ကိုယ့်ခြေထောက် ကိုယ်ငုံ့ကြည့်ပါ

 ကိုယ့်ခြေထောက် ကိုယ်ငုံ့ကြည့်ပါ

--------------------------------

 “ကိုယ့်ခြေထောက် ကိုယ်ကြည့်


ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်


ဘာလုပ်မှာလဲ” 


အထက်ပါ ကဗျာလေးသည် ဇင်ဝါဒ သဘောတရားတွင် တရားသဘောလေးတစ်ခုဖြစ်ပါသည်။


“ကိုယ့်ခြေထောက် ကိုယ့်ကြည့်ပါ" ဆိုသည့် အဆိုအမိန့်ကို ပြောကြားခဲ့သူမှာ ဇင်ဘုန်းတော်ကြီး စံကို ကိုကူရှီ (၁၂၇၁-၁၃၆၁) ဖြစ်သည်။ 


သူက 


“ကိုယ့်ခြေထောက် ကိုယ်ကြည့်” ဆိုသည့် စာတန်းလေးကို ဘုန်းကြီးကျောင်း စားဖိုဆောင်အဝရှိ တိုင်ကြီး တစ်တိုင်တွင်ရေးထိုးထားသည်။ ထိုသို့ ရေးထားရခြင်းမှ သူ့ကျောင်းကို ရောက်လာသူများကို စီးလာသည့် ဖိနပ်များ စနစ်တကျ ချွတ်စေလိုသောကြောင့်ဖြစ်သည်။ ဇင်ဝါဒသဘောတရားနှင့် ဘာမျှမဆိုင်ဟုလည်း ဆိုကြသည်။


ယနေ့ခေတ်တွင် လူတွေ ဖိနပ်ချွတ်ရာ၌ စည်းမဲ့ကမ်းမဲ့ ဖြစ်လာကြသည်။ အိမ်တွေ၊ ကျောင်းတွေမှာ ဖိနပ်ကို စနစ်တကျချွတ်ရန် သင်ကြားမှု အားနည်းလာသည့်သဘောဖြစ်သည်။ ထို့ကြောင့် ဇင်ဘုန်းတော်ကြီး ကိုကူရှီ ရေးသလို ယဉ်ကျေးစွာဖြင့် ကိုယ့်ခြေထောက်ကို ကိုယ်ငုံ့ကြည့်ခိုင်းရမလို ဖြစ်နေသည်။ ခြေထောက်ကို ကြည့်ခိုင်းခြင်းမှာ လှ, မလှကြည့်ခိုင်းခြင်းမဟုတ်။ စနစ်ကျ, မကျကြည့်ခိုင်းခြင်းဖြစ်သည်။ ကိုယ်စီးလာသည့် ဖိနပ်ကို စနစ်တကျ ချွတ်တတ်ခြင်းမှာ ကိုယ့်အဆင့်အတန်းတစ်ခု ဖြစ်သည်ကို သိစေလိုသောကြောင့် ဖြစ်သည်။


ကိုကူရှီနှင့် တပည့်တစ်ဦးတို့သည် တစ်နေ့တွင် စကားပြောမိကြသည်။ တပည့်ဖြစ်သူက 


“ဆရာသခင် ... ဗောဓိဓမ္မသည် အိန္ဒိယမှ အဘယ်ကြောင့် တရုတ်ကိုလာသနည်း”


ကိုကူရှီက သူ့တပည့်ဖြစ်သူကို ဘာပြန်ပြောလိုက်သည်ထင်ပါသနည်း


“ငါ့ရှင် ... ကိုယ့်ခြေထောက်ကိုယ်ကြည့်ပါ” ဟု ပြောလိုက်လေသည်။ 


ဗောဓိဓမ္မသည် ဇင်ဝါဒကို အိန္ဒိယမှ တရုတ်နိုင်ငံကို ယူဆောင်လာခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ဆရာဖြစ်သူကို ဇင်အကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုသောကြောင့် စကားစရာ ကိုယ့်ခြေထောက်ကိုယ် ပြန်ငုံ့ကြည့်ခိုင်းသည့် အဖြေကိုရခဲ့သည်။ 


လူတွေက ကိုယ်ကိုးကွယ်ရာ ကိုယ်မရှာဘဲ အဘယ်ကြောင့် အခြားကိုးကွယ်ရာကို ရှာကြသနည်းဆိုသည့် အဓိပ္ပာယ်လည်း သက်ရောက်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ အခြားသူတွေ၏ ခြေထောက်ကို မကြည့်ပါနှင့် ကိုယ့် ခြေထောက်ကိုယ့် ငုံ့ကြည့်လိုက်ပါ။ အဖြေတစ်ခုခုရှိနေပါသည်။


ကိုယ့်ခြေထောက်ကို ကိုယ်သတိထားမှ ခြေလှမ်းမမှားမည်။ သွားသတိ၊ လာသတိ၊ ရပ်သတိသဘောလည်း မှတ်ယူနိုင်သည်။ အခြားသူတွေကို အာရုံစိုက်လိုက်ပြီး ကိုယ်က ခြေတစ်လှမ်းမှားလိုက်သည်နှင့် ပြဿနာမျိုးစုံ ကြုံတွေသွားလိမ့်မည်။ 


ထို့ကြောင့် ကိုယ့်ခြေထောက်ကိုယ်ကြည့်။


ဂျပန်သည် ကိုယ့်ခြေထောက်ကိုယ်ကြည့်သည့် လူမျိုးများဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် ဂျပန်သည် ပြာပုံဘဝရောက်ခဲ့ရသည်။ ဂျပန်တို့သည် ကိုယ့်ဘဝကို ကိုယ်အသစ်ပြန်လည်တည်ဆောက်ခဲ့သော လူမျိုးများ ဖြစ်သည်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အားလုံးအသစ်က ပြန်စသည်။ စိတ်ဓာတ်ဖြင့် ပြန်လည် တည်ဆောက်နိုင်သူများဖြစ်သောကြောင့် ယနေ့ကမ္ဘာတွင် တိုးတက်သောလူမျိုးနှင့် နိုင်ငံအဖြစ် လေးစားဖွယ် ကောင်းအောင် ရပ်တည်နိုင်ခဲ့ပါသည်။ 


ဂျပန်တို့ ကိုယ့်ခြေထောက် ကိုယ်ကြည့်သည်။ ကိုယ့်ခြေလှမ်းကိုယ် ဂရုစိုက်သည်။ ကိုယ့်လူမျိုး တိုးတက်ရာ တိုးတက်ကြောင်းအတွက် အတွေးအခေါ် စိတ်ဓာတ်အားလုံးကို ပြောင်းခဲ့သည်။ မယုံကြည်နိုင်ဖွယ်ကောင်း လောက်အောင် စိတ်ဓာတ်နှင့် အတွေးအခေါ်တွေ ပြောင်းလဲနိုင်ခဲ့သောကြောင့်လည်း စိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် အတုယူထိုက်သော လူမျိုးများ ဖြစ်နေသည်။ 


ခေတ်သစ်ဂျပန်တွင် ဂျပန်ဇင်ဘုန်းတော်ကြီးတစ်ပါး ရေးထားသည့် အကြောင်း အရာလေးတစ်ခု ဖတ်မိသည်။


တစ်နေ့တွင် ဇင်ဘုန်းတော်ကြီးတစ်ပါးသည် ရထားဖြင့် ခရီးသွားရန်အတွက် ဘူတာတွင် စောင့်ဆိုင်းနေသည်။ ခေတ်သစ် ဂျပန်လူနေမှုကား သွားသုတ်သုတ်၊ စားသုတ်သုတ်ကို မြို့ကြီးတိုင်းလိုလိုတွင် တွေ့နိုင်သည်။ ကိုယ့်ခြေထောက် ကိုယ်မကြည့်အားတော့ပေ။ ဇင်ဘုန်းတော်ကြီးက တိုင်လေးတစ်တိုင်ဘေးတွင်ရပ်ကာ ရထားစောင့်နေသည်။ သူက လူတွေ အပြေးအလွှား သွားလာလှုပ်ရှားနေကြသည်ကို ရပ်ကြည့်နေမိသည်။ 


ထိုစဉ် ကျောင်းသားလူငယ်တစ်ယောက်သည် ဘုန်းကြီးကို ဝင်တိုက်ပြီး ပါးစပ်ကလည်း ရိုင်းစိုင်းစွာ ထွက်သွားသည်။


“ဟာ ဒီဘုန်းကြီးကလည်းကွာ” ဆိုသည့် စကားကို ပြောလိုက်ခြင်းဖြစ်သည်။


ဘုန်းကြီးက


“ဘာပြောလိုက်တာလဲကလေး”


ကျောင်းသားလေးက ချက်ချင်း ဦးညွတ်ကာ ဘုန်းကြီးကို တောင်းပန်သည်


“တပည့်တော် ရိုင်းမိပါတယ် ခွင့်လွှတ်ပါ” ဟု ပြန်ပြောသည်


“ကိစ္စမရှိပါဘူး ကလေး ... ဘုန်းကြီးက ရပ်နေတာပါ။ ကလေးက ဝင်တိုက်လိုက်တာ။ ဘုန်းကြီးမှားတယ် ဆိုရင် ခွင့်လွှတ်ပါ”


“အရှင်ဘုရား မှားတာမဟုတ်ပါဘူးဘုရား ... တပည့်တော်မှားတာပါ”


ကျောင်းသားလေးက လက်အုပ်ချီကာ တောင်းပန်ပြီး ထွက်သွားသည်။


ဘုန်းကြီးက လှမ်းပြောလိုက်သည်


“ကိုယ့်ခြေထောက် ကိုယ်ဂရုစိုက်ပါကွယ်”


လူတွေက အပြေးအလွှား လှုပ်ရှားနေကြရသည်။ ထိုသို့ ပြေးလွှားလှုပ်ရှားရင်းက တွန်းမိ တိုက်မိ ထိခိုက်မိတာတွေ ရှိကောင်းရှိနိုင်ပါလိမ့်မည်။ လူလူချင်း တိုက်မိ၍ ဘာမျှမဖြစ်။ တောင်းပန်လျှင် ကြေအေး မည်သာဖြစ်သည်။ သို့သော် ကိုယ့်ခြေလှမ်းတွေ ကိုယ့်ခြေထောက်တွေကို သတိမမူမိသောကြောင့် လူနှင့်ကား တိုက်မိလျှင် သေနိုင်သည်။ 


မြန်မာစကားပုံတွင်


“အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်” ဟူ၍ရှိပါသည်။ 


အသက်ကို ဉာဏ်စောင့်ဆိုသည့်သဘောဖြင့် သတိပေးခြင်းဖြစ်သည်။


ကိုယ့်ခြေထောက် ကိုယ့်ခြေလှမ်းကို သတိမမူလျှင် လမ်းသွားရင်း မစင်ကိုလည်း တက်နင်းမိကောင်း တက်နင်းမိ နိုင်သည်။


အသွားမတော်တစ်လှမ်း မစင်ပုံတက်နင်းထားသူတွေမှာ ကိုယ့်ခြေထောက်ကို ရေစင်အောင်ဆေးပြီးမှ အိမ်ပေါ်ကို တက်ရမည်။ ရုံးကိုဝင်ရမည်။ ဘုရားပေါ်တက်ရမည်။ မစင်ကို နင်းထားမှန်းသိသိနှင့် ဖိနပ်စီးပြီး အိမ်ဦးခန်းကိုတက်လာကာ အမြိန့်သားထိုင်နေကြပါလျှင် ရိုင်းစိုင်းခြင်း (မယဉ်ကျေးခြင်း) ဖြစ်သည်။


ဂျပန်ရော မြန်မာပါ ဆင်တူသည့် အလေ့အထတစ်ခုမှာ ဖိနပ်ချွတ်ခြင်း အလေ့အထဖြစ်သည်။ အိမ်တစ်အိမ်ကို လာလျှင် ဖိနပ်ကို ချွတ်ရမည့်နေရာတွင် ချွတ်ခဲ့ကြသည်။ ချွတ်ရာတွင်လည်း စည်းကမ်းဖြင့် အိမ်ရှင်သတ်မှတ် ပေးထားသည့်နေရာတွင် ချွတ်ရမည်။ စီကာစဉ်ကာ ချွတ်ခဲ့ရမည်ဆိုသည်လောက်တော့ အခြေခံယဉ်ကျေးမှု အနေဖြင့် အသိရှိကြသည်သာ ဖြစ်သည်။


“ကိုယ့်ခြေထောက် ကိုယ်ကြည့်” ဆိုသည့် စကားလေးမှာ ဇင်ဝါဒအတွက်သာမဟုတ်၊ လူတိုင်းအတွက် သတိထားသင့်သော ဆောင်ပုဒ်လေးဖြစ်သည်။


ဘွတ်ဖိနပ်စီးစီး၊ ညှပ်ဖိနပ်စီးစီး၊ ရှူးဖိနပ်စီးစီး


“ကိုယ့်ခြေထောက် ကိုယ့်ကြည့်ပါ”


အိမ်ဦးခန်းကို ဖိနပ် ပါမလာသင့်ပါ။


(Ref: Stop and Look Under Your Own Feet, Keido Fukushima)


တင်ညွန့်


၄.၁၂.၂၀၂၂