နေရာအလိုက်တန်ဖိုး
-------------------
သာလွန်မင်းလက်ထက်က ဗညားကျန်းတောဆိုတဲ့ ဝန်ကြီးတစ်ပါးရှိသတဲ့။ တရားမျှတပြီး ဖြောင့်မတ်စွာ စီရင် ဆုံးဖြတ်တတ်တာကြောင့် နာမည်ကျော်တာပဲ။ တရားစီရင်ရာမှာ ကျောသား ရင်သားမခွဲခြား၊ တရားမျက်နှာပဲ ကြည့်တတ်တာကြောင့်လည်း ထင်ရှားတယ်။
ဗညားကျန်းတောရဲ့ ချစ်စရာကောင်းတဲ့ ကိုယ်ကျင့်တရားကို ခေတ်လူများ သိထားစေချင်တယ်။
ဖြောင့်မတ်မှန်ကန်ပြီး ရဲစွမ်းသတ္တိရှိတာကြောင့် တစ်နေ့မှာ သားနှစ်ယောက်ကို လွှတ်တော်ကခေါ်ပြီး ဘွဲ့တွေပေးကာ ချီးမြှောက်တယ်။ သူတို့ဖခင်က ဘယ်လိုချီးမြှောက်တာကိုမှမခံ မှန်လွန်းတော့ ကြောက်ကြ တာကိုး။ ဒါကြောင့် သားတွေကိုခေါ်ပြီး ဘွဲ့ပေးတာ။
ဘွဲ့တွေရလာတဲ့ သားနှစ်ယောက်က ဖခင်ကိုပြောတာပေါ့။ ဘွဲ့ထူး ဂုဏ်ထူးတွေရလာတာကို ဝမ်းသာအားရနဲ့။ ဗညာကျန်းတောက ဘာပြန်ပြောတယ်ထင်သလဲ
“နင်တို့ ဘွဲ့အမည် ရထိုက်အောင် တစ်စုံတစ်ခုမျှ မပြုရသေး။ နင်တို့အမှုထမ်း၍ ခွေးတစ်ကောင်ကိုမျှ မရနိုင်သေး။ မတန်ဘဲနှင့် ယူခြင်းသည် ရှက်ဖွယ်ဖြစ်သည်။ နင်တို့က ဤကဲ့သို့ ဘွဲ့အမည်ယူလျှင် အမှန်တကယ် ဆောင်ရွက်၍ ထိုက်တန်သူတို့မှာ အဘယ်ဘွဲ့အမည်ကို ယူရမည်နည်း။ မတန်သည်ကို မလိုချင်နှင့်။ ပြန်၍ပေးလေ” လို့ ပြတ်သားစွာပြောပြီး ဘွဲ့ကို ပြန်အပ်ခိုင်းတယ်။ ဖခင်ကိုကြောက်လည်း ကြောက် ဟုတ်လည်း ဟုတ်နေတော့ ဘွဲ့ပြန်အပ်တယ်ဆိုတဲ့ မှတ်တမ်းရှိပါတယ်။
ထိုက်မှတန်တယ်တဲ့
ဗညာကျန်းတောက သူ့နေရာနဲ့သူ၊ သူ့အလုပ်နဲ့သူကိုလည်း အလွန်အလေးထားတာပဲ
တစ်နေ့တော့ သာလွန်မင်းက တိုင်းခန်းလှည့်တော့ ဗညာကျန်းတောကို နောက်တော်ပါးက လိုက်ရမယ်လို့ အမိန့်ထုတ်တယ်။ သူ့ဝန်ကြီးကို ဘယ်မျှ စွမ်းသေးလဲလို့ စမ်းချင်တာနဲ့ ဆင်ရိုင်းကို စီးခိုင်းတယ်။ ဆင်ရိုင်းကို စီးပြီး လမ်းကြမ်းကိုမှ ရွေးသွားတယ်။ ဆင်ကလည်း ပညာပြ ဝုန်းဒိုင်းကြဲနေချိန် လူတွေထဲရောက်လာတယ်။
အဲဒီအချိန်မှာ ဆီသည်မ ဆီရောင်းနေတဲ့ရှေ့တည့်တည့် ဆင်ကပြေးဝင်၊ ဗညားကျန်းတောက ဆင်ကို အချိန်မီ ချွန်းအုပ်နိုင်လိုက်လို့ ဆီသည်မကိုမနင်း သက်သာသွားတယ်။
ဗညာကျန်းတောက
“ငါ့ချွန်းချက်ပိုင်လို့ နင်မသေ ... ကံကောင်းလှတယ်” လို့ ပြောလိုက်တယ်
ဒီတော့ ဆီသည်မကလည်း ခေသူမဟုတ်တော့
“လေ့ကျွမ်းရာ ... ကျင်လည်ကြသည်” လို့ပြန်ပြောလိုက်တယ်။
ကျွမ်းကျင်ရာ လိမ္မာကြတယ်လို့ ဆီသည်မ ပြောတဲ့စကားက ဗညာကျန်းတောကို အံ့အားသင့်သွားစေတယ်။ သူမကျေနပ်ဘူး။ မင်းကြီးနဲ့ ဆက်လိုက်တယ်။ နန်းတော်ထဲပြန်ရောက်မှ ဆီသည်မဆီကို တစ်ခါပြန်လာတယ်။
“ဟဲ့ ဆီသည်မ လေ့ကျွမ်းရာ ကျင်လည်ကြသည်ဆိုတာ ဘာကိုပြောတာလဲ လျှောက်တင်စမ်း”
“အရှင် ဟောဒီ ဆီဘူးထဲကို ဆီလောင်းထည့်ပြပါ” လို့ပြောလိုက်တယ်။
ဆီဘူးပေါက်သေးသေးထဲကို ဗညားကျန်းတောက ဆီအိုးထဲက ဆီကို မှုတ်နဲ့ခပ်ပြီးလောင်းထည့်တယ်။ ဆီက မဝင်ဘူး ဖိတ်ကျကုန်တယ်။
ဆီသည်မက ဆီဘူးပေါက်သေးသေးလေးထဲ ဆီမှုတ်ကို ပင့်မြှောက်ပြီးတော့ အမြင့်ကြီးကနေ လောင်းထည့် ပြလိုက်တယ်။ တစ်စက်မျှ မဖိတ်ပဲဝင်တယ်။
ဆင်ကျွမ်းသူက ဆင်စီးပြီး အချိန်မီ ချွန်းသတ်နိုင်တာ သူ့လေ့ကျွမ်းရာပဲ
ဆီသည်မကလည်း ဆီဘူးပေါက်သေးသေးထဲကို ဆီမဖိတ်အောင် လောင်းထည့်နိုင်တာလည်း သူ့လေ့ကျွမ်းရာပဲ
မင်းကြီးလည်း အသိတွေအများကြီးရသွားတယ်။ ဆီသည်မကို ဆုလာဘ်တွေပေးခဲ့တယ်။
ပညာရှိသူတွေဟာ မတော်တာကို မယူဘူး
မလျော်တာကို နားလည်ဆင်ခြင်နိုင်တယ်
မတန်တာကိုလည်း မာန်မရှိဘူး
ပညာကို ဘယ်သူကပေးပေး ခံယူနိုင်စွမ်းရှိတယ်
ကိုယ့်နေရာကိုယ်သိ သတိမမေ့အောင်နေတတ်တယ်။
(ကိုးကား - မှော်ဘီဆရာသိန်း၊ ရှေးဖြစ်စာတမ်း၊ နှောင်းဖြစ်စာတမ်း၊ ရှေးဟောင်းရှေးဖြစ်စာတမ်း)
တင်ညွန့်
၇.၁၂.၂၀၂၀