ရသင့်ရထိုက်သောအမွေ(စ/ဆုံး)
——————————–
“ကျွီ ”
တံခါးဖွင့်သံကြားလို့ ကြည့်လိုက်တော့ သမီးကြီး ၊ကျွန်တော့်ကုတင်နား ပြေးကပ်လာပြီး ခေါင်းအုံးစွပ်ထဲက သော့ကိုယူ၊ ဘီရိုကိုဖွင့်၊ အထဲက အံဆွဲကိုဖွင့် ၊တခုခုယူပြီး သူ့ရင်ဘတ်ကြားထဲထည့် ၊ ကျွန်တော့ကုတင်နားလာ ၊ ခေါင်းအုံးစွပ်ထဲ သော့ပြန်ထည့် အခန်းပြင်ကိုပြန်ထွက်သွားတာ ဒီအဖေကိုတောင် သက်သာရဲ့လား တချက်မမေးဘူး။
ဘယ်မေးတော့မလဲ၊ အိပ်ရာထဲ လေဖြတ်ပြီးလဲနေတာ တစ်နှစ်ရှိပြီ။
မိန်းမနဲ့ သမီးငယ်ကလွဲရင် ဘယ်သားသမီးမှ ဂရုမစိုက်တော့ဘူး။
သူတို့ဂရုစိုက်တာ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေ၊ အတွင်းပစ္စည်းတွေထည့်ထားတဲ့ ဘီရို၊
ခေါင်းအုံးစွပ်ထဲ သော့ထားတာ မိန်းမကလွဲရင် ဘယ်သားသမီးမှ မသိပါဘူး။
ခုတော့ သမီးကြီးသိပြီး တိတ်တိတ်လေးယူသွားတာ ဘာတွေများလဲ။
အိပ်ရာထဲ ပက်လက် ၊ မြင်နေရက်နဲ့ မေးလဲမမေးနိုင်၊ တားလဲမတားနိုင်တဲ့ဘဝ။
ခဏနေတော့ မိန်းမက အခန်းထဲရောက်လာတယ်။
“ကိုကျော် ၊ စွပ်ပြုတ်လေးသောက်ရအောင်နော် ”
ပြောလဲပြော ကုတင်ခေါင်းရင်းဘက်ကို မြှင့်တင်လိုက်ပြီး ကျွန်တော့ကို ကြက်စွပ်ပြုတ်ခွံ့တယ်။
စောစောက သမီးကြီးလာသွားတာ ပြောချင်လိုက်တာ၊သူ့ကိုခဏ ခဏ မော့ကြည့်တော့
“ကိုကျော် ဘာလုပ်ချင်လို့လဲ ”
သူမေးတော့မှ ဝမ်းနည်းလိုက်တာ၊ ဘာမှလုပ်မရတော့တဲ့ ခြေလက်တွေ ၊စကားမပြောနိုင်တော့တဲ့ဘဝ၊ ဒိုက်ဗာထဲ ချေး..သေးစွန့်နေရတဲ့ဘဝ၊
ေပြာချင်လို့ ပါးစပ်က ဝူးဝူးဝါးဝါးနဲ့ အသံတိုးတိုးထွက်သွားတယ်။ စွပ်ပြုတ်ခွံ့နေရာက မရင်မေက ကိုယ့်ကိုကြည့်တယ်။
“သီးသွားတာလား၊ကန်တော့.ကန်တော့…”
သူက ပါးစပ်ထဲကပြန်ထွက်လာတဲ့ စွပ်ပြုတ်ရေတွေကို တစ်ရှူးနဲ့သုတ်ပေးလိုက် ၊စွပ်ပြုတ်ဆက်တိုက်လိုက်နဲ့ ဘာမှ မသိရှာဘူး။
ရိုးလွန်းတဲ့သူ့ကို ကျွန်တော် သိပ်ချစ် ၊ သိပ်သနားပြီး ယူခဲ့တာပါ။
ကျွန်တော့် အဖေ၊ အမေတွေ ပေးစားခဲ့တာ တစ်ယောက် ၊ ယူပြီးခုနစ်လတောင် မပြည့်သေးဘူး၊ ကလေးမွေးလို့ ပြဿနာတွေတက် ကွာရှင်းလိုက်တာပါ။
နောက်လေးနှစ်လောက်ကြာတော့ ကျွန်တော့်စက်ရုံမှာ အလုပ်လုပ်တဲ့ မရင်မေကို သိပ်သဘောကျသွားပြီး လက်ထပ်ယူခဲ့တယ်။
လိမ္မာပြီး အိမ်တွင်းမှုနိုင်နင်းတော့ အဖေအမေတွေကချစ်ပြီး ကျွန်တော်တို့ အိမ်ထောင်ရေးသာယာခဲ့တယ်။
ကျွန်တော့မှာ သမီးကြီး၊ သားလတ်နဲ့ သမီးငယ် သုံးယောက်ရှိတယ်။
သမီးကြီးက သိပ္ပံဘွဲ့ရပြီး ခေါက်ဆွဲစက်မှာ ဦးစီးလုပ်တယ်။ နောက်တော့ အိမ်ထောင်ကျသွားတာနဲ့ အိမ်ခွဲပေးလိုက်တယ်။ခုတော့ သမီးလေး တစ်ယောက်မွေးထားတယ်။
သားလတ်က Coffee Mix စက်ရုံမှာ ကျွန်တော့်ကို ကူတယ်။ သားလတ်နဲ့ သမီးငယ်က အိမ်ထောင်မကျသေးဘူး။
သားလတ်က အိမ်ထောင်မပြုပေမယ့် ပွေရှုပ်နေတာပါ။စက်ရုံမှာ သစ္စာရှိပြီးစိတ်ချရတဲ့ မန်နေဂျာရှိလို့ သူထင်တိုင်းကြဲလို့မရဘူး။
သမီးငယ်လေး ကျောင်းပြီးလို့ ဘွဲ့ရကာစ ကျွန်တော့်အသက်ငါးဆယ့်နှစ်နှစ်မှာ သွေးတိုးပြီးလေဖြတ်သွားတယ်။
ကိုဗစ်တွေဖြစ်နေတော့ ဘန်ကောက်သွားကုလို့မရ အခြေအနေဆိုးသွားတာပါ။
အိပ်ရာထဲ စိတ်ဓါတ်ကျ စိတ်လျော့ထားရာကနေ ကျွန်တော်ပြန်ကောင်းချင်လာတယ်။
ညအိပ်ကာနီး မရင်မေဆေး လူးပေးပြီး ခြေ လက်တွေနှိပ်ပေးတော့ ကြိုးစားပြီး လှုပ်ကြည့်သေးတယ်။
မြန်မာဆေးဆရာကြီးက ပြန်ကောင်းရမယ်ဆိုတဲ့စိတ်နဲ့ လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးမှ နဂိုအတိုင်းကောင်းလာလိမ့်မယ်တဲ့။လေ့ကျင့်ခန်းလုပ်ပေးတဲ့ ဆရာနေ့တိုင်းလာပါတယ်။
အရင်ကတော့ စိတ်ဓါတ်တွေကျ ပြန်ကောင်းချင်စိတ်မရှိဘူး။ေလ့ကျင့်ခန်းလည်း ကြိုးစားမလုပ်ဘူး။
ခုတော့ ရိုးအတဲ့မိန်မနဲ့ ဖြူစင်တဲ့ သမီးငယ်လေးကြောင့် ပြန်ကောင်းချင်ပြီ။
ချွေးတွေသာထွက်လာတယ်၊ လှုပ်မရဘူး။ လက်ချောင်းလေးတွေ အရင်လှုပ်ကြည့်မှ၊
စိတ်ထင်လို့လားမသိဘူး၊ ရတယ်လို့ခံစားရတော့ စိတ်ထဲ အားတက်သွားရော။
တစ်ရက်တော့ သမီးကြီးထပ်ရောက်လာပြန်ပြီ။ အခန်းထဲဝင်လာတာနဲ့ သူ့အကြံကို ကိုယ်ကသိနေတော့ ခေါင်းအုံးစွပ်ထဲက သော့ကိုမယူခင် ဝူးဝူးဝါးဝါး ထအော်လိုက်တာ မရင်မေ အခန်းထဲပြေးဝင်လာတယ်။
“ကိုကျော်ဘာဖြစ်တာလဲ ”
သူ့အမေးကို အမူအရာနဲ့ပြလိုက်တယ်။ သမီးကြီးကို စူးစူးဝါးဝါးကြည့်နေတာတွေ့တော့..
“စန္ဒာ ၊ ဖေဖေ့ကို ဘာလုပ်လိုက်လဲ ”
“ထိတောင်မထိပါဘူးမေမေရယ်၊ သက်သာရဲ့လား အနားကပ်ကြည့်မိတာနဲ့ ထအော်တော့တာ ”
“ဖေဖေက သဘောကျပုံ မပေါ်ဘူး၊ အပြင်ထွက်တော့ ”
အခန်းထဲက ထွက်သွားတဲ့သမီးကြီးကို လိုက်ကြည်နေတော့ မရင်မေ အထူးအဆန်းဖြစ်နေမှာ၊ မင်းရဲ့ သမီးကြီးဥာဏ်နီ ဥာဏ်နက်များနေတာ သိစေချင်လိုက်တာမိန်းမရာ…
ရသင့်ရထိုက်သောအမွေ (အပိုင်း-၂)
“ကိုကျော် ဆန်ပြုတ်လေးသောက်လိုက်နော်”
ကျွန်တော့်ကုတင်ရဲ့ ခေါင်းရင်းဘက်ကို ထောင်လာအောင်ခလုတ်ကို လှည့်လိုက်ပြီး မရင်မေက ဆန်ပြုတ်ခွံ့ရင်း စကားတွေပြောတယ်။
“သမီးကြီးထီပေါက်လို့ ကားလဲလိုက်တယ်၊ နောက်ဆုံးပေါ်ကား လှလိုက်တာကိုကျော်ရယ်”
ထီပေါက်တယ်လို့လိမ်ပြောတာမိန်းမ၊ သူ ငါ့အံဆွဲထဲက ရွှေတွေယူသွားတာဖြစ်မယ် လို့ ပြောပြချင်လိုက်တာ၊
သူ့ယောက်ျားက လက်ကြောမတင်းဘူး၊ ပိုက်ဆံလိုလို့ ပြန်ရောင်းလိုက်တယ်လို့ မကြာခင်ကြားရမှာ ကြည့်နေ..
ရိုးလိုက်တဲ့မိန်းမ၊ ငါသေလို့မဖြစ်သေးဘူး။ ငါသေသွားရင် သမီးကြီးနဲ့ သားလတ် ခြယ်လှယ်တာနဲ့ သူတို့သားအမိ ဒုက္ခရောက်မှာ။
ငါဘာလုပ်ရမလဲ၊ ပြန်ကောင်းလာချင်ရင် လေ့ကျင့်ရမယ်လို့ ဆရာဝန်ကလည်း မှာထားတယ်။
ဒီတစ်ပတ်လုံး လေ့ကျင့်ခန်းလုပ်ပေးတဲ့ ဆရာဝန်လာရင် ကြိုးစားတော့မယ်။ အနည်းဆုံး လက်လှုပ်နိုင်ရင် စာရေးပြောပြလို့ရမယ်။
ဆရာဝန်လာ ..လေ့ကျင့်ခန်းလုပ်ပေးတော့ချွေးဒီးဒီးကျအောင် ကြိုးစားလုပ်လို့ အံ့သြနေတယ်။
“အန်ကယ်၊ နားတော့မလား”
ခေါင်းခါပြလိုက်တော့..
“အရင်နေ့တွေက အန်ကယ်စိတ်မပါဘူးနော်၊ ခုလိုကြိုးစားလုပ်ရင် ပြန်ကောင်းလာတော့မှာ”
လေ့ကျင့်ခန်းလုပ်ပြီး မရင်မေက ချွေးတွေသုတ် ဝှီးချဲပေါ်တင် အခန်းထဲပြန်ပို့ပေးတယ်။
ကိုကျော်ရော့ .. သံပုရာရည်လေးသောက်လိုက်”
သူတိုက်တာသောက်ပြီး မောမောနဲ့ အိပ်ပျော်သွားရော..
အိပ်မောကျနေတုန်း ခေါင်းအုံးကိုဆွဲနေတာနဲ့ နိုးသွားတယ်။
ကြည့်လိုက်တော့ သမီးကြီး၊ ဒီတခါ ဝူးဝူးဝါးဝါးနဲ့အော်တာ အကျယ်ကြီးမို့ မရင်မေနဲ့ သမီးငယ် အတူပြေးဝင်လာတယ်။
“ဖေဖေ၊ ဘာဖြစ်လို့လဲ၊ကိုယ်လက်တွေနာလို့လား”
ခေါင်းခါပြလိုက်ပြီး သမီးကြီးကို ဒေါသထွက်နေတဲ့ မျက်လုံးနဲ့ စိုက်ကြည့်နေလိုက်တယ်။
သူ မလုံမလဲဖြစ်ပြီး အခန်းထဲက ထွက်သွားတော့ သမီးငယ်က ကျွန်တော့ကိုဖက် တိုးတိုးလေးမေးတယ်။
“မမကြီးကို စိတ်ဆိုးတာလား”
“ကိုကျော်၊ သမီးကြီးက မပြုစုလို့စိတ်ဆိုးနေလား ၊ခွင့်လွှတ်လိုက်ပါရှင်၊ သူလည်း အလုပ်တဖက်၊ကလေးလဲရှိတော့ မအားလို့ပါ၊ ဒီနေ့ ခေါက်ဆွဲပြုတ်လေးစားရအောင်နော်၊သမီး ဖေဖေ့နားခဏနေ၊ မေမေသွားပြုတ်လိုက်ဦးမယ်”
မရင်မေထွက်သွားတော့ သမီးငယ်ကိုစိုက်ကြည့်လိုက်တယ်။
“ဖေဖေ ဘာပြောချင်လို့လဲ၊ မမကြီးအကြောင်းလား”
ခေါင်းကိုအသာဆတ်ပြလိုက်တော့..
“မမကြီးက ဖေဖေ့ကို ဘာလုပ်လဲ၊ သမီးကို အမူအရာနဲ့ပြ”
သမီးငယ်က သိပ်အကင်းပါးတာ၊ သူ့ကို ပြောပြထားမှပါ။
ကျွန်တော့်ဘီရိုကို မေးဆတ်ပြလိုက်တယ်။
“ဖေဖေ့ဘီရိုကို သူဖွင့်တာလား”
ခေါင်းညိတ်ပြတော့..
“သော့ကဘယ်မှာထားလို့လဲ”
ကြိုးစားပြီး ခေါင်းကိုကြွလိုက်၊ ချလိုက်လုပ်ပြတော့..
“ဖေဖေ့ခေါင်းအုံးထဲမှာလား”
ခေါင်းညိတ်ပြအပြီးမှာ..
“သမီးယူပြီး မေမေ့ကို ပေးထားလိုက်ရမလား”
ကျွန်တော့ခွင့်ပြုချက်နဲ့ ခေါင်းအုံးစွပ်ထဲက သော့ကိုယူပြီး မရင်မေပြန်ရောက်လာတော့ သမီးငယ်ကပေးလိုက်တယ်။
“မေမေ..ရော့..ဖေဖေ့ဘီရိုသော့”
“ဟင်..ဘာလို့ယူလိုက်တာလဲသမီး”
“ဖေဖေ့ဘီရိုကို မမကဖွင့်လို့ စိတ်ဆိုးနေတာ၊သော့ကို မေမေသိမ်းထားတဲ့”
“ဘုရားရေ…ဟုတ်လားကိုကျော် ၊ သူ့ကလေးနဲ့လာအိပ်တဲ့နေ့က ကျွန်မကိုမေးလို့ ပြောပြလိုက်တာ၊ ဘာတွေယူသွားပါလိမ့်”
“အော်..မေမေရယ်၊ အဖိုးတန်တာတွေယူသွားလို့ သူ..ခုတလော သုံးဖြုန်းနေတာမတွေ့ဘူးလား၊ခု သော့က မေမေ့ဆီမှာနော်၊ မမကြီးကို မပြောပြလိုက်နဲ့ဦး”
“သမီးအကြီးဆုံးဖြစ်ပြီး အသိတရားမရှိလိုက်တာ၊ဒါ့ကြောင့် ကိုကျော်စိတ်ဆိုးနေတာကိုး၊နေကောင်းအောင်နေ..နောက်မဖြစ်စေရဘူး”
နောက်တစ်ပတ် တနင်္ဂနွေ မရင်မေတို့ သားအမိမင်္ဂလာဆောင်သွားတယ်။
အိမ်က ကောင်မလေးနှစ်ယောက်ကို လုပ်စရာရှိတာလုပ်ဖို့ သေချာမှာသွားသံကြားတယ်။
စိတ်ထဲထင့်နေတဲ့အတိုင်းဘဲ၊မရင်မေတို့မရှိတာသိထားတော့ မယ်မင်းကြီးမရောက်လာပါပြီ။
ကျွန်တော့ကုတင်နားလာပြီး ခေါင်းကိုမ၊ ခေါင်းအုံးစွပ်ထဲက သော့ကိုယူတယ်။
“ဖေဖေ၊ သော့ဘယ်ရောက်သွားလဲ”
ကျွန်တော်သူ့ကိုစိုက်ကြည့်နေတော့..
“ပေးနော်၊ မပေးရင် သမီးအဆိုးမဆိုနဲ့”
သူ့ကိုစိုက်ကြည့်နေတော့ လက်တင်တဲ့ ခေါင်းအုံးနဲ့ ကျွန်တော့်မျက်နှာပေါ်ဖိထားတယ်။
အသက်ရှူကျပ်လိုက်တာ၊ ရုန်းကန်ရင်း ခြေလက်တွေ နဲနဲ လှုပ်လို့ရလာတယ်။
ကျွန်တော့်မျက်နှာပေါ်က ခေါင်းအုံးကို ပြန်မလိုက်တော့ ရုန်းကန်ရတာနဲ့ ချွေးတွေရွှဲပြီး မောနေပြီ။
“ဘယ်မှာဖွက်ထားလဲ၊ ပြ ..မပြရင်ထပ်လုပ်မှာ”
လောဘတွေတက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ ကြည့်ပြီး..ဒါ ငါ့သမီးမှဟုတ်ရဲ့လားလို့ တွေးပြီး ဝမ်းနည်းလိုက်တာ၊
အဲဒီအချိန်မှာဘဲ သားလတ်အခန်းထဲဝင်လာတယ်။
“မမကြီးရောက်နေတာလား၊ မေမေတို့ရော..”
“မေမေတို့မင်္ဂလာဆောင်သွားတယ်၊ နင်မရှိဘူးထင်လို့အပေါ်တက်မလာတာ”
“ကြားသားမိုးကြိုး..ဖေဖေ့ကို လာကြည့်လို့ပါလား၊ကျွန်တော် မနက်ထဲက သူငယ်ချင်းတွေနဲ့ အပြင်သွားနေတာ၊ခုဘဲ ပြန်ရောက်တာ”
“ဖေဖေ့ ခေါင်းအုံးစွပ် လဲပေးမလို့လုပ်နေတာ၊ ငါ့တော့ပြောတယ်၊ နင်ရော..ဘယ်နှစ်ခါဂရုစိုက်ဘူးလို့လဲ”
“မေမေတို့..ညီမလေးတို့လုပ်ပေးမယ့်သူတွေ ရှိတယ်လေ.ကျွန်တော်မှ မလိုတာ၊ အခန်းဝ ကနေ လာ..လာကြည့်ပါတယ်နော်၊ လာ…လာ..မာလာရှမ်းကောဝယ်လာတယ်၊စားရအောင်”
အခန်းထဲက ထွက်သွားတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ကျွန်တော်တွေးမိတယ်။
ငယ်ငယ်ထဲက လိုလေသေးမရှိ ထားခဲ့တဲ့ ဒီအဖေကို နည်းနည်းလေးတောင် သံယောဇဥ်မရှိကြတော့ပါလားလို့ တွေးလိုက်တော့ မျက်ရည်တွေ အလိုလိုကျလာတယ်၊ လေဖြတ်ပြီးမှ တအားဝမ်းနည်းတတ်လာတယ်ဗျာ။
အဆိုးထဲက အကောင်းဆိုသလို အဲဒီနေ့ကစပြီး ခြေတွေ လက်တွေနဲနဲလှုပ်နိုင်လာပြီ၊
ဆေးရုံ ပြန်ပြတဲ့နေ့က ဆရာဝန်ကတောင် အတော်တိုးတက်လာတယ်တဲ့။
ကိုဗစ်တွေ ငြိမ်သွားရင် ဘန်ကောက်ကို ဆေးသွားကုဦးမှပါ။
ကိုယ့်ကိုယ်ကို သေလူလို့စိတ်လျှော့ထားတာပါ ၊ခုတော့ ရိုးသားတဲ့ မရင်မေတို့သားအမိအတွက် ငါအသက်ရှင်မှဖြစ်မယ်။
ငါ..အသက်ရှင်မှဖြစ်မယ်။
ရသင့်ရထိုက်သောအမွေ(အပိုင်း-၃)
ကျွန်တော်က သားသမီးသုံးယောက်လုံးကို အတူချစ်ပေးတာပါ။
ဒါပေမယ့် တယုတယတော့ လုပ်ပေးဖို့အချိန်မရှိခဲ့ဘူး။
ကျွန်တော့်အဖေ လက်ထက်က ခေါက်ဆွဲစိုတစ်ခုဘဲ လုပ်တာ ၊ ကျွန်တော်ဘွဲ့ရလို့ အဖေ့အလုပ်ထဲဝင်တော့ ခေါက်ဆွဲခြောက်လုပ်၊
တဖြည်းဖြည်းအမြင်ကျယ်လာတော့ ready madeအထုပ်လေးတွေ လုပ်နဲ့ အလုပ်မှာ အချိန်ကုန် ညဘက်အိမ်ရောက်တော့မှ သူတို့နဲ့ ခဏဘဲနေနိုင်တယ်။
Coffee Mix စက်ရုံထပ်တည်တော့ သူတို့နဲ့ တွေ့ချိန်ပိုနည်းသွားတယ်။
သမီးကြီးဘွဲ့ရတော့ ခေါက်ဆွဲစက်ကို ဦးစီးခိုင်းပြီး ကျွန်တော်က Coffee Mix စက်ရုံမှာ၊
သမီးကြီးနဲ့ နှစ်နှစ်ပဲ ငယ်တဲ့ သားလတ်ကျောင်းပြီးတော့ ကျွန်တော့နဲ့ တွဲလုပ်ခိုင်းတယ်။
သူတို့မောင်နှမကို KIA ကားဆင်တူဝယ်ပေးတာပါ။သမီးကြီးက အဖြူကြိုက်ပြီး သားလတ်က အနက်ရောင်။
လူပျိုလူလွတ်ဆိုတော့ အပေါင်းအသင်းမင်တယ်၊စက်ရုံလာလည်း ခဏနေ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့၊ မွေးနေ့ပွဲရှိလို့ ၊ ခရီးထွက်ချင်လို့နဲ့ အလုပ်မှ ကောင်းကောင်းမလုပ်ဘဲ။
သမီးကြီးကိုရော ဒီအဖေက နားလည်ပေးခဲ့တာပါ။ လစဥ် လခဆိုပြီးပေးသလို ကလေးမွေးတော့လဲ အကောင်းဆုံးဆေးရုံမှာ အကုန်စရိတ်ခံ၊ ကျောင်းထားတော့ မြေးအတွက် International School ကျောင်းကို ကျွန်တော်ဘဲ ထားပေးတာပါ။
သူ့ယောက်ျားက ခေါက်ဆွဲစက်ရုံက ကြီးကြပ်ရေးတာဝန်ခံ၊ အနေနီးလို့ ရသွားတယ်ဆိုပါတော့ ။
မင်္ဂလာဆွမ်းကပ်ပေးပြီး ဘောက်ထော်မှာ အိမ်ဝယ်ပေးတယ်။
သမီးကိုယ်ဝန်ရှိတဲ့အချိန် စက်ရုံက ကောင်မလေးတစ်ယောက်ကို ထိကပါး ရိကပါးလုပ်လို့ အလုပ်ထုတ်ပစ်လိုက်တယ်။
ဒါ ..ကျွန်တော်ထုတ်ထားတဲ့စည်းကမ်းကိုဖောက်တာ၊ သွေးသားမို့ညှာရင် ကျန်ဝန်ထမ်းတွေပါ အကျင့်ပျက်လာမှာ။
အလုပ်မရှိတော့ ကားဝယ်ရောင်းလုပ်တယ်တဲ့၊ မြတ်တယ်လို့ တစ်ခါမှ မကြားဖူးသေးဘူး။
သူတို့လင်မယားနားလည်မှုရှိရင် ပြီးတာပါဘဲ။
အဲဒီလို သားသမီးတွေကို လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တဲ့ကျွန်တော့်ကို ခုလိုလုပ်ရက်ကြတယ်။
မရင်မေက သမီးကြီး အိမ်လာတော့ အံဆွဲထဲက ဘာတွေယူသွားလဲ မေးချင်လိုက်တာတဲ့၊
မေမေတို့.ဘယ်လိုလုပ်သိသလဲမေးရင်၊ သော့ သူ့လက်ထဲမှာ ရှိနေတယ်လို့ ရိပ်မိသွားမှာစိုးလို့ မြိုသိပ်နေရသတဲ့။
“ကိုကျော် ၊.ခေါက်ဆွဲစက်က မောင်သူရိန်ရောက်နေတယ်၊တွေ့ချင်လို့တဲ့”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး ခဏအကြာ ခေါက်ဆွဲစက် မန်နေဂျာ သူရိန် အခန်းထဲဝင်လာတယ်။
“ဆရာ..သက်သာရဲ့လား၊ နှစ်ကုန်ကာနီး အစီရင်ခံစာလာဖတ်ပြတာပါ”
ကျွန်တော့်ရဲ့ ခေါက်ဆွဲစက်က ရာထူးတိုး၊ လစာတိုးပေးရမယ့်လူစာရင်း၊
သာရေးနာရေးစရိတ် ၊ လူမှုရေးကိစ္စတွေ တစ်ခုချင်း သူဖတ်ပြသွားတယ်။
ကျွန်တော်သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်တော့..
“ဆရာ..မစန္ဒာက သူ့လစာကို ဆယ့်ငါးသိန်းကနေ သိန်းအစိတ်တိုးပေးပါတဲ့”
ကြည့်ပါဦး၊ ဒီအိမ်က ပစ္စည်းယူလို့မရတော့ လစာပိုတောင်းသတဲ့လား။
ကျွန်တော်စိတ်ကို လျှော့လိုက်ပါတယ်။ ပေးလိုက်လို့ ခေါင်းဆတ်ပြလိုက်တော့ မောင်သူရိန်ပြန်သွားတယ်။
ခုဆို ကျွန်တော့်ရဲ့ လက်ချောင်းလေးတွေ အတော်လှုပ်နိုင်လာပြီ၊
ဆုပ်ကိုင်လို့တော့ မရသေးဘူး၊ဟိုဘက်၊ဒီဘက်စောင်းလို့ ရပြီ၊ သမီးငယ်က ဖုန်းကိုအနားမှာ ထားပေးတယ်။
သမီးကြီး ကျွန်တော့ကို ခေါင်းအုံးနဲ့ဖိတာ မရင်မေတို့သားအမိ မသိသေးတော့ ကလေးကျောင်းပိတ်ရင် ခပ်တည်တည်ပဲ အိမ်ကို လာ..လာနေတယ်။
မြေးလေးကို ကျွန်တော့်အခန်းထဲ လာပို့တယ်။ဒီအဖေပြန်ကောင်းလာတော့မယ် ဆိုတာ ရိပ်မိတော့ မြေးလေးနဲ့ ပြန်စည်းရုံးတာ၊ သူ့ဥာဏ်တွေ ကျွန်တော်သိပြီးသား။တစ်ရက်တော့…
“ကိုကျော်..သမီးကြီးယောက်ျားက အရင်သူနဲ့ ပြဿနာတက်တဲ့ ကောင်မလေးနဲ့ တွဲနေတယ်တဲ့၊မောင်သူရိန်ကို မေးကြည့်ရင် ကောင်းမလားလို့”
အလုပ်ကို ကြိုးစားမလုပ် ရှုပ်ဖို့တော့ ဇာတ်လမ်းစပြီ။
ဘေးကဖုန်းကို လက်နဲ့အနားရွှေ့လိုက်ပြီး မောင်သူရိန်ကို ခေါ်လိုက်တယ်။ပြီးတော့ စပီကာဖွင့်ထားလိုက်တယ်။
“ဟဲလို .. ဆရာဖုန်းခေါ်လို့”
“ဟုတ်တယ်..အန်တီပါ၊မင်းဆရာပါ အနားရှိတယ်၊ သိချင်တာလေးရှိလို့၊
သားကိုပြည့်..အရင်ကောင်မလေးနဲ့ တွဲနေတယ်ကြားတယ်၊ သိတာလေးရှိရင် အန်တီတို့ကို ပြောပြပါလား၊ တားသင့်တာ တားရအောင်လို့ပါ”
“ဟုတ်တယ်အန်တီ၊ သူတို့အခြေအနေက လွန်နေပြီ၊ယူကြတော့မယ်လို့ ကြားတယ်၊ မစန္ဒာမသိအောင် ဖုံးထားကြတယ်”
“ဖြစ်မှဖြစ်ရလေ၊အန်တီတို့ကို ပြောပြပါလားကွယ်၊ခုဘယ်လိုလုပ်ရင် ကောင်းမလဲ”
“ကောင်မလေးကိုအလုပ်ဖြုတ်လိုက်ရမလား”
“မလုပ်ပါနဲ့၊ တကယ်အပြစ်ရှိတာ ကိုပြည့်ကွဲ့၊ကောင်မလေးကို အိမ်ခေါ်လာပေးမလား”
“ဟုတ်ကဲ့..ကျွန်တော်ခေါ်ခဲ့ပါ့မယ်”
“စန္ဒာမသိစေနဲ့နော်”
“ဟုတ်ကဲ့ပါခင်မျာ”
နောက်နေ့အိမ်ခေါ်လာတော့ ကောင်မလေးက ကြောက်နေရှာတယ်။ကျွန်တော့အခန်းထဲမှာပဲ စကားပြောကြဖို့ စီစဥ်လိုက်တယ်။
“သမီးနာမည်ဘယ်လိုခေါ်လဲ”
“ယုယုပါအန်တီ”
“အန်တီမေးတာ မှန်မှန်ဖြေ၊ကြောက်စရာမလိုဘူးနော်..
ကိုပြည့်နဲ့ ကိစ္စပြောပြပါလား”
ကောင်မလေးက ငိုပါလေရော၊
“မငိုနဲ့သမီး၊ အန်တီတို့ ဘာလုပ်ရမလဲ စဥ်းစားလို့ရအောင် ပြောပြပါလား”
“ဟို…ဟို…သမီးမှာသူ့ရဲ့ကလေးရှိနေပြီ၊ သူကလက်ထပ်မယ်တဲ့”
“ကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲ”
“သုံးလပါ”
“ကိုကျော်..စန္ဒာ့ကို အသိပေးမှ ရတော့မယ်၊ ခေါ်လိုက်ရမလား”
ကျွန်တော်ခေါင်းညိမ့်ပြလိုက်တယ်။
မရင်မေဖုန်းခေါ်ပြီး ခဏကြာတော့ သမီးကြီးရောက်လာတယ်။
ကျွန်တော့်ကို သူမကြည့်ရဲဘူး။ကောင်မလေးကိုတွေ့တော့ မျက်နှာပျက်သွားတယ်။
“ယုယု…နင်ဘာလာလုပ်တာလဲ”
“မေမေတို့ခေါ်ထားတာသမီး၊ ထိုင်ပါဦး
သူ့မှာ ကိုပြည့်နဲ့ ကလေးရှိနေပြီ”
“မိန်းမယုတ်၊ငါ့ယောက်ျားကို မြှူဆွယ်နေတာကြာပြီ”
ပြောလဲပြော၊ ကောင်မလေးဆံပင်ကို ဆွဲပါလေရော၊
“ဟဲ့…ဟဲ့..သမီး ၊ မလုပ်ရဘူး၊ ဖေဖေက နေကောင်းကာစရှိသေးတယ်၊ဖေဖေပါ သိရအောင် ဒီအခန်းထဲခေါ်ထားတာ၊ အေးအေးဆေးဆေးရှင်းကြရအောင်”
“မေမေတို့ကပါ မယားငယ်ဘက်က ပါနေပြန်ပြီ”
“အမှန်တရားကိုပြောတာ၊ ခု..မောင်ပြည့်ကို ဖုန်းခေါ်၊ တခါထဲရှင်း၊ ဖေဖေက တွေ့ချင်လို့ ခဏလာပါလို့ပြော”
ခဏကြာတော့ မောင်ပြည့်ရောက်လာတယ်။ လူစုံတက်စုံတွေ့တော့ အခန်းဝမှာ ကြောင်ပြီးရပ်နေတယ်။
“ကဲ..လာ..ကိုယ်တော်ချော၊ ရှင်တို့အကြောင်း အားလုံးသိပြီ၊ ဘာလုပ်မှာလဲပြော”
“ဖေဖေနဲ့ မေမေ့ကို တောင်းပန်ပါတယ်၊ကျွန်တော် သူ့ကိုယူမှ ဖြစ်တော့မှာမို့လို့ပါ”
“ရှင်…ရှင်.”
သူ့ယောက်ျားကို ထုရိုက်ဖို့လုပ်တော့ မရင်မေက တားလိုက်ပြီး..
“ဒါဆို..စန္ဒာနဲ့ သမီးလေးကိုရော…မင်းပြတ်နိုင်တယ်ပေါ့”
“မတတ်သာလို့ပါမေမေရယ်”
“ကောင်းပြီလေ၊ ဒါဆိုမနက်ဖြန် ရှေ့နေခေါ် ကွာရှင်းလိုက်ကြတော့”
ခုတစ်ခါငိုရတာက သမီးကြီး၊
ဟိုကောင်က ကောင်မလေးကို တယုတယတွဲပြီး အခန်းထဲက ထွက်သွားတာကိုး။ ကောင်းရောဗျာ..
သူတို့အားလုံးပြန်သွားတော့ မရင်မေ ကျွန်တော့်နားလာပြီး…
“စိတ်ညစ်သွားလားကိုကျော်၊ နေမကောင်းဖြစ်နေဦးမယ်”
ကျွန်တော်စိတ်မညစ်ကြောင်း ခေါင်းခါပြလိုက်တယ်၊တကယ်မညစ်တာပါ၊
အဖေလူမမာကို မပြုစုတဲ့အပြင် သေကြောင်းကြံပြီးကတည်းက သမီးကြီးကို သံယောဇဥ်ဖြတ်လိုက်တာမို့
ကျွန်တော့်ရှေ့မှာ လင်မယား ကွာရှင်းပြတ်စဲခန်း ပြဇာတ်တစ်ပုဒ် ကတာ ကြည့်နေရသလိုပဲ ဆိုတာ မရင်မေ မသိရှာဘူး။
ရသင့်ရထိုက်သောအမွေ (အပိုင်း-၄)
ဒီနေ့ ကျွန်တော် ဘန်ကောက်မှာ ဆေးသွားကုတော့မယ်။
သားလတ်က UFLက အင်္ဂလိပ်စာနဲ့ ကျောင်းပြီးထားတယ်။ဟိုရောက်ရင် ဆရာဝန်ကြီးတွေနဲ့ စကားပြောဖို့ သူလိုက်မှ ဖြစ်မယ်။
ယောက်ျားလေးအဖော်လိုတယ်လို့ ဆရာဝန်ကပြောတာနဲ့ ကျွန်တော် ၊ မရင်မေနဲ့ သားလတ်တို့ အတူသွားမှာပါ။
မသွားခင် အံဆွဲဖွင့် ပစ္စည်းတွေစစ်တော့ ရွှေတဆယ်သားနှစ်တုံး ပျောက်နေရော၊ သမီးကြီးလက်ချက်ပေါ့။
ကျွန်တော်အိပ်ယာထဲက မထနိုင်တော့ဘူးထင်ပြီး မသိမသာ လာ…လာယူဖို့ စိတ်ကူးထားပုံဘဲ။
ကျွန်တော်တို့မရှိတုန်း အိမ်လာပြီးမွှေဦးမှာ၊ သမီးငယ်ကို သေချာမှာတော့..
“စိတ်ချ..ဖေဖေ့ပစ္စည်း တစ်ရွေးသားမလျော့စေရဘူး”
တဲ့ ၊စက်ရုံကို သွား..သွားကြည့်ပေးဖို့မှာ ရပြန်တယ်။
ဆေးရုံနဲ့ကြိုချိတ်ထားတော့ ဘန်ကောက်လေဆိပ်မှာ ဆေးရုံကားနဲ့ လာကြိုတယ်၊
ဆေးကုရက် ကြာမှာမို့ အနားက apartment တစ်ခုမှာ အခန်းငှားပြီး မရင်မေတို့ သားအမိနေ၊ မနက်လာ..ညပြန်အိပ် ကြတယ်။
သားယောက်ျားလေးမို့ ခေါ်လာပါတယ်၊ ရန်ကုန် UN ရုံးက ဘန်ကောက်မှာ အလုပ်ကိစ္စနဲ့ရောက်နေတဲ့ နိုင်ငံခြားသူနဲ့ တတွဲတွဲ၊ နယူးဇီလန်သူတဲ့၊
ဆေးကုပြီး နှစ်လကျော်အကြာမှာ လက်ကအတော်ကောင်းသွားပြီ။
ထမင်းကို ဇွန်းနဲ့စား ၊တုတ်ကောက်နဲ့ တလှမ်းချင်း ဖြည်းဖြည်းလျှောက် ၊ မပီမသ စကားပြောနိုင်နဲ့ အတော့်ကို တိုးတက်လာတာ။
ရန်ကုန်အပြန် လေဆိပ်လာကြိုတဲ့ သမီးငယ်က တုတ်ကောက်နဲ့ လျှောက်လာတဲ့ ကျွန်တော့ကို ပြေးဖက်ပြီးငိုတယ်။
“ဝမ်းသာလိုက်တာ ဖေဖေရယ်”
အိမ်ရောက်ပြီး မကြာခင်ဘဲ ကြားရပါပြီ သမီးကြီးသတင်း..
ယောက်ျားနဲ့ကွဲပြီး ကတည်းက အပေါင်းအသင်းတွေနဲ့ clubတက်၊ bar သွား၊ ဖဲရိုက် ၊ခရီးတွေထွက်နဲ့ ၊ သမီးလေးကို အိမ်ဖော်ကောင်မလေးနဲ့ ထား..ထား..သွားလို့ သမီးငယ်က သူ့တူမကို အိမ်မှာခေါ်ထားရသတဲ့။
သမီးငယ်စက်ရုံ သွားချိန်ဆို အိမ်ရောက်လာပြီး တစ်ခန်းချင်း မွှေနှောက်ရှာတော့တာတဲ့၊
“ဘာရမလဲဖေဖေရယ်၊ သူသာမောသွားမယ်၊ ဖေဖေ့ပစ္စည်းတွေရှာမတွေ့စေရဘူး”
တဲ့လေ။
“သမီးဘယ်မှာသိမ်းထားလဲ “လို့ မရင်မေကမေးတော့…
ဘုရားဆင်းတုတော်ရဲ့ ပလ္လင်တော် အောက်ထဲမှာတဲ့၊
ကျွန်တော့်အိမ်က ဘုရားခန်းကကျယ်တော့ ဆင်းတုတော်ကကြီးပြီး အောက်ခံပလ္လင်က ကြီးတယ်လေ။
“ဥာဏ်ကောင်းလိုက်တာသမီးလေးရယ်”
လို့စိတ်ထဲက ချီးကျူးမိတယ်။
သေလောက်တဲ့ထိ ဝေဒနာတွေ ခံစားခဲ့ရတော့ ဒီပစ္စည်းတွေကို မမက်မောတော့ပေမယ့် ကိုယ်မသေခင် သားသမီးတွေကို အညီအမျှ ခွဲပေးချင်ခဲ့တာပါ။
ဘန်ကောက်ကပြန်လာပြီး သားလတ်က နိုင်ငံခြားသူနဲ့ဆက်တွဲနေတုန်း၊
တစ်နှစ်လောက်အကြာမှာ ကောင်မလေးအလုပ်က နယူးဇီလန်ကိုပြောင်းရမယ်ဆိုတော့ နှစ်ယောက်သားမခွဲနိုင်လို့ လက်ထပ်ပြီး လိုက်သွားမယ်တဲ့။
ရုံးဝန်ထမ်းမို့ ကျကျနန ဧည့်ခံပွဲလုပ်ချင်သတဲ့၊ဒါနဲ့ဘဲ အင်းယားလိပ် မြက်ခင်းပြင်မှာ dinner လုပ်ပေးရတယ်။
dinner က အချိန်ကြာမှာမို့ ကျွန်တော်က ဝှီးချဲနဲ့ဘဲထိုင်နေလိုက်တော့တယ်။
တီးဝိုင်းနဲ့ စင်မြင့်ပေါ် တစ်ယောက်ပြီး တစ်ယောက် သီချင်းတက်ဆိုကြ၊ ကကြနဲ့။
ညဥ့်နက်မှာမို့ အပြီးထိမနေဘဲ ပြန်လာခဲ့တယ်။
သူတို့လင်မယား အိမ်အပေါ်ထပ် သားငယ်အခန်းမှာနေကြတယ်လေ..
မနက်ဆို ဘိုမက မီးဖိုဆောင်မှာ ဘိုစာတွေချက် အိမ်က ကောင်မလေးတွေနဲ့ အဖွဲ့ကျနေတာ။
သမီးငယ်ကို မြန်မာလို ယောင်းမလို့ ခေါ်တာ မပီတော့ ယောင်းနတဲ့၊ သူတို့ သမီးယောင်းမ. ..ချစ်ကြတော့ မရင်မေက စိတ်ချမ်းသာသတဲ့လေ။
လက်ထပ်ပြီး တစ်လကျော်ကျော်မှာ သားလတ်ဗီဇာရလို့ သူတို့လင်မယားသွားကြတော့မယ်ဆိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။
အားမကိုးရပေမယ့် ကျွန်တော့်အတွက်တော့ တစ်ဦးတည်းသောသားပါ။
လေဆိပ်မဆင်းခင် ကျွန်တော်တို့ လင်မယားကို ထိုင်ကန်တော့ကြတယ်။
အိမ်မှာနေသွားတဲ့ ကာလမှာ အကဲခတ်ကြည့်ရသလောက်တော့ သားလတ်ကို အတော်မြတ်နိုးပုံဘဲ။ လေဆိပ်ကို ကျွန်တော်လိုက်မပို့တော့ဘူး။
လေဆိပ်ကပြန်လာတော့ မရင်မေနဲ့ သမီးငယ်ငိုလာပုံရတယ်။
“ကိုကျော်ရယ်၊ မြန်မာမဟုတ်ပေမယ့် သူ့ကိုကျွန်မချစ်တယ်။သားကိုလဲ ချစ်လိုက်တာတုန်လို့၊လေဆိပ်ထဲဝင်ကာနီး ကျွန်မတို့သားအမိကို ဖက်ငိုတာ”
“နောက်တော့သွားလည်ကြပေါ့”
သားလတ်တို့သွားပြီး နှစ်ရက်လောက်နေတော့ သမီးကြီးရောက်လာပြီး ကျွန်တော့်အခန်းထဲဝင်လာတယ်။
ကြည့်စမ်း….ဖြစ်ချင်တိုင်းဖြစ်နေတာ၊ဝတ်ထားတဲ့ဂါဝန်က အောက်ကတို၊ အပေါ်က လည်ဟိုက်၊ဆံပင်ကိုဆေးဆိုးထားသေးတယ်။
မရင်မေက မေးတော့ ခရီးထွက်နေတာ ပြန်လာတာတဲ့လေ။
“ဖေဖေ၊ စက်ရုံက သမီးကို လစာမပေးတာ သုံးလရှိပြီ၊ ပိုက်ဆံလိုနေလို့ အခုပေးပါ”
“စက်ရုံကို အလုပ်မဆင်းလို့ မပေးခိုင်းတာ”
“ဖေဖေ မတရားဘူး၊မောင်လေးကိုတော့ ပိုက်ဆံတွေအများကြီးသုံးပြီး မင်္ဂလာဆောင်ပေးတယ်”
“အဖေကို အဲဒီလိုပြောရအောင် ညည်းက လိမ္မာလို့လား၊ အံဆွဲထဲက ရွှေတုံးတွေလဲ ယူသွားတယ်၊ငါ့အသက်ကိုလဲ ရန်ရှာတယ်၊”
“ဟင်…ဘယ်တုန်းကလဲ”
မရင်မေက တအံ့တသြနဲ့မေးတယ်။
‘မင်းကို နောက်တော့ပြောပြမယ် ၊ဒီနေ့ကစပြီး မြေးလေးကို လာတွေ့ချင်တွေ့၊ ငါ့အခန်းထဲ မလာနဲ့၊တလ ငါးသိန်း မုန့်ဖိုးပေးမယ် ၊လောက်အောင်သုံး၊ မရင်မေ မုန့်ဖိုးငါးသိန်းပေးလိုက်”
စူစူအောင့်အောင့်နဲ့ ကျွန်တော့်အခန်းထဲက ထွက်သွားတယ်။
သူ့ကိုကြည့်ပြီး..
သမီးကြီးဆိုတာ မိဘတွေကိုယ်စား အငယ်တွေကို အုပ်ထိန်းရမှာမို့ ..
မောင်လေး၊ညီမလေးတွေရဲ့ မှီတွယ်ချင်စရာ၊ အားကိုးချင်စရာ ဖြစ်နေရမယ် ။
မိဘတွေကို ပြုစုစောင့်ရှောက်ရမယ်၊ အဲဒီ ဝတ္တရားတွေ အားလုံးပျက်ကွက်တဲ့အပြင်..
ကိုယ့်ကိုယ်ကိုပါ ဖျက်ဆီးနေတဲ့သမီး ခုချိန် ပြန်ပြုပြင်ဖို့အချိန်မီပါသေးတယ်.. လို့စိတ်ထဲကပြောနေမိတယ်။
ဒီနေ့ ကျွန်တော် သမီးငယ်နဲ့ ကော်ဖီစက်ရုံလိုက်သွားတယ်။ ကျွန်တော် ပြန်ကောင်းလာတာမြင်တော့ အလုပ်သမားတွေ ဝမ်းသာနေကြတယ်။
ထမင်းစားချိန် နားနေခန်းမှာ အလုပ်သမားတွေစုခိုင်းထားလိုက်တယ်။
“အားလုံးကိုပြောစရာရှိလို့ ဖေဖေလိုက်လာတာပါ။ ခုချိန် မိသားစုတွေ ခက်ခဲနေကြတော့ လိုအပ်နေတဲ့ ဆန်၊ဆီ၊ အာလူး၊ကြက်သွန်တွေ ဖေဖေက လစဥ်လှူပေးမယ်တဲ့၊ မနက်ဖြန်က စပေးပါ့မယ်”
ဝမ်းသာပြီး လက်ခုပ်တွေဝိုင်းတီးကြတာ ဆူညံနေတာဘဲ။
ပြီးတာနဲ့ မန်နေဂျာ မောင်သူရဇော်နဲ့ သမီးငယ် အလုပ်သမားစာရင်းတွေနဲ့ ပေးမယ့် ဆန်၊ဆီ ဝယ်ဖို့ စာရင်းတွေလုပ်နေကြတယ်။
ကျွန်တော်ဘေးကနေ ထိုင်ကြည့်နေတယ်။
အလို..မောင်သူရ ငါ့သမီးလေးကို ကြည့်တဲ့ အကြည့်က နူးညံ့လှချည်လား၊ သမီးကို သဘောကျနေတယ်ထင်ပါရဲ့။
ဒီကောင်လေး စက်ရုံ စတည်ကတည်းက အလုပ်လုပ်လာတာ သူ့အကြောင်းလဲ အသေးစိတ်မသိဘူး။
ရိုးသားတာ၊သစ္စာရှိတာလောက်ဘဲ သိတယ်။မေးကြည့်ဦးမှပါ။
စာရင်းတွေပြီးလို့ သမီးငယ်နဲ့ စက်ရုံထဲသွားမယ်လုပ်တော့ ..
“သမီးတယောက်ထဲသွားနှင့် ၊ ဖေဖေ မောင်သူရနဲ့ပြောစရာရှိလို့”
“ဟုတ်ကဲ့ဖေဖေ”
သမီးထွက်သွားတော့မှ..
“ဦးစကားပြောတာ ပီရဲ့လား..နားလည်ရဲ့လား”
“ဟုတ်ကဲ့၊အတော်ပီနေပါပြီ”
“မောင်သူရအလုပ်လုပ်လာတာကြာပြီ၊ မိသားစုအကြောင်းတခါမှ မမေးမိဘူး၊ ပြောပြပါဦး”
“ကျွန်တော့်အဖေနဲ့ အမေက ဝန်ထမ်းတွေ၊ ခုတော့ပင်စင်စားတွေပါ ။ကျွန်တော်တစ်ယောက်ထဲ မွေးထားတာပါ။ဗဟန်းမှာ နေပါတယ်။”
“အိမ်က အိမ်ပိုင်လား”
“ဟုတ်ပါတယ်ခင်ဗျ”
“အခက်အခဲရှိရင်ပြော၊ သွားလို့ရပါပြီ”
ဒီအတိုင်းဆို သမီးငယ်နဲ့ သဘောမတူ စရာမရှိဘူးဘဲ။
သမီးလေးကရော သဘောကျ ၊မကျ မေးကြည့်ဦးမှပါ။
အလိမ္မာဆုံး သမီးငယ်လေး …
ပိုက်ဆံမရှိရင် နေပါစေ၊ရိုးသားပြီး သမီးလေးကို တကယ်ချစ်မြတ်နိုးတဲ့သူနဲ့ တွေ့ပါစေကွယ်…
ရသင့်ရထိုက်သောအမွေ( ဇာတ်သိမ်း)
“ကိုကျော်..သမီးကြီး ဗိုက်အောင့်နေလို့တဲ့၊သူ့အိမ်က ကောင်မလေးဖုန်းဆက်တယ်၊ခဏသွားကြည့်မယ်နော်”
“သွားလေ..အခြေအနေဖုန်းဆက်ဦး”
မရင်မေ ထွက်သွားတော့ ကျွန်တော်စိတ်ပူပြီးကျန်ခဲ့တယ်၊ ဒါဆို သမီးကြီးကို ကျွန်တော် သံယောဇဥ်မပြတ်ဘူးဘဲ။
နာရီဝက်လောက်ကြာတော့ ဖုန်းဝင်လာတယ်။
“ကိုကျော်..စန္ဒာ့ကို အာယုဆေးရုံတင်လိုက်ရပြီ”
“ဘာဖြစ်တာတဲ့လဲ”
“ခု စမ်းသပ်ခန်းထဲမှာ ၊ကောင်မလေးပြောတာတော့ ညကတစ်နာရီလောက်မှ ပြန်လာတယ်တဲ့၊ မနက်အစောကြီး အသံကြားလို့ အခန်းထဲဝင်ကြည့်တော့ အောင့်လို့အော်နေတာတဲ့၊ ညက စန္ဒာအရက်တွေသောက်လာတယ်ပြောတယ်”
“ကောင်မလေးနဲ့ နှစ်ယောက်ထဲနေပြီး ထင်တိုင်းကြဲနေပါလား။သက်သာရင် အိမ်ခေါ်လာခဲ့တော့”
“ဟုတ်ကဲ့..ဒါဘဲနော်”
ကျွန်တော်တို့ ဒီအတိုင်းပစ်ထားရင် ပျက်စီးတော့မှာ၊
နာရီဝက်လောက်ကြာတော့ ဖုန်းထပ်ဝင်လာတယ်။
“ကိုကျော်ရေ..ခွဲခန်းဝင်ရမယ်တဲ့”
“သမီးငယ်ဆီ ဖုန်းဆက်ပေးမယ်၊ သူပိုက်ဆံယူပြီး လာလိမ့်မယ်”
“ဟုတ်ကဲ့ကိုကျော်”
ကျွန်တော် သမီးငယ်ဆီ ဖုန်းဆက်လိုက်တော့ ..
“သမီးလိုက်သွားမယ်ဖေဖေ”
တဲ့၊ကျွန်တော် အခန်းထဲ ခေါက်တုံ့ ခေါ်ပြန် လမ်းလျှောက်ပြီး ဖုန်းအလာကို စောင့်ရင်း သမီးကြီးငယ်ငယ်က အကြောင်းတွေ ခေါင်းထဲဝင်လာတယ်။
သမီးကြီးမွေးလာတော့ ဖြူဖြူဖွေးဖွေး ချောချောလေး။
သမီးဦးမို့ ချစ်လိုက်ရတာ။ကော်ဖီစက်ရုံ မလုပ်သေးတော့ မကြာ မကြာ အားတဲ့အချိန် ရှော့ပင်စင်တာ၊ ပန်းခြံတွေပို့ သူလက်ညှိုးထိုးသမျှ အကုန်ဝယ်ပေးတာပါ။
အငယ်တွေမွေးလာတော့ ဘာပဲဝယ်လာ ဝယ်လာ သူအရင်စားရမှ၊ ပစ္စည်းတွေဆို သူကြိုက်တဲ့အရောင် ရွေးပြီးမှ အငယ်တွေယူရတယ်။
ကျောင်းပြီးလို့ ခေါက်ဆွဲစက်ရုံမှာလုပ်တော့လဲ အလုပ်ကို သေချာလုပ်ပါသေးတယ်။
အိမ်ထောင်ကျပြီး သူစဖောက်လာပြီ၊ မရင်မေပြောတော့ သူ့ယောက်ျားက အတော်ဖြုန်းဆိုဘဲ။
အလုပ်ပြုတ်ပြီး ကားဝယ်ရောင်းလုပ်တော့ ဟိုကားလေးက ကြိမ်းသေမြတ်မှာ ၊ ဒီကားလေးက သိပ်လှလို့နဲ့ မိန်းမဆီက တချိန်လုံး ပိုက်ဆံတောင်းနေရောတဲ့။
ကျွန်တော်တို့မသိတာတွေ အများကြီးပါ ၊ ကွာရှင်းတော့ ပိုက်ဆံတွေ ဘယ်လောက်တောင် ပါသွားလဲမသိဘူး။
ဖုန်းသံမြည်လာတော့ အလောတကြီး ကိုင်လိုက်တယ်။
“ဖေဖေ၊ သမီးပါ၊ မမရဲ့ အစာအိမ်မှာ အကြိတ် တွေတွေ့တယ်၊ ခုဖြတ်ထုတ်ပြီးပြီ.. စစ်ရဦးမယ်။ သတိကောင်းကောင်းရပါတယ်၊စိတ်မပူနဲ့နော်”
“သူနာပြုရရင် မေမေ့ကို ပြန်လွှတ်ပေးလိုက်သမီး၊နေမကောင်းဖြစ်မှာစိုးလို့”
“စိတ်ချဖေဖေ၊ရွှေစင်လေးကို အသိမပေးရင်ကောင်းမလား၊ စာမေးပွဲကနီးနေပြီ”
“ရတယ်လေ၊သူနဲ့ အတူနေတာမှ မဟုတ်တာ”
အဲဒီလိုနဲ့ ဆေးရုံတက်လိုက်ရတာ အဖြေလည်းရရော ကင်ဆာ အဆင့်လေးတဲ့။
ကျွန်တော် ဘန်ကောက်ပို့ပြီးကုပေးဖို့ လုပ်သေးတယ်။သူက မသွားချင်ဘူး။
ဆရာဝန်ကြီးပြောတော့ အကြိတ်လေးတွေ ခုနစ်လုံးလောက်ထုတ်လိုက်ရတယ် ပြောတယ်။
ဆေးရုံဆင်းပြီး အိမ်မှာဘဲ နေခိုင်းလိုက်တယ်။ ဆေးဒဏ်တွေနဲ့ ပိန်လည်းပိန် ဆံပင်တွေကျွတ် အလူးအလဲ ခံလိုက်ရတာ၊
မရင်မေနဲ့ သမီးငယ်က မညီးမညူပြုစုရှာတယ်၊
သူနာပြုခေါ်ထားပေမယ့် မိသားစုဝင် တစ်ယောက်လောက် အနားမှာရှိရင် လူနာ အားရှိတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် သိခဲ့ရပြီလေ၊
ကျွန်တော်သူ့ကို အခန်းဝက သွား..သွားကြည့်တယ်။တချိန်က သိပ်လှတဲ့သမီး ခုတော့ ကမ္မဌာန်းရုပ်ဖြစ်နေပြီ၊
မြင်ရတာ စိတ်မချမ်းသာဘူး ။တစ်ရက်တော့ အခန်းဝကကြည့်နေတုန်း…
“ဖေဖေ၊ သမီးဆီလာပေးပါလား”
ကျွန်တော် တုတ်ကောက်နဲ့ တစ်လှမ်းချင်းလျှောက် သူ့ကုတင်နားရောက်တော့ ကျွန်တော့ကို ဖက်ပြီးငိုပါလေရော..
“မငိုနဲ့သမီး အနာသိရင် ဆေးရှိတယ်၊ ဆေးကုနေတုန်းတော့ ငါပြန်ကောင်းရမယ်လို့ စိတ်ကိုတင်းထားဖို့တော့ လိုမယ်”
“သမီးဝမ်းနည်းတာ ရောဂါကြောင့်မဟုတ်ဘူး၊ ဖေဖေ့အပေါ်ရက်စက်ခဲ့တာတွေ တွေးပြီးဝမ်းနည်းတာပါ။
ဒါပေမယ့် ခေါင်းအုံးနဲ့ ဖိတုန်းက ဖေဖေ့ဆီက သော့လိုချင်လို့ ခြောက်ရုံသက်သက်ပါ။ ဘုရားမှာသစ္စာဆိုပါတယ် ၊ယုံပါ..
ဖေဖေ နေ့တိုင်းလာ..လာကြည့်တာ သမီးသိတယ်။ရှိခိုးတောင်းပန်ပါတယ်ဖေဖေ”
ပြောပြောဆိုဆို..ငိုလည်းငို ကန်တော့လည်း ကန်တော့နေလေရဲ့၊
“ခွင့်လွှတ်တယ်သမီး..ခွင့်လွှတ်တယ်၊ နေကောင်းအောင်သာနေ၊ ကိုယ့်မှာသမီးလေးရှိသေးတယ်လေ..အားတင်းထားပါ၊ဖေဖေတောင် ပြန်ကောင်းလာသေးတာ..သမီးလည်းပြန်ကောင်းရမှာပေါ့”
“ကျေးဇူးပါဖေဖေရယ်”
ကျွန်တော့်အခန်းဘက် ပြန်လျှောက်လာတော့ စိတ်လက်တွေ ပေါ့ပါးနေတယ်။
ကျွန်တော့ဆီက ခွင့်လွှတ်တာကို သူကလိုချင်ပြီး ..
ကျွန်တော်က ခွင့်လွှတ်မှုကို ပေးနိုင်ခဲ့တော့ နေပြန်ကောင်းလာတော့မှာပါလို့ …
အဲဒီနေ့ကစပြီး အစာလည်းမစား အရည်တောင်မဝင်တော့ဘဲ အိပ်..အိပ်နေတယ်။
တဖြည်းဖြည်းဆိုးလာလိုက်တာ ခွဲစိတ်ပြီး နှစ်လလောက်နေတော့ ဆေးရုံပြန်တင်ရတယ်။
စစ်ကြည့်လိုက်တဲ့အခါ အကြိတ်တွေ ပြန်ပွားနေပြီတဲ့။
နောက်တစ်လအကြာမှာ သမီးကြီးဆုံးသွားပါပြီ။ ကျွန်တော်ဝမ်းနည်းလိုက်တာ..
ပြည့်စုံတဲ့မိဘနဲ့ နေရပြီး မလိမ္မာခဲ့တော့ အသက်တိုရရှာတယ်။
သမီးကြီးနာရေးရှိလို့ သားလတ်ခဏ ပြန်လာတော့ သူ့မိန်းမ ကိုယ်ဝန်ရှိစ မူးပြီး အော့အန်နေလို့ မခေါ်လာဘူးတဲ့။
သမီးကြီးကို သင်္ဂြိုဟ် ေတာ့ အသည်းအသန်ငိုနေတဲ့ မရင်မေကို သားလတ်ကဖက်ထားပေးပြီး မြေးလေးကတော့ သမီးငယ်ရင်ခွင်ထဲ အူလှိုက်သည်းလှိုက်ငိုနေရှာတယ်။
ကျွန်တော်ကတော့ ကျလာတဲ့မျက်ရည်ကို သုတ်ရင်း..
“သွားတော့ သမီးကြီးရေ..တကယ်တော့ ဖေဖေက အရင်သွားရမယ် ထင်ခဲ့တဲ့ ခရီး..သမီး အရင်သွားနှင့်တယ်နော်..ကောင်းရာမွန်ရာရောက်ပါစေကွယ်”
++++++++++++ ++++++++++ +++++++++
သားက ကျွန်တော့်ကို ရှိခိုးတောင်းပန်လိုက်တာ၊ ဟိုနိုင်ငံမှာနေပြီး အလုပ်လုပ်တော့မှ ပိုက်ဆံတန်ဖိုး သူသိလာပြီ။
ဒီမှာလို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားလည်ပတ်ဖို့ အချိန်မရှိဘူးတဲ့..
စည်းကမ်းရှိပြီး တိုးတက်တဲ့နိုင်ငံမှာ ကလေးတွေ အရွယ်ရောက်ရင် ကိုယ့်တာဝန် ကိုယ်ယူ ၊ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် မိဘတွေကို ဒုက္ခမပေးဘူးတဲ့၊ ဖေဖေ့ကျေးဇူးတွေ နားလည်လာပြီတဲ့၊
သမီးကြီးရဲ့အိမ်ကို ပိတ်ထားလိုက်ပါပြီ၊ အကယ်၍ သားလတ်တို့ မြန်မာပြည် ပြန်လာနေဖြစ်ရင် ပေးမလို့ပါ။
သားလတ်ပြန်လာတုန်း သမီးငယ်ကိစ္စတိုင်ပင်တော့ သူသဘောတူတယ်။မောင်သူရနဲ့ အလုပ်အတူလုပ်ခဲ့ဘူးတာကိုး။
“သား..မင်းညီမလေးရော သဘောကျနေလားဆိုတာ မေးကြည့်ပါလား၊ သားတို့မောင်နှမချင်း မေးတာပိုကောင်းမလားလို့”
“ဟုတ်ကဲ့ဖေဖေ”
သူမပြန်ခင် မေးကြည့်ပေးတယ်၊ သမီးငယ်ကပါ သဘောကျနေပုံဘဲတဲ့။
+++++++++ +++++++++ ++++++++ ++++++
ခုတော့ သမီးငယ်တို့ချစ်သူတွေဖြစ်သွားပါပြီ။မောင်သူရလည်း အိမ်ကို ဝင်ထွက်သွားလာနေပြီ။
သားလတ်က အဝေးမှာမို့ သားအစားရလိုက်သလိုပါဘဲ။မရင်မေက သား…သားနဲ့ ပါးစပ်ဖျားကမချဘူး။
မြေးမလေး ရွှေစင်ကို သူ့ဦးလေးရှိတဲ့ နယူးဇီလန်မှာ ကျောင်းသွားထားလိုက်တယ်။
ဒီနေ့ သားလတ်တို့ မြန်မာပြည်ကို ခဏပြန်လာမယ်။ရှစ်လအရွယ် မြေးလေးပါပါမယ်။
သမီးငယ် မင်္ဂလာဆောင်ကို လာကြတာပါ။ ဧည့်ခံပွဲက သားလတ်လိုဘဲ Inyalake မြက်ခင်းပြင်မှာပါ။
သားလတ်တို့ကို လေဆိပ်သွားကြိုလာပြီး အိမ်ပြန်ရောက်လာကြတော့ ကျွန်တော်အိမ်ဝကနေ ကြိုနေတယ်။
“ဖေဖေ..ဒီမှာ ..ဖေဖေ့မြေးလေး”
ကြည့်စမ်း..ကျွန်တော်တို့နဲ့မတူ၊ ဘိုရုပ်လေး ပါလား.. ယောက်ျားလေး။
သားကချီလာပြီး အနားရောက်တော့ ထူးထူးဆန်းဆန်း ကျွန်တော့်ဆီ လက်ကမ်းပေးတယ်၊ သူ့ကိုချီပါပေါ့။
ခုမှတွေ့ဘူးတဲ့ ကျွန်တော့ကို ကြည့်တာ တရင်းတနှီး၊သူ့ကိုချီပြီး အိမ်ထဲဝင်လာခဲ့ကြတယ်။
အိမ်ထဲရောက်တော့ အပေါ်ထပ်ကို လက်ညှိုးထိုးပြတယ်။ အပေါ်တက်ချင်တယ်နဲ့တူတယ်။
“ဖေဖေ…သားလေးက မမဝင်စားတာ၊ သားနဲ့လာ နေချင်တယ်လို့ အိပ်မက်ပေးတယ်၊ ဒီနာရီ ဖေဖေမှတ်မိတယ်မို့လား။
မမက အရမ်းကြိုက်တာ၊ သားက ယောက်ျားလေးပတ်တဲ့ နာရီကြီးဆိုပြီး ယူထားတာ၊ သားနာရီကို အတင်းဆွဲ .ဆွဲဖြုတ်တယ်၊ မပေးရင်ငိုရော..”
အော်..ဒါ့ကြောင့် ကျွန်တော့်ကို ရင်းနှီးနေတာကိုး။
သမီးကြီးက ဒီမိသားစုထဲ ပြန်လာသတဲ့လား၊
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်သမီးရယ်။
ပြီးပါပြီ..
စာချစ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ….