အငိုပြိုင်ပွဲ

 အငိုပြိုင်ပွဲ(စ/ဆုံး)

———–

ကျွန်တော် ကျောင်းကပြန်ရောက်ချိန်တွင် ဗိုက်ဆာဆာနှင့် မီးဖိုချောင်ထဲ ပြေးဝင်သွားမိသည်။


“အမေ … အမေ … ဗိုက်ဆာလိုက်တာ”


မီးဖိုချောင်ထဲတွင် အမေမရှိ။


အိမ်သာကိုသွားပြီး


“အမေ … အိမ်သာထဲမှာလား”


အိမ်သာထဲတွင်လည်း အမေမရှိ


“အမေ … အမေ”


ကျွန်တော်က စိတ်ပျက်စွာနှင့် ထမင်းအိုးကို သွားဖွင့်လိုက်သည်။ ထမင်းအိုးထဲတွင် ထမင်းမရှိ။ ကြောင်အိမ်ကို သွားဖွင့်ကြည့်သည်။ ဘာမျှမရှိ။ စိတ်တိုတိုနှင့် ကြောင်အိမ်တံခါးကို ဆောင့်ပိတ်လိုက်ရာ တံခါးရွက်က ပြုတ်ကျသွားသည်။


“အမေ … ဗိုက်ဆာတယ် … ဘယ်သွားနေလဲ”


ကျွန်တော်ကအော်ပြီး အိမ်ပြင်ကိုထွက်လာသည်။ စိတ်ဆိုးဆိုးနှင့် ဖိနပ်ချွတ်တွင်ထိုင်ကာ တံခါးကို လက်သီးနှင့် ထိုးနေမိသည်။ အမေက အပြင်မှ ပြန်လာသည်။ ခေါင်းပေါ်တွင် အထုပ်လေး တစ်ထုပ်ရွက် လာသည်။


“ဟော … သား ပြန်ရောက်နေပြီလား”


“ရောက်နေတာကြာပြီ … အမေဘယ်သွားနေတာလဲ … ဗိုက်ဆာတယ်”


“အမေ ဆန်သွားဝယ်နေတာ … ခဏလေး ချက်လိုက်မယ်”


အမေက မီးဖိုးချောင်ထဲဝင်သွားသည်။ ပြန်ထွက်လာပြီး


“ကြောင်အိမ်တံခါးက ဘယ်လိုဖြစ်တာလဲ”


“သားလုပ်လိုက်တာ”


“ဘာဖြစ်လို့ လုပ်လိုက်တာလဲ”


“စိတ်ဆိုးလို့”


“အလို … မိုက်လိုက်တာ … စိတ်ဆိုးတာ ဘာဖြစ်လို့လဲ”


“ထမင်းဆာလို့”


“ထမင်းဆာတာနဲ့ အိမ်က ပစ္စည်းကို ဖျက်ဆီးရလား … လူမိုက်”


“လူမိုက်မဟုတ်ဘူး … ထမင်းဆာတယ် … ပိုက်ဆံပေး”


“ဘာလုပ်မလို့လဲ”


“မုန့်ထွက်စားမယ်”


“မပေးနိုင်ဘူး”


“အမေက အလကားပဲ”


“ဘာပြောတယ် … အမေကိုများ အလကား ဟုတ်လား”


“သူများတွေဆိုရင် လက်ဖက်ရည်ဆိုင်ထိုင်နိုင်တယ် … သားကို လက်ဖက်ရည်ဆိုင်ထိုင်ဖို့တောင် ပိုက်ဆံမပေးဘူး”


“ဟဲ့ကောင် … နင့်ကို လက်ဖက်ရည်ဆိုင်ထိုင်ပြီး အလကား အချိန်ဖြုန်းတတ်အောင် ဘယ်တော့မှ ပိုက်ဆံ မပေးဘူး”


“အဲဒါပဲ … အမကေ အလကားပဲ”


“ဘာ”


အမေက ကျွန်တော့်ပါးကို ရိုက်လိုက်သည်။ ကျွန်တော့်ပါးပြင်တွင် မျက်ရည်တွေစီးကျလာသည်။ ကျွန်တော် အပြင်ကို ပြေးထွက်လာသည်။


စိတ်ထဲတွင် ခံပြင်းနေမိသည်။ စိတ်တိုတိုနှင့် လျှောက်သွားနေမိသည်။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ မှောင်လာသည်။ ဗိုက်ထဲကလည်း ပိုဆာလာသည်။ ကျွန်တော်ရောက်နေသည်မှာ ဘုရားဈေးတန်းဖြစ်သည်။ ဆိုင်တန်းတွေကြားတွင် ဆီချက်ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။


ကျွန်တော့်ခြေထောက်တွေက ကျွန်တော့်ကို ခေါက်ဆွဲဆိုင်ဆီ အလိုအလျောက်ခေါ်သွားသည်။


ကျွန်တော်က ခေါက်ဆွဲဆိုင်ဘေးရှိ အုတ်ခုံပေါ်တွင်ထိုင်ပြီး ချိတ်ထားသည့် ဘဲကောင်လုံး၊ ကြက်ကောင်လုံး၊ ဝက်ခေါက်များကို ငေးကြည့်ရင်း တံတွေးတွေကို မျိုချနေမိသည်။ ဆီချက်ခေါက်ဆွဲနံ့က သွားရည်တွေ ကိုလည်း ထိန်းနေရသည်။ မကြည့်ဘူးဟု စိတ်တင်းသော်လည်း ကြက်ကောင်လုံးကင်၊ ဘဲကောင်လုံးကင်၊ ဝက်သားကင်များကို ငေးကြည့်နေမိသည်။


ဆီချက်ရောင်းနေသည့် တရုတ်ကြီးက ဓားကြီးကိုဝင့်ပြီး ခုတ်လိုက်


“ဆွဲ” ဟု အော်လိုက်


“ဟေ့ ကောင်လေး”


ကျွန်တော်က လှည့်ကြည့်လိုက်ပြီး မျက်နှာကို လွှဲလိုက်သည်


“ဟဲ့ကောင်လေး … နင့်ကိုခေါ်နေတာ”


“ဘာလဲဗျ”


“လာဦး”


“ဘာလို့လာရမှာလဲ”


“လာပါဦး … ပြောစရာရှိတယ်”


ကျွန်တော်က ထသွားလိုက်ပြီး သူ့ကိုမျက်နှာချင်းဆိုင်လိုက်ကာ


“ဘာလဲ”


“နင် ဗိုက်ဆာနေတယ် မဟုတ်လား”


“ဘာဖြစ်လို့လဲ”


“နင့်မျက်နှာက ဆာတယ်ဆိုတာထက် … ဆွေးနေတယ်ဆိုရင် ပိုမှန်မယ် … ခေါက်ဆွဲစားမလား”


“စားတော့ စားချင်တယ် … ပိုက်ဆံမရှိဘူး”


“ကိစ္စမရှိဘူး … ငါကျွေးမယ်”


“ရပါတယ်”


“ကောင်လေးရယ် … မညာပါနဲ့ … နင်စားချင်နေပါတယ် … သွား … ဟိုခုံမှာသွားထိုင်”


ကျွန်တော်က ခုံမှာအလိုလိုသွားထိုင်မိလျက်သားဖြစ်သွားသည်။


ခဏအကြာတွင် အငွေ့တထောင်းထောင်းနှင့် ဆီချက်တစ်ပွဲ ကျွန်တော့်ထံရောက်လာသည်။


ကျွန်တော်က ဆာဆာနှင့် တူတစ်စုံကိုယူကာ စားမည်ဟု ဆီချက်ပန်းကန်ကို မွှေမည်ပြုပြီးမှ ရပ်လိုက်သည်။


“အမေပိုက်ဆံစုထားတယ် … သားကို ဆီချက်လိုက်ကျွေးမယ် … ဝက်သားခေါက်ကင်လည်း စားရမယ်”


အမေနှင့် ဘုရားလာစဉ်က အမေ့ပြောစကားကို ကြားယောင်နေမိသည်။

ကျွန်တော်ဆီချက်ကိုဆက်မစားဖြစ်တော့


“ဦးထောင်ကဲ”


“ဘာလဲကွ”


“ဒီဆီချက်ကို ကျွန်တော်မစားဘဲ အိမ်ကိုယူသွားလို့ရလား”


“ဘာဖြစ်လို့လဲ”


“အမေ့ကို ကျွေးချင်လို့”


“မင်းအမေက နေမကောင်းဘူးလား”


“ကောင်းပါတယ် … ကျွန်တော်တစ်ယောက်တည်း မျိုမကျလို့”


“အလို လိမ္မာလိုက်တဲ့ကလေး … ပေး … ပေး … ထုပ်ပေးလိုက်မယ်”


တရုတ်ကြီးက ကျွန်တော့်ကို ဆီချက်ထုပ်လာပေးသည်။


“ကျေးဇူးတင်ပါတယ်”


“ငါ့က တစ်နပ်တည်းကျွေးတာပါကွာ … မင်းအမေကို ပိုပြီး ကျေးဇူးတင်သိလား”


ကျွန်တော်ငိုင်သွားမိသည်။ အိမ်အပြန် ခြေလှမ်းတွေက လေးလံနေသည်။

အမေက အိမ်တံခါးပေါက်တွင် ထိုင်နေသည်။ ကျွန်တော့်ကို မြင်လိုက်သည်နှင့် မျက်နှာက ပြုံးသွားသည်။


“သား … ဘယ်လျှောက်သွားနေတာလဲ … အမေက ထမင်းစားဖို့ စောင့်နေတာ”


အမေက ကျွန်တော့်လက်ကိုလာဆွဲပြီး ပြင်ထားသော ထမင်းဝိုင်းဆီကို ခေါ်သွားသည်။


“သား … ဒီမှာ သားကြိုက်တဲ့ ငါးပြေမဟင်းချက်ထားတယ် … ထိုင် … အမေ အရိုးနွှင်ပေးမယ်”


“အမေ”


“ဘာလဲသား”


“ဟောဒီမှာ ဆီချက်”


“ဘယ်ကရတာလဲ”


“ဦးထောင်ကဲဆီက”


“ဘယ်က ပိုက်ဆံရသလဲ”


“သူက အလကားကျွေးတာ”


“ပေး”


အမေက အထုပ်ကိုယူလိုက်ပြီး အိမ်နောက်ဖေးမြောင်းထဲကို လွှင့်ပစ်လိုက်သည်


“ထိုင် … သား … အမေဆာနေပြီ”


ဟင်းပန်းကန်ထဲတွင် ငါးပြေမနှစ်ကောင်တည်းသာ။ ကျွန်တော်က အမေ့ပန်းကန်ထဲကို ငါးတစ်ကောင် ဦးချလိုက်သည်။


အမေက ငါးကိုဖဲ့ပြီး အရိုးနွှင်ကာ၊ အသားတွေကို ကျွန်တော့်ပန်းကန်ထဲထည့်သည်


“စား … သားလေး … ချိုနေတာပဲ”


အမေက ချိုနေတာပဲဟုသာ ပြောသာပြောသည် မစားရသေး


ကျွန်တော့်ပါးစပ်ထဲတွင် တကယ်လည်း ငါးအသားကချိုနေသည်


အမေက ကျွန်တော့်ကိုကြည့်ပြီး ငိုနေသည်


“သားရယ် … အမေစိတ်ဆိုးပြီး ရိုက်လိုက်တာ”


ကျွန်တော်လည်း အမေ့ကိုကြည့်ပြီး ငိုနေမိသည်။


#တင်ညွန့်


၂၁.၁၂.၂၀၁၉