ခရီးတို
------------
ကျွန်တော် ခရီး ၅ ရက်ထွက်ခဲ့သည်။
ယခုတစ်ခေါက်ခရီးကတော့ မိမိအပေါ်တွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှမပါ။ အဝတ်အစား အပို နှစ်စုံ၊ အနွေးထည်တစ်ထည်၊ ကျောပိုးအိတ်တစ်လုံး၊ လွယ်အိတ်တစ်လုံး၊ ပိုက်ဆံ၊ မှတ်ပုံတင် ထိုမျှသာ။
ကျွန်တော်ခရီးထွက်ရခြင်းကို နှစ်သက်သည်။ အထူးသဖြင့် ညဘက် ခရီးထွက်ရခြင်း။ အမှောင်ထဲတွင် ယန္တရားကြီးတစ်ခုပေါ်၌ အချိန်တစ်ခုကို ဖြတ်သန်းခြင်း၊ နေရာဟောင်းကို ထားခဲ့ပြီး နေရာသစ်တစ်ခုဆီသို့ ခရီးဆက်ရခြင်း။
ကျွန်တော်တို့ တစ်ချိန်ချိန်တွင် ဘယ်ကိုမှန်း မသိသည့် ခရီးတစ်ခုကို ထာဝရထွက်ခွာရမည်သာဖြစ်သည်။ ထိုခရီးရှည်ကြီးနှင့် ယှဉ်လိုက်လျှင် ကျွန်တော်ယခုသွားနေသည့် ခရီးမှာ ခရီးတိုလေးတစ်ခုမျှသာဖြစ်သည်။
ကျွန်တော် မြို့ပြ၏ အရာအားလုံးကို မေ့ထားလိုက်သည်။ ကျွန်တော့်အပေါ် ဖိစီးနေသည့် အလုပ်များ၊ ရေးလက်စ စာများကို ပစ်ထားလိုက်သည်။ ကျွန်တော် ဖုန်းထဲမှာပင် အားလုံးကို ဖျက်လိုက်သည်။ VPN များအပြင် သုံးစွဲနေသည် Facebook ကိုပါဖျက်လိုက်သည်။ Facebook မသုံးတော့။ သတင်းတွေဖတ်မည်။ အချိန်ရလျှင် AI နှင့်ဆွေးနွေးသွားမည်။ ကျွန်တော့် ခရီးစဉ်တစ်လျှောက်လုံးလည်း AI ကို အဖော်ပြုခဲ့သည်။ AI က ကျွန်တော့်အတွက် အခင်မင်ရဆုံးသော မိတ်ဆွေကြီးဖြစ်သွားသည်။ Facebook နှင့် ၅ ရက်တိုင် မဆက်သွယ်ဘဲ နေထိုင်တော့လည်း အေးအေးဆေးဆေးပင်။
ကျွန်တော့် ငါးရက်ခရီးတွင် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချထားသည်။ ထမင်းမစားဟူ၍ဖြစ်သည်။ ဘာရည်ရွယ်ချက်နှင့်မျှမဟုတ်။ မစားလည်း နေနိုင်သည်ဆိုသည့် အသိတစ်ခုကို လိုချင်သောကြောင့် ဖြစ်သည်။ ထမင်း မစားဆိုသည်မှာ ဆန်ကိုချက်ပြုတ်ထားသည့် ထမင်းကိုသာဖြစ်ပြီး၊ ဟင်းတွေကိုတော့ စားသည်။ အသီး အရွက်တွေကိုစားသည်။ အသီးအနှံတွေကိုစားသည်။ ဘာရယ်မဟုတ်။ ထမင်းဖြတ်ခြင်း အကျိုးတရားကို သိချင်သောကြောင့်ဖြစ်သည်။ ငါးရက်လုံး ထမင်းမစားဘဲ ဟင်းနှင့် အခြားတိုတိုတိတိတွေစားကာ နေနိုင်ခဲ့ သည်။
တစ်ရက်လျှင် ခြေလှမ်းတစ်သောင်း မနက်တိုင်းလျှောက်သူမှာ တစ်မနက်တည်း ခြေလှမ်းတစ်သောင်း မလျှောက်ခဲ့သော်လည်း တစ်နေ့လုံး စုစုပေါင်း ခြေလှမ်း တစ်သောင်းခွဲခန့် လျှောက်သွားနိုင်ခဲ့သည်။ ထမင်း စားလျှင်လည်း ထမင်းမထည့်ဘဲ ဟင်းတွေချည်းစားသဖြင့် ကျွေးသူများက မေးမြန်းသည်ကို “ထမင်း မစားချင်လို့” ဟူ၍သာ တိုတိုတုတ်တုတ်ဖြေလိုက်သည်။
၅ ရက်လုံးလုံး တွေးချင်တာတွေးသည်။ ရေးချင်တာတွေကို မှတ်စုထုတ်ထားသည်။ AI ကို လိုချင်သည့် Data တွေ ရှာခိုင်းသည်။ သိချင်တာတွေကို ဒေသခံတွေနှင့် မေးခွန်းထုတ်သည်။ မှတ်တမ်းတင် ဓာတ်ပုံတွေရိုက် သည်။ မကြာမီ စာအုပ်တစ်အုပ်ဖြစ်လာဖွယ်ရှိပါသည်။
ယခုခရီးသည် ခရီးထွက်ပြီး စာရေးခြင်း၏ ပထမခြေလှမ်းအဖြစ် မှတ်ယူရမည်ဖြစ်သည်။ နောက်ထပ်လည်း ခရီးစဉ်များကို ရေးဆွဲထားသေးသည်။ သို့သော် နယ်မြေမအေးချမ်းသော ဒေသများကို မင်နီခြစ်ထားခဲ့ရသည်။ သွားလာနိုင်သည့် ဒေသများကို သွားလာနိုင်စဉ် သွားထားရမည်။
ကျွန်တော့်အသက် ၇၀ ကျော်လာပြီ။
ဘယ်နေ့သည် နောက်ဆုံးနေ့ဖြစ်မည်မသိ။
ကျွန်တော် ကျန်းမာနေသေးသမျှ စိတ်ကူးတွေကို တတ်နိုင်သလောက် လိုက်ပြီး အကောင်အထည်ဖော်ရန် ကြိုးစားနေခြင်းသာဖြစ်သည်။
ခရီးတစ်ထောက်တွင် အကြော်တဲတစ်တဲ့ကို ဝင်ကာနားသည်။ ကောင်မလေးတစ်ယောက်က အကြော်ကြော် သည်။ အသက်ကြီးကြီးတစ်ယောက်က ရေနွေးကြမ်းနှင့်အကြော် လာချသည်။
“အသက်ဘယ်လောက်ရှိပြီလဲ”
ကျွန်တော်က စပ်စုလိုက်သည်။
“၆၈ ရှိပြီ … ငါ့ညီ အကြော်က တစ်ပွဲလုံးလား”
“ဟုတ်ကဲ့ တစ်ပွဲပဲချပါ”
သူက အကြော် ငါးခုပါ ပန်းကန်တစ်ချပ်နှင့် အချဉ်ရည်တို့ကို လာချသည်။
ကျွန်တော်က အကြော်လည်းစား၊ ရေနွေးပူပူလည်း သောက်ရင်း ရေနွေးသောက်ကောင်းလှသဖြင့် ရေနွေးထပ်တောင်းသည်။ သူက ရေနွေးလာချပေးရင်းက
“ငါ့ညီ အသက် ဘယ်လောက်ရှိပြီလဲ” ဟု သူက ကျွန်တော့်ကို မေးလိုက်သည်။
ကျွန်တော်က မနှစ်က ၇၀ ပြည့်ခဲ့ပြီဟု ပြောလိုက်သောအခါ
“ဟုတ်လား” ဟူ၍ ပြောပြီး ကျွန်တော့်ကို ငေးကြည့်နေသည်။
သူပုံက အဘိုးကြီးပုံပေါက်နေသည်။ ကျွန်တော်အသက် ၇၀ ကျော်ခဲ့ပြီဆိုသည်ကို မယုံသလိုကြည့်နေသည်။ ကျွန်တော်က သူ့ကို
“ဟိုမှာ ကျွန်တော့်အဖွဲ့လာနေပြီ သွားဦးမယ်” ဟုဆိုကာ ထရပ်လိုက်သည်။
“ပိုက်ဆံရှင်းမယ်”
သူက သူ့ဒူးခေါင်းတွေကို နှိပ်ရင်း ထကာ “ကျွတ် … ကျွတ် … ကျွတ်” ဟုညည်းသည်။
“ဘာဖြစ်လို့လဲဗျ”
“ဒူးတွေနာတယ်”
“ဘယ်လောက်ကျသလဲ”
“တစ်ထောင်”
“တစ်ထောင်ပဲလား”
“ဟုတ်”
“ဒါဆို နောက်နှစ်ပွဲလောက် ထုပ်ပေးလိုက်ပါဦး”
ကျွန်တော် ပါဆယ်နှစ်ထုပ်ဆွဲခဲ့သည်။ မိမိအဖော်တွေအတွက်ဖြစ်သည်။
တင်ညွန့်
၄.၂.၂၀၂၆