးဇိုးဇက်ဇက်နှင့်လက်မြန်ခြေမြန် အလေးဖြင့်ခေါင်းကိုထုကာ သတ်ပြီး ချိန်ခွင်ထက် ထည့်ချိန်နေပြီ။ အဲကတည်းကစပြီး ကိုမြကျော်ကို သတ်မခိုင်းတော့။ ငါးကျီး၊ ငါးခူ၊ ငါးရံ့ တော်တော်များများက အရှင်များပါတတ်သည်။ တစ်ခါတစ်ရံ ပုစွန်ဆိတ်လေးများဆို တဖျပ်ဖျပ်နဲ့ပင် ခုန်နေတတ်သေးသည်။ တခြားကုန်စည် ပြောင်းရောင်းဖို့ ကိုမြကျော် တိုက်တွန်းဖူးသည်။ မအေးသာက ငါးစိမ်းသည်ဘဝဖြင့် အမြတ်ကလေး မြိုးမြိုးမြက်မြက်ရနေသည်မို့ တခြားအရာလည်း ပြောင်းမရောင်းချင်။


ဝါတွင်းကာလ ဥပုသ်နေ့ဆိုလျှင် ကိုမြကျော်က ဥပုသ်သီတင်းစောင့်နေကျ။ မအေးသာကိုလည်း အဲသည်ရက်ကလေးမှာ စျေးနားစေချင်သည်။ စျေးမနားချင်တောင် ငါးလျှော့ဝယ်ပြီး စောစောသိမ်းကာ ဥပုသ်သီတင်း လိုက်စောင့်စေချင်သည်။ အကုသိုလ်အလုပ် လုပ်နေရသည်မို့ ကိုယ့်နောက်ပါမည့် ကောင်းမှုကုသိုလ်အလုပ်လေးကိုလည်း လုပ်စေချင်ခြင်းသာ။

မအေးသာကတော့ ကိုမြကျော် ဘယ်လောက်ဆွယ်ဆွယ် ပါမလာတတ်။ မြိုးမြိုးမြက်မြက်ရနေသည့်အမြတ်ကလေးကို တစ်ရက်မျှပင် အပျက်မခံချင်။ နေမကောင်းနေသည့်အချိန်တွင်ပင် ဆေးသောက်ပြီး စျေးရောင်းထွက်သူဖြစ်သည်။ ကိုမြကျော်ကိုပင် စျေးကြိုလိုက်ပြီးသည်နှင့် စျေးကူမရောင်းခိုင်းတော့ဘဲ ခွင့်မပြုချင် ပြုချင်နှင့် ဥပုသ်စောင့်သွားခြင်းကို

ခွင့်ပြုထားခြင်းပင်။ ဒါကိုပင် သူ့ဝသီအတိုင်းပြောသေးသည် အပျင်းထူပြီး စျေးရောင်း မကူချင်၍ ဥပုသ်စောင့်သွားသည်ဟုပင်။


*******************


ဝါကျွတ် မိုးကုန်သည်နှင့် တိုက်ဆောက်ဖို့ မအေးသာ အစီအစဥ်ဆွဲတော့သည်။ ဘယ်အချိန်က မှာထားမှန်းမသိသည့် အုတ်များလာချတော့မှ ကိုမြကျော် သိသည်။ ကိုမြကျော်က ကလေးတွေ စာမေးပွဲဖြေအပြီးလောက်မှဆောက်စေချင်သည်။ မအေးသာက အားလုံးစီမံပြီးပြီဆို၍ ထုံးစံအတိုင်း ကိုမြကျော် ဘာမှမပြောသာ။ ပြောလည်း ကိုမြကျော်စကားက ဘာမျှ အရာထင်မည်မဟုတ်။ နောက်ဆုံး မအေးသာ သဘောအတိုင်းသာ။


မအေးသာ အလိုကျ တိုက်သစ်ကလေးက တစ်လ၊ နှစ်လအတွင်းမှာပင် ရုပ်လုံးပေါ်လာသည်။ ပညာအရည်အချင်းသာ နည်းပေမဲ့ မအေးသာက စီမံကွပ်ကဲသည့်နေရာမှာတော့ တစ်ပြေးသည်။ တိုက်သစ်လေး အုတ်မြစ်စချကတည်းကပင် မအေးသာမအား။ စျေးရောင်းက ပြန်လာ၊ ဝယ်ခြမ်းလာသည်များကို ချက်ပြုတ်ပြီးသည်နှင့် လုပ်ငန်းခွင်ထဲဝင််မလုပ်သည်သာရှိမည် နံဘေးကနေ သူလိုချင်သည့်ပုံစံကိုစိတ်တိုင်းမကျမချင်းလုပ်ခိုင်းသည်။ ပန်းရန်ဆရာများကလည်း ရင်းနှီးပြီးသား တစ်ရပ်တည်းနေသူများလည်းဖြစ်သဖြင့် မအေးသာအကြောင်း နောကျေနေကြသည်မို့ မညည်းမညူ လုပ်ပေးကြသည်။


” ကိုလှအေးတို့အဖွဲ့ ထမင်းစားရင် သီးစုံကုလားဟင်းလေး ကျွန်မချက်ထားပြီး ချိုင့်ထဲထည့်ပေးထားတယ်။ ယူစားလိုက်ကြနော် ”


မအေးသာက ငွေကုန်မှာသာကြောက်သည်။ သူ့လိုဘပြည့်ဖို့အတွက်ကတော့ စေတနာရှိသည်။ ပန်းရန်အဖွဲ့ထမင်းစားလျှင် ယခုလိုပင် ငါးပိကြော်၊ အသီးအရွက်ကြော်၊ အရည်သောက်ဟင်း တစ်မျိုးမျိုးတော့ တစ်နေ့တစ်ခါ ချက်ကျွေးသည်။ နေ့လယ်နေ့ခင်းဆိုရင်လည်း ကော်ဖီမစ် တစ်ယောက်တစ်ထုပ်နှင့်ရေနွေးအဖြူကို ဓာတ်ဘူးထဲထည့်ကာ ချထားပေးသည်။ ကွမ်းဆိုရင်လည်း ထုံးဖြူ၊ ဗမာဆေးနှင့် နှပ်ဆေးရည်ဘူးလေးများလည်း စီမံပေးထားတတ်သေးသည်။


 ယနေ့ တိုက်အပြင်ပိုင်းကို ဆေးသမားများပင် စဝင်နေပြီဖြစ်သည်။ ပန်းရန်ဆရာ ကိုလှအေးတို့အဖွဲ့ကပင် ဆေးသုတ်လုပ်ငန်းကို တာဝန်ယူထားသည်။ မအေးသာက အမြင်ရှိသည်။ သူ့စိတ်တိုင်းကျ စီမံထားသည့် ကာလာ အစပ်အဟပ်များက တိုက်သစ်လေးကို ရုပ်လုံးကြွလာပြီး မြင်သူတကာ ငေးမောအားကျရသည်။ ရပ်ကွက်ထဲမှ အသိမိတ်ဆွေများ အရှေ့ကဖြတ်သွားတိုင်း တိုက်ကလေးက လှလိုက်တာဟု ပြောလျှင် မအေးသာ သဘောတွေ့ မနောခွေ့ပြီး ကျေနပ်ပီတိ တပြုံးပြုံးဖြင့်သာ။


မအေးသာတစ်ဆင့်တက်လာသည်။ အတွင်းပိုင်းဆေးအဖွဲ့မဝင်မီ ဂျပ်ဆင်မျက်နှာကြက်နှင့် ရောင်စုံမီးများဖြင့် တိုက်ကို အလှဆင်ချင်လာပြန်သည်။ ဘယ်သူမြှောက်ပေးလိုက်ပြန်သည်မသိ။


” ကိုမြကျော် ကျွန်မတို့ မျက်နှာကြက်လေးပါ တစ်ခါတည်း လုပ်လိုက်ရင်မကောင်းဘူးလား ”


” မင်း ပြောတော့ ပိုက်ဆံက သိပ်မကျန်တော့ဘူးဆို။ ဆေးသုတ်တာလည်း မပြီးသေးဘူးဆိုတော့ ဘယ်လောက်ကုန်ဦးမယ် မသိသေးဘူးလေကွာ”


ကိုမြကျော်ကတော့ လောလောဆယ် ရှိသည့်ငွေလေးဖြင့်သာ နေထိုင်မှု အဆင်ပြေဖို့လောက်သာ စဥ်းစားထားသည်။ ကျန်သည့်ကိစ္စများကို တဖြည်းဖြည်းလုပ်သွားချင်သည်။ မအေးသာကတော့ သည်သို့မဟုတ်။ အိမ်ရုပ်လုံးပေါ်သွားအောင် တစ်ခါတည်းလုပ်ချင်နေသည်။


” ကျွန်မ မစိန်တုတ်စီက အတိုးနဲ့ နည်းနည်းချေးပြီး တိုက်ကို တစ်ခါတည်း လက်စသတ်လိုက်ချင်တယ်တော်။ ပစ္စည်းတွေ အိမ်ထဲထည့်ပြီးသွားပြီးမှ မျက်နှာကြက်လုပ်မယ်ဆိုရင် အဆင်မပြေဘူးလေ ”


မအေးသာ ပြောသည်ကလည်း ဟုတ်တုတ်တုတ်။ သို့ပေသော်ငြား ကိုမြကျော်က အတိုးဖြင့် ငွေချေးငှားပြီး မလုပ်ချင်။ ကိုမြကျော် မလုပ်ဖို့ပြောလည်း မအေးသာက ရမည်မဟုတ်။ သူလုပ်ချင်သည့်အလုပ်တစ်ခုကို ကောင်းသည် ဆိုးသည် မစဥ်းစား ဇွတ်လုပ်တတ်သည့်သူ။


” အတိုးက ဘယ်လောက်တောင်လဲ။ အတိုးအရမ်းများနေရင် ဆပ်မနိုင် ဖြစ်နေဦးမယ်လေကွာ ”


” ကျုပ်ကို ငါးကျပ်တိုးနဲ့ပဲ့ ချေးပေးမှာပါတဲ့တော်။ ဘာပစ္စည်းမှ မပေးရဘဲ ရွှေတိုးသာသာကလေးနဲ့ ရမှာဆိုတော့ ကျုပ်ကတော့ တစ်ခါတည်း ပြီးပြတ်သွားအောင် လုပ်လိုက်ချင်တာပါပဲ ”


” အေးပါကွာ ၊ ဒါဆိုလည်း မင်းသဘောပါပဲ။ မင်းအဆင်ပြေမယ်ဆိုလည်းလုပ်ပေါ့ ”


မအေးသာ မည်သို့ စီမံလိုက်သည်မသိ ခြံအရှေ့ပိုင်းကိုပါ ကျောက်တိုင်များဖြင့် သံဆန်ခါလိပ်များ ကာရံလိုက်သေးသည်။ သူ့အပြောအရ တိုက်သစ်နှင့် ပနံသင့်အောင် ကာရံလိုက်ခြင်းဟုဆိုသည်။ တစ်ခြံလုံး မကာလိုက်သည်ကိုပင် ကိုမြကျော် ကျေးဇူးတင်နေမိသေးသည်။


*****************


၂၀၂၅ခုနှစ်

မတ် ၂၈ ရက်


နေ့လယ် ထမင်းဝိုင်းသည် ဟင်းမျိုးစုံဖြင့် ဖွယ်ဖွယ်ရာရာ။ တိုက်လေးကလည်း အားလုံးပြီးစီးနေပြီမို့ သည်နေ့ ပစ္စည်းများကို နေရာပြန်ချ ထည့်သွင်းရန် ဝိုင်းကူရွှေ့မရအောင် မအေးသာက သူ့တူ ဝဏ္ဏ နှင့် သူငယ်ချင်းများကို အကူအညီတောင်းထားခြင်းဖြစ်သည်။ သူတို့အဖွဲ့ကို အရက်ပုလင်းလေးထောင်ပေးပြီး ထမင်းချက်ကျွေးရုံသာ။ မနက်တစ်ပိုင်း ရွှေ့ပြောင်းပြီးပြီမို့ မအေးသာက ယခုလို ထမင်း၊ ဟင်း ဖွယ်ဖွယ်ရာရာဖြင့် ကျွေးမွေးရန် ပြင်ဆင်နေခြင်းပင်။ ဝက်အချိုချက်၊ သီးစုံပဲကုလားဟင်း၊ အစိမ်းကြော်၊ ငါးပိရည်တို့စရာအစုံဖြင့် ခုံပေါ်တွင်အပြည့်။ စားရန်ဟန်ပြင်နေကြချိန် အမှတ်မထင် မြည်ဟည်းလှုပ်ယမ်းလိုက်သည့် ငလျင်ကြောင့် အားလုံံးမှင်တက်အံ့သြနေမိကြသည်။ စားပွဲခုံဝိုင်းလေးပေါ်က ထမင်းဟင်းပန်းကန်များကလည်း ဖရိုဖရဲ မှောက်လဲလျက် ပွစာကြဲနေသည်။ အသစ်စက်စက် ဂျပ်ဆင်မျက်နှာကြက်ကြီး ကွာကျလာသည်ကိုမြင်မှပင် အားလုံးအပြင်ထွက်ပြေးကြဖို့ သတိရကြသည်။ ဲဲဲ

တိုက်အပြင်ရောက်ပြီး ပတ်ဝန်းကျင်ကို ကြည့်မိတော့မှ လမ်းပေါ်တွင် လူအများ ရုတ်ရုတ်သဲသဲ၊ အော်သံဟစ်သံ ပြိုလဲသံများဖြင့် ဆူညံနေသည်။ကြည့်နေရင်းနှင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံး အိမ်များ ၊တိုက်များ ၊အပင်များ မျက်စိရှေ့တွင်ပင် ပြိုလဲထားမှုများကို မြင်နေရသည်။ မန္တလေးတစ်မြို့လုံးလည်း ကျွက်ကျွက်ညံနေလေပြီ။ အော်သံဟစ်သံ၊ ငိုယိုသံ၊ လဲပြိုသံ၊ သူနာတင်ယာဥ်သံများက ညံစီနေသည်။ အထပ်မြင့်အဆောက်အအုံတွေပြိုကျကြောင်း၊ လူတွေပိတ်မိ၊ပိမိသေဆုံးကြကြောင်း တစ််ယောက်တစ်ပေါက်ပြောဆိုနေသံတွေလည်းကြားရသည်။ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း ဖေ့စ်ဘွတ်ပေါ်တွင်ပျံ့နှံ့လာသည်။ တိုင်းဒေသကြီး၊ ပြည်နယ် ငလျင်လှုပ်ခတ်ရာ လမ်းကြောင်းဒေသများမှ ထိခိုက်ပျက်စီး ဆုံးရှုံးသေဆုံး ဒဏ်ရာရမှုများ အလျှိုလျှိုတင်လာကြသည်။နိုင်ငံရပ်ခြား ထိုင်းနိုင်ငံဘက်မှ သတင်းများပါ ဖတ်ရှုနေကြရသည်။


ကိုယ့်ထက်ဆိုးသည့်သတင်းများကို ဖတ်ရှုမိမှ မအေးသာ မိမိတို့အဖြစ်ကို အနည်းငယ် ဖြေသာသလို ရှိလာမိသည်။ အခြေအနေတွေ ငြိမ်မှ တိုက်သစ်လေးဆီသို့ အားလုံး၏ ခြေလှမ်းများ လှမ်းသွားမိသည်။ အမိုးများ ယိုင်နဲ့ပြီး ဘေးနံရံတွင် အက်ကြောင်းများတွေ့လိုက်ရသည်။ ငလျင်မလှုပ်ခင်က လှပလွန်းသည့် ဂျပ်ဆင်မျက်နှာကြက်များကတော့အားလုံး ဖယိုဖရဲ ပြိုလဲကျနေချေပြီ။ အပေါ်ထပ်ရော အောက်ထပ်ပါ ဘာမျှ သုံးမရတော့ ။ မအေးသာ ရင်ထဲမကောင်း ၊ သူ့ စိတ်ကူးအိပ်မက်လေးများ ရုပ်လုံးပေါ်လာပြီးခါမှ ဖျက်ဆီးသွားသောငလျင်ကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ မအေးသာ၏ မျက်နှာရိပ်မျက်နှာကဲကို ကိုမြကျော်သိသည်။ အနှစ်နှစ်အလလ စုဆောင်းရှာဖွေထားသည် ငွေလေးများဖြင့် ဆောက်ထားသည့် တိုက်သစ်လေးက မိနစ်ပိုင်းအတွင်း ယခုလို ဖြစ်သွားသည်မို့ သူမ ဘယ်လိုမှ ဖြေသိမ့်နိုင်မည်မဟုတ်။ကိုမြကျော်ကတော့ နောင်တစ်ချိန် ပိုက်ဆံလေးများစုမိဆောင်းမိမှ သည်ထက်ကောင်းသည့်ဒီဇိုင်းများဖြင့် ပြန်အလှဆင်ကြတာပေါ့ဟု ဖြေသိမ့်ပေးရသည်။


ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်ငယ်လေးများလည်း မကြာခဏလှုပ်လာသည်။ ညဘက်ဆိုလျှင် မည်သူမျှ စိတ်ချလက်ချ မအိပ်ဝံ့ကြတော့ချေ။ အထပ်မြင့်များတွင် နေထိုင်သူများလည်း လမ်းဘေးပလက်ဖောင်း ဆင်းအိပ်ရသည့် အခြေအနေဖြစ်နေသည်။ မအေးသာတို့မိသားစုလည်း တိုက်ကလေးစဆောက်စဥ်က နေသည့်ယာယီမြေစိုက်တဲအမိုးလေးအောက်မှာပဲအိပ်ကြရသည်။ ဒါသည်ပင် ငလျင်ကြောင့် ပြိုကျသွားသည်ကို ပြန်ပြင်လိုက်ရသေးသည်။

တိုက်သစ်လေးထဲ သည်ညကစပြီး အေးအေးဆေးဆေး ဇိမ်ကျကျ အိပ်ရတော့မည်ဟူသည့် အတွေးများက တိမ်များပမာ လွင့်မျောပျောက်ဆုံးသွားရတော့၏။လူထိခိုက်မှု မရှိသည်ကပင် တော်တော်ကြီးကံကောင်းနေသေးသည်။


********************


ကိုမြကျော် ခြင်ထောင်ထဲတွင် အိပ်ပျော်နေသည့် ကလေးနှစ်ယောက်ဘေး ဝင်ရောက် လဲလျောင်းနေရင်း မနက်က မအေးသာပြော

လာသည့်စကားများကို ပြန်လည်ကြားယောင်နေမိသည်။


” ကိုမြကျော် ကျွန်မတို့ စျေးပြန်ရောင်းရင် ကုန်စိမ်းလေး ပြောင်းရောင်းရင်ကောင်းမလားလို့”


” ဟာ ကောင်းတာပေါ့မိန်းမရယ်။ ငါးရောင်းတယ်ဆိုတာက အရှင်တွေပါလာရင် သတ်ရပြုရနဲ့ အကုသိုလ်လည်းများပါတယ်။ မင်းက စျေးလာဘ်ရှိပြီး ရောင်းတတ်ဝယ်တတ်တော့ ဘာလုပ်လုပ်အဆင်ပြေမှာပါကွာ ”


ငလျင် လှုပ်ပြီးကတည်းက အားလုံးလိုလိုက ပူဆွေးသောကနှင့်မို့ မအေးသာတို့လည်း စျေးရောင်းနားထားသည်။ ယခုလို မအေးသာက ကုန်စိမ်းပြောင်းရောင်းတော့မည်ဆိုလာသဖြင့် ကိုမြကျော်စိတ်ထဲ ဝမ်းသာနေမိသည်။ နဂိုကတည်းက ကိုမြကျော်က ငါးရောင်းသည့်အလုပ်ကို လုပ်စေချင်သည်မဟုတ်။ ငလျင်က မအေးသာကို သင်ခန်းစာပေးလိုက်သည်ထင်သည်။ အားလုံးမမြဲသည့်သဘောတရားတို့ကို မအေးသာ တွေ့မြင်သိရှိလိုက်သည်။မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းဖြစ်ပွားသွားသည့် အဖြစ်အပျက်များက မအေးသာစိတ်များကို ပြောင်းလဲပေးလိုက်သည်။ နေထိုင်မှုပင်မရှိသေးသည့်တိုက်သစ်လေးပျက်စီးရသလို့ ချေးငှားထားသည့်အ ကြွေးများလည်းပြန်လည်ပေးဆပ်ရဦးမည်။ မည်သို့ဆိုစေ မအေးသာတစ်ယောက် ယခုလို စျေးပြောင်းရောင်းသည်ကပင် ကိုမြကျော်အတွက် အမြတ်ဟုဆိုရမည်။ အကြွေးများက မိမိတို့ ကြိုးစာရှာဖွေရင်း တဖြည်း

ဖြည်းဆပ်သွားနိုင်သည်ပင် မဟုတ်လား။


မနက်ကအကြောင်းစဥ်းစားနေရင်း မှေးခနဲ အိပ်ပျော်သွားသည့် ကိုမြကျော် ဘေးမှအသံကြောင့် မျက်စိဖွင့်ကြည့်လိုက်မိသည်။ ခြင်ထောင်အပြင်ဘက်ဘေးတွင် ယခင်က ရံဖန်ရံခါမှသာ ဦးသုံးကြိမ်ချ ရှိခိုးတတ်သော

မအေးသာတစ်ယောက် ဘုရားစာရွတ်ဆို

ရှိခိုး အမျှဝေနေသည်ကို တွေ့လိုက်ရလေသည်။ မအေးသာကိုကြည့်ရင်း ကိုမြကျော် ကျေနပ်အပြုံးလေးပြုံးကာ ပြန်လည်အိပ်လိုက်တော့သည်။


ခန့်မှူးပိုင်(ဓာတု