ဉာဏ်နှင့်ပညာ

 ဉာဏ်နှင့်ပညာ

----------------

တနင်္ဂနွေနေ့က ကျွန်တော်နှင့် မောင်ကျော်စွာ Capital ကို သွားကြသည်။ ကျွန်တော်တို့နှစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်ကြသည်။ ကျွန်တော်က ခေါက်ဆွဲကြော်၊ သူက ထမင်းကြော်မှာပြီး ထိုင်စောင့်နေကြသည်။


အချိန်က လူကျချိန်ဖြစ်သဖြင့် အတော်လေးစောင့်နေရသည်။ ဆိုင်ထဲတွင်လည်း လူတွေပြည့်နေသည်။ ကျွန်တော်တို့ ဘေးဝိုင်းတွင် အတွဲတစ်တွဲထိုင်နေကြသည်။ အရွယ်တွေကတော့ သိပ်မငယ်ပါ။ ၃၀ ဝန်းကျင် အရွယ်တွေလောက်ဖြစ်မည်။


ကျွန်တော်သတိထားမိသလောက် သူတို့နှစ်ယောက် စကားများနေကြသည်။ ဘေးနားတွင်ဖြစ်နေသဖြင့် သူတို့ ပြောဆိုနေသည်တို့ကို အတိုင်းသားကြားနေရသည်။ ပထမတော့ အသံတိုးတိုး၊ နောက် အမျိုးသမီးက အသံကျယ်လာသည်။ အမျိုးသားက


“လူတွေနဲ့ ရှက်စရာကောင်းတယ်။ တိုးတိုးပြော” ဟု ပြောလိုက်သည်။


အမျိုးသမီးက ပွဲထကြမ်းသည်။ သူ့ရှေ့က ရေခွက်နှင့် အမျိုးသား မျက်နှာကို ပက်လိုက်ပြီး ဆိုင်ထဲက ထွက်သွားသည်။


သူတို့လည်း တစ်ခုခုမှာထားပုံရသည်။ အမျိုးသားက တစ်သျှူးတွေကိုထုတ်ပြီး အေးဆေးစွာပင် သူ့မျက်နှာတွေ၊ အင်္ကျီတွေကို သုတ်နေသည်။ လူတွေက သူ့ကို ဝိုင်းကြည့်နေကြသည်။ ကျွန်တော်တို့က သူထသွားမလား ထင်နေသည်။ သူက ထမသွား။ တည်ငြိမ်စွာပင် ဆက်ထိုင်နေသည်။


မကြာမီ ကျွန်တော်တို့ဝိုင်းကိုရော သူ့ဝိုင်းကိုပါ မှာထားတာတွေ ရောက်လာသည်။ ထိုသူက


“ညီလေး ဒီတစ်ပွဲကို ပါဆယ်ထည့်လိုက်ပါ” ဟုဆိုကာ အမျိုးသမီးအတွက် မှာထားသည့်ပွဲကို ပါဆယ်ထည့် ခိုင်းလိုက်သည်။ ထို့နောက် သူက သူမှာထားသည့်ပွဲကို တည်ငြိမ်စွာစားနေသည်။


ကျွန်တော်တို့လည်း ကျွန်တော်တို့ မှာထားသည်များ ရောက်လာသဖြင့် စားနေကြသည်။ ထိုဘေးဝိုင်းမှလူက ကျွန်တော်တို့ထက် ဦးစွာစားသောက်ပြီးသဖြင့် ထသွားသည်။


ကျွန်တော်နှင့် မောင်ကျော်စွာက အအေးတစ်ယောက်တစ်ခွက်ထပ်မှာလိုက်သည်။


ကျွန်တော်က


“မောင်ကျော်စွာ မင်းဘာမြင်လိုက်သလဲ”


“ကျွန်တော်လည်း ဆရာမြင်သလိုပဲ မြင်လိုက်တယ်လေ”


“မင်းကို တစ်ခုမေးမယ် ဉာဏ်ရှိသူ (Intelligent person) နဲ့ ပညာရှိသူ (Wise person) ဘာကွဲသလဲ”


“ဘာကိုဆိုလိုတာလဲဆရာ”


“စောစောက ဟိုဘက်ဝိုင်းကနှစ်ယောက်ကိုကြည့်ပြီး Intelligent နဲ့ Wise ဘယ်လိုကွာခြားတယ်ဆိုတာ မင်းကိုပြောချင်လို့ပါ”


“ကျွန်တော်ကတော့ အမျိုးသမီးကို ဉာဏ်ရော၊ ပညာရော မရှိသူလို့ပြောချင်တာပဲဆရာ”


“ဒါဆိုရင် အမျိုးသားကိုရော …”


“အင်း သူ့ကို ဘယ်လိုပြောရမလဲ … ပညာရှိလား … ဉာဏ်ရှိတဲ့သူလား။ ဉာဏ်ရှိတာနဲ့ ပညာရှိတာ မတူဘူးလား ဆရာ။ ဉာဏ်ရှိရင် ပညာရှိရမှာပေါ့။ ပညာရှိရင်လည်း ဉာဏ်ရှိရမှာပေါ့”


“မတူဘူးမောင်ကျော်စွာ ဉာဏ်နဲ့ ပညာမတူဘူး”


“ရှင်းပြပါလားဆရာ”


“ဉာဏ်ရှိတယ်ဆိုတာက ဗဟုသုတတွေ အများကြီးပိုင်ဆိုင်ထားကောင်း ပိုင်ဆိုင်နိုင်တယ်၊ ဥပမာကွာ သမိုင်း၊ သိပ္ပံ၊ ဒဿနစတာတွေကို အများကြီး သိနိုင်တယ်။ သူဟာ အဲဒီလို သိတာတွေကြောင့်လည်း သူသိထား တာတွေကို အများကြီးပြောချင်နေတဲ့သူ။ အမြဲဆွေးနွေးနေချင်တဲ့သူ။ သူပြောတာကို လက်ခံရင် သဘောတူရင် သူနဲ့ စိတ်တူကိုယ်တူလို့ သတ်မှတ်ပြီး သူကချည်းပြောဖို့ ကြိုးစားတော့တာပဲ။ သူတစ်ပါးအတွေး၊ အမြင်၊ အကြံ တွေကို လုံးဝလက်မခံတော့ဘူး။ ငါပြောတာမှအမှန်လို့ဆိုတဲ့သူတွေဟာ ဉာဏ်ရှိသူတွေပေါ့”


“ပညာရှိကရောဆရာ”


“ပညာရှိကလည်း ဉာဏ်ရှိသူ တစ်ယောက်လိုပဲ သူလည်း သိထားတာတွေ တတ်ထားတာတွေ အများကြီး ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ သူက အဲဒီပညာတွေကို ဘယ်နေရာမှာ၊ ဘယ်လိုအချိန်မှာ ကောင်းကောင်း အသုံးချရမယ်ဆိုတာကို သိတဲ့သူကို ပညာရှိလို့ခေါ်တာ။ ဥပမာကွာ ပညာရှိဆိုတာ အရေးမကြီးတဲ့ကိစ္စတွေ အတွက် အချိန်ကုန်ခံပြီး စကားများတာမျိုး၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတွေ ဘယ်တော့မှ မလုပ်ဘူးကွ။ သူဟာ အခြေအနေတစ်ခုကို အကဲခတ်တယ်။ ကိုယ့်ပတ်ဝန်းကျင်ကို နားလည်အောင် ကြိုးစားတယ်။ ဘာလုပ်လိုက်ရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာ ဆင်ခြင်နိုင်တယ်။ ဒါကြောင့် ပညာများများ ရှိလေ နှုတ်ကိုစောင့်စည်းလေပဲ”


“ဆရာ ဘာကို ပြောလိုတာလဲဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်ဆရာ။ ဉာဏ်ရှိတိုင်း ပညာမရှိနိုင်ဘူး ဆိုတာကို ပြောချင်တာ မဟုတ်လား”


“အေးကွ … ဘွဲ့ဆိုတာ ပညာမဟုတ်ဘူးကွ။ ဘွဲ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အကောင်း အဆိုး၊ အကြောင်း အကျိုး၊ အမှား အမှန်ကို ဝေဖန်ပိုင်းခြားပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်၊ မလုပ်သင့် မလုပ်ထိုက်တာကိုရှောင်မယ်ပေါ့။ ပညာရှိအောင် နေစေချင်လို့ မင်းကိုပြောတာ”


“ကျွန်တော် သဘောပေါက်ပါပြီဆရာ”


“ပိုက်ဆံရှင်းမယ်ကွာ။ စားပွဲထိုးကိုခေါ်လိုက်”


ကျွန်တော်က ကျသင့်သည်တို့ကို ရှင်းပေးလိုက်သည်။


ကျွန်တော်တို့ ကုန်တိုက်ထဲလှည့်ပြီး အိမ်အတွက် လိုအပ်တာလေးတွေဝယ်သည်။


ကျွန်တော်တို့အပြင်ကို အထွက်တွင် စောစောက ကျွန်တော်တို့ဝိုင်းဘေးကထသွားသောသူမှာ ဖော့ဘူးထုပ်ကို ဆွဲပြီး အပြင်တွင် တစ်ယောက်တည်း ရပ်နေသည်ကို တွေ့လိုက်ရသည်။


သူ တစ်ယောက်ယောက်ကို စောင့်နေခြင်းဖြစ်မည်။


တင်ညွန့်


၂.၉.၂၀၂၅