ယုံကြည်မှုနှင့်ရှေ့ဆက်ခြင်း

 ယုံကြည်မှုနှင့်ရှေ့ဆက်ခြင်း

-------------------------

ယုံကြည်မှုဆိုသည်မှာ စိတ်ခွန်အားဖြစ်သည်။ “ယုံ” လျှင် စိတ်က အလိုလို “ကြည်”လာသည်။


အောင်မြင်မှုသည် ယုံကြည်မှုအပေါ်တွင်တည်သည်။ အောင်ကို အောင်ရမည်ဟု ယုံကြည်လျှင် အောင်မြင် မည်သာဖြစ်သည်။ မည်သည့်အလုပ်ကိုမဆို မလုပ်မီကတည်းက အောင်ကို အောင်ရမည်ဆိုသော စိတ်ဓာတ် ထားလိုက်လျှင် ခွန်အားတွေ အလိုလိုတက်ကာ စွမ်းအားတွေကလည်း မြင့်လာသည်။  


ယုံကြည်လာလျှင် အခက်အခဲတွေ မည်မျှတွေ့စေ ကျော်လွှားနိုင်ရန် နည်းလမ်းတွေကို အလိုလိုတွေ့လာ တတ်သည်။ ကျော်ကို ကျော်ဖြတ်နိုင်ရမည်ဆိုသည့် ယုံကြည်ချက်ရှိမှ အခက်အခဲတွေကို ကျော်ဖြတ်နိုင်သည်။ 


အောင်မြင်မှုတစ်ခုတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရေးကြီးသည်။ 


အောင်ကိုအောင်ရမည်ဆိုသော စိတ်နှင့် မိမိလုပ်ကိုင်နေသောအလုပ်ကို စူးစိုက်နှစ်မြှုပ်ထားမည်၊ အဆုပ်မနစ်လုပ်မည်၊ မည်သည့် အကြောင်းနှင့်ဖြစ်စေ လက်မလျှော့ဆိုသည် ဇွဲနှင့် ကြိုးစားသူတွေသာ အောင်ပန်းကို ဆွတ်ခူးနိုင်သည်။ 


“မချစ်နိုင်သည်ကို ချစ်အောင်လုပ်နိုင်မှ ချစ်ခြင်းအစစ်


ခွင့်မလွှတ်နိုင်သည်ကို ခွင့်လွှတ်နိုင်အောင် လုပ်နိုင်မှ ခွင့်လွှတ်ခြင်းအစစ်


မယုံကြည်နိုင်သည်ကို ယုံကြည်အောင် လုပ်နိုင်မှ ယုံကြည်ခြင်းအစစ်


မမျှော်လင့်နိုင်သည်ကို မျှော်လင့်နိုင်မှ မျှော်လင့်ခြင်းအစစ်” ဟု ဂီးလ်ဘတ် ချက်စ်တာတန်ကဆိုထား၏။


မိမိလုပ်နေသည့် အလုပ်ကို တန်ဖိုးထားကာ ယုံကြည်ကြည့်လိုက်ပါ။ စိတ်ကအလိုလို ခိုင်မာလာပါလိမ့်မည်။ ယုံကြည်ချက်ခိုင်မာလာလျှင် ကိုယ့်ရှေ့က ပိတ်ထားသည့် အတားအဆီးများကို တစ်ခုချင်း ကန်ဖွင့်သွားနိုင်ပါ လိမ့်မည်။

 

“ငါ့ကို ယုံကြည်ကြ” ဟု မည်သူမျှ အတင်းအဓမ္မ မခိုင်းနိုင်ပါ။ 


ယုံကြည်မှုကို မိမိကိုယ်တိုင်ကသာ အဆုံးအဖြတ် ပြုနိုင်သည်။ အဓမ္မယုံကြည်ခိုင်းမှုသည် အဓမ္မလမ်းကြောင်း အတိုင်း ဆင်ကန်းတောတိုးသလို ဖြစ်ပါလိမ့်မည်။ ယုံကြည်ချက်ဖြင့် ခရီးဆက်နေသူများသည် မိမိ ယုံကြည်ရာလမ်းကို လွတ်လပ်စိတ်ဖြင့် လျှောက်မှ လွတ်မြောက်သည်။


ရွိုင်း တီ ဘင်းနက်ကဆိုသည်


“အိပ်မက်တွေကို ရပ်မပစ်လိုက်ကြနဲ့


ယုံကြည်မှုကိုလည်း ရပ်မပစ်လိုက်နဲ့


ဘယ်တော့မှလည်း လက်မလျှော့နဲ့


ကြိုးပမ်းနေတာကိုလည်း ရပ်မပစ်လိုက်နဲ့


လေ့လာသင်ယူနေတာကိုလည်း ရပ်မပစ်လိုက်နဲ့” ဟု ဆိုသည်။


ယုံကြည်ချက်ခိုင်ခိုင်ထား


အားမလျှော့လိုက်ပါနှင့်


အောင်မြင်မှုက လက်တစ်ကမ်းတွင်ရှိ၏။


ဗုဒ္ဓက 


“မိမိခန္ဓာကိုယ်သည် ကွဲပျက်လွယ်သော အိုးနှင့်တူသည်ကိုသိ၍


မိမိစိတ်ကို ကြံ့ခိုင်သော မြို့ကြီးသဖွယ် တည်စေ၍


ပညာတည်းဟူသော လက်နက်ဖြင့် 


မာရ်နတ်ကို စစ်ထိုးရာ၏


အောင်၍ ရအပ်သော အကျိုးတရားများကိုလည်း


တွယ်တာ ကပ်ငြိခြင်းမရှိ၊ စောင့်ရှောက်ရာ၏” ဟု မိန့်တော်မူခဲ့သည်ကို ဆင်ခြင်အပ်၏။


(ဓမ္မပဒ၊ စိတ္တဝဂ်)


တင်ညွန့်


၂၃.၁.၂၀၂၂