ထိုက်မှစံ

 ထိုက်မှစံ

--------

ဇရပ်တစ်ဆောင်တွင် လူတစ်ယောက်ထိုင်နေသည်။ သူက တောင်ကြည့်၊ မြောက်ကြည့် လူများလာသည့် လမ်းကို မျှော်နေသည်။ အမှန်တော့ သူသည် ဓားပြတစ်ယောက်ဖြစ်သည်။ ဓားကို ခါးတွင်ထိုးကာ အင်္ကျီနှင့် ဖုံးထားသည်။ ယနေ့အဖို့ မည်သူလာလာ သူဓားပြတိုက်မည်ဖြစ်သည်။ သူပိုက်ဆံလိုနေသည်။ ဗိုက်လည်း ဆာနေသည်။ 


ထိုစဉ် ရဟန်းတစ်ပါး သပိတ်တစ်လုံးပိုက်ကာ လျှောက်လာသည်ကိုတွေ့လိုက်ရသည်။ ရဟန်းက ကောင်းကင်ကို မော့ကြည့်သည်။ မွန်းတိမ်းတော့မည်။ ထို့ကြောင့် ဇရပ်ပေါ်တက်သည်။ ရေအိုးထဲမှ ရေတစ်ခွက်ကို ရေမှုတ်ဖြင့် ခပ်သည်။ ရေသောက်သည်။ လက်ဆေးသည်။ ထိုင်လိုက်ပြီး သပိတ်ကိုဖွင့်ကာ နေ့ဆွမ်း ဘုဉ်းပေးမည်ဟု ပြင်ပြီးမှ ဇရပ်လှေခါးတွင် ထိုင်ကာ သူ့ကိုကြည့်နေသော ဒကာအား တွေ့လိုက်သောကြောင့်


“ဒကာကြီး”


“ဘုရား”


“ထမင်းစားပြီးပြီလား”


“မစားရသေးဘူး ဘုရား”


“သွား လက်သွားဆေးလိုက် ... လာခဲ့ ဒီမှာ လာစားလှည့်”


“တကယ်လား”


“လာပါ ... ဘုန်းကြီးက အရုဏ်ဆွမ်း ဘုဉ်းပေးခဲ့ပြီးပြီ”


“တပည့်တော် ထမင်းမစားရတာ နှစ်ရက်ရှိသွားပြီဘုရား ... အားနာမှာ မဟုတ်ဘူး”


“အားမနာပါနဲ့ ... သွား ... လက်ဆေးခဲ့ ... လာစားလှည့်”


ဆရာတော်က သူ့ကို သပိတ်ပေးလိုက်သည်။ သူထမင်းစားနေသည်ကိုကြည့်ရင်း ကြည်နူးနေသည်။


“ဘာဖြစ်လို့ ထမင်းနှစ်ရက်မစားရတာလဲ”


“တပည့်တော် ထောင်က လွတ်လာတာပါ ... ရွာကိုပြန်မလို ... ပိုက်ဆံကလည်းမရှိဘူး”


“အို လှူခွင့်ရလို့ ကံကောင်းလိုက်တာ ... ဘုန်းကြီး ဒါနမြောက်တော့တာပဲ”


“အရှင်ဘုရား ဆာနေမှာပေါ့”


ရဟန်းက လွယ်အိတ်ထဲမှ ငှက်ပျောသီးနှစ်လုံးကို ထုတ်လိုက်ပြီး


“ရွာထဲက ငှက်ပျောသီးလှူလိုက်တာ ရှိသေးတယ် ... ဒကာကြီး စားပါဦး”


“တော်ပါပြီဘုရား ... ဗိုက်ဝသွားပြီ”


ဓားပြက သပိတ်ကိုသွားဆေးပေးပြီး ဆရာတော်ဘေးတွင် ချထားလိုက်သည်။ ဆရာတော်က ငှက်ပျောသီးကို ဘုဉ်းပေးနေသည်။


“ကျေးဇူးကြီးလှပါတယ်ဘုရား ... တပည့်တော်အမှန်ပြောပါ့မယ် ... တကယ်လို့ အရှင်ဘုရားကသာ တပည့်တော်ကို ထမင်းမစွန့်ရင် တပည့်တော် အတင်းလုစားမိမလား မသိဘူး ... အရှင်ဘုရားက အသာတကြည် စွန့်လိုက်တော့ ပြီးသွားတာပေါ့”


“အဲဒီလိုလား ... တော်သေးတာပေါ့နော်”


ဆရာတော်က လွယ်အိတ်ထဲမှ စိပ်ပုတီးထုတ်ကာ ပုတီးစိပ်နေသည်။ ထိုပုတီးမှာ သာမန်မဟုတ်။ နီနီရဲရဲ ပတ္တမြားပုတီးဖြစ်နေသည်။


“အရှင်ဘုရား”


“ဘာများလဲဒကာ”


“အရှင်ဘုရား ပုတီးက ပတ္တမြားအစစ်လား”


“အစစ်ပေါ့”


“ဒါဆိုရင် တပည့်တော် ... တောင်းရမလား ... အသာတကြည်စွန့်မလားဘုရား”


“လိုချင်လို့လား”


“တပည့်တော်က ဓားပြပါဘုရား ... လိုချင်တာပေါ့”


“ရော့လေ ... လိုချင်ရင် လာယူပေါ့”


“အရှင်ဘုရား မနှမြောဘူးလား”


“ငါကား ရဟန်းဖြစ်သည် ... သူများလှူ၍ ယူလာသည် ... တပ်မက်ခြင်းမရှိ”


“ဒါဆိုလည်း တပည့်တော် ယူတော့မယ်”


“ယူလေ” 


ဓားပြက ဆရာတော်ထံမှ ပုတီးကို သွားယူသည်။ ဓားပြထွက်သွားမည်အပြုတွင် ရဟန်းက


“ဒကာကြီး နေပါဦး ... ဒီမှာ”


ရဟန်းက လွယ်အိတ်ထဲမှ ငွေစများကိုယူကာ


“ရော့” ဟု ထပ်ပေးသည်။ 


ဓားပြက ပိုက်ဆံတွေကိုယူပြီး ဇရပ်မှ ထွက်သွားသည်။ 


ဓားပြက ရွာတစ်ရွာကို ရောက်လာသည်။ ရွာထဲတွင် ရဲမက်တွေကိုတွေ့သည်။


“ဟေ့ကောင်ရပ်လိုက်စမ်း”


သူကရပ်လိုက်ပြီး


“ဘာလဲဗျ”


“မင်းဘယ်လဲ”


“သာဂရကို သွားမလို့”


“ဘာလုပ်သလဲ”


“ဘာမှမလုပ်ဘူး ... သာဂရမှာ အလုပ်သွားရှာမလို့”


“မင်း ခါးပုံထဲကဘာလဲ”


“ဘာမှမဟုတ်ဘူး”


“ပုဆိုးဖြန့်ပြစမ်း”


ရဲမက်တွေက သူ့ပုဆိုးထဲမှ ပတ္တမြား ပုတီးကိုတွေ့သွားသည်။


“ဒါဘယ်ကခိုးလာတာလဲ”


“ခိုးလာတာမဟုတ်ဘူး ... ရဟန်းတစ်ပါးက စွန့်လိုက်တာ”


“ဒီ ပုတီးက မင်းဘုရားကြီးရဲ့ ပုတီးပဲ ... မင်း ခိုးထားတာ ... မှန်မှန်ပြော”


“ကျုပ်ကို ရဟန်းတစ်ပါးကစွန့်လိုက်တာပါဆို”


“လာ ... မင်းကို မင်းဘုရားကြီးဆီကို ခေါ်သွားမယ် ... ဟိုရောက်မှ ဆုံးဖြတ်မယ်”


ဓားပြက ကြောက်လန့်ပြီး ထွက်ပြေးသည်။ ရဲမက်တစ်ဦးက လှံနှင့်ပစ်ဖမ်းသည်။ ကျောကိုဖောက်ပြီး သေသည်။ 


ထိုပတ္တမြားပုတီးမှာ မင်းဘုရားကြီးက ရဟန်းကို ကြည်ညိုသောကြောင့် လှူဒါန်းလိုက်သည့် ပုတီးဖြစ်သည်။ 


တင်ညွန့်


၆.၁၂.၂၀၂၀