စီးတစ်ခါ သာတစ်လှည့်ပေမို့

 ” စီးတစ်ခါ သာတစ်လှည့်ပေမို့ “(စ/ဆုံး)


—————————–


” စားလိုက်စမ်းပါ့ ကိုပိုက်ခြုံရယ်•••စားမှ အားဖြစ်မယ် မှုတ်လား•••အစာရှိတော့ ဝမ်းအေးတာပေါ့•••တစ်လုပ်တစ်ဆုပ်ဖြစ်ဖြစ် စားစမ်းပါတော် ”


ဘွားကြွေ ထမင်းဇလုံလေးကိုကိုင်ရင်း ဘိုးပိုက်ခြုံ

ထမင်းစားဖို့အရေးကို စိတ်ရှည်လက်ရှည် ဖျောင်းဖျနားချနေမိတယ်။ဘိုးပိုက်ခြုံကတော့ သူ့ကိုပြောနေတာ မဟုတ်သလိုပါပဲ။တုပ်တုပ်မျှပင် မလှုပ်ချေ။ငေး

မောရီဝေနေတဲ့ ဘိုးပိုက်ခြုံရဲ့မျက်လုံးတွေက

ဘွားကြွေဆီမှာ ရှိမနေပါဘူး။ဟိုးအဝေးတစ်နေရာဆီကို အကြည့်တွေလွှဲရင်း စိတ်အလျဉ်ကို ခရီးလွှင့်ထားပုံပေါ်ပါရဲ့။နွမ်းလျဖျော့တော့နေတဲ့ မျက်ဝန်းတွေက ခရီးဝေးကပြန်လာခဲ့ရတဲ့ ခရီးသည်ကြီးတစ်ယောက်လို

နွမ်းနယ်မှုတွေက အထင်းသား။


ဘွားကြွေကတော့ ဘိုးပိုက်ခြုံကိုကြည့်ရင်း သက်ပြင်း အခါခါချမိတော့၏။ဘွားကြွေလက်ထဲက ကြွေဇလုံ

လေးထဲမှာတော့ အရာပင်မယွင်းသေးတဲ့ ထမင်းဆီ

ဆမ်းတွေက အေးစက်နေရော့ပြီ။ဒါပေမယ့် ဘွားကြေ့ွရင်ထဲတော့ မအေးချမ်းနိုင်ပါဘူး။ဘိုးပိုက်ခြုံခံစားနေ ရတဲ့ ဝေဒနာကို ဘွားကြွေ စာနာမိပါရဲ့။ဒိုးတူဘောင်ဖက် လက်တွဲရင်း ကြမ်းတမ်းတဲ့ဘဝတွေကို အတူဖြတ်သန်း တိုက်ပွဲဝင်ခဲ့ကြတဲ့ ငယ်လင်ငယ်မယားတွေပဲ။

ဘွားကြွေရင်ထဲက ခံစားချက်မှန်သမျှ ဘိုးပိုက်ခြုံသိသလို ဘိုးပိုက်ခြုံရဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း

ဘွားကြွေ နောကျေနေပါပြီ။


” ကိုပိုက်ခြုံ•••စိတ်ထောင်းတော့ ကိုယ်ကြေသတဲ့••• တော်ပဲ ပြောခဲ့တာမှုတ်လား•••ကံ စိတ် ဥတု အာဟာရ သပ္ပါယဖြစ်မှ ရုပ်တရားက တည်ရှိနိုင်တယ်ဆို•••ကျုပ်ကို သနားရင် စားစမ်းပါတော်••• နော် ကိုပိုက်ခြုံ ”


ဘိုးပိုက်ခြုံရဲ့ ဦးခေါင်းက ဘွားကြွေရှိရာဘက်ကို

ဖြည်းညင်းလေးတွဲ့စွာ လှည့်လာတယ်။ခြောက်ကပ်အက်ကွဲနေတဲ့ ဘိုးပိုက်ခြုံရဲ့ နှုတ်ခမ်းလွှာကြားက

ထွက်ကျလာတဲ့စကားတွေကိုတော့ ဘွားကြွေ နားမ လည်ပါဘူး။ဝူးဝူးဝါးဝါးနဲ့ ပြောနေတဲ့ ဘိုးပိုက်ခြုံကို

ကြည့်တိုင်း ဘွားကြွေ ရင်နင့်ရတာပါပဲ။စိတ်ထဲရှိသမျှ ခံစားချက်တွေကို တစ်ဖက်လူသိအောင် ဖွင့်ဟမပြနိုင်တော့တဲ့ဘဝကို တွေးကြည့်မိရုံနဲ့ ဘွားကြွေနားလည် စာနာမိပါတယ်။


စကားလုံးတွေကို နားမလည်လေတော့ မျက်လုံးတွေကိုသာ အကဲခတ်ရ၏။ဘိုးပိုက်ခြုံရဲ့မျက်လုံးတွေက ဘွားကြွေအတွက်တော့ နားလည်ဖို့ မခက်ခဲတဲ့ ပုစ္ဆာ

တွေရယ်ပါ။လင်သားလိုတစ်သွယ်၊ မောင်ဖားလိုတစ်ဖုံ

ယုံယုံကြည်ကြည်လက်တွဲခဲ့ကြတာဖြင့် ဦးဆွေးဆံ

မြေ့ ရိုးမြေကျလုပြီမဟုတ်လား။


” ဝူး အာ့•••အာ ”


ဘိုးပိုက်ခြုံက ဝူးဝူအဲအဲနှင့် ခေါင်းကိုသာ တွင်တွင်ခါ

ရမ်းနေ၏။ဘွားကြွေ မျက်နှာလွှဲပစ်လိုက်တယ်။

ဘိုးပိုက်ခြုံရဲ့ ဝူးဝူးဝါးဝါး အသံတွေက ဘွားကြွေ့ရင်ထဲကို ထက်စွာသော သံချွန်တွေနဲ့ ထိုးနှက်နေသလိုပါပဲ။ဘိုးပိုက်ခြုံရဲ့ အသံတွေကတော့ အားမလိုအားမရစွာ ပိုပြီးကျယ်လောင်လာတယ်။စိတ်ထဲရှိသမျှကို ဖွင့်ဟမပြနိုင်လေ အားငယ်သိမ်ငယ်စိတ်တွေက ကြီးစိုးလာလေဖြစ်ဟန်တူပါရဲ့။


” ငါ မစားချင်ဘူး မိကြွေရာ•••ငါ သေလိုက်ချင်းစမ်းရဲ့အေ့ ” လို့ ဘိုးပိုက်ခြုံ ပြော

နေမယ်ဆိုတာ ဘွားကြွေသိတာပေါ့။အပယ်ခံ မိအိုဖအိုရဲ့ ရင်တွင်းဝေဒနာကို ဘွားကြွေ နားလည်လွန်းနေတာပါ။ဘွားကြွေက ဇလုံထဲက အမဲခြောက်ထောင်းကြော်လေးကိုလက်နဲ့ညှပ်ယူလိုက်ပြီး ဘိုးပိုက်ခြုံရဲ့ ပါးစပ်ထဲကို ခွံ့ကျွေးလိုက်တယ်။ဘိုးပိုက်ခြုံလည်း လက်ခံရှာပါ

၏။ပါးစပ်ထဲလည်း ခံတွင်းတွေ့ပုံပေါ်တာနဲ့ ဆက်ခွံ့နေမိတယ်။


” အမေ့•••ဘာဖြစ်နေတာတုန်း•••အဖေ့အသံကလည်း ကျယ်လိုက်လောင်လိုက်တာ•••စူးစူးဝါးဝါးနဲ့ပါ့ပဲ•••ကျုပ် ရေချိုးရင်း ကြားတာနဲ့ ပြေးလာတာ ”


မခင်လှက ရေတစိုစို ထဘီရင်ရှားကြီးနဲ့ သုတ်သီး

သုတ်ပျာ ပြေးလာရင်း ဘိုးပိုက်ခြုံတို့ရှိရာ အိမ်ခေါင်းရင်းက ထန်လက်တဲလေးထဲကို ဝင်ချလာတယ်။မျက်နှာကြီးကတော့ သုန်မှုန်နေ၏။တဲထဲရောက်တော့ ဘိုးပိုက်ခြုံနဲ့ ဘွားကြွေကို မျက်စိဝေ့ဝဲကြည့်ရင်း အကဲ

ခတ်လိုက်သေးတာ။


” ဘာမှ မဖြစ်ပါဘူးအေ•••အခါတိုင်းလိုပါပဲ•••သူပြောချင်တာ ပြောမရတော့ စိတ်အလိုမကျတာပါ•••သွား သွား ညည်း ရေချိုးချေ••• ရေစိုစက်လက်နဲ့ ဖျားတတ်နာတတ်ရဲ့ ”


ဘွားကြွေက မခင်လှကိုပြန်ဖြေရင်း ဘိုးပိုက်ခြုံကို အမဲခြောက်ကြော်လေး ဆက်ခွံ့နေပြန်တယ်။ဘိုးပိုက်

ခြုံကတော့ ပါးစပ်က အမဲခြောက်ကြော်ကို ဝါးနေပေမယ့် မျက်လုံးတွေက သမီးဖြစ်သူ ခင်လှဆီမှာပါ။

ဥပေက္ခာပြု ပစ်ပယ်မထားပါနဲ့ရယ်လို့ သမီးကို

တောင်းပန်တိုးလျှိုးနေတဲ့ မျက်ဝန်းတွေကို ဘွားကြွေ အထင်းသားမြင်နေပြန်တော့ ရင်ထဲ နင့်လိုက်တာ။


” အမေ့•••ကြည့်စမ်းပါအုံး•••အဖေက ကျုပ်ကို စိုက်ကြည့်နေလိုက်တာများ•••ဒါနဲ့ သူက ထမင်းကျမစားဘဲနဲ့ အမဲခြောက်ကြော်ကျ စားတယ်ပေါ့•••ဟုတ်ပါပြီတော် သေချာပါတယ်•••အဲ့ဒါ အပမှီနေတာ သေချာပါပြီ ”


မခင်လှက ပြောရင်း သုတ်သုတ်ပျာပျာပြန်ထွက်သွား၏။ဘိုးပိုက်ခြုံကတော့ ခေါင်းငိုက်စိုက်ကျလို့

ကျန်ခဲ့ရှာတယ်။။အစပ်ဖာ ဗရပျစ်နဲ့ ပုဆိုးကွက်ကြမ်း

ကြီးပေါ်ကိုမျက်ရည်တွေက တစက်စက်။ဘွားကြွေက အမဲခြောက်ကြော်လေး လှမ်းခွံ့ပြန်တော့ ဘိုးပိုက်ခြုံ

ခေါင်းရမ်း ရှာလေပြီ။ဘွားကြွေကတော့ မမြိုသိပ်နိုင်

တော့တဲ့ စကားလုံး စကားစုတွေကို လွှတ်ချလိုက်မိ

တယ်။


” လူနာ အမဲခြောက်စားတာနဲ့ အပမှီသတဲ့လားအေ ”


ဘိုးပိုက်ခြုံကတော့ ရေလေးတစ်ငုံသောက်ပြီး အိပ်ရာထဲပြန်ခွေလေပြီ။ဘွားကြွေကိုပင် ဝူးဝူးအဲအဲ မပြော

တော့ပေ။သူ့ခမျာ စိတ်ထိခိုက်ရှာပုံပေါ်ပါရဲ့လေ။

ဘွားကြွေကတော့ အိပ်ရာထက်မှာ ခွေခွေလေးလှဲနေတဲ့ ဘိုးပိုက်ခြုံကိုလှမ်းကြည့်ရင်း ကတိတွေ အထပ်ထပ်ပေးနေမိတယ်။


” ကိုပိုက်ခြုံ••• တော် စိတ်ချစမ်းပါတော်••• တော်ရှိနေလို့ ကျုပ်ရှိနေတာပါ••• တော်မရှိသာနဲ့ မိကြွေပါ ပျောက်ကွယ်လိုက်မှာပါတော် ”


ဘွားကြွေက ထန်းလက်တဲလေးထဲက ထန်းလက်ကုလားထိုင်လေးပေါ်မှာ ထိုင်ချလိုက်ရင်း ဆေးပေါ့

လိပ်တိုကြီးကို ကောက်ဖွာချလိုက်တယ်။တအူအူထွက်သွားတဲ့ မီးခိုးတလူလူကို ကြည့်ရင်း သက်ပြင်းတွေသာ ချမိပြန်ရဲ့။ခံစားရသမျှသောက ပရိဒေဝတွေအားလုံး ဆေးလိပ်မီးခိုးငွေ့တွေလို လွင့်မျောပျောက်ကွယ်သွားရင် တော့ အကောင်းသား။


” အရိပ်ဝေတော့ခိုနား၊ အရိပ်ပါးတော့ ခြေကန် သတဲ့•••ပျံနိုင်သမျှ ပျံသန်းကြဦးပေါ့အေ “လို့သာ ဦးတည်ရာမဲ့

ရေရွတ်လိုက်မိတော့တယ်။


*********************************************


” မိကြွေရာ•••သည်တစ်ခေါက်ဖြင့် ငါ့ကလေးတွေကို လွမ်းလှတယ်အေ•••ဘိုးအေဘွားအေတွေနဲ့ ထားသာထားခဲ့ရတယ်•••စိတ်ထဲတော့ ဒုန်းဒုန်းမချနိုင်ဘူး ”


ကိုပိုက်ခြုံက လက်ထဲကဓားမကြီးကို မြေပြင်ပေါ်

လွှတ်ချလိုက်ပြီး လူကလည်း ပုံပုံပြားပြား ထိုင်ချ

လိုက်၏။မျက်နှာမှာတော့ ချွေးပေါက်တွေက သီးသီးကျလို့။ခေါင်းမှာပတ်ထားတဲ့ ပုဆိုးဟောင်းကို ဖြည်

ပြီး မျက်နှာကြီးကို ပွတ်သပ်လိုက်တယ်။ဘေးဘီဝဲယာကိုကြည့်လိုက်ပြန်တော့ တောင်စွယ်တောင်တန်းတွေက အထပ်ထပ်အသွယ်သွယ်။မြူခြေတွေက တဆိုင်းဆိုင်း တညို့ညို့။တိမ်လွှာတိမ်လိပ်တွေက တမို့မို့

တမှောင်မှောင်နဲ့ ပြိုကျတော့မယောင် မှိုင်းအုံ့နေတယ်။

မကြွေကတော့ တောင်ရိုးပေါ်က ယာယီတဲလေးထဲမှာ တလှုပ်လှုပ်တကုပ်ကုပ်နဲ့ နေ့လယ်စာအတွက် ချက်

ပြုတ်ပြင်ဆင်နေ၏။လက်လုပ်လက်စား ဘဝသမားတွေပီပီ ထမင်းရှိရင် ပြီးတယ်ဆိုတာမျိုးပါ။ဟင်းလျာရယ်လို့ မဖွယ်ရာပေမယ့် တောင်ရိုးပေါ်မှာ မျှစ်တစ်တို မှိုတစ်ပွင့်ဆို ဟင်းတစ်ခွက်ရတာပါပဲ။ကိုပိုက်ခြုံတို့

မကြွေတို့အတွက်ကတော့ ဒီတောင်ရိုးတန်းကြီးက သဘာဝက ပေးထားတဲ့ ဝမ်းစာပါပဲ။


” ကိုပိုက်ခြုံရယ်•••ကျုပ်လည်း လွမ်းပါသော်ကောတော်•••ဒါပေသိ လွမ်းရေးထက် ဝမ်းရေးက ခက်တာကိုး•••လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် ဘဝပေးတွေအတွက်တော့ အလွမ်းအဆွေး ဘေးချိတ်ထားရုံပေါ့ ”


မကြွေက ပြောရင်းဆိုရင်း ထမင်းဟင်းတွေခူးခပ်လာ

ပြီး ကိုပိုက်ခြုံရှေ့က မြေစိုက်ဝါးစားပွဲလေးပေါ် တင်

ပေးလိုက်တယ်။ကိုယ်တိုင်လည်း ထိုင်ချလိုက်ရင်း လင်ကိုယ်မယားနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ရင်း

ဝမ်းဖြည့်ကြရပြန်တယ်။


တကယ်တော့ ကိုပိုက်ခြုံတို့က ညောင်ချောင်းရွာရဲ့

စေတီလှဘုရားပွဲအမီ တောင်ရိုးတက်ပြီး သစ်ဝါးခုတ်

ကြတာပါ။ညောင်ချောင်းရွာက မထင်မရှား ဇနပုဒ်

လေးဆိုပေမယ့် စေတီလှဘုရားရဲ့ တန်ခိုးရှိန်စော်

ကြောင့် မျက်နှာပွင့်ဂုဏ်တင့်လှတယ်။သမိုင်းဝင် တန်ခိုးကြီးဘုရားဖြစ်လေတော့ တစ်နှစ်တစ်ခါ စည်ကားလှပါရဲ့။ဝါခေါင်လရောက်တိုင်း တစ်လလုံး စည်စည်ကားကားနဲ့ ကျင်းပကြတယ်။ရွာနီးချုပ်စပ်က လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လာရောက်ဖူးမြော်ကြ

ဝယ်ကြခြမ်းကြဆိုတော့ တကယ့်ပွဲတော်ကြီးလိုပါပဲ။ဆိုင်ကြီးဆိုင်ငယ်အသွယ်သွယ် စည်ကားလှ၏။


ကိုပိုက်ခြုံတို့လင်မယားကတော့ စေတီလှပွဲ

ရောက်လေတိုင်း သစ်တွေဝါးတွေ ရောင်းချကြတာ နှစ်စဉ်ပင်။ တစ်လလုံး ပစ္စည်းမပြတ် ရောင်းချနိုင်ဖို့ တစ်နှစ်ပတ်လုံး ခြကောင် တောင်ပို့စုသလို စုကြခုတ်ကြရတာရယ်။

ရောင်းလို့ချလို့ ကောင်းလှသလို အရင်းအနှီးကလည်း ခွန်အားပဲစိုက်ရလေတော့ အမြတ်အစွန်းကလည်း

မြိုးမြိုးမြက်မြက် ရှိလှတယ်။အခုလည်း ပွဲရက်နီးပြီမို့ တောင်ရိုးတက်ပြီး ပစ္စည်းစုရပြန်တာရယ်ပါ။


” အေးပါအေ••• နောက်နှစ်များတော့ ညည်းမလိုက်နဲ့တော့အေ့•••ကလေးသုံးယောက်ကလည်း အရွယ်ရောက်လု

ရောက်ချင်တွေဆိုတော့ ရင်အုပ်မကွာထားနိုင်မှ တော်ကာကျမယ် မှုတ်လား•••ဘိုးအေ ဘွားအေကလည်း အရွယ်ရလာတော့ ကူဖော်လောင်ဖက် ရှိမှဖြစ်မှာ ”


ကိုပိုက်ခြုံက ရှေ့ရေးကို ကြိုတွေးပြေးမြင်ပြီး အခုကတည်းက အစီအစဉ်တွေချနေလေရဲ့။ သားရေးသမီးရာကို တွေးပူနေရှာ၏။ပူမယ်ဆိုလည်း ပူချင်စရာပါပဲ။

ကိုပိုက်ခြုံက ကလေးတွေအပေါ် အင်မတန် သံယော

ဇဉ်ကြီးရှာတယ်။ပြောရရင် မကြွေထက်တောင် ပိုမယ်ထင်ရရဲ့။ညိုမောင် အောင်သိုက် ခင်လှ သားသမီးသုံးယောက်လုံးကလည်း ဖအေကိုပိုက်ခြုံမှ ကိုပိုက်ခြုံ။

မကြွေကိုတောင် အဲလောက် အစေးကပ်ကြတာမှ

မဟုတ်ဘဲ။


သူတို့လေးတွေငယ်ငယ်ကဆို ဘယ်ပွဲဘယ်လမ်းရှိရှိ

ကလေးတွေကို ပခုံးပေါ်ထမ်းလို့တစ်မျိုး ရင်မှာထွေး

ပိုက်လို့တစ်ဖုံ လိုက်ပို့တာကလား။မကြွေက အမြင်မ

တော်လို့များ ” ပေးစမ်းပါ ကိုပိုက်ခြုံရယ်။မိခင်လှကို ကျုပ် ချီစမ်းပါ့မတော် ” လို့များဆိုလိုက်ရင် ကိုပိုက်ခြုံက

မကြွေကို မျက်ထောင့်နီကြီးနဲ့ကြည့်ရင်း


” ရှင်မိကြွေရဲ့•••ငါ ဖအေပါအေ့•••သားတာဝန်သမီးတာဝန်တော့ ငါနိုင်သမျှ ယူစမ်းပါရစေ”


လို့ စိတ်လိုလက်ရ ပြောတတ်သူကြီးရယ်ပါ။မကြွေ ကိုပိုက်ခြုံကိုကြည့်လိုက်ရင်း သက်ပြင်းခိုးတွေ ချလိုက်မိတယ်။မိသားစုအပေါ် မေတ္တာထားကြင်နာတတ်ပြီး

အိမ်ထောင့်တာဝန် ကျေပွန်သူကြီးမို့ ကျေးဇူးများ

လည်းတင်မိပါရဲ့။


မကြွေလည်း စားသောက်ပြီးစီးသည့် ပန်းကန်ခွက်ယောက်လေးတွေကို ဆေးကြောသိမ်းဆည်းလိုက်တယ်။တအောင့်တခရား နားပြီးရင် ဟိုဘက်ကုန်းကိုသွား

ပြီး သစ်ဝါးခုတ်ရပြန်ဦးမယ်လေ။


” ကိုင်း•••ကိုပိုက်ခြုံ•••ပစ္စုပ္ပန်အရေးတောင် ရင်မအေးနိုင်သေးမှတော့၊ အနာဂတ်ကိုကြိုတွေးပြီး ရင်မလေးပါရစေနဲ့တော်••• နောင်ခါလာ နောင်ခါဈေး သဘောထားရမှာပဲ•••တုံးဆိုတိုက် ကျားဆိုကိုက် ပေါ့တော် •••အခုလောလောဆယ် တစ်ရေးတစ်မှေး အိပ်လိုက်အုံး”


မကြွေက ပြောဆိုပြီး သစ်ဝါးလေးတွေကို အနေတော် စည်းနေပြန်တယ်။ကိုပိုက်ခြုံကို ပြောမယ့်သာ ပြောရတာပါ။မကြွေ့ရင်ထဲမှာလည်း မနက်ဖြန်ဆိုတဲ့

အကြောင်းအရာတွေက ကိုပိုက်ခြုံထက် နည်းမယ့်

မထင်ပေါင်။ကလေးတွေကို ရှင်မပြု နားမသနိုင်သေးတာကိုပဲ မကြွေ့ရင်ထဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတာပါ။

စိတ်ထဲမှာတော့ မိဘမေတ္တာအပြည့်နဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်တစ်ခုက ရှိနှင့်ပြီးသားရယ်ပါ။


” တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမတုန်းတော် ”


*********************************************


” အဖေ့•••ဟိုအရုပ်ကလေး လိုချင်လိုက်တာ•••ဟိုးမှာ ဇီးကွက်ရုပ်ကလေးရော•••ပုလဲပုတီးတွေလည်း ဆွဲချင်လိုက်တာ ”


ခင်လှလေးက တတွတ်တွတ်ပူဆာနေရှာတယ်။ကိုပိုက်ခြုံရော မကြွေပါ သစ်ရောင်းဝါးရောင်းရင်းမို့ ခင်လှလေးကို အရေးတယူ မလုပ်နိုင်ရှာသေးဘူး။စေတီလှဘုရားပွဲမှာ ပွဲသွားပွဲလာဘုရားဖူးတွေက တသဲသဲတဖွဲဖွဲရယ်။

လူကလည်း ရှုပ်လေတော့ ကလေးသုံးယောက်လုံးကို ဆိုင်ထဲက ဆိုင်ပြင်မထွက်အောင် မှာထားရတယ်။


” အေးပါအေ•••ငါ့သမီး ညည်းလိုချင်သမျှ အဖေဝယ်ပေးမယ်•••အခုတော့ မအားသေးလို့ နေအုံးအေ ”


ကိုပိုက်ခြုံက မအားသည့်ကြားက စကားနဲ့ နှစ်သိမ့်နေရှာပြန်တယ်။တစ်ကိုယ်လုံးမှာတော့ ချွေးတွေသံ

တွေက ရွှဲရွှဲနစ်လို့။မကြွေလည်း မထူးပါဘူး။

ဝါးထောင်ကြီးနားမှာ နေရင်း ဈေးစကားဆိုနေကြ

တယ်။အလျှော့အတင်းတွေ ပြောကြဆိုကြရင်း

ရောင်းကြဝယ်ကြနဲ့ ပင်ပန်းလှတာလည်း လွန်ပါရော။” ယားရင်ကုတ် စားချင်လုပ် “တဲ့။ဆိုရိုးရှိပေမယ့်လည်း စေတီလှပွဲရက်မှာတော့ မကြွေတို့ ယားလို့တောင် မကုတ်နိုင်ပေါင်။


” အဖေ့•••အမေရေ•••အမေ့သမီးခင်လှ ပြေးထွက်သွားပြီ •••ဟိုစောင်းတန်းကြီးက လူအုပ်ကြားထဲဝင်ပြေးတာ”


ညိုမောင်က လှမ်းအော်ပြောတော့ ကိုပိုက်ခြုံ ဆောက်တည်ရာမရ ဖြစ်သွားမိတယ်။မကြွေမှာလည်း ခြေမကိုင်မိလက်မကိုင်မိ။ဒီလူအုပ်ကြား ပျောက်သွားမှဖြင့်

ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ဖြစ်ရချေရဲ့။

အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေကြားထဲမှာ ဟိုပါဒီပါဖြစ်မှ ရင်ကျိုးရချေရဲ့။


ကိုပိုက်ခြုံ ဈေးစကားပြောနေရာကနေ ဈေးဝယ်တွေကိုထားခဲ့ပြီး စောင်းတန်ကြီးဆီ သုတ်ခြေတင်ရတော့တယ်။ရှာလိုက်ရတာ။ကိုပိုက်ခြုံရင်တွေထဲမှာ ပူလှ

ပေါ့။တွေ့လည်း မတွေ့နိုင်ဘူးရယ်။ပျားပန်းခပ်နေတဲ့

လူအုပ်ကြီးကြားထဲမှာ ခင်လှတို့အရွယ် ကလေးငယ်

တွေကလည်း ပေါလှပါဘိ။ကြက်ပျံ မကျစည်ကားလှလေတော့ အဖြူအမည်း မသဲကွဲဘူးရယ်။


ဘယ်လိုမှ မတတ်သာတော့တဲ့အဆုံး ကိုပိုက်ခြုံ ဆိုင်ခန်းဆီ ပြန်လာခဲ့ရတယ်။ရင်ထဲမှာတော့ ပူလှပြီ။နယ်စုံပယ်စုံက လူတွေကြား အရောရောအနှောနှော ပါသွားမှဖြင့်။ကိုပိုက်ခြုံရင်ထဲ အတွေးနဲ့ရင် နာကျင်လှပြီ။

ဆိုင်ခန်းထဲလည်းရောက်တော့ ဘယ်ဈေးဝယ်ကိုမှ

ဈေးစကားမဆိုနိုင်တော့ဘူး။ခြေကုန်လက်ပန်းကျပြီး ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။


” အဖေ့•••အဟီး••• ”


နောက်ဘက်ဆီက ခေါ်သံနဲ့ရယ်သံကြားလို့ လှည့်

ကြည့်လိုက်တော့ ညိုမောင်ရယ် အောင်သိုက်ရယ် ခင်လှရယ် မောင်နှမသုံးယောက်။မျက်နှာတွေက ပြုံးစိစိ။

ကိုပိုက်ခြုံ ခင်လှလေးကို ဆတ်ခနဲဆွဲပွေ့ပြီး ရင်ခွင်ထဲ ပိုက်ထားလိုက်မိတယ်။


” ခင်လှ ငါ့သမီး•••အဖေ့မှာ ရှာလိုက်ရသာအေ•••ကံသီပေလို့ပါ့လား ကလေးမရယ် ”


” ကံသီမနေနဲ့ ကိုပိုက်ခြုံ•••အဲဒီမောင်နှမသုံးယောက်ကို နာနာရိုက်လိုက်စမ်းပါ•••သက်သက်မဲ့တော်•••မိဘတွေကို မအားရတဲ့အထဲ စိတ်ဆင်းရဲအောင် လုပ်နိုင်အားကြတယ်•••ဒင်းတို့က ခင်လှမပြေးဘဲနဲ့ ပြေးတယ်ဆိုပြီး ညာနေကြတာတဲ့တော် ”


မကြွေက ဈေးရောင်းနေရာကနေ စိတ်ဆိုးမာန်ဆိုးနဲ့

အော်ပြော၏။မအားသေးလို့။ အားများအားလို့က

တော့ ဗြုန်းဆန်အောင် ရိုက်လိုက်ချင်စမ်းရဲ့ဆိုတဲ့ ပုံ။

ကိုပိုက်ခြုံကဖြင့် အပြုံးတောင် မပျက်ပါဘူး။သမီးဖြစ်သူကို တင်းကြပ်နေအောင် ပွေ့ဖက်ထားပြီး သားနှစ်

ယောက်က နောက်ကနေ ကုန်းစီးကြလို့။


မကြွေကတော့ မအားတဲ့ကြားကနေ သားအဖတွေကို မျက်စောင်းလှမ်းထိုးလိုက်သေးတာ။အဲဒီနှစ်ထဲမှာပဲ

ကိုပိုက်ခြုံတို့ မကြွေတို့ သားသမီးတွေကို ရှင်ပြုနားသ ပေးနိုင်ခဲ့တယ်။မိသားစုက သောင်သာလာတော့ ကြင်နာ နွေးထွေးမှုတွေဘက်ကို ဦးလှည့်နိုင်ခဲ့ကြတယ်။

သိုက်သိုက်ဝန်းဝန်းနဲ့ ချစ်စရာမိသားစုလေးကို ကိုပိုက်

ခြုံနဲ့မကြွေတို့ ကြည်နူးကျေနပ်မဆုံးနိုင်အောင်ပါပဲ။


အဲဒီနောက်မှာတော့ ကိုပိုက်ခြုံတစ်ယောက်တည်း

တောင်ရိုးတက်ပြီး သစ်ဝါးခုတ်ရာကနေ တောင်

စောင်းက လိမ့်ကျခဲ့၏။သေကံမရောက်လို့ သက်မပျောက်ခဲ့ပေမယ့် အကျနာခဲ့လေတော့ ကျောနဲ့အိပ်ရာ

ကပ်ခဲ့ရတော့တာပါပဲ။ဒီကြားထဲ နူရာဝဲစွဲ လဲရာသူခိုး

ထောင်းဆိုသလို လေဖြတ်ခဲ့ရပြန်တော့ တစ်သက်လုံး အာဝဇ္ဇန်းရွှင်ခဲ့သမျှ နေဝင်ချိန်ကျမှ စကားမပြောနိုင်ရှာတော့ဘဲ ဆွံ့အခဲ့ရပြန်တယ်။တွေးမယ်ဆိုရင်တော့

တွေးလိုက်တိုင်း လွမ်းစရာတွေချည်းပါပဲလေ။


အတိတ်ရေလျဉ်ကြောမှာ နစ်မြေနေမိတဲ့ စိတ်တွေကို ဘွားကြွေ ပြန်လည် စုစည်းလိုက်တယ်။ပါးပြင်ထက်မှာတော့ မျက်ရည်တွေတွေ စီးနေရှာပြီကော။ဆေးပေါ့လိပ်ကြီးကလည်း အတိတ်က ကြည်နူးလွမ်းမောစရာတွေနဲ့အတူ တမြေ့မြေ့ ကျွမ်းလောင်ရင်း။


” အင်း•••ဆေးလိပ်လည်းတို နေလည်းညို ” ခဲ့ပြီလေ။


*********************************************


” အမေ့•••အဖေ့အခြေအနေ ဘယ့်နှယ့်နေတုန်း••• ညညကျရင်လည်း မီးဖိုထဲ စားစရာသောက်စရာတွေ ဝင်ရှာတယ်ဆို ”


ကိုညိုမောင်က ထန်းလက်တဲထဲဝင်လာပြီး ဘွားကြွေကို မေးတယ်။နှမဖြစ်သူ မခင်လှကလည်း နောက်မှာ ကပ်လျက်။ဘွားကြွေကတော့ သားနဲ့သမီးကိုကြည့်ရင်း ငေးငိုင်နေမိတယ်။သူတို့မို့ တွေးရက်ထင်ရက်ကြချေရဲ့လို့ တွေးမိတော့ ရင်ထဲမှာ အောင့်သက်နာကျင်လိုက်တာလေ။ဖအေကို အပမှီတယ်ပြောပြီး ဖုတ်ကောင်

ဇာတ်သွင်းနေတော့ ဘွားကြွေခံစားလိုက်ရတာ။


” အိုအေ•••ခမျာမှာ စားနိုင်သောက်နိုင်ရှာတော့သာ မဟုတ်ပါဘူး•••စားပြန်တော့လည်း စားသမျှကို အစာချက်တဲ့အထိ ထိန်းနိုင်တာ မဟုတ်ပါဘူးအေ•••အထက်ကအန် အောက်ကလျှောဆိုတော့•••တစ်ခါတလေကျလည်း ငါအိပ်နေတဲ့အချိန် ဆာတော့ ဝင်ရှာမှာပေါ့အေ ”


ဘွားကြွေ စွမ်းသမျှကာကွယ်ပေးမိတယ်။မိုးကြိုးပစ်ရာ ထန်းလက်ကာတယ်လို့ ဆိုချင်ဆိုကြပါစေတော့။ ဘွားကြွေ ဆုံးဖြတ်ထားမိတယ်။ဘဝနိဂုံးချုပ်တဲ့အထိ

ဘိုးပိုက်ခြုံအနားမှာနေရင်း ဆေးပေးမီးယူ ဖေးကူ

တော့မယ်ရယ်လို့။သားသမီးတွေ မကြည်ဖြူလို့ ငြူစူလိုလည်း ငြူစူကြပါတော့လေ။


” အမေ့•••ကျုပ်တို့ တစ်ခုခုတော့ လုပ်မှဖြစ်မယ်တော်•••အဖေမဟုတ်တော့တဲ့ ဖုတ်ကောင်ကိုတော့ မပြုစုချင်တော့ဘူး•••ကျုပ်တို့မှာလည်း သားရေးသမီးရာ ဝန်တာတွေရှိသေးတော့ အဲလောက်လည်း အချိန်မပေးနိုင်ဘူး ”


ဘွားကြွေ မခင်လှကို အံ့အားသင့်စွာ ကြည့်လိုက်မိတယ်။ဆိုရက် ပြောရက်လိုက်တာ။ဆိုလွယ်ပြောလွယ်လိုက်တာအေ။တချိန်က သူတိုတွေ ကုန်းပိုးကျောစီးခဲ့ကြတဲ့ ဒီဖအေ။ကျွဲပခုံးထအောင် ရုန်းကန်ခဲ့ရတဲ့ ဒီဖအေ ကိုမှ မပြုစုချင်ကြတော့ဘူးတဲ့လား။ဘွားကြွေ ဟစ်လိုသာ အော်လိုက်ချင်ပါရဲ့။ဒါပေမယ့် အသံတွေက လည်ချောင်းဝမှာပဲ ပျောက်ကွယ်သွားခဲ့တဲ့ အကြိမ်အရေအတွက်တွေ မနည်းတော့ပါဘူးလေ။


” ငါ့သားသမီးတွေ•••အဖေကတော့ မင်းတို့ညည်းတို့ အိမ်ထောင်ရက်သားကျကြရင်တောင် အိုးခွဲအိမ်ခွဲနေခွင့် မပြုနိုင်ဘူး•••အဖေတို့တစ်သက် မင်းတို့နဲ့ပဲ ကုန်ဆုံးပါရစေကွာ•••စလယ်ဝင်နဲ့စပြီး စလယ်ဝင်နဲ့ မဆုံးပါရစေနဲ့လား ”


တစ်ချိန်က ဘိုးပိုက်ခြုံပြောခဲ့တာတွေကို ပြန်ကြား

ယောင်မိတော့ ဘွားကြွေရင်ထဲ ဆို့နင့်နေမိ၏။ကုတင်လေးပေါ လှမ်းကြည့်လိုက်မိတော့ ဘိုးပိုက်ခြုံက ခွေခွေလေး အိပ်နေရှာတယ်။ ဒါပေမယ့် ဘွားကြွေထင်ခဲ့မိတာပါ။ဘိုးပိုက်ခြုံရှိုက်နေမိတာ ဘယ်သူကများ သတိထားမိပါ့မတုန်း။


ဘိုပိုက်ခြုံရင်ထဲမှာ လှိုက်နေမိတယ်။ထုတ်ဖော်ပြောပြ

ခွင့်မရှိတော့တဲ့ဘဝမှာ ခံစားချက်တွေက ပြည့်အင့်နေခဲ့တာ ကြာပါပြီ။သိဖို့လည်း မပြောနိုင်တော့သလို

ပြောဖို့လည်း မလိုတော့ပါဘူးလေ။ဘိုးပိုက်ခြုံ တင်းထားခဲ့သမျှ အားတွေကို လျှော့ချလိုက်တော့မှာပါ။

မကြည်ဖြူတဲ့ဘဝမှာ မနေလိုတော့ပြီလေ။မိကြွေ •••ဟုတ်ပါရဲ့။ဘိုးပိုက်ခြုံအတွေးထဲ ဘွားကြွေရောက်လာပြန်လေတော့ တွေဝေရပြန်တယ်။အငိုလွယ်

အရှိုက်ခက်လှတယ်လေ။ထားခဲ့ဖို့အင်အားတွေက

မသန်စွမ်းပြန်တော့ဘူး။


” မင်းတို့ ညည်းတို့ ကံကြီးထိုက်လိမ့်မယ်•••မင်းတို့ဖအေကြီး မင်းတို့အပေါ်ကောင်းခဲ့တာတွေ

ပြန်တွေးကြည့်လိုက်ကြစမ်းပါ•••မကြံကောင်းမစည်ရာတွေတော့ မလုပ်ကြပါနဲ့လားကွယ် ”


ဘွားကြွေ တောင်းပန်တိုးလျှိုးလိုက်မိတယ်။ခဏနေ

တော့ ကိုညိုမောင်နဲ့မခင်လှတို့မောင်နှမ ထွက်သွားကြလေပြီ။ဘွားကြွေရင်ထဲမှာတော့ လေးလံနေမြဲပါပဲ။

မကျန်းမာတော့တဲ့ သက်ကြီးရွယ်အိုတွေမဆိုထားနဲ့။ကျန်းမာနေတဲ့ လူကြီးသူမတွေတောင် အမှီသဟဲကို ဖက်တွယ်တတ်လာကြပြီလေ။အနားမှာ တိုးတိုးဖော် စကားပြောဖက်ကို လိုအပ်လာကြပြီ။မျှော်လင့်တတ်

ကြပြီ။အနားရောက်လာတဲ့ သူတွေကိုလည်း ထွက်ခွာသွားမှာစိုးတဲ့စိတ်နဲ့ ဖက်တွယ်ဆုပ်ကိုင်ချင်ကြပြီ။

ဒါကိုပဲ လူနဲ့သူနဲ့ထိတွေ့နေမှ နေတတ်ကြတဲ့ ဖုတ်သ

ဘက်ကောင်အဖြစ် စာရင်းသွင်းလိုက်ကြတော့တာတဲ့လား။ဘွားကြွေ ရင်ထဲခံစားရသမျှ အော်ဟစ်သွန်ချ

ပစ်လိုက်မိတော့တယ်။


” နေဝင်ချိန်ကျမှ မငြိုငြင်ကြပါနဲ့တော့ အေတို့ရယ် ” လို့••••


*********************************************


” ကြွပါ ဆရာ•••ကျုပ်တို့ ဘယ်လိုမှ သည်းမခံနိုင်တော့လို့ပါတော်•••ကျုပ်တို့ဖအေရဲ့ ခန္ဓာကိုယ်ကြီးကို အမှီပြုနေတဲ့ မကောင်းဆိုးဝါးကြီးကို မသတီလွန်းလို့ပါ ”


မခင်လှက လူစိမ်းတစ်ယောက်ကို ခေါ်ပြီး တဲထဲဝင်လာတယ်။ဘွားကြွေ့ရင်တွေ တဒိန်းဒိန်းခုန်နေရပြီ။ရက်စက်လိုက်ကြတာ။လုပ်ရက်လိုက်ကြတာလေ။

ဝမ်းနည်းလိုက်တာ။ဘွားကြွေ့ရင်ထဲမှာ ကြေကွဲလိုက်ရတာ။ဆရာကိုပင့်ပြီး ဖအေကိုသတ်မှာတဲ့လား။ဘွားကြွေ ဒေါသတွေပါ ပါမိလေပြီ။အားမတန်လို့ မာန်

လျှော့ခဲ့ရပေမယ့် ဒီတစ်ကြိမ်တော့ဖြင့် ခွင့်မလွှတ်နိုင်

တော့ပြီ။ဘွားကြွေ ဘိုးပိုက်ခြုံရဲ့ကုတင်ဘေးကနေ ကာထားလိုက်တယ်။မျက်ရည်တွေက စက်လက်ကျရ

ပြီ။


” ငါ ခွင့်မလွှတ်နိုင်ဘူး ခင်လှ•••ခွင့်လည်း မပြုနိုင်ဘူး•••လုပ်ရက်လိုက်ကြတာအေ•••ဖအေအရင်းကြီးပါအေ့ ”


ဘွားကြွေရဲ့ အိုစာရှုံ့တွနေတဲ့ မျက်နှာလေးက တင်း မာနေလေပြီ။ခံရခက်ခြင်းနဲ့အတူ ဘိုးပိုက်ခြုံရဲ့ကုတင်ပေါ် ထိုင်ချလိုက်တယ်။ဘိုးပိုက်ခြုံကတော့ မျက်လုံးလေးတွေ ကလယ်ကလယ်။ရစ်ဝဲဝေ့သီနေတဲ့ မျက်ရည်ဥလေးတွေက ကြွေလုလု။


ဘိုးပိုက်ခြုံရဲ့လက်ပိန်ညှော်ညှော်လေးတွေက တုန်တုန်ရီရီနဲ့ ဘွားကြွေလက်ကို လှမ်းပြီးဆုပ်ကိုင်လိုက်တယ်။ဘွားကြွေက လှည့်ကြည့်လိုက်တော့ ဘိုးပိုက်ခြုံက

ခေါင်းခါပြရှာရဲ့။မတားပါနဲ့တော့ သဘောကျ လုပ်ကြပါစေလို့များ ဘွားကြွေကို တားနေတော့တာလား။သူတို့

ပြုသမျှ နုပေးလိုက်တော့မယ်လို့များ အားလျှော့လိုက်တော့မှာလားတော်။


” စိတ်ချ ကိုပိုက်ခြုံ••• တော်မရှိရင် မိကြွေမရှိစေရဘူးတော်•••တစ်သက်လုံးတွဲခဲ့သမျှ သေခါမှခွဲရမတဲ့လား•••စိတ်ချလက်ချသွား ကိုပိုက်ခြုံ••• တော့်နောက်မှာ မိကြွေလိုက်ခဲ့မှာပါ ”


ဘေးအိမ်တွေပါ ရောက်လာကြပြီ။အစကတော့ အပထုတ်မှာမို့ စိတ်ဝင်တစား လာကြည့်ကြရာကနေ မခံစားနိုင်ကြတော့၍ထင်ရဲ့။ကိုညိုမောင်နဲ့ မခင်လှကို တားဆီး ပိတ်ပင်ကြတယ်။အားလုံးရင်မှာ နွမ်းလျလို့။ ကိုညိုမောင်နဲ့မခင်လှကလည်း လက်ခံကြပါတယ်။


အားလုံးကတော့ ဘိုးပိုက်ခြုံနဲ့ဘွားကြွေကိုကြည့်ရင်း ကရုဏာသက်ကြရ၏။ဘိုးပိုက်ခြုံရဲ့မျက်နှာထက်မှာ

တော့ နာကျည်းစိတ် ရှိဟန်မတူပါဘူး။ကိုညိုမောင်နဲ့ မခင်လှကို ပြုံးပြီးကြည့်နေတယ်။ပြုံးနေပါတယ်။ဘယ်တော့မှ မဲ့သွားမှာမဟုတ်တော့ဘူးလေ။အပြုံးနဲ့ ထာဝရ နှုတ်ဆက်ခဲ့ပြီကိုး။သံယောဇဉ်တွေနဲ့ တင်းခံထားသမျှ လျှော့ချလိုက်တော့လေသလား ဘိုးပိုက်ခြုံရယ်။


ဘွားကြွေရင်ထဲမှာတော့ သည်းလှိုက်အူလှိုက် ခံစားရရှာပါတယ်။ဒါပေမယ့် ဘွားကြွေ မငိုဖြစ်တော့ဘူး။

မျက်ရည်တွေ ခမ်းခြောက်သွားခဲ့ပြီထင်ပါရဲ့။ဘိုးပိုက်

ခြုံရဲ့ဈာပနမှာ ဘွားကြွေရဲ့အသွင်က တည်ငြိမ်လွန်းလှတယ်။နောက်ဆုံးနှုတ်ဆက်လိုက်တဲ့ စကားကတော့

ကိုညိုမောင်နဲ့ မခင်လှကို အရှိုက်ထိစေခဲ့ပြီ။ကိုအောင်သိုက်ကတော့ မြို့ကြီးမှာ အခြေကျနေပြီထင်ပါ့။ပေါ်မလာခဲ့တော့ပြီ။


” ကိုပိုက်ခြုံရေ•••တော့်မှာ သားကောင်းသမီးမွန် မရခဲ့ပေမယ့် အရပ်ကောင်းလို့ အလောင်းလှပါတယ်တော်” တဲ့။


*********************************************


” မသွားပါနဲ့ အမေရယ်•••ကျုပ်တို့ နောင်တ, နှစ်ကြိမ် မရချင်ဘူးတော်•••မိုက်ခဲ့သမျှ ခွင့်လွှတ်ပေးပါ အမေရယ် ”


မခင်လှက ဘယ်လိုပင်တားဆီးပေမယ့်လည်း ဘွား

ကြွေက လှည့်လို့ပင် မကြည့်တော့ပြီ။အထုပ်ကလေးကို ခေါင်းပေါ်တင်ရင်း ရွာဦးကျောင်းဆီ ထွက်လာခဲ့တယ်။မောင်ဘုန်းကြီးကို အားကိုးနဲ့ တရားဓမ္မရိပ်မှာ ခိုလှုံတော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။


ဘုန်းကြီးကျောင်းနဲ့ မာတုဂါမ မသင့်လျော်မအပ်စပ်

မှန်း သိပေမယ့် ဘွားကြွေအဖို့တော့ မှတစ်ပါးအခြားမရှိတော့ပြီလေ။ဆရာတော်ဘုရားကြီးရဲ့ မေတ္တာရိပ်

အောက်မှာ ခိုလှုံရင်း ကျောင်းထောင့်က ဇရပ်လေး

ပေါ်မှာ ဘွားကြွေ နေခွင့်ရခဲ့ပါတယ်။


” ဒကာမကြီး•••အားလုံးက သူ့အကြောင်းနဲ့သူ လာပြီးသားရယ်•••ဘဝဘဝက ပြုခဲ့သမျှသော စေတနာဇောအဟုန်က ရှောင်လွှဲလို့မှ မရဘဲကိုး ”


ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမတွေကို ဘွားကြွေနာယူတယ်။နေ့စဉ်ဥပုသ်သီတင်း ဆောက်တည်သည်။ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတယ်။ဘွားကြွေ့စိတ်ထဲ

အေးချမ်းလိုက်တာလေ။


” ဇော ခုနစ်ချက် ရှိတယ် ဒကာမကြီး•••ပထမဇောကတော့ လက်ရှိဘဝမှာ အကျိုးပေးတယ်•••သတ္တမမြောက်ဇောကတော့ ဒုတိယဘဝမှာ အကျိုး

ပေးသတဲ့•••ဒီဇောနှစ်ချက်က ပထမဘဝနဲ့ ဒုတိယဘဝမှာ လက်ငင်းအကျိုးပေးတယ်•••အကျိုးပေးခွင့်မရခဲ့ရင်တော့ အဟောသိကံဖြစ်ပြီး ပျက်ပြယ်သွားတယ် ဒကာမကြီး •••အလယ်ဇော ငါးချက်ကတော့ နိဗ္ဗာန်မရောက်မချင်း တစ်သံသရာလုံး လိုက်ပြီး အကျိုးပေးတော့တယ်”


ဘွားကြွေ သေချာနာယူမှတ်သားနေမိတော့တယ်။ဆရာတော်ကြီးမိန့်သလိုပါပဲ။ဘွားကြွေတို့ ဘဝတွေကို ကံဇာတ်ဆရာက စီမံသလို့ပဲ အသုံးတော်ခံကပြ

ကြရတဲ့ ကကြိုးရုပ်တွေမဟုတ်လား။ဘွားကြွေ ဆရာတော်ကြီးရဲ့ မေတ္တာရိပ်အောက်မှာ နှစ်ပတ်ခန့်ကြာခဲ့ပြီလေ။အချိန်တိုလေးအတွင်းမှာပဲ ဘွားကြွေရဲ့စိတ်တွေ

အေးချမ်းလိုက်တာ။ဒါပေမယ့် နောက်တစ်နေ့မှာတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့အဖြစ်က ဆီးကြိုစောင့်စားနေတော့၏။


” ဆရာတော်ဘုရား•••ဆရာတော်ဘုရား•••ဘွားကြွေ အသက်မရှိတော့ဘူးဘုရား•••ဇရပ်ပေါ်မှာပဲ ဆုံးနေပြီဘုရား ”


ကပ္ပိယကြီး ဦးဖိုးဝကလျှောက်မှ ဆရာတော်ကြီး သိရ၏။ဇရပ်ပေါ်ကိုကြည့်မိပြန်တော့ လက်အုပ်ချီရင်း လဲလျောင်းနေတဲ့ ဘွားကြွေရဲ့ သက်မဲ့ခန္ဓာလေးက ဆီးကြိုလို့နေရှာတယ်။အေးချမ်းသွားပြီထင်ပါရဲ့။


” တစ်ဘဝ တစ်ခန္ဓာ မြေစာအဖြစ် ကြွင်းကျန်ရစ်ခဲ့ပြန်ပြီလေ ”


လင်းရောင်နီ(စဘေ)

15 May , 2020