ကလေးအလျူ

 ကလေးအလှူ

----------------

ဦးဇင်းတစ်ပါး ဆွမ်းခံကြွလာသည်။


ကျောင်းသားလေးက ရှေ့မှ အော်သည်


“ဆွမ်းတော်ခင်ဗျ”


ရွာထဲမှ ခြံဝိုင်းအပြင်ထွက်ကာ ဆွမ်းလောင်းကြသည်။


ဗုဒ္ဓဘာသာဝင်တို့အတွက် ကြည်နူးစရာကောင်းလှသော ရှုခင်းနှင့် နံနက်ခင်းဖြစ်သည်။


တစ်နေရာတွင် ခြံဝိုင်းရှေ့၌ ကလေးမလေးတစ်ဦးက ဖျာခင်းပြီးကစားနေသည်။ သူက အုတ်နီခဲပေါ်တွင် ရွှံ့ဖျော်ထားသည့်ခွက်ထဲမှ ရွှံ့ရည်ကို ဇွန်းလေးနှင့်လောင်းကာ ချောက်သွားသော ရွှံ့ချပ်လေးတွေကို ကော်ပြီး ဖက်ပေါ်တင်သည်။ မုန့်လုပ်ပြီး ရောင်းတမ်း ကစားနေခြင်းဖြစ်သည်။


ကလေးမလေးက သူ့ရှေ့မှ ဖြတ်သွားသော ဦးဇင်းကို ဦးချသည်။ ထို့နောက်


“ရပ်တော်မူပါဦးဘုရား” ဟု လူကြီးတွေ အော်သည့်အတိုင်း အော်လိုက်သည်။


ဦးဇင်းလေးက ရပ်ပေးလိုက်သည်။


“ဘုန်းဘုန်း”


“ဘာလဲကလေး”


“ဆွမ်းလောင်းချင်လို့”


“လောင်းလေ”


“သမီး ဒီမုန့်တွေ လောင်းလို့ရလား”


ဦးဇင်းလေးက ကလေးမလေးကို ပြုံးပြီး ကြည့်လိုက်သည်။ ထို့နောက်


“ရတာပေါ့”


“ဒါဆို ဆွမ်းလောင်းမယ်”


မောင်ကျောင်းသားက ကလေးမလေးကို


“ဟဲ့ ...” ဟု တားမည်ကြံသည်။


ဦးဇင်းလေးက လက်ကာပြလိုက်သည်။ နေပါစေဆိုသည့်သဘော။


ကလေးမလေးက သူဖုတ်ထားသည့် ရွှံ့မုန့်ကို ဖက်ရွက်လေးထဲထည့်ကာ မတ်တတ်ရပ်ပြီး ဦးဇင်းကို ကပ်သည်။


ဦးဇင်းလေးက သပိတ်ကို ဖွင့်ပြီး ကလေးအရပ်နှင့်မီအောင် နှိမ့်ပေးလိုက်သည်။ ကလေးက သပိတ်ထဲကို ရွှံ့မုန့် ထည့်ပြီး မြေပြင်တွင်ဝပ်ကာ ကန်တော့သည်။ ဦးဇင်းက ဆုပေးသည်။


ရှေ့ကို ဆက်ပြီး ဆွမ်းခံကြွစဉ် မောင်ကျောင်းသားက


“ဦးဇင်းဘုရား”


“ဘာများလဲကွယ်”


“ကလေးမလေးက ရွှံ့ကိုလှူတာ ဘာဖြစ်လို့ သပိတ်ထဲထည့်ခိုင်းပြီး လက်ခံရတာလဲဘုရား”


“မောင်ကျောင်းသား ... ကလေးက သူ့အသိစိတ်နဲ့သူလှူတာကို မလှူရဘူးလို့ တားဆီး ပိတ်ပင်လိုက်မယ် ဆိုရင် ဘုန်းကြီးဆိုတာ ငါတို့လှူလို့မရဘူးလို့ ထင်သွားမှာပေါ့။ ကလေးတွေကို အဲဒီလို စိတ်မျိုးဖြစ်အောင် မလုပ်ရဘူး။ သူက ဒီနေ့ သူလုပ်ထားတဲ့ မုန့်လေးနဲ့ သံဃာကိုရည်စူးပြီး ဆွမ်းအဖြစ် ကပ်လို့ရတယ်ဆိုရင် ... နောက်တစ်နေ့ သူခူးထား ပန်းလေးနဲ့ သံဃာကြွလာရင် ကပ်မှာပေါ့။ နောက်တော့ သူစားမယ့် သစ်သီးလေးကို ကပ်ချင်လည်း ကပ်မှာပေါ့။ ကလေးတစ်ယောက်ရဲ့ ထက်သန်တဲ့ လှူဒါန်းလိုစိတ်ကို ဟဲ့ မလုပ်နဲ့ မလှူနဲ့ဆိုပြီး ပိတ်ပင်လိုက်ရင် သူက နောက်ဆိုရင် လှူရမှာ သံသယဖြစ်သွားတတ်တယ်”


မောင်ကျောင်းသားက သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်


“ဆွမ်းတော်ခင်ဗျ” ဟု ဆက်အော်သည်


အိမ်ထဲမှ


“ရပ်တော်မူပါဦးဘုရား” ဟု အော်သံကြားလိုက်ရသည်။


အနောက်တွင် ကျန်ခဲ့သော ကလေးကည်း


“မုန့်တွေရမယ်နော် ... မုန့်တွေ ... တစ်ချပ်မှ တစ်ပြား” ဟု အော်လိုက်သည်။


ဦးဇင်းလေးက ပြုံးလိုက်သည်။


(Ref: Little girl donation to saint)


တင်ညွန့်


၂၀.၁၁.၂၀၂၂