စိတ်ကောင်းရှိဖို့လိုသည်

 စိတ်ကောင်းရှိဖို့လိုသည်

------------------------

ချာလီချက်ပလင်၏ အာဏာရှင်ကို သရော်သော ရုပ်ရှင်ထဲတွင်ထင်ပါသည်။ ဟစ်တလာပုံစံဖမ်းထားသော ချာလီချက်ပလင်နှင့် မူဆိုလိုနီပုံဖမ်းထားသောသူတို့နှစ်ယောက် ယှဉ်ထိုင်ရာ၌ ထိုင်ခုံကို သူ့ထက်ငါ မြင့်အောင် လုပ်ကြသည့်အခန်းမှာ အာဏာရှင်တို့၏ စရိုက်ကို အပီပြင်ဆုံး ဖော်ပြချက်ဖြစ်သည်။


အာဏာကို သိမ်းပိုက်ယူသူ အာဏာရှင်တို့သည် သူတို့ကိုယ်သူတို့ သူများ ထက်ပိုပြီး မြင့်မြတ်သည်၊ ကြီးကျယ်သည်ဟုထင်ကြသည်။ သူတို့က မထင်လျှင်လည်း သူတို့ကို မှီခိုကာ ကပ်ပါးရပ်ပါး စားသောက် နေထိုင်သူတို့က သူတို့ကို ကြီးကျယ်မြင့်မြတ်သူများဟု အထင်ရောက်စေရန် ခေါင်းပေါ်တင်ကာ နေရာပေး ကြသည်မှာ ထုံးစံလိုဖြစ်သွားသည်။


အဘယ်ကြောင့်နည်း


“ငါတို့ကိုးကွယ်နေသူမှာ ကြီးမြတ်သူတစ်ယောက်ဖြစ်သည်” ဟု သူတို့ကထင်သလို ထိုသို့ထင်စေရေး အတွက် ပြုလုပ်ရန်မှာလည်း သူတို့တာဝန်တစ်ခုအဖြစ် ယူဆကြသောကြောင့်ဖြစ်သည်။ 


ဦးနေဝင်းခေတ်က အမှတ်ရကြပါလိမ့်မည်။ သူ့အတွက် အခမ်းအနား အစည်းအဝေးများတွင် အခြား ထိုင်ခုံများထက် ပိုမြင့်သော သီးခြားထိုင်ခုံတစ်ခုံကို စီစဉ်ပေးထားရသည်။ သူက သူများထက်ထူးပြီး ထီးထီးကြီးဖြစ်နေသည်ကို ပါတီညီလာခံပွဲတိုင်းလိုလို၌ တွေ့ကြရမည်ဖြစ်သည်။ 


မြှင့်တိုင်း မြင့်သလား စဉ်းစားကြစေချင်သည်။


နောက်ပိုင်းတွင်လည်း ဘုရား၊ တရား၊ သံဃာတို့ကို ရှိခိုးရာတွင် တင်ပျဉ်ခွေကာ ရှိခိုးသူတွေ၊ ထိုင်ခုံပေါ်မှ မဆင်း ရှိခိုးနည်းတွေနှင့် အမြင်မတော် ရှိခိုးလာကြသည်များကို တွေ့ရသည်မှာ ဗုဒ္ဓဘာသာ တစ်ဦး အနေဖြင့် မျက်စိရှက်စရာ ဖြစ်ခဲ့ရပါသည်။ 


ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပူဇော်ရာတွင် “အာမိသပူဇာ” ဝတ္ထုပစ္စည်းတို့ဖြင့် လေးနက် မြတ်နိုးစွာ ရှိခိုးပူဇော်ခြင်းနှင့် “ဓမ္မပူဇာ” တရားဓမ္မတို့ဖြင့် ပူဇော်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ 


ထိုသို့ရှိခိုးပူဇော်ရာ၌လည်း “အဂါရဝ” မဖြစ်စေရန် ဂရုစိုက်ကြရသည်။ အလေးအမြတ်ပြုခြင်း ခံရမည့် သူက အောက်၊ အလေးအမြတ်ပြုသူက အထက်မရောက်စေရန် နေထိုင်ခြင်းမှာ ဗုဒ္ဓဘာသာဝင်ဆိုလျှင် ငယ်စဉ်ကတည်း သိပြီးဖြစ်ရမည်။ လက်ဦးဆရာ အရေးကြီးသည်။


ရဟန်းသံဃာမှသည် ရှင်သာမဏေအထိ မြင့်မြတ်သောနေရာတွင် ထားကာ ရှိခိုးပူဇော်ကြရသည်မှာ ဓလေ့ထုံးစံဖြစ်သည်။ လူချင်း အတူတူဖြစ်လျှင်သော်မှ ကိုယ့်ထက် အသက်ကြီးသူမှန်လျှင် မြင့်သည့်နေရာ လေးစားရမည့်နေရာတွင် ထားလေ့ရှိကြသည်မှာလည်း မြန်မာ့ဓလေ့ ထုံးစံ ဖြစ်သည်။


ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားကာ တန်ဖိုးထားရမည်ဟုလည်း ဗုဒ္ဓဘာသာဝင် မှန်လျှင် သိကြသည်။ ရာထူးမည်မျှကြီးကြီး၊ ရာထူးမည်မျှကြီးသောသူ၏ ဇနီးသားသမီးဖြစ်ဖြစ် ဘုရား၊ တရား၊ သံဃာတို့နှင့် တစ်တန်းတည်း ထားစရာမလိုမှန်းလည်း ဗုဒ္ဓဘာသာဝင်မှန်လျှင် သိကြသည်။


ဗုဒ္ဓဘာသာဝင်တို့၏ ရှိခိုးနည်းမှာ


“ခြေ ... လက် ... နဖူး ... တံတောင် ... ဒူး” ငါးမျိုးကို မြေပြင်၊ ကြမ်းပြင်၊ မိမိတည်ရာနေရာမှ ထိုင်နေသည့်အတိုင်း ထိခြင်း ငါးပါးဖြင့် ညီညွတ်စွာထိကာ ရှိခိုးခြင်းသာလျှင် နည်းလမ်းတကျ ရှိခိုးခြင်း ဖြစ်သည်။ ကုလားထိုင်ပေါ် ထိုင်ကာ ရှိခိုးလိုက်သည်နှင့် “ခြေ လက် နဖူး တံတောင် ဒူး” တို့သည် ထိခြင်း ငါးပါး မဖြစ်နိုင်တော့ပေ။ ထိုရှိခိုးခြင်းမှာ “ပဉ္စပတိဋ္ဌိတ” (ထိခြင်းငါးပါးဖြင့်ရှိခိုးခြင်း) မဟုတ်ဟုဆိုရမည်။ 


မြန်မာအမျိုးသမီး ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း ပုဆစ်တုတ်ထိုင်ကာ ရိုသေသမှု ပြုကြသည်။ ပုဆစ်တုတ်ထိုင်လိုက်လျှင် ဒူးနှင့် ခြေဖျားမှာ ထိပြီးသားဖြစ်နေသည်။ သို့ဖြစ်ရာ လက်ချ၊ နဖူးချလိုက်၊ တံတောင်ချလိုက်သည်နှင့် ထိခြင်းငါးပါး ပြည့်စုံသွားပါသည်။ 


ဗုဒ္ဓဘာသာဝင်များ၏ ရှိခိုးခြင်းမှာ ဂါရဝ (ရိုသေမှု)၊ နိဝါတ (နှိမ်ချမှု) သဘောကို ဖော်ဆောင်ခြင်းသာဖြစ် သည်။ ရှိခိုး ပူဇော်နေသော်လည်း ဂါရဝလည်းမရှိ၊ နိဝါတလည်းမရှိပါက အထင်အမြင်သေးစရာဖြစ်သည်။  


ဗုဒ္ဓဘာသာဝင်တို့ ရှိခိုးရာတွင်လည်း


“ရှိခိုး ပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ဘုရား” ဟု ရွတ်ဆိုကာ ရှိခိုးလေ့ရှိကြသည်။ 


“မာန်လျှော့” ဟုသာဆိုနေကြသည် အဓိပ္ပာယ်ကို သိမည်မထင်


“မာန်” ဆိုသည်မှာ “မာန” ဆိုသည့် ပါဠိစကားမှ ဆင်းသက်လာသည်။ 


မာနဆိုသည်မှာ အဘယ်နည်း


မာနဆိုသည်မှာ ငါ့ထက်တော်သူ၊ ငါ့ထက်မြတ်သူ၊ ငါ့ထက်ကြီးကျယ်သူ၊ ငါ့လောက် တန်ခိုးအာဏာရှိသူ ဤလောကတွင် မရှိဟု ထင်နေခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး သူတစ်ပါးကို နှိမ့်ချသလို ပြုမူ နေထိုင်ခြင်းမှာ “မာန” ဖြစ်သည်။ တစ်နည်း ဆိုရလျှင် မာန်မလျှော့ခြင်းသာဖြစ်သည်။ 


ဘုရား၊ တရား၊ သံဃာတို့နှင့် ရင်ဆိုင်တွေ့လာရပြီဆိုလျှင် ငါသည် ဘာမျှ မဟုတ်ပါလားဆိုကာ အလိုလို မာန်ချနိုင်မှ၊ ချိုးနှိမ်နိုင်မှ၊ ပူဇော်နိုင်မှ၊ ရိုသေလေးမြတ်နိုင်မှသာ ကြည်ညိုရာရောက်နိုင်သည်။ 


ရတနာသုံးပါးကို ပူဇော်ရာတွင် ဗုဒ္ဓဘာသာဝင်များအဖို့ ကန်တော့ခြင်း၊ ရှိခိုးခြင်းဖြင့် အလေးအမြတ် ပြုကြသည်။ လူဆိုသည်မှာ တော်ရုံလူကို ကန်တော့ချင်သောသူမဟုတ်ကြပေ။ သို့သော် ဗုဒ္ဓဘာသာဝင် တို့ကမူ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တို့ကို အလေးအမြတ်ထားကာ ရှိခိုးကန်တော့ ကြသည်သာ ဖြစ်သည်။ 


ထိုသို့ကန်တော့ရာတွင်လည်း မာန်လျှော့ကာ ကန်တော့မှ ရှိခိုးပူဇော်ရာရောက်သည်။


ကန်တော့ရာတွင် 


“ရှိခိုး ... ပူဇော် ... ဖူးမြော် ... မာန်လျှော့” ခြင်းတို့နှင့်မပြည့်စုံလျှင် ပီပြင်သော ပူဇော်ကန်တော့ခြင်းမဟုတ်


မာန်ကိုမချ၊ စိတ်ကိုမလျှော့၊ ပူဇော်ကန်တော့နေသမျှ “အဂါရဝ” အဖြစ် ကဲ့ရဲ့ခံနေရမည်သာဖြစ်သည်။


ဘုရားရှင်ဟောကြားခဲ့သော ဓမ္မစကြာတရားတော်၊ ပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်းမှာ ဓမ္မပူဇာဖြစ်ပါသည်။ တရားဖြင့် ဘုရားကို ပူဇော်ခြင်းဖြစ်သည်။ ထိုသို့ ရွတ်ဖတ်ပူဇော်သူ၏ စိတ်တွင် မဟာကုသိုလ်စိတ်များ ဖြစ်ပေါ်နေမည်မှာ သေချာသည်။ 


ဘုရားကို တရားဖြင့်ပူဇော်နေချိန်တွင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာ မစ္ဆရိယစသော အကုသိုလ်တွေ ကင်းနေပါက စိတ်ကောင်းတွေဖြစ်ပေါ်ကာ ရုပ်လည်းကောင်းလာ၏။ ရင်တွင်း၌ ဖြစ်ပေါ်နေသော စိတ်အစဉ်ကို မျက်နှာကဖော်ပြနေတတ်သည်။ သဒ္ဓါစိတ်၊ သမာဓိစိတ်၊ ပညာစိတ်၊ ပီတိ ပဿဒ္ဓိစိတ်စသော စိတ်ကောင်း စိတ်မြတ်များ ရင်တွင်းမှာ ဖြစ်နေလျှင် ရွတ်ဖတ်ပူဇော်သူ၏ မျက်နှာ မှာလည်း ကြည်လင်ဝင်းပနေတတ်သည်။ ရင်တွင်းရှိ နှလုံးသား၏အရောင်က မျက်နှာတွင် လာဟပ် တတ်ကြောင်း သတိမူသင့်သည်။


စိတ်ယုတ်လျှင်မျက်နှာ ပုပ်သည်


စိတ်ရှင်းလျှင် မျက်နှာ လင်းသည်။


တင်ညွန့်


၁.၁၂.၂၀၂၁