အသံတွေရဲ့ ဦးတည်ရာ
နှစ်တွေ အတော်ကြာအောင်၊ ကျွန်တော့်ရဲ့ အိမ်နီးချင်းခွေးကို ကျွန်တော် လုံးဝ မုန်းတီးခဲ့ရတယ်။နေ့တိုင်း ညနေတိုင်း၊ ကျွန်တော့်ကားဘီးတွေ လမ်းထောင့်ကို ထိလိုက်တာနဲ့ အဲဒီခွေးဟာ သက်ရှိနှိုးစက်တစ်ခုလို အသံကုန်ဟောင်တော့တာပဲ။ ကျယ်လောင်တယ်။ နားစူးတယ်။ မရပ်မနားဟောင်တယ်။ အဲဒီလိုဟောင်သံမျိုးက ကိုယ့်အရေပြားအောက်ကို ဝင်ရောက်ပြီး ပိတ်လို့မရတဲ့ ဆူညံသံလိုမျိုး အာရုံကြောတွေထဲ ထိုးဖောက်ဝင်ရောက်နေတတ်တယ်။
တချို့ညတွေဆိုရင် ကားကို ကားရပ်တဲ့နေရာ မရောက်သေးခင်ကတည်းက အသံကို ကြိုတင်ခံစားရင်း စတီယာရင်ကို ပိုပြီးတင်းတင်းဆုပ်ကိုင်မိတယ်။ ဆောင်းပဲဖြစ်ဖြစ်၊ နွေပဲဖြစ်ဖြစ်၊ မနက်ပဲဖြစ်ဖြစ်၊ ညပဲဖြစ်ဖြစ် ကျွန်တော် အိမ်ပြန်လာတဲ့အခါ သူက အမြဲတမ်း ဟောင်တယ်။
ပထမတော့ ကျွန်တော် လျစ်လျူရှုဖို့ ကြိုးစားခဲ့တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီအပြုအမူကို ကိုယ်ရေးကိုယ်တာ ကိစ္စလို စတင်ခံယူလာခဲ့တယ်။
"ဒီခွေးက ငါ့ကို ရန်ငြိုးထားနေတာပဲ" လို့ ကျွန်တော် ညည်းတွားပြီး ကားတံခါးကို ပိုပြီး ကျယ်ကျယ်ရိုက်ပိတ်ကာ အိမ်ထဲကို မြန်မြန်ရောက်ရင် ဒီဟောင်သံကို ပိုမြန်မြန် ပိတ်ပစ်နိုင်မလားဆိုတဲ့ဟန်နဲ့ အမြန်သွားခဲ့တယ်။
ဒါပေမဲ့ ကျွန်တော့်ဇနီးကတော့ လောကကြီးကို မတူညီတဲ့ အမြင်နဲ့ မြင်တယ်။
"သူက ဆိုးနေတာ မဟုတ်ပါဘူး" လို့ သူမက အိမ်နီးချင်းခြံဘက်ကို ပြတင်းပေါက်ကနေ ကြည့်
ရင်း ညင်သာစွာ ပြောတယ်။
“သူ တစ်ယောက်တည်း အထီးကျန်နေတာပါ။ သူ့ကို ကြည့်ပါဦး။သူက အမြဲတမ်း အပြင်မှာ၊ ကြိုးချည်ခံထားရတာ၊ မိုးရွာရွာ၊ နေပူပူ။ ဘယ်သူမှ လမ်းမလျှောက်ခိုင်းဘူး။ ဘယ်သူမှ စကားတောင် မပြောဘူး။"
သူမပြောတာ မှန်တယ်။ ကျွန်တော်တို့ အိမ်နီးချင်းတွေက ခွေးကို ချစ်တတ်တဲ့၊ ရင်းနှီးဖော်ရွေတဲ့ လူစားမျိုး မဟုတ်ကြဘူး။ သူတို့ရဲ့ ခြံရှေ့မီးရောင်က တစ်ညလုံး ထွန်းထားပေမဲ့ ရှေ့တံခါးကတော့ ဖွင့်ခဲတယ်။ အဲဒီခွေး နားရွက်က
တွဲကျနေတဲ့၊ သေးသွယ်ပြီး သန်မာတဲ့ အညိုရောင် ခွေးစုတ်လေးက ကွဲနေတဲ့ ရေခွက်နဲ့ အိပ်ယာအဖြစ် ဟန်ဆောင်ထားတဲ့ အဝတ်စုတ်ပုံတစ်ပုံနဲ့အတူ သူရဲ့ဘဝကို နောက်ဖေးခြံထဲမှာ နေထိုင်ခဲ့ရတယ်။
တစ်ခါတလေ ကျွန်တော့်ဇနီးက သူ ဘာမှမလုပ်သလို ဟန်ဆောင်ပြီး ခြံစည်းရိုးပေါ်ကနေ ကြက်သားတုံးလေးတွေ ပစ်ပေးနေတာကို ကျွန်တော် မြင်ဖူးတယ်။
"အနည်းဆုံးတော့ တစ်ယောက်ယောက်က အစာကျွေးသင့်တယ်" လို့ သူမက ပခုံးတွန့်ပြီး ပြောတယ်။
သူမ မလုပ်နိုင်တဲ့အခါ ကျွန်တော့်ကို လုပ်ခိုင်းတယ်။ ကျွန်တော် ညည်းတွားတယ်၊ မျက်လုံးလှန်ပြတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ပေးခဲ့တယ်။ ကျွန်တော် သူ့ကို သိပ်ကြာကြာ မကြည့်ဘဲ အစားအစာတွေကို ခြံစည်းရိုးပေါ်ကနေ ပစ်ပေးခဲ့တယ်။ ဒါက ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ ဖြစ်ခဲ့တယ်။
သူက ဟောင်တယ်။ ကျွန်တော်က ညည်းတွားတယ်။ ဘဝက ရှေ့ဆက်နေတယ်။
ဒီလိုနဲ့ နှစ်တွေ ကြာသွားတယ်။ အဲဒီဟောင်သံက ရပ်ကွက်ရဲ့ နောက်ခံအသံတစ်ခု ဖြစ်လာတယ်။ လသာဆောင်က လေတီးသံတွေ၊ လမ်းမီးတိုင်ရဲ့ တဝီဝီမြည်သံလိုပေါ့။ အစပိုင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး နောက်တော့ ရင်းနှီးတဲ့ အသံတစ်ခုလို ဖြစ်လာတယ်။ ကျွန်တော် အိမ်ပြန်လာရင် သူ ဟောင်တယ်။ စာပို့ကားကို ဟောင်တယ်။ တစ်ခါတလေ ဘာမှမရှိဘဲလည်း ဟောင်တယ်။
ပြီးတော့၊ သာမန်နေ့တစ်နေ့မှာ အရာအားလုံး ပြောင်းလဲသွားတယ်။
ကျွန်တော့်ဇနီး ဖျားနာခဲ့တယ်။
အစတော့ သေးသေးမွှားမွှား ကိစ္စလေးတွေမောပန်းတာ၊ ပျောက်ဖို့မလွယ်တဲ့ အညိုအမည်းစွဲတာတွေနဲ့ စခဲ့တယ်။ ပြီးတော့ ချိန်းဆိုမှုတွေ၊ စစ်ဆေးမှုတွေ၊ ဆေးရုံမှာ ကြာရှည်စွာ ကုန်ဆုံးရတဲ့ ညတွေ ရောက်လာတယ်။ တစ်ချိန်က တိတ်ဆိတ်တဲ့ နွေးထွေးမှုတွေနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့ရဲ့ အိမ်ဟာ ပိုပြီးလေးလံတဲ့ တိတ်ဆိတ်မှုထဲကို ကျရောက်သွားတယ်။
သူမ ဆေးရုံကနေ ရက်သတ္တပတ်ပေါင်းများစွာကြာပြီးနောက် အားအင်ချိနဲ့ပေမဲ့ ပြုံးနေတုန်းပဲ အိမ်ပြန်ရောက်လာတော့ ကျွန်တော် ကားကို ကားရပ်တဲ့နေရာမှာ ရပ်လိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ဖြည်းဖြည်းချင်း ကားပေါ်က ဆင်းခဲ့ကြတယ်၊ ကိုယ့်အိမ်မှာ ကိုယ်ပြန်နေထိုင်ဖို့ သင်ယူနေရသလိုမျိုးပေါ့။
အဲဒီအခါမှာ ကျွန်တော် သတိထားမိလိုက်တယ်။
ဟောင်သံ လုံးဝ မရှိဘူး။
အသံတစ်ချက်မှ မကြားရဘူး။ နားစူးတဲ့ အူသံတွေ မရှိဘူး။ ကျွန်တော်ရောက်လာပြီလို့ ကြေညာတဲ့ နှိုးစက်အသံ မရှိဘူး။ တည်ငြိမ်နေတာပဲ။
ကျွန်တော့်ဇနီးက လမ်းထဲမှာ တစ်ဝက်လောက် ရပ်လိုက်တယ်။ "အဲဒီအသံကို မင်းကြားလား" လို့ သူမက ညင်သာစွာ မေးတယ်။
ကျွန်တော် မျက်မှောင်ကြုတ်လိုက်တယ်။ "ဘာကိုလဲ"
သူမက ခေါင်းခါတယ်။ "ဟုတ်တယ်။"
တိတ်ဆိတ်မှုက ကျွန်တော်တို့အပေါ် ဖိစီးလာတယ်။ ဒါက ငြိမ်းချမ်းမှု မဟုတ်ဘူး။ တစ်ခုခု မှားနေသလို ခံစားရတယ်။ လေးလံနေတယ်။ အမြဲတမ်း ရှိနေခဲ့တဲ့ တစ်စုံတစ်ခုက တိတ်တဆိတ် ပျောက်ကွယ်သွားသလိုမျိုးပေါ့။
ဘာစကားမှ မပြောဘဲ ကျွန်တော် အိမ်နီးချင်းခြံဘက်ကို လျှောက်သွားခဲ့တယ်။ သူတို့ရဲ့ ပြတင်းပေါက်တွေက ပိတ်ထားတယ်။ ကားတွေ မရှိဘူး။ မြက်ခင်းတွေက ရှုပ်ပွပြီး မညီမညာ ဖြစ်နေတယ်။ သူတို့ တံခါးကို ကျွန်တော် ခေါက်တယ်။ ဘယ်သူမှ အဖြေမပေးဘူး။
နောက်ဖေးဘက်ကို လှည့်ပတ်သွားလိုက်တယ်။
အဲဒီမှာ သူ ရှိနေခဲ့တယ်။
အမှိုက်အိတ်ပုံပေါ်မှာ ပုံလျက်သားလဲလျောင်းနေတယ်။ သူ့နံရိုးတွေက အရေပြားကို ထိုးထွက်နေသလို ချွန်ထွက်နေပြီး အမွေးတွေက ညစ်နွမ်း ရှုပ်ထွေးနေတယ်။ မျက်လုံးတစ်လုံးက တစ်ဝက်ပွင့်နေပြီး အသက်ရှူသံက လေထဲမှာ သိပ်မလှုပ်ရှားတော့ဘူး။ သူ အရမ်းကို ပိန်လွန်းပြီး သေးလွန်းနေတာကြောင့် ကျွန်တော် သူ့ကိုတောင် သိပ်မမှတ်မိဘူး။
အိမ်နီးချင်းတွေက ထွက်သွားကြပြီ။ ပစ္စည်းတွေထုပ်ပိုးပြီး ထွက်သွားကာ သူ့ကို အမှိုက်တစ်ခုလို ထားခဲ့ကြတယ်။အဲဒီအခါမှာ ကျွန်တော့်ရဲ့ စိတ်ထဲက တစ်ခုခုက ပေါက်ကွဲသွားတယ် ။
အပြစ်ရှိသလို ခံစားချက်၊ ဒေါသ၊ ရှက်ရွံ့မှု၊ ဝမ်းနည်းမှု အားလုံး ရောထွေးနေတယ်။
ကျွန်တော် နှစ်ခါမစဉ်းစားခဲ့ဘူး။
ကျွန်တော် သူ့ကို ပွေ့ချီလိုက်တယ်။ ကျွန်တော်တို့ ခြံစည်းရိုးပေါ်ကနေ ပစ်ချကျွေးနေကျ ခွေးအစာအိတ်ထက်တောင် အလေးချိန် နည်းနေတယ်။
သူ့ခေါင်းက ကျွန်တော့်လက်မောင်းပေါ်မှာ မှီထားတယ်။ အားနည်းပေမဲ့ ယုံကြည်မှု ရှိနေသေးတယ်။
ကျွန်တော် သူ့ကို အိမ်ရှေ့တံခါးကနေ သယ်ယူလာတော့ ကျွန်တော့်ဇနီးက အမောတကြီး ပါးစပ်ကို ပိတ်လိုက်တယ်။ "အို ဘုရားရေ" လို့ သူမက တီးတိုးရေရွတ်တယ်။
"ဆေးခန်းကို ခေါ်သွားရမယ်" လို့ ကျွန်တော် ပြောလိုက်တယ်။
တိရစ္ဆာန်ဆရာဝန်ရဲ့ စကားတွေက ခက်ခဲတဲ့ အမှန်တရားနဲ့ ညင်သာတဲ့ မျှော်လင့်ချက်တွေ ရောထွေးနေတယ်။ ရေဓာတ်ခန်းခြောက်နေတယ်။ အာဟာရချို့တဲ့နေတယ်။ အားနည်းနေတယ်။ ဒါပေမဲ့ အသက်ရှင်နေတယ်။ "သူ့မှာ ရှင်သန်လိုစိတ် ရှိနေတုန်းပဲ" လို့ ဆရာဝန်က ပြုံးရယ်ပြီး ပြောတယ်။ "သူ အသက်ရှင်ချင်နေတယ်။"
အဲဒီညမှာ သူ့ကို အိမ်ပြန်ခေါ်လာခဲ့တယ်။ သန့်ရှင်းရေးလုပ်ပေးတယ်။ ဖြည်းဖြည်းချင်း အစာကျွေးတယ်။ ရေ၊ နွေးထွေးမှု၊ အိပ်ယာအစစ်တစ်ခု ပေးခဲ့တယ်။ ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် သူ့ကို တကယ်ပဲ အာရုံစိုက် ကြည့်မိခဲ့တယ်။
သူ့နာမည်က ဖိုးညို
ဖြစ်လာတယ်။ ဒီနာမည်က လိုက်ဖက်နေတယ် ။
သူ့အမွေးအင်္ကျီက အလင်းရောင်ကို ဖမ်းယူတဲ့ ပုံစံ၊ နှစ်ပေါင်းများစွာ လစ်လျူရှုမှုကို ရှင်သန်ခဲ့ပြီး အသက်ဆက်ရှင်နေတဲ့ ပုံစံကြောင့်ပါ။
အစပိုင်းမှာတော့ ဖိုးညို က မလှုပ်မယှက်ပဲ ရှိနေခဲ့တယ်။ ကျွန်တော်တို့ အရမ်းနီးကပ်လာရင် သူ တုန်လှုပ်ချောက်ချားတတ်တယ်။ သူက ကျွန်တော်တို့ကို ဂရုတစိုက် လိုက်ကြည့်နေတယ်၊ ကျွန်တော်တို့လည်း ပျောက်ကွယ်သွားမှာကို စောင့်နေသလိုမျိုးပေါ့။ ဒါပေမဲ့ တစ်နေ့ပြီးတစ်နေ့ သူ အားပြန်ပြည့်လာတယ်။ သူ့အမြီးလေး ထောင်လာတယ်။ နားရွက်တွေက နားစွင့်လာတယ်။ ပြီးတော့ တစ်ညနေမှာ၊ ကျွန်တော် အလုပ်ကနေ ပြန်လာပြီး ကားတံခါးကို ဖွင့်လိုက်တဲ့အခါ အဲဒီအသံကို ကျွန်တော် ကြားလိုက်ရတယ်။
ဟောင်သံ တစ်ချက်။
နောက်တစ်ချက်။
ကျွန်တော့်ကို စိတ်တိုစေခဲ့တဲ့ အဲဒီ ပြတ်သားပြီး မရပ်မနား ဟောင်သံမျိုးပါပဲ။
ဒီတစ်ခါတော့ ဒီအသံဟာ မတူညီတဲ့ ပုံစံနဲ့ ကျရောက်လာတယ်။ ဒါဟာ ဆူညံသံ မဟုတ်တော့ဘူး။ ဒါဟာ အသိအမှတ်ပြုခြင်း ဖြစ်တယ်။ နှုတ်ဆက်ခြင်း ဖြစ်တယ်။ ကျွန်တော် လွဲချော်နေမှန်း မသိခဲ့တဲ့ နှလုံးခုန်သံတစ်ခု ဖြစ်တယ်။
အဲဒီနောက်ပိုင်း ညနေတိုင်း ဖိုးညို ဟောင်ခဲ့တယ်။ အဲဒီလို ဟောင်တိုင်း ကျွန်တော် မျက်လုံးလှန်မပြတော့ဘဲ ပြုံးမိတယ်။ ကျွန်တော့်ဇနီးက ခြံရှေ့ကနေ ညင်သာစွာ ရယ်မောလိမ့်မယ်။
"သူက ရှင်နဲ့ စကားပြောနေတုန်းပဲ" လို့ သူမက စနောက်တယ်။
"ဟုတ်တယ်" လို့ ကျွန်တော် ပြောပြီး သူ့ရဲ့ တွဲကျနေတဲ့ နားရွက်နောက်ကို ကုတ်ပေးလိုက်တယ်။ "အရင်က ငါ ဒီဘာသာစကားကို နားမလည်ခဲ့ဘူး။"
ဘာလို့လဲဆိုတော့ ဒါက သူ့ရဲ့ ဘာသာစကား ဖြစ်နေခဲ့လို့ပဲ။
ဟောင်တာက "သခင်ကို ငါမြင်တယ်၊ သခင် အိမ်ပြန်ရောက်ပြီ၊ အာဝုက ရှိနေသေးတယ်" လို့ ပြောတဲ့ သူ့ရဲ့နည်းလမ်းပဲ။
ဘယ်သူမှ မချစ်တဲ့ နှစ်တွေတစ်လျှောက်လုံး သူ ဟောင်ခဲ့တယ်။ သူ ရှိနေသေးကြောင်း လောကကြီးကို သတိပေးဖို့ ဟောင်ခဲ့တယ်။ တစ်ယောက်ယောက်
ဘယ်သူပဲဖြစ်ဖြစ်
ကြားနိုင်ဖို့ ဟောင်ခဲ့တယ်။
ပြီးတော့ နောက်ဆုံးမှာ တစ်ယောက်ယောက် ကြားခဲ့တယ်။
အခု ကျွန်တော် လမ်းထောင့်ကို ချိုးကွေ့လိုက်တာနဲ့ သူ့အသံကို ကြိုကြားနေရပြီ။ ဖိုးညို။ ကျွန်တော့်ရဲ့ ခွေးလေး။ ကျွန်တော့်ရဲ့ သူငယ်ချင်း။ သူ့ရဲ့ ဟောင်သံက ကျွန်တော့်ကို မနှောင့်ယှက်တော့ဘူး။ ရင်းနှီးတဲ့ သီချင်းတစ်ပုဒ်လို ကျွန်တော့်ကို ဝန်းရံထားတယ်။
တစ်ချိန်က ကျွန်တော့်ကို စိတ်တိုစေခဲ့တဲ့ အဲဒီအသံဟာ အခုတော့ ကျွန်တော့်ကို အိမ်ပြန်ကြိုဆိုတဲ့ အသံ ဖြစ်နေခဲ့ပါပြီ။
ဘာလို့လဲဆိုတော့ တစ်ခါတလေမှာ ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေဆုံး အရာတွေဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲက အတိတ်ဆိတ်ဆုံး နေရာတွေကို လာရောက် ဖြည့်ဆည်းပေးတဲ့ အရာတွေ ဖြစ်နေတတ်လို့ပါ။
ဖိုးညိုက ကျွန်တော် ပြီးပြည့်စုံဖို့ မလိုအပ်ခဲ့ဘူး။ သူက ကျွန်တော် ရှိနေဖို့ပဲ လိုအပ်ခဲ့တယ်။
ပြီးတော့ ကျွန်တော် ရှိနေခဲ့တယ်။
နည်းနည်း နောက်ကျခဲ့ပေမဲ့
အချိန်မီ ရောက်ရှိခဲ့တယ်။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန် 'Love isn’t loud'