**သူ့သားနှင့် ငါ့သား**
#တင်ညွန့်
စီတီးမတ် ကုန်တိုက်ကြီး၏ မျက်နှာစာရှေ့တွင် အမျိုးသမီးကြီးတစ်ယောက် ရပ်နေသည်။ သူ့ပုံက အဝေးကပင် သိသာသည်။ ရွှေတွဲလဲနှင့် ချမ်းသာမည့်ပုံပင်။ သူက အရှေ့ကြည့် အနောက်ကြည့်နှင့်မျှော်နေသည်။ တက္ကစီသမား တစ်ယောက်က
“အန်တီ ... ကားငှားမလို့လား”
“မဟုတ်ပါဘူးကွယ် ... အိမ်ကကား လာမယ်”
ထိုအချိန်တွင် ရွှေမပါ၊ သာမန်သာ ဝတ်ဆင်ထားသော အမျိုးသမီးကြီး တစ်ဦးကလည်း ကုန်တိုက်ထဲမှ အပြင်ကို ထွက်လာသည်။ သူက ချမ်းသာပုံပေါက်သည့် အမျိုးသမီးကြီးကို ကြည့်လိုက်ပြီး
“ဟယ် ... စိန်စိန် မဟုတ်လား”
သူကလည်း ပြန်ကြည့်ပြီး အံ့အားသင့်ကာ
“ဟာ ... ကြည်ရေ ... ဝမ်းသာလိုက်တာ ပြန်တွေ့ရတာ” ဟု ပြန်ပြောသည်
.
သူတို့သည် တစ်ချိန်က အိမ်နီးချင်းများ ဖြစ်ခဲ့ကြသည်။ ဒေါ်စိန်စိန်တို့က ရပ်ကွက်လေးထဲက အိမ်ကိုရောင်းပြီး ကွန်ဒိုကို ပြောင်းသွားသည်။ တစ်ချိန်က နှစ်အိမ့်တစ်အိမ်လို နေခဲ့ကြသော သူငယ်ချင်းနှစ်ယောက် ယခုမှ ပြန်တွေ့ရသဖြင့် ပျော်ကြသည်။
ဒေါ်ကြည်က
“စိန်စိန်ရေ ကွဲသွားလိုက်တာ နှစ် ၂၀ လောက်ရှိပြီထင်တယ်နော် ... သားကြီး မင်းသန့်ရော”
“သားကြီးက အင်္ဂျင်နီယာဘွဲ့ရတယ်ကြည် ... ကြည့်သားကြီး ကိုထက်ရော”
“ကိုထက်ကတော့ ဘွဲ့မရဘူး”
“ဟုတ်လား ... ဆယ်တန်းတောင် မအောင်ဘူးလား .. ကြည်ရယ် ကလေးကို ဘွဲ့လေးဘာလေးများ ရအောင် မထားဘူးလား”
“သူ့အဖေကလည်းဆုံး ... ကျွန်မကလည်း မမာတော့ သားကြီးက စောစောစီးစီး ကျောင်းထွက်ပြီး အလုပ်ဝင် လုပ်ရတယ်လေ ... ခုဆိုရင် သူက တက္ကစီမောင်းပြီး ကျွန်မကို ရှာကျွေးနေတာလေ ... မင်းသန့်ရော ... ဘယ်မှာ အလုပ်တွေရနေသလဲ”
“နိုင်ငံခြား သင်္ဘောကုမ္ပဏီတစ်ခုမှာ ဝင်လုပ်နေတယ်မကြည်ရဲ့ ... ဒေါ်လာစားပေါ့”
“အို ကောင်းလိုက်တာ ... ကံလည်းကောင်းတာပဲ ... အိမ်ထောင်ရော ကျသွားပြီလား”
“ကျတော့မယ် ... နောက်လကုန်ရင် မင်္ဂလာဆောင်တော့မှာ။ သူ့ ကောင်မလေးကလည်း ကုမ္ပဏီတစ်ခုမှာ မန်နေဂျာပဲ ... အတော်ပဲ ကြည့်ကိုလည်း ဖိတ်ရဦးမယ်”
“စိန်စိန်တို့ကတော့ ကံကောင်းပြီးရင်း ကံကောင်းနေတော့တာပဲ”
ထိုစဉ် တက္ကစီကားတစ်စီးက သူတို့ရှေ့ကို ထိုးရပ်လိုက်သည်။
“မေမေ ... သားနောက်ကျသွားတယ် ... လမ်းတွေ ပိတ်နေလို့”
“ရပါတယ် ... မေမေက ဒီမှာ နင့်ကြီးကြီးစိန်နဲ့ ပြန်တွေ့ပြီး စကားကောင်းနေတာ ... သားမှတ်မိလား ... သေသေချာချာကြည့်စမ်း”
“အို မှတ်မိတာပေါ့ ... ကြီးကြီးစိန်ပဲ ... ကိုမင်းသန့်ရော ... မတွေ့တာကြာပြီ”
“ မင်းကိုကိုက ဘွဲ့တွေလည်းရ၊ အလုပ်အကိုင်ကလည်းကောင်း၊ သူဌေးဖြစ်နေတယ်ကွ ... ကိုထက်လည်း လူကြီးကြီးဖြစ်လာပြီပဲ ... ဒါ သားမောင်းတဲ့ကားလား ... ကိုယ်ပိုင်လား အငှားလား”
“စိန်စိန်ရေ … ဒါ သားကြီးက စုဆောင်းပြီးဝယ်ထားတာ …ခုလည်း ကြည့်ကို ချပေးထားခဲ့ပြီး လူရလို့ မောင်းပို့ပေးပြီးမှ ပြန်လာတာ”
“ဟုတ်တယ်ကြီးကြီး ... သားတို့နဲ့ တစ်ခါတည်း လိုက်ခဲ့ပါလား ... ကြီးကြီး ဘယ်သွားချင်သလဲ ... သားလိုက်ပို့ ပေးမယ်လေ”
“ရပါတယ် သားရယ် ... မင်းကိုကို ... မင်းသန့်လာကြိုလိမ့်မယ်”
“ဒါဆိုလည်း ကြီးကြီးနဲ့မေမေ စကားပြောကြလေ ... မေမေ ကားလာတဲ့အထိ စောင့်ပေးလိုက်နော် ကြီးကြီးတစ်ယောက်တည်း ဖြစ်နေမယ် ... သား ဟိုတံတားအောက်မှာ ကားထိုးပြီး စောင့်နေမယ်”
“သွားပါကြည်ရယ် ရပါတယ်”
“အို စိန်စိန်ရယ် တွေ့တုန်းလေး ... သားလာတဲ့အထိ စောင့်ပေးပါ့မယ်”
သူငယ်ချင်းနှစ်ယောက် စကားလက်ဆုံ ပြောမကုန်အောင် ဖြစ်နေချိန်တွင် ကားအကောင်းစားကြီးတစ်စီးက သူတို့ရှေ့ ထိုးဆိုက်လာသည်။
“ဟော ... သား မင်းသန့်လာပြီ ... ကြည်ရေ ... ဒါသားကြီးပဲ”
“အလို မောင်မင်းသန့် ... ထွားလာလိုက်တာ ... လူချောပဲ ... သူ့ဘေးက”
“ဪ ... သမီးလည်း ပါလာတာကိုး ... ကြည်ရေ ... အဲဒါ သားကြီးနဲ့ လက်ထပ်မယ့် သူ့ဇနီးလောင်း”
“မေမေ သိပ်စကားကြော ရှည်မနေနဲ့ ... နောက်ကျနေရတဲ့အထဲ ... မြန်မြန်တက် ... ဒီမှာ ပို့စရာရှိနေတာကို”
“သားရယ် ပို့စရာရှိတာ သွားပို့ရောပေါ့ ... မေမေ့ကို ဘာလို့ လာကြိုနေသေးလဲ”
“မေမေတို့ကတစ်မျိုး ... လာကြိုဆိုပြီး ဖုန်းနဲ့ တဂျီဂျီပြော ... မလာရင် ချက်ချင်းကြီးပဲ လဲသေတော့မလို”
“အို ဘယ်လိုပြောလိုက်တာလဲ”
ဒေါ်ကြည်က အံ့အားသင့်သွားသည်။ ဒေါ်စိန်စိန်က
“သားတို့ အရေးကြီးနေရင်လည်း သွားပါတော့ကွယ်”
“အဲဒါဆို အစကတည်းက ဘာဖြစ်လို့ ဖုန်းနဲ့လှမ်းပြီးတော့ ပြဿနာရှာနေသေးလဲ ... မလိုက်ဘူးလား ... လိုက်မလား”
“မလိုက်တော့ဘူး ... သွားတော့”
“ဒါဆိုလဲ သွားမယ် ... ပြန်ချင်တဲ့ အချိန် တက္ကစီငှားပြီး ပြန်ခဲ့ ... စောစောကတည်း တက္ကစီနဲ့ ပြန်မယ်ဆိုလည်း ပြီးတာပဲ”
သူက ကားကို မောင်းထွက်သွားသည်။
ဒေါ်စိန်စိန်၏ မျက်လုံးတွေက မျက်ရည်တွေနှင့် ဝဲနေသည်။
“စိန်စိန် ... လာ ... လာ ... ကြည်တို့နဲ့ လိုက်ခဲ့”
“နေပါစေကြည်ရယ် ... သွားတော့”
“အို မဟုတ်တာ ... လာပါ”
ဒေါ်ကြည်က ဒေါ်စိန်စိန်ကိုတွဲကာ ခေါ်သွားသည်။ တံတားအောက်ရှိ ရပ်ထားသော ကားဘေးသို့အရောက်တွင် ကိုထက်က ကားပေါ်မှ ဆင်းလိုက်ပြီး
“ဪ ... ကြီးကြီး လိုက်လာတာပဲ ... ဖြည်းဖြည်းတက် ...လက်ထဲကအထုပ် သားကိုပေး ... သား နောက်ခန်းထဲ သွားထည့်ပေးမယ် ... မေမေ့ အထုပ်လည်း ပေးလေ”
သူက ကားနောက်ခန်းထဲတွင် အထုပ်တွေကို သွားထည့်သည်။ သူတို့ကားပေါ်တက်ကြသည်
“ကြီးကြီး သားဘယ်ကို လိုက်မောင်းပို့ပေးရမလဲပြော”
“မောင်းချင်ရာသာ မောင်းပါတော့ သားလေးရယ်”
#တင်ညွန့်
၂၂.၁၂.၂၀၂၀
Credit post 🙏
31/1/2026