လကိုဖမ်းတဲ့မျောက်

 လကိုဖမ်းတဲ့မျောက်

------------------------

ရှေးက တောအုပ်တစ်ခုထဲတွင် မျောက်တစ်အုပ်နေထိုင်ကြလေသည်။ ရာချီသော မျောက်အုပ်ကြီးကို မျောက်မင်းက အုပ်ချုပ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ထိုတောအုပ်ကို အပိုင်စားခဲ့ကြသည်။ မျောက်မင်းအဆက် ဆက်ပြောင်းသွားသော်လည်း လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းခဲ့ကြသောကြောင့် မျောက်အုပ်မှာ တိုးပွားပြီးရင်း တိုးပွားကာ တောအုပ်ကို စိုးမိုးနေကြလေတော့သည်။ 


တောအုပ်အစွန်းတွင် ရေကန်ကြီးတစ်ကန်ရှိသည်။ ကန်ဘေးရှိ ညောင်ပင်ကြီးတစ်ပင်က ရေအိုင်ကို အုပ်မိုးနေပြီး မျောက်တွေအတွက် ရေထဲကို ခုန်ချကာ ပျော်မြူးသည့် နေရာတစ်နေရာလည်း ဖြစ်သည်။ မျောက်တစ်သိုက်သည် ပူအိုက်သောရာသီဆိုလျှင် ထိုရေအိုင်ထဲကိုလာကာ ပျော်မြူးကြလေသည်။


ပူအိုက်သော ညတစ်ညတွင် မျောက်တစ်အုပ်သည် ရေကန်ဆီသို့လာကာ ညောင်ပင်ထက်တွင်တက်ပြီး ရေကူးရန် ပြင်ဆင်နေကြသည်။


ထိုစဉ် မျောက်တစ်ကောင်က ရေကန်ထဲကို ကြည့်လိုက်ပြီး


“အလို ... အဆွေတို့ မြင်ကြ၏လော”


“ဘာများနည်း”


“ဒုက္ခတော့များကုန်ပြီ ... ငါတို့၏ အလင်းကိုပေးသော လမင်းကြီးသည် ရေကန်ထဲသို့ ပြုတ်ကျနေပြီ”


ထိုညက လပြည့်ညဖြစ်ပြီး လကလည်းသာသည်။ လမင်းကြီးသည် ရေကန်ထဲတွင် အရိပ်ထင်နေသည်ကို မျောက်တွေက ရေကန်ထဲ ပြုတ်ကျနေသည်ထင်ကာ စိတ်လှုပ်ရှားပြီး ခုန်ပေါက်အော်ဟစ်နေကြတော့သည်။


မျောက်တွေ မငြိမ်မသက်ဖြစ်နေသည်ကို မျောက်မင်းကြားသဖြင့် ရေကန်ဆီသို့လာသည်။ 


“အသင်တို့ အဘယ်အကြောင်းကြောင့် အော်ဟစ်နေကြသနည်း”


“မင်းကြီး သင်မမြင်ပြီလော ... ငါတို့အားထားရာ လမင်းကြီးသည် ရေကန်ထဲကို ပြုတ်ကျနေပြီ ... မည်သို့ လုပ်ကြရမည်နည်း”


တောထဲရှိ မျောက်တွေအားလုံး ရေကန်ပတ်လည် ဝိုင်းလာပြီး ကန်ထဲက လမင်းကြီးကိုကြည့်ကာ စိတ်မကောင်း ဖြစ်သူတွေဖြစ်၊ ဆောင်တည်ရာမရငိုသူတွေငို ဖြစ်ကုန်သည်။


“ဟဲ့ … ဒီလိုကြည့်နေလို့ ဖြစ်မလား ... မျောက် ပရောဟိတ်ကိုသွားခေါ် ... သူ့ထံက အကြံဉာဏ်များ ရယူမည်”


မကြာမီ မျောက်ပရောဟိတ်က ရောက်လာသည်။


“အလို ငါတို့တော့ ဒုက္ခများပြီး ... လမင်းကြီးက ရေထဲကို ကျနေပြီ။ သို့သော် မစိုးရိမ်လင့်။ သင်တို့၏ မျောက်မင်းသည် ဘုန်းကံကြီးမား လူဝင်စားဖြစ်တော့သည်။ သူကိုယ်တိုင် လမင်းကြီးကို ဆယ်ယူပြီး ကောင်းကင်တွင် ပြန်ထားနိုင်လိမ့်မည်” ဟုဆိုလိုက်သည်။


မျောက်မင်းကလည်း ပရောဟိတ်မြှောက်ပေးသဖြင့် လမင်းကိုဆယ်ရန် ရေထဲဆင်းလိုက်ရာ လမင်းက ပျောက်သွားလေတော့သည်။


“ပရောဟိတ်ကြီး မည်သို့ လုပ်ရမည်နည်း ... ကျွန်ုပ်ဆယ်ယူရန် ကြိုးစားသည့်အခါတွင် လမင်းကြီးက ပျောက်သွားသည်”


“မင်းကြီး မစိုးရိမ်လင့် ... ခေတ္တစောင့်လိုက်ပါ ... အချိန်မကျသေးသောကြောင့် ဖြစ်နိုင်သည်။ သင်တို့ တစ်ယောက်မျှ ရေထဲကို မဆင်းကြနှင့်။ လမင်းကြီး စိတ်ဆိုးမည်။ အရှင်မင်းကြီးကိုယ်တိုင် သစ်ပင်ပေါ် တက်ကာ သစ်ကိုင်းထက်မှ တိတ်ဆိတ်စွာဆင်းပြီး လမင်းကြီးကို ဖမ်းလိုက်လျှင် ရလိမ့်မည်”


“သစ်ကိုင်းက အမြင့်တွင် ဖြစ်သည်။ ကျွန်ုပ်လက်နှင့် မည်သို့ မီနိုင်ပါအံ့နည်း”


“မစိုးရိမ်နှင့် သင့်ကို မျောက်လောင်းတွေက ကြိုးဖြင့်ချည်ကာ ရေကန်ထဲကို ချပေးလိမ့်မည်။ ရေကန်ထဲကို သစ်ပင်ပေါ်မှ ဆင်းလိုက်လျှင် လမင်းကြီးကိုလည်း အထိတ်တလန့် ဖြစ်စေမည် မဟုတ်သည့်အပြင် အသာလေး ဖမ်းနိုင်မည်”


“ကောင်းပြီ ... မျောက်လောင်းတစ်အုပ်နှင့် ကျွန်ုပ် ပရောဟိတ်ကြီးပေးသည့် အကြံအတိုင်း လုပ်ဆောင်မည်။ ဟဲ့ ငယ်ကျွန်များ နွယ်ကြိုးများ ရှာကြ”


မျောက်တွေက နွယ်ကြိုးတွေ ယူလာသည်။ မျောက်မင်းက နွယ်ကြိုးကိုယူကာ သစ်ပင်ပေါ် တက်သွားသည်။ ရေကန်ထဲကို အုပ်မိုးနေသော သစ်ကိုင်းအစွန်းကိုအရောက်တွင် အထက်ရှိ သစ်ကိုင်းပေါ်ကို ကြိုးစအား ပစ်တင်လိုက်သည်။ ထို့နောက် ပြန်ကျလာသော ကြိုးကို ဖမ်းကာ ကျန် အစွန်းကို အောက်ကို ပြန်ပစ်ပေး လိုက်ပြီး


“အသင်တို့ ငါ့ကိုကြိုးဖြင့်ထိန်းကာ ဖြည်းဖြည်းလေး ချပေးလော့” ဟု ဆိုလိုက်သည်။


သို့သော် မျောက်မင်း ဒုက္ခရောက်နေသည်မှာ ကြိုးစကို သူ့ကိုယ်ခန္ဓာ၏ မည်သည့် နေရာတွင် ချည်ရမှန်း မသိဖြစ်နေသည်။


“ပရောဟိတ်ကြီး ကြိုးကို လက်တွင် ချည်ရမည်လော”


“လက်တွင် ချည်လျှင် သင်မည်သို့ လကိုဖမ်းမည်နည်း”


“ခြေထောက်တွင်ချည်ရမည်လော”


“ခြေထောက်တွင်ချည်လျှင် ဇောက်ထိုးဆင်းရမည်။ ဇောက်ထိုးဆင်းသည့် နိမိတ်ကလည်း မကောင်း”


နောက်ဆုံးတွင် မျောက်မင်းသည် ကြံရာမရဖြစ်ကာ သူ့လည်ပင်းကို ကြိုးကွင်းအား စွပ်လိုက်သည်။ မျောက်သည် လည်ပင်းကို ကြိုးကွင်းစွပ်လိုက်လျှင် သေမည်ကိုမသိ။ မျောက်လောင်းတွေကို အမိန့်ပေးသည်


“ဆွဲလော့”


ဘုမိသိ ဘမသိ မျောက်လောင်းတွေက ဆွဲဆိုသည်နှင့် တအားဆွဲတော့သည်။


မျောက်မင်းသည် လေထဲတွင် တန်းလန်း ဖြစ်နေသည်။


“ဟဲ့ ... ဟဲ့ ... အသက်ရှူမရတော့ဘူး လွှတ်ပါဟဲ့ ... ငါသေတော့မယ် လွှတ်ပါဟဲ့”


မျောက်မင်းက သွေးရူးသွေးတန်းအော်သည်။


မျောက်လောင်းတွေက လွှတ်ချလိုက်သည်။ မျောက်မင်းရေထဲ ပြုတ်ကျသည်။

ရေထဲပြုတ်ကျပြီးမှ အထက်ကိုမော့ကြည့်မိသည်။


“အလို ... ပရောဟိတ်ကြီး ကျွန်ုပ်ဘုန်းကံကြောင့် လမင်းကြီးသည် မိုးပေါ် ပြန်ရောက်သွားလေပြီ”


မျောက်အပေါင်းတို့လည်း ကောင်းကင်ကို မော့ကြည့်ကြသည်။ ပျော်လွန်းသဖြင့် ခုန်ပေါက်နေကြသည်။


လမင်းကြီးက ကောင်းကင်ပေါ်တွင် ထွန်းလင်းတောက်ပနေသည်။


(Monkey Fishing The Moon ဆိုသည့် အင်ဒိုနီးရှား ပုံပြင်လေးတစ်ပုဒ်ကို မြန်မာမှု ပြုပါသည်)


တင်ညွန့်


၂၉.၁.၂၀၂၃