မိုင်တိုင်အမှတ် ၃၃၃ (စ/ဆုံး)
—————————-
“ဟိုရှေ့နားဆို ၃၃၃ မိုင် ရောက်ပြီ …အဲ့ဒီနေရာပေါ့ ကျုပ် ကားမှောက်ပြီး သေခဲ့တဲ့ နေရာ။ ကျုပ်ဗျာ အဲ့နေ့က ပြတ်သွားတဲ့ ခေါင်းကို တော်တော်နဲ့ ရှာမရလို့ ပျာယာခတ် သွားတာပဲ ”
“ဗျာ …”
ကီလိုတစ်ရာနီးပါး မောင်းနေသော အိမ်စီးကားငယ်လေးအတွင်း ယာဉ်မောင်းသူနှင့် ဘေးကပ်လျက်ခုံ၌ လိုက်ပါလာသည့် တေဇကို ကားမောင်းနှင်လာသူအမျိုးသားက ပြောလိုက်ခြင်းဖြစ်၏ ။
ကြားကြားချင်း ကိုယ့်နားကိုယ်တောင် မယုံနိုင်၊
ထိုလူအား ကြည့်လိုက်တော့လည်း ၎င်းက ကားကို ရှေ့ကြည့်၍ မောင်းနေတုန်းပင်။
ထိတ်လန့်စိတ်ဖြင့် အရှေ့သို့ ကြည့်လိုက်တော့ ညအမှောင်ထုအောက် မြင်လိုက်ရသည်က လမ်းမဘေးရှိ ဆေးဖြူသုတ်ထားသော မိုင်တိုင်ပြ အမှတ်အသားများ။
သေချာဖတ်ကြည့်တော့ … ( ၃၃၃ ) မိုင် တဲ့… ။
ထိုလူ၏ စကားကို ကြားပြီးသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးတွေ ထောင်ထလာကာ လူတစ်ကိုယ်လုံး နှုံးချိနေသလို ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် ပုပ်အက်အက် အနံ့ဆိုးတစ်ခုက
မှန်လုံပိတ်ထားသည့် ကားအတွင်းခန်းထဲ လှိုင်ခနဲ
ထ လာ၏။
အသက်ကို မရှူမိအောင် အောင့်ထားလိုက်မိပြီး
“ဒီလူ ငါ့ကို စ နေတာလား “ဟု တွေး၍ ကားမောင်းနေသူအား ကြည့်လိုက်တော့ ထိုလူက သူ့ဘက်
ပြန်လှည့်ကြည့်တာနှင့် မျက်လုံးချင်းဆုံမိကြသည်။
ထိုအခါမှ ထိုလူ၏ မျက်လုံးများကို သူ
သေသေချာချာစိုက်ကြည့်လိုက်မိသည်။
ဘုရားရေ … ။
မျက်ဆံမကစား၊ မျက်တောင်မခတ်၊
ပြူးကြောင်ကြောင်။ ပြီးတော့ ထိုလူ့မျက်နှာက
လူသေတစ်ယောက်ကဲ့သို့ မျက်နှာအနေအထားမျိုး။
ထိုလူအား ကြည့်ရင်း သူ့ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာ၏။
“အော်…ဆရာရယ်…ခင်ဗျားက မယုံဘူးကိုးဗျ …
ဒီမှာကြည့် ကျုပ်ခေါင်း…ကျုပ် …ဖြုတ်ပြမယ် ”
ပြောရင်းနဲ့ပင် ထိုလူမှာ ဘယ်ဘက်လက်ဖြင့် သူ၏ ခေါင်းကို ဆတ်ခနဲ ဆွဲဖြုတ်ပြလိုက်လေရာ…။
“ဟာ…..”
စက္ကန့်ပိုင်းအတွင်းမှာပင် လည်ပင်းပြတ်နေရာမှ သွေးတို့ပန်းထွက်လာပြီး ကားအတွင်းခန်းတစ်ခုလုံးလည်း ညိုမဲနေသော သွေးပုပ်ရည်တို့ဖြင့် ခန်းလုံးပြည့်နီးပါး စွန်းပေသွားတော့သည်။
“ဟာ..အစ်…..”
ခေါင်းပြတ်ကြီးကို ကြည့်ရင်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်ရန် ကြိုးစားလိုက်သည်။
သို့သော်…။
အော်လို့မရတော့…။ သူ့ အသံက အပြင်သို့ထွက်မလာ ။ လည်ချောင်းတစ်လျှောက် အဝတ်စဖြင့်
ပိတ်ဆို့ထားသလို နင်နေ၏။
ကြောက်လန့်သော စိတ်က သူ့ အသိဉာဏ်များကို ဖုံးလွှမ်းသွားပြီးနောက်မှာတော့ အရှိန်နှုန်းမြင့် မောင်းနေသည့် ကားထဲကနေ ဆင်းပြေးရန် ကြိုးစားလိုက်သည် ။ သူ့ လက်ချောင်းများက ကားတံခါး ဖွင့်သည့်
လက်တွန်းခလုတ်ဆီရောက်သွားသည်နှင့် တစ်ပြိုင်နက် …။
“ချောက် .. ”
ဟု သော အသံသာ ခပ်အုပ်အုပ်ထွက်လာသည်။
ကားတံခါးက မပွင့်။ လက်များ တဆတ်ဆတ်တုန် လာပြီး လက်ဖဝါးပြင်တစ်ခုလုံး ချွေးတို့ဖြင့်
ရွှဲနစ်လာသည်။
“ဟာကွာ.. ”
တေဇ သူ့ကိုယ်သူ ကျိန်ဆဲရင်း
လက်တွန်းခလုတ်ကို ထပ်နှိပ်လိုက်ပြန်၏။
မရတော့…။ လုံးဝမရတော့… ။
တံခါးက ဖွင့်တိုင်း တစ်ချောက်ချောက်ဖြင့်
Lock က ပြန်ကျနေမြဲ။
ထိုအချိန်မှာပင် –
“ဟား…ဟား…ဟား…ဟား…ဟား…ဟား…”
ထိတ်လန့်ဖွယ်ရာ ရယ်မောသံကြီးကြောင့် ဘေးသို့ လှည့်ကြည့်လိုက်ချိန် ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးသည် ယင်း၏ လက်ထဲတွင် ကိုင်ထားသော
ခေါင်းပြတ်ကြီးအား သူ့ထံ လှမ်းပစ်လိုက်တော့လေသည်။
“အား…”
ပေါင်ပေါ်ကျလာသော ခေါင်းပြတ်ကြီးအားကြည့်၍
သူက မျက်လုံးကိုစုံမှိတ်ကာ သည်းခြေပျက်မတတ် အော်ဟစ်လိုက်သလို၊ ခေါင်းပြတ်ကြီးမှာလည်း
ကြောက်လန့်တုန်ယင်နေသည့် သူ့ကို ကြည့်၍ အသံနက်နက်ကြီးဖြင့် အော်ဟစ်ရယ်မောလေတော့၏။
ထိုကဲ့သို့ … ချောက်ချားကြောက်မက်ဖွယ် ကောင်းသော ရယ်မောသံကြီးတစ်ခုသည်
အမြန်လမ်းမကြီးပေါ် ပြေးလွှားနေသည့်အိမ်စီးကားငယ်လေးတစ်စီးထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး
ယင်း…အိမ်စီးကားငယ်လေးမှာလည်း မိုင်တိုင်အမှတ် (၃၃၃) မိုင်(၃)ဖာလုံ အနီးအရောက် လမ်းဘေးသို့ ထိုးစိုက်ကျသွားတော့လေသည်။
ထိုအဖြစ်အပျက် ၏ အစကား ….
(၂)
“တေဇ…ညီလေး ..မင်းအတွက် ကားလက်မှတ်က ဝယ်လို့ မရဘူးနော် …ကားဝင်းတစ်ခုလုံး နှံ့နေပြီ”
သူ့ကို ကြည့်၍ ဒုရဲအုပ်စိုးမောင်က ပြောလိုက်ခြင်းဖြစ်သည်။
သူတို့အုပ်စု အောင်မင်္ဂလာအဝေးပြေး ကားဝင်းထဲ
ရောက်နေသည်မှာ တစ်နာရီ နီးပါး ရှိနေပြီ။
သူတို့ အုပ်စု ဆိုသော်လည်း လူက စုစုပေါင်းမှ
သူအပါအဝင် လေးယောက်သာ။
သူတို့သည်ကား….ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး ရန်ကုန်မြို့၊ တောင်ဒဂုံစက်မှုဇုန်အတွင်း ဂျပန် နိုင်ငံ SUZUKI ကုမ္ပဏီမှ လာရောက်သင်တန်းပေးသော မော်တော်ဆိုင်ကယ်
စက်ပြင်သင်တန်းကို တက်ရောက်နေကြသူများ ဖြစ်သည်။
နေပြည်တော်မှ တပ်ဖွဲ့ဝင်သုံးဦးနှင့် မန္တလေးမှ
တပ်ဖွဲ့ဝင်တစ်ဦး စုစုပေါင်း လေးဦးဖြစ်ကြပြီး သင်တန်း ပိတ်ရက်နှင့် ရုံးပိတ်ရက် ( ၃ ) ရက် ဆုံ၍ အိမ်သို့ ခဏပြန်ရန် ကားလက်မှတ် လာဝယ်နေကြခြင်းဖြစ်သည်။
“ညီလေး ..ဘယ်လိုလုပ်မှာလဲ ”
ဒုရဲအုပ်စိုးမောင် စကားကို သူ …ပြန်မဖြေနိုင်သေး။
ကျောပိုးအိတ်ဘေးဘက်မှ ရေသန့်ဘူးကို ထုတ်၍ မော့သောက်လိုက်၏။
ပြီးမှ
“ဟူး….ပူလိုက်တာဗျာ။ မန္တလေးထက် ပို ပူတယ် ”
ဟု ညည်း၍ ရေဘူး အဖုံးကို ပိတ်ကာ –
“နေပြည်တော် ကားလက်မှတ်ဖြတ်လိုက်ရင်ရော
ကျွန်တော် ဗိုလ်လေးတို့နဲ့ နေပြည်တော်အထိ
ပြန်လို့ရရင် အဆင်ပြေပြီ။ ပြီးမှ နေပြည်တော် တိုးဂိတ်ကနေ မန္တလေးကို နောက်ထပ်ကားကြုံတားစီးမယ် ”
ဟု ပြောလိုက်တော့၏။
ထိုကဲ့သို့ မပြော၍လည်း မရတော့။
အခါကြီး ရက်ကြီးနား ကပ်သည်မို့ ကားလက်မှတ်က ဝယ်ရခက်နေသည်။ ဒုရဲအုပ်စိုးမောင်နှင့်သုံးယောက်က နေပြည်တော်ကမို့ လက်မှတ်ဝယ်လို့ရသည်။
သူ့ အတွက် မန္တလေး လက်မှတ်က ဝယ်လို့မရ ။
မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်မှရမည်။ အိမ်မှာကျန်ခဲ့သော တစ်နှစ်သားအရွယ် သားငယ်လေးနှင့် ဇနီးဖြစ်သူကို
သူ…လွမ်းလှပြီ။ အင်တာနက် Viber နှင့် မန္တလေး ၌
ကျန်ခဲ့သော သားဖြစ်သူ၏ တစ်နေ့တာ ပုံလေးတွေကြည့်ကာ အလွမ်းဖြေနေရသည်။ ထို့ကြောင့် အခွင့်အရေးရတုန်း မဖြစ်မနေ ပြန်ကို ပြန်မှ ဖြစ်မည်ဟု တွေးထား၍ အဆင်ပြေသည့် ကားနှင့်ပြန်ရန် ဆုံးဖြတ်လိုက်၏။
ဘာပဲပြောပြော…နေပြည်တော်ဆိုတာလည်း
ခရီးတစ်ဝက်စာမကရှိနေပြီး ရန်ကုန်နှင့်
စာလျင် မန္တလေးနှင့်ပို၍ နီး၏။
ဒါပေမယ့် သူ နေပြည်တော်ရောက်လျင်
မိုးချုပ်ပြီမို့ လက်မှတ်ဝယ်မရမှာ သေချာနေပြီ။
ထို့ကြောင့် နေပြည်တော်တိုးဂိတ်ရောက်မှ မန္တလေးဘက်သွားမည့် ကားတစ်စီးစီးအားတား၍ လမ်းကြုံလိုက်ရန် အကူအညီတောင်းတော့မည်ဟု
စိတ်ကူးလိုက်သည်။
“နေပြည်တော် အထိဆိုရင်တော့ လက်မှတ်ရသေးတယ်။ အဲ့ဒါဆို ငါတို့ကားနဲ့ပဲ လိုက်ခဲ့ပေါ့။နေပြည်တော်ရောက်လို့ ကားမရလည်း…. ငါ့အိမ်မှာ
တစ်ညအိပ်လိုက်ပြီး..နောက်နေ့ကျမှ မန္တလေးပြန်လိုက် ”
“ဟုတ်ကဲ့…အဲ့ဒီလိုလည်း အဆင်ပြေပါတယ်
ဗိုလ်လေး … ကျေးဇူးပဲ ”
ထို့နောက်မှာတော့ ဒုရဲအုပ်စိုးမောင်နှင့်အတူ
ကားလက်မှတ်အရောင်းဌာနထဲ ဝင်၍ သူ့ အတွက် နေပြည်တော် လက်မှတ်တစ်စောင် ဖြတ်လိုက်ကြသည်။
ညနေ (၆)နာရီထိုးသော် သူတို့ စီးမည့် Express ကား သည် ကားဝင်းထဲမှ စတင် ထွက်ခွာတော့လေသည်။
ကား စတင် ထွက်သည်နှင့် သူက ကျောပိုးအိတ်ထဲမှ နားကြပ်ကို ထုတ်ပြီး နားတွင်တပ်၍ သီချင်းနားထောင်ကာ လိုက်ခဲ့တော့သည်။
နားကြပ်တပ်ကာ သီချင်းနားထောင်နေသော
သူ၏ မျက်လုံးများက အိပ်ချင်စိတ်ကြောင့်
တဖြေးဖြေးလေးလံလာသလို အောင်မင်္ဂလာကားဝင်းထဲမှ ထွက်ခွာလာသော Express ကားကြီးသည်လည်း အမှောင်ထု စတင်ဝင်လာသည်နှင့် တစ်ပြိုင်နက် ရန်ကုန် မန္တလေး အမြန်လမ်းမကြီးပေါ်
တက်ရောက်ခဲ့လေပြီ။
(၃)
“တေဇ…ညီလေး …ထ…ထ…( ၁၁၅ ) မိုင်ရောက်နေပြီ … ထမင်းစားရအောင် ”
ကားစတင်ထွက်သည်နှင့် အိပ်ပျော်သွားသော သူ့ကို
ဒုရဲအုပ်စိုးမောင်က လက်တို့၍ နှိုးလိုက်ခြင်းပင်။
သူလည်း နားကြပ်ကိုဖြုတ်၍ အိပ်မှုံစုံမွှားဖြင့်
မျက်လုံး ဖွင့်ကြည့်လိုက်သည်။
ထမင်းစားနားသည့်နေရာရောက်ပြီမို့ Express
ကားအတွင်းခန်းတစ်ခုလုံးက မီးရောင်များဖြင့် လင်းထိန်လျက်ရှိ၏။
ထို့အတူ ကားပေါ်မှာ ပါရှိလာသည့် ခရီးသည်များလည်း အဆာပြေဗိုက်ဖြည့်တင်းရန်
ကားအောက်သို့ အလျှိုလျှိုဆင်းသွားကြသည်ကို တွေ့လိုက်ရသည်။
သူလည်း ကျောပိုးအိတ်ကို လွယ်၍ ထိုလူများနှင့်အတူ ရောယောင်ဆင်းလျက် ထမင်းဆိုင်ထဲ ဝင်ခဲ့လိုက်လေသည်။
“ဟေ့ တေဇ …..အိပ်ချင်မူးတူးနဲ့ ဆိုင်ထဲ တန်းဝင်တော့တာပဲ။ အပေါ့သွားချင်ရင် Toliet က
ဟိုဘက်မှာ ….”
ဒုရဲအုပ်စိုးမောင် က လေးတိလေးကန် လျှောက်လာသော သူ့အားကြည့်၍ ပြုံးစစနဲ့ လှမ်းပြော၏။
သူက ခေါင်းခါပြရင်း
“ရတယ် ဗိုလ်လေး သွားပါ… ကျွန်တော်…မလိုက်တော့ဘူး ”
ဟု ပြန်ဖြေလိုက်သည်။
သူ့အကျင့်က ခရီးသွားရင်း စားသောက်ဆိုင် ဝင်ပါက ဘယ်တော့မှ Toliet တန်းသွားလေ့ မရှိ၊
စားသောက်ပြီးမှသာ ကားထွက်ခါနီး Toliet သွားလေ့ရှိသည်။
“အော်….အေး အေး အဲ့ဒါဆိုလည်း ခုံနေရာ ရှာထားအုံး ”
“ဟုတ်ကဲ့ ”
သူ့ကိုမှာပြီး ဒုရဲအုပ်စိုးမောင်နှင့် ကျန်လူများက စားသောက်ဆိုင် အနောက်သို့ ဝင်သွားကြသည်။
ထိုအခါမှ သူလည်း ခုံအလွတ်တစ်ခုတွင်
ဝင်ထိုင်လိုက်လေ၏။
“အစ်ကို ဘာမှာအုံးမလဲ ”
စားသောက်ဆိုင် ဝန်ထမ်းလေး၏ မေးသံ။
စားပွဲခုံပေါ်မှ မီနူးကဒ်ကို စိတ်ဝင်တစားဖတ်နေစဉ်
မေးလိုက်သော အသံကြောင့် သူ မော့ကြည့်လိုက်သည်။
“အေး ညီလေး….မှာမယ် ထမင်းပဲမှာတော့မယ် .. ”
“ဟုတ်ကဲ့ အစ်ကို …ဟင်းကရော ”
ဆိုင်ဝန်ထမ်းကလေး၏ ထပ်မံမေးသံကြောင့် သူ
တစ်ချက်စဉ်းစားလိုက်သည် ။
ပြီးမှ-
“အမဲသား ရလား ညီလေး
အမဲသားရရင် အမဲချက် နဲ့ တစ်ပွဲပေး ”
“အချက်မရဘူးဗျ အကြော်တော့ ရှိတယ် ”
“အေး ရတယ် ရှိတာချကွာ …မြန်မြန်လေးတော့ ပြင်ပေး ”
“ဟုတ်ကဲ့ ”
ဆိုင်ဝန်ထမ်းကလေးက သူ မှာသည့် ထမင်းနှင့်ဟင်းကို စာရွက်ဖြတ်ပိုင်းလေးတစ်ခုပေါ် ဘောပင်နှင့် ရေးမှတ်ရင်း ထွက်ခွာသွား၏။
(၅) မိနစ်ခန့်မျှအကြာမှာတော့ ထမင်းတစ်ပွဲနှင့် အမဲကြော်တစ်ပွဲ သူ့ ရှေ့ကိုရောက်လာတော့သည်။
သူလည်း ဗိုက်ဆာနေသောကြောင့် ထမင်းနှင့် ဟင်းကို ခေါင်းပင်မဖော်နိုင်ပဲ ငုံ့ကာ စားလိုက်တော့လေ၏ ။
သူထမင်း စားကာစပင် ရှိသေး ဒုရဲအုပ်စိုးမောင်တို့ စားပွဲနား ရောက်လာကြ၏။
“တေဇ စားနေပြီလားဟ … ငါတို့တောင် မစောင့်တော့ဘူး ”
“ဟုတ်ပ… ဗိုလ်လေးရာ..ဗိုက်ဆာနေလို့ မစောင့်တော့တာ …. ဆောရီး ”
“ဒါပေါ့ လူတစ်ယောက်နဲ့ တစ်ယောက်
ဝမ်းရေးစပ်တာမှ မဟုတ်တာ။ ဆာရင် စားမှာပေါ့ ….. စား စား …. ငါတို့လဲ စားတော့မယ်။ ညီလေးရေ တစ်ယောက်လောက် ကျေးဇူးပြုပြီး လာပေးပါ ထမင်းမှာမလို့ ”
ဒုရဲအုပ်စိုးမောင်က သူ့အား ပြန်ပြောရင်းမှပင်
ဆိုင်ဝန်ထမ်းကလေးတစ်ယောက်ကို လှမ်း၍ ခေါ်လိုက်ပြီး မှာစရာရှိသည်များကို မှာ၍
စားသောက်ရန်ပြင်ဆင်လိုက်ကြသည်။
ခဏနေတော့ သူလည်း စားပြီးပြီမို့
Tolietသွားရန် နောက်ဖေးဘက်သို့
ထွက်လာခဲ့လိုက်သည်။ သူ Toliet သွားသည့်အချိန်မှာ နောက်ဖေးတစ်ဝိုက် လူမရှိတော့။
ထို့အပြင် Toliet သွားရာ စင်္ကြန်လမ်းတစ်လျှောက်
မီးပျက်သွားလို့လား သို့မဟုတ် ဆိုင်၏ ချွေတာရေးလားမသိ မီးအလင်းရောင်မရှိ မှောင်မဲနေသည်။
သူလည်း ခပ်မြန်မြန်ပင် လျှောက်လိုက်ပြီး
ရေအိမ်အတွင်း ဝင်ခဲ့လိုက်လေသည်။
ခဏနေချိန်မှာတော့ ရေအိမ်အတွင်းမှ
ထွက်၍ လက်ဆေးကန် ရှိရာ လျှောက်လာခဲ့လိုက်သည်။
လက်ဆေးကန်နေရာ၌ နှစ်ပေ မီးချောင်းရှည်နှစ်ချောင်းက မှိန်ပြပြလင်းနေသလို လက်ဆေးသည့်နေရာနှင့် မျက်နှာချင်းဆိုင်Tolietအဆောက်အဦ၌လည်း
လူခန္ဓာကိုယ် တစ်ဝက်နီးပါး မြင်ရသော
မှန်ချပ်ကြီး နှစ်ချပ်ကို ကပ်ထားလေသည်။
“သူ….ခေါ်ရင်…လာပါ….လာပါ…ည….ည…ဆို…ကြားရ…ကြားရ….ဂမ္ဘီရ သူ့ရဲ့…ဝိဥာဉ်..ကိုယ့်ရင်ထဲ….
စွဲငင်ဝင်လာ…”
လက်ကို ဆပ်ပြာနှင့် စင်အောင် ဆေးရင်း
နားကြပ်နဲ့နားထောင်စဉ်က နားထဲစွဲနေသည့်
ဟယ်ရီလင်း၏ ဂမ္ဘီရဝိဥာဉ်
သီချင်းကို သူက ညည်းဆိုလိုက်မိသည်။
“ကောင်းလိုက်တဲ့ အသံဗျာ ”
ရုတ်တရက် သူ့ဘေးနားက
ထွက်လာသော အသံ။
အသံကြောင့် သူက ဘေးသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
အသားဖြူဖြူ ၊ ဆံပင်ဘေးခွဲနှင့် ဥပဓိရုပ်ကြည့်ကောင်းသူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို
တွေ့လိုက်ရသည်။
ခုန သူ ဒီဘက်ကို လျှောက်လာတုန်းက ထိုအမျိုးသားအား မတွေ့ခဲ့ရ။ သူ့အရင် ရေအိမ်အတွင်း ဝင်နေသူလားဟု တွေးမိ၍
“ကျေးဇူးဗျာ …. ကျွန်တော်… တစ်ယောက်တည်းမှတ်လို့ သီချင်းညည်းနေတာ …အနှောင့်အယှက်ဖြစ်သွားရင် ..ဆောရီး အစ်ကို ”
ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ ထိုလူက သူ့ကို ကြည့်၍
“မဟုတ်တာဗျာ အသံကောင်းလို့
ကောင်းတယ် ပြောတာပါ….
ဒါနဲ့ စကားမစပ်…. နေပြည်တော်ပြန်မှာလား ”
ဟု မေးလေသည်။
“မဟုတ်ဘူး …. မန္တလေးပြန်မှာ..လက်မှတ်မရလို့ … ရတဲ့ ကားစီးလာတာ…ကျွန်တော် နေပြည်တော် ရောက်မှ ကားကြုံရှာရမယ် ”
“တစ်ယောက်တည်းလား ”
“ဗျာ.. အစ်ကို ”
“အော်….မန္တလေးပြန်မှာ တစ်ယောက်တည်းလားလို့မေးတာပါ..တစ်ယောက်တည်းဆိုရင်တော့
ကျွန်တော့်ကားနဲ့ လမ်းကြုံ လိုက်ခဲ့လေ။
ကျွန်တော်လည်း မန္တလေးထိ သွားမှာ..ခရီးဖော်မပါဘူး ..”
ထိုသူ ပြောလိုက်သော စကားကြောင့် ရေငတ်တုန်း ရေတွင်းထဲကျသလို သူ့ စိတ်ထဲ ပျော်သွားလေ၏။
သူ… နေပြည်တော် ရောက်လျင် ကားကြုံထပ်ရဖို့ မလွယ်။အခုတော့ လှေအသင့် လှည်းအသင့်…။
ဒီလူနှင့် လိုက်သွားလျင် မန္တလေးအထိ
ကားကြုံထပ် ရှာစရာမလိုတော့ပေ။
လူ ပုံစံကြည့်ရတာလည်း လူကောင်းပုံစံမို့ သူက
ချက်ချင်းပင် “အဆင့်သင့်လိုက်တာ အစ်ကိုရာ
ကျွန်တော့် နာမည် တေဇ ပါ …. လမ်းကြုံ လိုက်ခဲ့လို့ရရင် ပိုကောင်းတာပေါ့။ ကျွန်တော့်အတွက်လည်း စိတ်ချပါ။ ယာဉ်ထိန်းရဲတစ်ယောက်ပါ။ ရန်ကုန်မှာ သင်တန်းတက်ရင်း မန္တလေး ခဏပြန်မလို့ …
ဒါက ကျွန်တော့်ရဲ့.. ဝန်ထမ်းကဒ်။ အစ်ကို သံသယ ကင်းကင်းနဲ့ ကားပေါ်ခေါ်လို့ရအောင်ပြတာပါ ” ဟု
ပြောရင်း ကျောပိုးအိတ်အတွင်းမှ ပိုက်ဆံအိတ်ကိုယူ၍ အထဲမှ ဝန်ထမ်းကဒ်ကို ထုတ်ပြလိုက်သည် ။
ထိုသူက ပိုက်ဆံအိတ်ထဲမှ ဝန်ထမ်းကဒ်ကို လှမ်းကြည့်ပြီး
“ရပါတယ်ဗျာ….ခင်ဗျားပိုက်ဆံအိတ်
မြန်မြန်ပိတ်လိုက်ပါ။ ဟို ဓာတ်ပုံက အရောင်ပြန်ပြီး…ကျွန်တော့်မျက်စိကို လာစူးလို့ ”
ဟု ပြောလေရာ သူလည်း ပိုက်ဆံအိတ်ကို
ငုံ့ကြည့်လိုက်သည်။
ပိုက်ဆံအိတ်ထဲ၌ ဇနီးဖြစ်သူက လမ်းခရီးသွားစဉ် အန္တရာယ်ကင်းအောင် ထည့်ပေးထားသော
ကုံလုံဆရာတော်ဘုရားကြီး၏ ပုံတော်ကို တွေ့လိုက်ရသလို ပိုက်ဆံအိတ်၏ ဓါတ်ပုံထည့်ရန်
ပြုလုပ်ထားသော ပလတ်စတစ်အကြည်စက
၂ ပေမီးချောင်းမှ အလင်းအရောင်ဖြင့်
အရောင်ပြန်လျက်ရှိသည်ကို တွေ့လိုက်ရသည်။
ထိုအလင်းရောင်ပြန်ဟက်ခြင်းက ထိုသူ၏ မျက်လုံးကို စူးနေ၍ ပြောခြင်းဖြစ်မည်ဟု သူက တွေးလိုက်မိပြီး
“ဆောရီး အစ်ကို ဆောရီး ”
ဟု ပြောလျက် ပိုက်ဆံအိတ်ကို ပြန်ပိတ်လိုက်သည်။
ထိုအခါမှ ထိုလူလည်း သူ့ကိုကြည့်၍
“အေးဗျာ အဲ့ဒါဆိုလည်း သွားရအောင်
ကျွန်တော့် ကားက ဟိုဘက်မှာရပ်ထားတယ်။
ဒါနဲ့ စကားမစပ်…ခင်ဗျား အမဲသားစားထားတာထင်တယ်။ အနံ့ရလို့ …။ ဖြစ်နိုင်ရင် လမ်းမှာ အဆာပြေစားရအောင် နည်းနည်းလောက်… ဝယ်ခဲ့ပါလား။
ကျွန်တော် ပိုက်ဆံပေးမယ်လေ”
ဟု ပြောလေရာ သူလည်း
“ဟာ မဟုတ်တာ အစ်ကို။ ပိုက်ဆံမပေးပါနဲ့ ကျွန်တော် ဝယ်ကျွေးမှာပေါ့။ ဒါနဲ့ ခဏတော့ စောင့်ဗျာ။ ကျွန်တော့် အထက်က အရာရှိတစ်ယောက်
ပါလာလို့ အစ်ကို့ကားနဲ့ လမ်းကြုံလိုက်မယ့်
အကြောင်း သူ့ကို သွားပြောလိုက်အုံးမယ်”
ဟု ပြန်ဖြေရင်း ထိုလူအား ခဏစောင့်ရန်
ပြောလိုက်၏။
“ရတယ် ရတယ် …. သွားပါ သွား သွား။ ကျွန်တော်… ဟိုဘက် ကားတွေထားတဲ့ ကားပါကင်အဆုံးက အမှောင်ရိပ်မှာ ရပ်စောင့်နေမယ် ”
“ဟုတ်ကဲ့ အစ်ကို ..ခဏလေးပါ…
ကျွန်တော် အမြန် သွားပြောလိုက်မယ် ”
သူလည်း ထိုလူအား အလောသုံးဆယ်ပြောရင်း စားသောက်ဆိုင်အတွင်းဘက် ခပ်သုတ်သုတ် ပြန်
လှည့်ထွက်လာခဲ့လိုက်သည်။
ဆိုင်အနားသို့ရောက်တော့ သူတို့ စီးလာသော Express ကားပေါ် ခရီးပြန်ဆက်ဖို့အတွက်
ဒုရဲအုပ်စိုးမောင်နှင့် ခရီးသည်တချို့ ပြန်တက်နေကြလေပြီ ။
“ဗိုလ်လေး ”
သူ့ ခေါ်သံကြောင့် ဒုရဲအုပ်စိုးမောင်က ကားပေါ်တက်ခါနီးဆဲဆဲမှ လှမ်းကြည့်လေသည်။
“ပြော… တေဇ … ကားထွက်တော့မယ်.. ”
“မတက်တော့ဘူး ဗိုလ်လေး။ ကျွန်တော်… ကံကောင်းတယ်။ မန္တလေး ဘက်က ကျွန်တော်နဲ့သိတဲ့ မိသားစု
ရန်ကုန်ကအပြန် ဒီဆိုင်မှာ ထမင်းဝင်စားနေကြတယ်။ အဲ့ဒါ ကျွန်တော့်ကိုတွေ့တော့ သူတို့က
လာနှုတ်ဆက်ရင်း စကားကောင်းနေကြတာ။
အတော်ပဲ… ကျွန်တော် သူတို့နဲ့ လမ်းကြုံပြန်လိုက်သွားလို့ရပြီ ”
မုသားမပါ လင်္ကာမချောမို့ သူကစကားကို နည်းနည်း
လှည့်ကာပြောလိုက်မိသည် ။ သူ လိမ်ပြောသည်ဆိုတာကလည်း သူတစ်ပါးကို မထိခိုက်သည်မို့ အပြစ်မဟုတ်ဟု သူ့ကိုယ်သူ ယူဆလိုက်၏။
သူ့ စကားအဆုံး ဒုရဲအုပ်စိုးမောင် က
“အေး ဒါဆိုလည်း ကောင်းတာပေါ့။ ကားထဲဘာကျန်သေးလဲ။ ကျန်တာရှိ ငါတို့သိမ်းပေးထားမယ်
လိုက်သွားချင်တယ်ဆို ဒီမှာနေခဲ့တော့။ စိတ်ချမယ်နော် တေဇ ” ဟု
ပြန်ပြောလေတော့သည်။
“လွယ်အိတ်ကဒီမှာဆိုတော့…ဘာမှ မကျန်ဘူး ဗိုလ်လေး…အဲ့ဒါဆို ကျေးဇူးပဲဗျာ ”
သူက ကျောပိုးအိတ်ကို သေချာပြန်လွယ်၍
လက်ပြနှုတ်ဆက်လိုက်သည်။
Express ကား ဆရာလည်း သူတို့ကို ယာဉ်ထိန်းရဲတွေမှန်း သိထားသည်မို့ လမ်း၌ ဆင်းနေခဲ့သည်ကို
ဘာမှ မပြောပေ။
ခဏအကြာမှာတော့ ရန်ကုန်ကနေ သူ စီးလာခဲ့သည့် Express ကားကြီးမှာ စားသောက်ဆိုင်မှ ထွက်ခွာသွားတော့လေသည်။
သူလည်း ဆိုင်ထဲဝင်၍ လမ်းကြုံခေါ်မည့် ကားသမားအတွက် အမဲသားကြော်နှင့်မုန့်များ အအေးဗူးများဝယ်လိုက်၏။
ထို့နောက်မှာတော့ ဆိုင်အပြင်ဘက် ခပ်လှမ်းလှမ်းရှိ
အိမ်စီးကားငယ်လေးရပ်ထားသော အမှောင်ရိပ်ရှိရာသို့ ခပ်သွက်သွက် လျှောက်ခဲ့လိုက်တော့လေသည်။
(၄)
ကားရပ်ထားရာ နေရာသို့ သူ ရောက်သွားချိန် ကားပိုင်ရှင် အမျိုးသားက ကားပေါ်ရောက်နေပြီ။
ထို့ကြောင့် ကားမောင်းသူ၏ဘေးနား ရပ်လိုက်ပြီး
“အစ်ကို ကျွန်တော် ကားပေါ် တက်လိုက်မယ်နော် ”
ဟု ပြောလိုက်၏။
“တက်လေဗျာ…ခင်ဗျားကလဲ။ ဒါလေး..သွားဝယ်တာတောင် ကြာလိုက်တာ တက် တက် …မြန် မြန် ”
ရုတ်တရက် ငေါက်ငမ်းပြီး လေသံမာမာနှင့်ပြောလိုက်ခြင်းကြောင့် သူ ခဏတာ ကြောင်သွား၏။ ထိုလူသည် ခုနကလို ဖော်ရွေသောပုံစံမဟုတ်တော့ချက်ချင်းအမူအယာ ပြောင်းသွားသည်။ မိနစ်ပိုင်းအတွင်းက ၎င်းကိုယ်တိုင် လိုလိုလားလား ကားကြုံလိုက်ခဲ့ပါလားဟုပြောပြီး အခုကျမှ သူ့အတွက် စျေးခဏဝင်ဝယ်၍ နောက်ကျသည်ကို အပြစ်တင်သည့် လေသံဖြင့် လာပြောနေခြင်းဖြစ်သည်။ ဝန်ထမ်းတည်းဟူသော မာနခပ်ပါးပါးလေးက ရုတ်တရက် ဆောင့်တက်လာပြီး ပြန်ပြောရန်ပြင်လိုက်မိသည်။
သို့သော် ဘေးဘီဝဲယာကို ကြည့်လိုက်မိရာ၊ စားသောက်ဆိုင် ပတ်ဝန်းကျင်တစ်လျှောက်လုံး
ကားကြီးရော အိမ်စီးကားငယ်ရော တစ်စီးတလေမျှ မရှိတော့။ ဒီတစ်စီးသာရှိတော့သည်။
ထို့ကြောင့် မာနကို ခဝါချလျက် ထိုသူအား
ပြုံးပြလိုက်ပြီး –
“ဆောရီး အစ်ကိုရာ … ဆိုင်က အမဲကြော် ထည့်ပေးနေတာ…ကြာသွားလို့ပါ ”
ဟုပြောရင်း အမဲကြော်အထုပ်နှင့် အအေးဘူး။
အချဉ်ထုပ်များကို ထိုလူမြင်အောင်မြှောက်ပြလိုက်ရသည်။
အမဲကြော်ထုပ်ကို မြင်သည်နှင့် ထိုလူ၏ မျက်နှာမှာလည်း သိသိသာသာပင် ပြုံးသွား၏။
“တက် တက် ..မြန် မြန် ..”
ခွင့်ပြုချက်ရသည်ည်နှင့် သူလည်း ထိုလူအား ပြန်ပြုံးပြ၍ ကားတစ်ဖက်သို့အမြန်သွားကာ တံခါးကိုဆွဲဖွင့်လိုက်တော့သည်။ ကားက စက်ပင် နှိုးထားပြီးဖြစ်၏။ တံခါးကို ဖွင့်ပြီးနောက် သူက ကားပေါ် အလျင်စလို တက်ထိုင်လိုက်ချိန်…
“ဝုန်း ..”
“အ ..”
ကျောပိုးအိတ်တစ်ဖက်၊ အအေးဘူး၊ အမဲကြော်ထုပ်တစ်ဖက်နှင့်မို့ လက်က ချော်၍ အမဲကြော်ထုပ်က အောက်ပြုတ်ကျသွား၏။
ထို့ကြောင့် အမဲကြော်ထုပ်ကို ခပ်မြန်မြန်လှမ်းဆွဲလိုက်ရာ လူပါ ဟန်ချက်ပျက်၍ လဲကျသွားတော့သည်။ ထိုသို့လဲကျသွားသည်နှင့်တစ်ပြိုင်နက် အတင်းကုန်းရုန်းထပြီး ခန္ဓာကိုယ်၌ပေပွနေသောသဲများကို ခါချလိုက်မိ၏။ ထိုသို့ခါနေရင်း ငုံ့ကြည့်လိုက်ရာ အိတ်အတွင်းရှိ အမဲသားတုံးများမှာလည်း အောက်သို့ပြုတ်ကျပြီးနောက် မြေပေါ် ပြန့်ကျဲနေပြီဖြစ်၏။ အိတ်ကို သေသေချာချာ ချည်မထားသဖြင့် အသားတုံးများ အပြင်သို လွင့်စင်ကျသွားခြင်းပင်။
အမဲသားတုံးများကိုကြည့်လိုက် ထိုလူအား
ကြည့်လိုက်ဖြင့် သူလည်း ဘာလုပ်ရမှန်းမသိ။
စိတ်ထဲကနေလည်း ၎င်းအား အလွန်တရာအားနာသွားမိသည်။
“ဟာဗျာ …ခင်ဗျား တော်တော်နမော်နမဲ့ နိုင်တာပဲ ”
ထိုလူက သူ့ကို အပြစ်တင်၏။ ထိုစကားကြောင့် သူ့မှာ ပို၍စိတ်မကောင်း၊ သူကိုယ်က ရှပ်ပျာပျာနိုင်လွန်းသည်ဟု တွေး၍
“ဆောရီး အစ်ကိုရာ…” ဟုပြောလိုက်သလို ကားပေါ်သို့လည်း အလျင်စလို တက်ထိုင်လိုက်လေသည်။
ထိုသို့တက်ပြီးမှ ချက်ချင်းသတိရပြီး “ခဏလေး ..အစ်ကို ..အမဲကြော်တွေက ကျန်သေးတယ် ..နောက်ထပ်ဆင်းဝယ်လိုက်မယ် ”
ဟု ပြောဆို၍ ကားအောက်သို့ပြန်ဆင်းရန် လုပ်လိုက်၏။
“ဟေ့… ဟေ့လူ… မဝယ်နဲ့ မဝယ်နဲ့ ”
“အားမနာပါနဲ့…အစ်ကို… သွားဝယ်လိုက်ပါ့မယ် ”
ထိုလူ၏ စကားကို သူက နားမထောင်ပဲ ကားပေါ်က ဆင်းရန်ပြုလိုက်၏။
ထိုအခါ ထိုလူက အသံမာမာဖြင့်
“မဝယ်နဲ့တော့လို့ .. ပြောနေတာမရဘူးလား။
အချိန်မရတော့ဘူး။ အဲ့ဒီအမဲသားတွေပဲ
မြန်မြန်ကောက်လိုက်။ ဟာ.. လုပ်…လုပ်… ဟိုမှာ…
ဟိုကောင်တွေ အမဲတုံးတွေ ကောက်ဖို့ လာနေပြီ။
အဲ့ကောင်တွေ ရသှားလျိမ့ျမယျ ကောက်… မြန်မြန်ကောက် ”
ဟု သူ့အား အော်ဟစ်ပြောလေတော့သည်။
ထိုသို့အော်ပြောရင်းမှလည်း ၎င်းသည် လမ်းတစ်ဖက်အမှောင်ထဲသို့ ပျာပျာသလဲကြည့်နေတော့၏။
ထိုလူ၏ စကားနှင့် အမူအယာကို ကြည့်ရင်း
သူ… ချက်ချင်း နားမလည်နိုင်။
ထိုလူကြည့်နေသော အမှောင်ထဲ၌လည်း
ဘာမှ မရှိ…။ ဘယ်သူ့ကိုမှလည်း မတွေ့ရ။
“ဘယ်သူမှ မရှိပါဘူး အစ်ကိုရ။ အောက်ပြုတ်ကျတဲ့ အမဲသားတွေ ဘယ်သူက ကောက်စားမှာလဲ။
ထားလိုက်ပါ….ကျွန်တော်.. ပြေးဝယ်လိုက်မယ် ”
ဟု ပြန်ပြောလိုက်သလို စိတ်ထဲမှလည်း-
“ဘယ်နှယ့်…အောက်ပြုတ်ကျတဲ့ အမဲသားတွေ
ကောက်စားချင်ရတာတုန်း…ဒီလူ စိတ်မနှံ့တာလား ”
ဟု ဆက်ကာ တွေးလိုက်မိလေသည်။
ထိုသို့တွေးရင်းမှလည်း ထိုလူ၏ မျက်နှာကို သေချာသတိထားကြည့်လိုက်ပြီး “လူပုံကတော့ လူကောင်းတစ်ယောက်ပုံစံပဲ” ဟု မှတ်ချက်ချလိုက်မိသည်။
“ဒီမှာ အဲ့ဒီ…အမဲသားတုံးတွေ မြန်မြန်ကောက်
ကားက ထွက်တော့မှာ အချိန်မရတော့ဘူး။
အောက်ဆင်းမကောက်နဲ့ ..ကားပေါ်က မီသလောက် ကောက်…ခင်ဗျား ကျန်နေခဲ့မယ် …ကောက် ကောက် မြန် မြန် ”
သူ့ အတွေးပင် မဆုံးသေး ထိုသူက သူ့ကို နောက်ထပ်တစ်ကြိမ် အော်ပြောလေတော့သည်။
ထိုသို့ ပြောနေသည့် အချိန်မှာပင်
ကား၏ ဘီးများ အနည်းငယ်လိမ့်သွား၏။
သူလည်း ထိုလူ၏ အလောတကြီးပြောသံကြောင့် ယောင်ယမ်း၍ ကားဘေးရှိ အမဲသားတုံးများကို သတိလက်လွတ် လှမ်း၍ ကောက်လိုက်သည်။
ကားထွက်သည့်အချိန် ကားပေါ်က ကုန်း၍
ကောက်လိုက်ရသည်မို့ အမဲသားတုံးတစ်တုံးကိုသာ ကောက်၍ ရလိုက်၏။ မြေကြီးပေါ်ပြုတ်ကျထားသည်မို့ သဲဖတ်လေးများ အသားတုံး၌ ပေကျံနေသည်ကို အထိအတွေ့အရ သတိထားလိုက်မိသည်။
“ရပြီ ..”
အမဲသားတုံးအား ကောက်ပြီးပြီးချင်း
ကားတံခါးကို သူ… ဆွဲပိတ်လိုက်သည်။
“ချပ်…”
မော်တာဆွဲတံခါးမို့ အိမ်စီးကားငယ်လေး၏ တံခါးပိတ်သံက ညှင်သာစွာထွက်ပေါ်လာသည်။
ထို့နောက် သူက သဲများပေနေသော အမဲသားတုံးကို ကိုင်လျက် ထိုလူအား –
” မြေကြီးပေါ်ကျထားတာကြီးဗျာ..သဲတရှပ်ရှပ်နဲ့
စားချင် ..ကျွန်တော်… ထပ်ဝယ်ကျွေးမှာပေါ့ ”
ဟု ဘုဆတ်ဆတ်ပြောလိုက်သည်။
ထိုလူက သူ ပြောသည်ကို နားမထောင်အား
နောက်ကြည့်မှန်ကို ကြည့်၍
“သွားပါပြီကွာ ငါ့ အမဲသားတွေ…ဟိုကောင်တွေ လုစားနေကြပြီ … တော်တော်ငတ်တဲ့ ကောင်တွေပဲ ”
ဟု မကျေမနပ်ရေရွတ်တော့လေသည်။
သူလည်း ထိုလူ၏ ပုံစံကြောင့် အမဲသားတုံးများကျသည့် နေရာကို ကားအနောက်ခန်းမှန်ကနေ နောက်လှည့်ကြည့်လိုက်သည်။
သူ့ မျက်လုံးများထဲမှာ ဘာကိုမှမတွေ့ရ။
ကြည့်ရင်းမှလည်း
“ဒီလူ အရူးလားဟ…ဒုက္ခပဲ ငါတော့ ကွိုင်ပြီထင်တယ်…အရူးမောင်းတဲ့ကားနဲ့…လိုက်လာမိသလိုဖြစ်နေပြီ ” ဟု စိတ်ထဲကနေ ညည်းလိုက်မိလေသည်။
ခဏနေတော့ သူတို့၏ ကားလေးသည် စားသောက်ဆိုင်လမ်းမှ အမြန်လမ်းပေါ် စတင်တက်ခဲ့လေ၏။
ထိုစဉ်
“ပေး အဲ့ဒီအမဲသား ”
ထိုလူက ကားမောင်းရင်းနဲ့ပင် သူ့ လက်ထဲ
ကိုင်ထားသော အမဲသားတုံးအား ဆတ်ခနဲဆွဲယူလိုက်ပြီး ပါးစပ်ထဲ ထည့်ကာ ဝါးစားလေ၏။
ရုတ်တရက်မို့ သူ ဘာမှ ပြောချိန်မရ၊ မြေကြီးပေါ်က ကောက်ထား၍ သဲများလူးနေသည့် အမဲသားတုံးအား၊ ၎င်းသည် မရွံမရှာ ဒီအတိုင်းပါးစပ်ထဲ ထည့်ဝါးကာနေ၏။ ထိုလူကို ကြည့်ရင်း ပါးစပ်ဟောင်းလောင်းဟလျက် အံ့သြမှင်တက်သွား၏။
စိတ်ထဲမှလည်း
“ဟ…တော်တော်ငတ်တဲ့လူပဲဟ…စီးတော့ သိန်းရာကျော်တန်ကားကြီးစီးလို့ စားတော့ ခြေနင်းဖက်ထဲက အသားတုံးကို မရွံမရှာ ဝါးစားနေတယ် ”
ဟု တွေးလိုက်မိသည်။
ထိုလူက သူ စိုက်ကြည့်နေသည်ကို စိတ်ဝင်စားပုံမရ။
အမဲသားတုံးကိုသာ လျှာအရသာခံ၍ အားရပါးရ
ဝါးစားနေ၏။
၎င်းမှာ အမဲသား တော်တော်လေးကြိုက်ပုံရသည်။ အမဲသားတုံးအားဝါးစားနေသော ၎င်း၏
မျက်နှာသည် ကျေနပ်ပျော်ရွှင်လျက်ရှိလေသည်။
သူလည်း …
“အင်းလေ … သူကြိုက်လို့ သူစားတာပဲ ”
ဟု တွေး၍ ရှေ့လမ်းမကြီးကိုသာ စိုက်ကြည့်နေလိုက်တော့သည်။
“အား…ကောင်းလိုက်တဲ့ အမဲသားကွာ…
ဒါတောင် တစ်တုံးပဲစားလိုက်ရတယ် … ”
အမဲသားတုံးကို စားပြီးသောအခါ ထိုလူက
ပြောလိုက်ခြင်းဖြစ်သည်။
ထိုလူ၏ စကားကြောင့် သူက လှည့်ကြည့်၍
“ခင်ဗျား.. အမဲသား တော်တော်ကြိုက်ပုံရတယ်နော်… စားနေတာ အားရပါးရဗျာ ” ပြောလိုက်မိသည်။
ထိုအခါ ထိုလူက ခေါင်းခါပြီး
“အရင်ကတော့ အမဲသားမစားဘူး။ ဒါပေမယ့် အခုနောက်ပိုင်းတော့ အမဲသားကို အနံ့ရတာနဲ့တင် မစားရမနေနိုင် လောက်တဲ့အထိ ကြိုက်လာတာ ”
ဟု ပြန်ဖြေလေသည်။
“ဟာ..ဟုတ်လား အမဲသားကို အဲ့သလောက် ကြိုက်သွားတာလား …. ဒါဆို နေပြည်တော်ရောက်ရင်… ထပ်ဝယ်ကျွေးမယ် ”
“နေပြည်တော် …ဟုတ်လား။ ခင်ဗျား ကျွေးတဲ့ အမဲသားကို ထပ်စားချင်ပါတယ်။ ဒါပေမဲ့ ဒီကားက နေပြည်တော်မှာ မရပ်ဘူး ”
“ဗျာ …ဘယ်လို …”
အံ့သြစွာဖြင့် ထိုလူ့ကို သူ လှည့်ကြည့်လိုက်သည်။
ထိုသို့ကြည့်ရင်းမှလည်း “ယဉ်ယဉ်လေးရူးနေသူလား “ဟု မှတ်ချက်ချလိုက်မိ၏။
“ရပ်လိုမရဘူး ဟုတ်လား။ အစ်ကိုက နောက်ပြီဗျာ။ ရပ်မရအောင် ဒီကားက လိုင်းကားလည်း မဟုတ်…
သူများမောင်းတာလည်း မဟုတ်… အစ်ကိုကိုယ်တိုင်
မောင်းတာပဲ။ အစ်ကို ရပ်ချင် ရပ်လို့ရတာပေါ့ ”
ဟု ပြန်ပြောလိုက်၏။
ထိုသို့ ပြောရင်းမှလည်း သူ့အဖြစ်ကိုတွေးရင်း
တစ်ယောက်တည်း ကြိတ်၍ ပြုံးလိုက်မိသည်။
အခြားကြောင့်မဟုတ်၊ “လမ်းကြုံလိုက်ချင်ပါတယ် ဆိုမှ အရူးမောင်းတဲ့ကားနဲ့မှ ကြုံရတယ်လို့ “ဟု တွေးမိသောကြောင့်ပင်။ မဖြစ်…အခုချိန်မှတော့ ဆင်းနေခဲ့၍လည်း မဖြစ်။ ခေါင်းကို မသိမသာခါယမ်းမိသလို၊ စိတ်ပျက်လက်ပျက်ဖြင့်နေလိုက်တော့သည်။ ထို့နောက် ကားထိုင်ခုံကူရှင်ကိုသာ ကျောမှီလျက် လိုက်ခဲ့ရတော့သည်။
ထိုသို့ ကူရှင်ခုံကို မှီလိုက်ချိန်မှာပင် သူ့ စိတ်တွေ လေးလံလာသည်ကို ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်၏။
ဘာရယ်ကြောင့်မှန်းမသိ ထိုလူ မောင်းသောကားပေါ်ကနေ ဆင်းပြေးချင်လာသည်။ ကားထဲ ထိုင်နေရင်းမှလည်း စိတ်ထဲမသိုးမသန့် ခံစားမိလာ၏။
စိတ်ထဲဖင့်လာ၍ ထိုလူအား အကြောင်းမရှိ အကြောင်းရှာ စကားပြောရန် လှည့်ကြည့်လိုက်သည်။
ထိုလူက သူ့ကို မကြည့် … ကားရှေ့ကိုသာ ကြည့်၍ မောင်းနေသည်။
ကားလေးသည်လည်း အမြန်လမ်းပေါ်
အရှိန်ဖြင့် တဝီးဝီး ပြေးလွှားနေဆဲ။
“အစ်ကို…အိပ်ချင်ပြောနော်။ ကျွန်တော် မောင်းပေးဆို မောင်းပေးမယ်။ အားမနာပါနဲ့။ ကျွန်တော်က ကားမောင်းရင်း အိပ်မငိုက်တတ်ဘူး။ ဘေးက
ထိုင်လိုက်မှသာ အိပ်ချင်စိတ်ပေါ်တာ။ ယာဉ်မောင်းလိုင်စင်လည်း ပါတယ် ”
သူက ပြောရင်း ပိုက်ဆံအိတ်ထဲသိမ်းထားသည့် ယာဉ်မောင်းလိုင်စင်ကို ထုတ်ပြရန် ကျောပိုးအိတ်ဇစ်ကို ဖွင့်လိုက်၏။
“ဟေ့…..ဟေ့…မဖွင့်နဲ့ မဖွင့်နဲ့ ပိုက်ဆံအိတ်မဖွင့်နဲ့။
ရတယ် ကားမောင်းစရာလည်း မလိုဘူး။
ဒီကားက ခင်ဗျားမောင်းလို့မရဘူး
မောင်းရင် စက်ရပ်သွားမှာ ”
ကျောပိုးအိတ်ဇစ်ကို ဖွင့်ရန်ပြင်နေသော
သူ့ကို ထိုလူက တားရန် လက်အလှမ်း၊
တစ်စုံတစ်ဦးမှ မိမိကို ရန်ပြုလာပါက
ခုခံကာကွယ်ရန် ကိုယ်လုံသင်တန်းတက်ထားသည့် သူကလည်း အကျင့်ဖြစ်နေသည်မို့ ရုတ်တရက် လှမ်းလာသော ထိုလူ၏ ဘယ်ဘက်လက်ကို ဖမ်းဆုပ်လိုက်ရာ…
“ဟာ…”
ရုတ်တရက် ဖမ်းဆုပ်လိုက်သော ထိုလူ၏ လက်နှင့် ထိတွေ့မိသည်နှင့် သူ …အံံ့သြမှင်သက်မိသွားတော့၏။
ဟုတ်သည်… ထိုလူ၏ လက်နှင့် ထိတွေ့မိလိုက်ချိန် သူ့ကျောရိုးတစ်ခုလုံး ဖြန်းခနဲစိမ့်သွားပြီး ကြက်သီးမွှေးညင်းများ ချက်ချင်းထလာ၏။
အဘယ်ကြောင့်ဆိုသော် …
ထိုလူ၏ လက်သည် လူသေကောင်တစ်ကောင်၏ လက်များကဲ့သို့ တောင့်တင်း အေးစက်နေသောကြောင့်ပင်။
(၅)
“ခ…ခင်ဗျား…ကျန်းမာရေး ကောင်းရဲ့လား။
လက်တွေက အေးစက်နေတာပဲ… ”
ထိုလူ၏ လက်ကိုကိုင်လိုက်မိပြီးနောက် ခပ်မြန်မြန် လွှတ်ချရင်းတေဇ အံ့သြလျက် ပြောလိုက်သည်။
ထိုအခါမှ ထိုလူ၏ မျက်နှာအား သေချာကြည့်မိ၏။
မျက်နှာက ဖြူရော်ရော် ဖြစ်နေသည်ကို
သတိထားလိုက်မိလိုက်သည်။ ထိုပုံစံက
ကျန်းမာရေး ကောင်းသောသူများ၌ တွေ့ရတတ်သော
သွင်ပြင်လက္ခဏာမျိုးမဟုတ်။
“ဒီမှာ…ခင်ဗျား လက်တွေ တစ်အား အေးနေတယ်နော်။အဲကွန်း ပိတ်လိုက်ရမလား။ အအေးပတ်နေမယ် ”
သေချာအောင် နောက်ထပ်တစ်ကြိမ်
ထပ်မေးလိုက်သည်။ ထိုလူက သူ့ကို ဘာမှ ပြန်မပြော။ ရှေ့ကိုသာ ကြည့်၍ မောင်းနေသည်။
ထိုလူသည် ၎င်း၏ကားထဲ၌ တေဇ လိုက်လာသည်ဟုပင် တွေးပုံမရ။
“ဟေ့လူ …ကျွန်တော် မေးနေတယ်လေဗျာ…
ခင်ဗျား မမောင်းနိုင်လည်း ကျွန်တော် မောင်းမယ် ”
သူက လေသံကို နည်းနည်းမာ၍ ပြောလိုက်သည်။ ယခုလို လမ်းမိုင်ရှည်လျားသည့် ခရီးမျိုးသွားရမည်
ဆိုပါက ယာဉ်တစ်ခုတည်း ကြံ့ခိုင်ရေးကောင်းမှ မဟုတ်၊ ယာဉ်ကို မောင်းနှင်မည့် လူကလည်း ကျန်းမာနေမှဖြစ်မည်။
ထိုသို့မဟုတ်လျင် ကားရော လူရော ဒုက္ခရောက်သွားနိုင်၏။ ထို့ကြောင့် ထိုလူ့အစား သူပဲ ကားကို မောင်းမှဖြစ်မည်ဟုတွေးကာ မေးလိုက်ခြင်းပင်။
သို့သော် သူ ဘယ်လိုပြောပြော ထိုလူက ဂရုမစိုက်။
“ဒီလူ တကယ် အရူးလား “တွေးရင်း စိတ်ညစ်လာ၏။
ဒုရဲအုပ်စိုးမောင်တို့နှင့်အတူ နေပြည်တော်အထိ
လိုက်သွားရင် အကောင်းသား ဟု နောင်တရလိုက်မိသည်။
ထို့နောက်မှာတော့ ပေါက်တဲ့နဖူး မထူးဘူးဟု တွေး၍
ထိုင်နေသော ကျောမှီကို နောက်သို့လှန်ချပြီး မျက်စိမှိတ်လျက် လိုက်ခဲ့ရတော့သည်။ ၎င်း၏ပုံစံကြောင့်စိတ်ရှုပ်ထွေးသွားရသည့်ည့်အပြင်၊ ကားဝင်းအတွင်း တစ်နေကုန်နီးပါး ဟိုနားရပ်၊ ဒီနားရပ် နေခဲ့ရသောကြောင့်မျက်လုံးမှိတ်လိုက်သည်နှင့် တန်း၍အိပ်ပျော်သွားတော့၏။
သူတို့ကားလေးကတော့ အမြန်လမ်းပေါ်
အရှိန်အဟုန်ဖြင့် ပြေးနေဆဲ…။
(၆)
“ဝုန်း…ဝရော…”
“ဟာ…ဘာ…ဘာဖြစ်တာလဲ…”
မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ
ကျယ်လောင်သောအသံနှင့်အတူ ကားတစ်စီးလုံး
ရမ်းခါသွားသောကြောင့် အိပ်ပျော်နေရာမှ
လန့်နိုးလာပြီး အလန့်တကြား ထအော်လိုက်သည်။
“ဟေ့လူ…ဖြေးဖြေးမောင်းနော်…
အကွေ့တွေ အရှိန်လျော့ ”
ထိုင်ခုံကို ပြန်မတ်ရင်းကနေ ထိုလူအား သတိပေးလိုက်ပြီး အပြင်ကို ကြည့်လိုက်တော့
ညအချိန်မို့ ပတ်ဝန်းကျင်က မဲမှောင်နေ၏။
ကားမီးရောင်ဖြင့် မိုင်တိုင်နံပါတ်တွေကို ဖတ်ကြည့်တော့လည်း ချက်ချင်းဖတ်မရ။ အိပ်ချင်မူးတူး
ဖြစ်နေသောကြောင့် မျက်လုံးတွေက ဝေဝါးနေသည် ။
“ဘယ်ကို ရောက်ပြီလဲ။ နေပြည်တော်ရောက်တော့မှာလား။ ရောက်ရင်ပြောအုံးဗျာ ”
မထူးတော့ …။ ဒီလူနဲ့ ဒီခရီး ဆက်မလိုက်ချင်
တော့။ နေပြည်တော် တိုးဂိတ်မှာ
ဆင်းနေခဲ့တော့မည်ဟု တွေးလိုက်မိပြီး နေပြည်တော် ရောက်ပြီလားဟု မေးလိုက်ရ၏။
“နေပြည်တော် က ကျော်ခဲ့ပြီ။ အခု မိတ္ထီလာ တိုးဂိတ် ရောက်တော့မယ် ”
“မိတ္ထီလာ …ဟုတ်လား။ ကျွန်တော်…အဲ့ဒီလောက်တောင် အိပ်ပျော်သွားတာလား”
အံ့ဩစွာပြောလိုက်မိ၏။
“ဆောရီးဗျာ … ခဏဆိုပြီး မှေးလိုက်တာ”
အဖော်လိုက်လာတဲ့သူက ဘေးကနေအိပ်၍ လိုက်လာသလို ဖြစ်သွားသောကြောင့် ထိုလူအား သူ
အလွန်အားနာသွားသည်။ နေပြည်တော်ကိုပင် ကျော်ခဲ့ပြီဆိုလေရာ ထိုလူ ကားမောင်းနေသည်မှာ တော်တော်လေးပင် ကြာနေပြီဖြစ်သည်။
ထို့ကြောင့် သူ… တစ်လှည့်ကူညီ၍ မောင်းပေးရန် စကား စ လိုက်မိ၏။
“ခင်ဗျား အိပ်ချင်အိပ်လေ။ကျွန်တော်မောင်းပေးမယ်။ အားမနာပါနဲ့ …ဘယ်အချိန်သွားသွား ဒီခရီးက
ရောက်မှာပါပဲ။ အလွန်ဆုံးနောက်ကျ တစ်နာရီပေါ့။ဒါနဲ့ ခင်ဗျား…လုံခြုံရေးခါးပတ်လည်း မပတ်ထားဘူး။ ခါးပတ်ပတ်ထားလေ”
“အေးဗျာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
ဘေးကနေ ခင်ဗျားလို သတိပေးခဲ့တဲ့သူရှိရင် ကျွန်တော် ဘာမှ ဖြစ်မှာ မဟုတ်ဘူး ”
ဒီတစ်ခါပြောလိုက်သော သူ၏ စကားကို၊ ထိုလူက ကောင်းမွန်စွာ ပြန်ဖြေလေသည်။
သို့သော် ထိုလူပြောသော စကားများက
ဆန်းကြယ်လွန်းနေသလိုပင်။ ရုတ်တရက်မို့ သူက ချက်ချင်းနားမလည်။
“ဘယ်လို အစ်ကို။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
ဟုတ်လား။ ခင်ဗျားပြောတာ နားမရှင်းဘူး
လွန်ခဲ့တဲ့ နှစ်က ခင်ဗျား ဘာဖြစ်ခဲ့လို့လဲ။
ပြီးတော့ ခင်ဗျား ကျွန်တော့်ကို ကားကြုံခေါ်လာကတည်းက ကြည့်နေတာ… အောက်ပြုတ်ကျတဲ့ အမဲသားတွေ စားလို့စားနဲ့.. စကားလည်း ပြန်ပြောချင်မှ ပြောတယ်။ စိတ်တော့မဆိုးနဲ့ ခင်ဗျား ကျန်းမာရေးပုံမှန်ပဲလား ”
ထိုလူနှင့် ပတ်သက်၍ သူ့ စိတ်ထဲ မရှင်းမရှင်း ဖြစ်နေသည်ကို သွယ်ဝိုက်မနေတော့ဘဲ မေးလိုက်မိသည်။
ထိုအခါ ထိုလူက သူ့ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး
“ကျွန်တော်… မရူးပါဘူး။အချိန်တန် ခင်ဗျား သိမှာပေါ့။ ဒါနဲ့ စကားမစပ် ခင်ဗျား သရဲဆိုတာ မြင်ဖူးလား ”
ဟု ပြန်၍ မေးလေသည်။
ထိုအခါ သူက ထိုလူကို ကြည့်လိုက်ပြီး
“ဟား….ဟား.. ခင်ဗျားကလည်း ခရီးတစ်ခုတည်း
နှစ်ယောက်လာတာတောင် ဟာသတွေလာပြော
နေတယ်။ကျွန်တော်… မကြောက်တတ်ပါဘူး။
ဘာလဲ ခင်ဗျားကိုယ်ခင်ဗျား သရဲလို့
ပြောချင်တာလား။ ကျန်တဲ့သူ ပြောပါဗျာ…သရဲက
ကားမောင်းတယ်ဆိုတာ…မွေးကင်းစ ကလေးသွားပြောတောင်…မယုံဘူး။ ရယ်နေမှာ …ဟား…ဟား…”
ဟု ပြန်ပြောလျက် နှစ်ခြိုက်စွာ ရယ်မောလိုက်မိလေသည်။
ထို့နောက်မှာတော့ သူလည်း ထိုလူအား
စကားဆက်၍ မပြောချင်တော့လောက်အောင် စိတ်ပျက်သွားမိပြီး၊ မျက်နှာလွှဲ၍ လမ်းဘေးဘက်သို့ သာကြည့်ခဲ့လိုက်သည်။
ထိုသို့လမ်းဘေးကို ကြည့်လိုက်မိချိန်…
“ဘာတွေတုန်းဟ…လူတွေအများကြီးပဲ။
ဟေ့လူ…ကြည့်ပါအုံးဗျာ …စည်းကမ်းမဲ့ပုံများ…
အမြန်လမ်းမကြီးပေါ် ညကြီးမင်းကြီး လမ်းဖြတ်ကူးနေကြတယ်။ ဟာ ဟိုမှာ… ဟိုကောင်…မိုင်တိုင်ပေါ် ငုတ်တုတ်ထိုင်နေတယ်။ တကယ့်ကောင်တွေပဲ အကုန်သေကုန်မှဖြင့်ကွာ”
မြင်လိုက်ရသော မြင်ကွင်းများကို ကြည့်၍
တေဇ အသံထွက် ရေရွတ်လိုက်မိသည်။
ဟုတ်တော့ဟုတ်သည်။ ဒီဘက်မှာ ရွာနားနီးလို့လား မသိ၊ လူတချို့က မိုးချုပ်သန်းခေါင်ချိန် အမြန်လမ်းပေါ် တက်၍ လမ်းလျှောက်နေကြသည်။
တောရွာဘက်က လူတွေမို့ ကျရောက်လာမည့် အန္တရာယ်ကို သိပုံမရ၊ ကားတိုက်မိမှဖြင့် အကုန်ခက်တော့မည်ဟု သူ တွေးလိုက်သည်။
သူ့ စကားကို ကြားတော့ ထိုလူက “လူ တွေ နှစ်ခါသေတာ ခင်ဗျား ကြုံဖူးလား ”
ဟု ကားမောင်းနေလျက်မှ မေး၏။
သူက ဘေးကိုကြည့်နေလျက်မှပင်
“လူ ဆိုတာ နှစ်ခါ သေမလားဗျ။ တစ်ခါပဲ သေတာ။
ခုလည်း ဒီရွာသားတွေ ကားတိုက်ပြီး မသေအောင် သတိပေးချင်တာ ”
ဟု ပြန်ဖြေလိုက်သည်။
သူ့စကားကြောင့် ထိုလူက ဟားတိုက်ရယ်မောလေတော့၏။
သူက ထိုလူ၏ ရယ်မောနေခြင်းကို မသိချင်ယောင်ဆောင်၍ လမ်းဖြတ်ကူးနေသော လူများကိုသာ
အံ့သြတကြီး ကြည့်နေလိုက်မိသည်။
ကြည့်နေတုန်းပင် လူတွေက ပိုများလာ၏။
ဒီလောက်များတဲ့ လူတွေ ဒီလမ်းပေါ် ဘာကြောင့်တက်လာတာလဲ သူ စဉ်းစားလို့မရ။
ဘုရားပွဲရှိလို့များ ဟိုဘက်ရွာ ဒီဘက်ရွာ
ကူးနေကြသလား။ အရှိန်နှင့်မောင်းနေတဲ့ ကားတွေနဲ့ တိုကျမျိရငျ အကုန်သေကုန်တော့မှာပဲဟု
စဉ်းစားမိပြန်သည်။ ဒါပေမဲ့ တစ်လမ်းလုံးမှာလည်း ကားတွေကိုတစ်စီးစ နှစ်စီးစသာ တွေ့နေရသည်။
အချိန်တွေအနည်းငယ် ကြာပြီးနောက်မှာတော့
မိတ္ထီလာတိုးဂိတ် အနီး ရောက်လာခဲ့သည်။
တိုးဂိတ်၌ မီးရောင်တွေက လင်းထိန်နေ၏။
တိုးဂိတ်ရောက်သည်နှင့် သူလည်း
ကားပေါ်မှဆင်း၍ နေခဲ့မည်ဟု ဆုံးဖြတ်လိုက်သည်။
သူ စဉ်းစားနေတုန်းမှာပင် မိတ္ထီလာ တိုးဂိတ်အတွင်း ကားလေးက ဝင်လာခဲ့၏။
“သိန်းစိုး…ဟုတ်တယ် …အဲ့ကောင် သိန်းစိုးပဲ ”
တိုးဂိတ်အကျော်၌ မော်တော်ယာဉ်များကို စစ်ဆေးနေသည့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်တစ်ယောက်အား တွေ့လိုက်ရ၍ သူ ဝမ်းသာအားရ ရေရွတ်လိုက်မိ၏။
ထိုရဲက သူ နှင့် တစ်ပတ်စဉ်ထဲ သူငယ်ချင်းမို့ သူ ဝမ်းသာသွားခြင်းပင်။
“အတော်ပဲ.. သိန်းစိုးကို အကူအညီတောင်းရမယ်။
ဒီကောင်ရှိရင် ငါ့အတွက် အဆင်ပြေနေပြီ။
ဒီကောင့် အကူအညီနဲ့ နောက်ထပ်ကားတစ်စီး တားပြီး လမ်းကြုံလိုက်ရမယ် ”
ထိုကဲ့သို့ တွေးနေစဉ်မှာပင် တိုးဂိတ်အကျော်၌ သိန်းစိုးက သူတို့စီးလာသော ကားကို တားစစ်လေတော့သည်။
“အစ်ကို….ရပ်ပေးလိုက်။ အဲ့ဒါ ကျွန်တော့် သူငယ်ချင်း သူ့ ဆီမှာ ကျွန်တော် ဆင်းနေခဲ့မယ် ”
တေဇ ထိုလူအား ပြောရင်း ကားကို ဘေးရပ်ပေးရန်
ပြောလိုက်သည်။
ထိုလူက သူ ပြောစကားကို မကြားချင်ယောင် ဆောင်တာလား မသိ၊ ပြန်၍ မပြော။
ကားရပ်သွားသည်နှင့် သိန်းစိုးက ကားဘေးနား လာရပ်လေသည်။
“နောင်ကြီး…ယာဉ်လိုင်စင် နဲ့
ယာဉ်မောင်းလိုင်စင်လေး ပြပေးပါ ”
“ဟုတ်ကဲ့ …”
ထိုလူက သိန်းစိုး၏စကားကို ဖြေရင်း ကားလိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်ကို ထုတ်ပြသည်။
“ဟေ့ကောင် သိန်းစိုး ”
သူက သိန်းစိုးကို ကားထဲကနေ လှမ်းခေါ်လိုက်သည်။
သိန်းစိုးက သူ့အသံကို ကြားပုံမရ။
ထိုလူ၏ ယာဉ်လိုင်စင်များကိုသာ
သေချာစစ်ဆေးနေသည်။
သူလည်း ဒေါသဖြစ်သွားသည်။
သူ့ အသံ ဒီလောက်ကျယ်တာတောင် ဒီကောင် မကြားရ ကောင်းလားဟု တွေးလိုက်ပြီး
“ဟေ့ကောင် သိန်းစိုး။ သူငယ်ချင်း… ငါပါတယ်ဟ။
ငါ တေဇ လေ မင်းနဲ့ တစ်ပတ်စဉ်ထဲလေ”ဟု နောက်တစ်ခါ အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်သည်။
သို့ပေမယ့်…သူ ဘယ်လောက်ပြောပြော
သိန်းစိုးက မကြား။
“ဟာ…ဒီကောင် နားကန်းနေတာလားဟ
ဒါမှ မဟုတ် ဂရုမစိုက်တာလား ”
စိတ်က မရှည်တော့ သိန်းစိုးအား ဆဲဆိုလျက် ကားပေါ်ကဆင်းရန် ခါးပတ်ကို ဖြုတ်လိုက်လိုက်၏။
“ဟာကွာ…ခါးပတ်ကြိုးက ကြပ်နေတယ် ”
မြန်မြန်ဆင်းချင်ပါတယ်ဆို ခါးပတ်က ဖြုတ်မရ။
နောက်ဆုံး ကားအတွင်းခန်းမျက်နှာကျက်ရှိ ခလုတ်ကို နှိပ်၍ ကားမီးကို ဖွင့်လိုက်သည်။ ထိုအခါ ကားအတွင်းပိုင်းတစ်ခုလုံး လင်းထိန်သွား၏။
“ဟ….ခင်ဗျားကားက ထူးဆန်းလှချည်လား။
ခလုတ်မနှိပ်ဘဲ သူ့ဘာသာသူလင်းသွားတယ်။
ဝါယာရိန်းတွေ စစ်အုံး .. ”
သိန်းစိုးက ထိုလူအား စိုက်ကြည့်လျက် ပြော
လိုက်လေသည်။
“ဟေ့ကောင်သိန်းစိုး…ကား အတွင်းမီးက
မနှိပ်ဘဲ…လင်းမှာလား။ မင်းပထွေးငါ နှိပ်လို့
လင်းတာပေါ့။ ငါ့ကို ကြည့်အုံးဟ။ ဘေးမှာ ငါထိုင်နေတာမမြင်ဘူးလား။ ရဲမျက်လုံးတဲ့ကွာ… စုံလုံးကန်းနေတာလား ”
ဆဲဆိုရင်း သူက ရှေ့ကိုကုန်း၍ အော်လိုက်သည်။
ဒါကိုလည်း သိန်းစိုးက မကြား။ သူ့ကိုလည်း မြင်ပုံမရ။ ထိုအချိန်မှာပင် ထိုလူက
“ကားက ဒီလိုပဲ ဆရာ။ နောက်တစ်ခါ ကျွန်တော်
ဝါယာရိန်းစစ်ထားပါ့မယ် ”
“စစ်ထားတာတော့ ကောင်းပါတယ်။အရေးကြီးတာကတော့ ရှေ့နောက်မီးကြီး၊ ဘရိတ်မီးတွေ လင်းရင် အဆင်ပြေပါသေးတယ်။ ဒါနဲ့ အစ်ကို တစ်ယောက်တည်း…ညကြီး ကားမောင်းနေတာ အဆင်ပြေရဲ့လား။ အဖော်တစ်ယောက်လောက်
ခေါ်လာတာ မဟုတ်ဘူး။ အိပ်ချင်ရင် လမ်းဘေး
ရဲကင်းတွေနားမှာ ဝင်အိပ်လို့ရပါတယ် ”
“ဟုတ်ကဲ့ ဆရာ …”
ထိုလူနှင့် သိန်းစိုး အပြန်အလှန်စကားပြောနေသည်ကို ကြား၍ သူ ရုတ်တရက် ဘာပြောရမှန်းမသိတော့။
သိန်းစိုးကို ကြည့်ရင်း ခါးပတ်ကို ဇွတ်ဆွဲဖြုတ်နေသော သူ့လက်တို့မှာလည်း တုန်တုန်ယင်ယင် ဖြစ်လာသည်။
“သိန်းစိုး။ မင်း….ငါ့ကို စနေတာလား ဟေ့ကောင်…”
ရင်ခေါင်းသံကြီးဖြင့် ဝမ်းနည်းစွာ အော်ဟစ် ပြောလိုက်သော်လည်း သိန်းစိုးက သူ့အသံကို
လုံးဝကြားပုံမရပေ။
ထိုလူ၏ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်ကို
ပြန်ပေး၍ ပြုံးပြနှုတ်ဆက်နေသည်။
“ဟာကွာ ဘာတွေ ဖြစ်နေတာလဲ။ ငါ့ကို ဂရုစိုက်ကြပါအုံးဟ ”
သိန်းစိုး သူ့ကို တကယ်မမြင်တာပဲ ဟုတွေးရင်း သူ့ စိတ်ထဲ ဇဝေဇဝါဖြစ်လာသည်။
သူတစ်ယောက်လုံး ဘေးမှာ ထိုင်နေပါလျက်နဲ့ သိန်းစိုး ဘာ့ကြောင့် မမြင်တာလဲဟု တွေးနေစဉ်မှာပင် ထိုလူ၏ ညာဘက်အခြမ်း ကားမှန်တံခါး တရွေ့ရွေ့တက်လာပြီး ပိတ်သွားကာ၊ သူတို့ကားလေးသည်လည်း လမ်းမကြီးအတိုင်း ဆက်ထွက်ခဲ့တော့၏။
အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ …
“ခင်ဗျား အေးအေးဆေးဆေး လိုက်ခဲ့ပါ။ နို့မို့ နှစ်ယောက်စလုံး ဒုက္ခရောက်နေမယ်။ အဓိကက ခင်ဗျား မန္တလေးရောက်ရင် ပြီးရောမလား ”
မိတ္ထီလာတိုးဂိတ်က စထွက်ကတည်းက တစ်ချိန်လုံး ငြိမ်သက်နေသည့် ထိုလူထံမှ ထွက်လာသောအသံ။
ထိုလူအား သူ လှည့်ကြည့်လိုက်သည်။
“ကျွန်တော်…. နားမလည်နိုင်တော့ဘူး။ ခင်ဗျားကလည်း ကျွန်တော့်ကို တစ်လမ်းလုံး ဂရုမစိုက်သလို မောင်းလာတယ်။ ပြီးတော့ ခင်ဗျားကို လိုင်စင် လာစစ်တဲ့ ကျွန်တော့် သူငယ်ချင်းကလည်း ကျွန်တော့်ကို မမြင်ဘူး။ဘာ့ကြောင့်လဲ…တွေးလို့ကိုမရဘူး ”
ထို့နောက် ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း ပြန်
ပြောလိုက်သည်။
ဒီကား၊ ဒီလူနှင့် သူ ဘယ်လိုတွေ ဖြစ်နေတာလည်း တွေး၍ မရတော့၊ ခေါင်းတွေသာ မူးနောက်လာ၏။
ထိုအချိန်မှာပင် ရင်ဘတ်တစ်ခုလုံး အောင့်လာပြီး အသက်ရှူရတာလည်း …မွန်းကြပ်သလိုလို
ဖြစ်လာသည်။ တစ်ခါတစ်ရံလည်း စိမ်းရွှေရွှေအနံ့များ သူ့ နှာဝအတွင်း တိုးဝင်လာသည်။
“အသုဘ ကားကြီးပေါ် တက်စီးလာ ရသလိုပဲ
စိတ်ထဲ မလုံလိုက်တာကွာ …”
ညည်းရင်း ပြောလိုက်တော့ ထိုလူ ကြားသွားပုံရ၏။
ထိုလူ့မျက်နှာ တစ်ချက်ပျက်သွားသည်ကို
သတိထားလိုက်မိတော့သည်။ သို့သော် ၎င်းက ဘာမှပြန်မပြော။ ကားကို သာ ရှေ့သို့ကြည့်၍ ထုံးစံအတိုင်းမောင်းနေ၏။ ထိုသို့မောင်းနေချိန် ကားအရှိန်က သိသိသာသာပင် ပို၍ မြန်လာသည်ကိုသတိထားမိလိုက်ပြီး
“ဟေ့လူ…ကားက ကီလိုတစ်ရာကျော်နေပြီနော်။
အရှိန်လျှော့ …” ဟု သတိပေးကာ ပြောလိုက်မိ၏။
ထိုအချိန်မှာပင် ၎င်းသည် သူ့ ကို မျက်လုံးစိမ်းများဖြင့် တစ်ချက်လှည့်ကြည့်ရင်း
“လျှော့လို့မရဘူး …အချိန်ကျတော့မယ်။ ကျုပ် အဲ့ဒီနေ့က ဒီအရှိန်နဲ့ မောင်းတာ။ ဒီအရှိန်နဲ့ မောင်းခဲ့တာ…”
ဟု သွေးရူးသွေးတန်းပြောလေတော့၏။ ထိုသို့ပြောရင်းမှလည်း လီဗာကို ပို၍ ဖိနင်းလေတော့သည်။
သိမ့်ခနဲ့ ဖြစ်သွားသော ကားအလျင်နှုန်းကြောင့်
သူ့ ရင်ဘက်တစ်ခုလုံး ဟာခနဲ့ ဖြစ်သွားပြီ
ထိုင်ခုံကို လက်နှင့် ညစ်၍ ကိုင်ထားလိုက်ရသည်။
ထို့နောက် ထိုလူအား ကြည့်လိုက်ရာ၊ စီယာတိုင်ကိုကိုင်၍ အရူးပမာကြီး တစ်ယောက်ပမာ…။
“၃၃၃ …..၁”
“၃၃……..၂”
ထိုလူသည် ပါးစပ်မှလည်း မိုင်တိုင်အမှတ်အသားတွေကို ကြည့်ရင်း တိုးတိုးရေရွတ်နေ၏။
“သေ..သေ ကုန်တော့မှာပဲ။ ဟေ့လူ အရှိန်လျော့…လျော့…အရှေ့မှာ တံတား အကွေ့ …
ငါလူ…”
“၃၃၃……..၃”
တေဇ အာခေါင်ခြစ်၍ အလန့်တကြား အော်ဟစ်ဆဲဆိုလိုက်၏။
ထိုလူက မကြား။ ၎င်းသည် လမ်းဘေးမိုင်တိုင်အမှတ်များကို မျက်လုံးပြူးကြောင်ကြောင်ဖြင့် ကြည့်၍ အော်ဟစ် ရေတွက်နေရင်းကနေ သူ့ ဘက်သို့လှည့်ကာ –
“အဲ့ဒီနေရာပေါ့ ကျုပ် ကားမှောက်ပြီး
သေခဲ့တဲ့ နေရာ။ ကျုပ်ဗျာ အဲ့ဒီနေ့က ပြတ်သွားတဲ့ ခေါင်းကို တော်တော်နဲ့ ရှာမရလို့ ပျာယာခတ်သွားတာပဲ ”
ဟု ပြောလျက် ကားလီဗာအား အဆုံးထိနင်း၍
၃၃၃မိုင် ၃ ဖာလုံအနီး၌ ကားလေးအား လမ်းညာဘက်ဘေးသို့ ဆွဲချလိုက်တော့သည်။
(၇)
“ဂီး…”
ချုံပုတ်ထဲမှ ဖြတ်ခနဲထပျံသွားသော ဇီးကွက်တစ်ကောင်၏ အော်ဟစ်သံ။
၎င်းဇီးကွက်ရှိသော ချုံပုတ်နှင့်မလှမ်းမကမ်း၌ တစ်စီးလုံးရစရာမရှိအောင် မှောက်ထား၍ ပိန့်ချိုင့်နေသော ကားတစ်စီး။
ထိုကား၏ရှေ့လေကာမှန်အကွဲကနေ သွေးများပေနေသော လက်တစ်ချောင်း တဖြေးဖြေးချင်း တိုးထွက်လာလေသည်။
ထိုလက်ချောင်းပိုင်ရှင်သည် မှောက်နေသောကားထဲမှ ဝမ်းလျားမှောက်ထိုး ထွက်လာပြီးသောအခါ အပြင်သို့ရောက်သော် ယိုင်တိုင်တိုင် ထ၍လာ၏။ ထို့နောက် ၎င်းထွက်လာခဲ့သော ကားလေး၏ပတ်ဝန်းကျင်အားပတ်၍ တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေလေတော့သည်။
ခြေလှမ်းများ ခရိုးခယိုင်ဖြင့် ဖြေးညင်းစွာ လျှောက်နေသော ထိုလက်ချောင်းပိုင်ရှင်၏ ခန္ဓာကိုယ်နေရာတွင် ဦးခေါင်းမရှိတော့ပေ။ ထိုဦးခေါင်းအစား ပြတ်ထွက်နေသော လည်ပင်းနေရာမှ သွေးများ ယိုဖိတ် စီးကျနေသည်ကို လရောင်ဖြင့် မြင်နေရလေ၏။
“ချွတ်…ဂျစ်…ဂျစ်…”
ခေါင်းမပါသောခန္ဓာကိုယ်ကြီး ရွေ့လျားသွားလေတိုင်း သစ်ရွက်ခြောက်များ၊ ကိုင်းပြတ်ခြောက်များဆီနေ ချောက်ချားဖွယ်ရာအသံများ ပေါ်ထွက်လာလေသည်။
“ဟေ့…ငါ…ဒီမှာ…ငါ…ဒီမှာ …ဟီး…ဟီး…ဟီး…ဟား…ဟား…ငါ…ဒီမှာ…ဟား…”
ဇီးကွက်ရှိနေသောချုံတစ်ခုထဲမှ ထွက်လာသည့့်ရယ်မောသံ။ ထိုအသံအဆုံး ချုံထဲကနေ အပြင်သို့ မဲမဲလုံးလုံး အရာတစ်ခု ခုံဆွခုံဆွနှင့် ထွက်၍လာ၏။သစ်ကိုင်းသစ်ခက်များကြားကနေ တိုးထွက်လာချိန် လရောင်ကြောင့် မြင်လိုက်ရသော ထိုအရာက ဦးခေါင်းပြတ်ကြီးတစ်ခုသာ။
ဦးခေါင်းပြတ်သည် မျက်လုံးများပြူးထွက်လျက်ရှိပြီး သွေးများ ရွှံ့များဖြင့် မဲချိတ်လျက်ရှိ၏။ ဦးခေါင်းပြတ်၏ ပါးစပ်မှလည်း ဗိုက်ပွင့်နေသော လယ်ကြွက်ကြီးတစ်ကောင်ကို ကိုက်ချီလိုက် ပြန်ချလိုက်ဖြင့် ဂနာမငြိမ်ဖြစ်လျက်ရှိ၏။ ထိုလယ်ကြွက်မှာ စောစောက ဇီးကွက် ကိုက်ဖြတ်စားသောက်ထားသည့် လယ်ကြွက်ကြီးပင်။
“ဟီး…ဟီး…ငါ…ဒီမှာ…ငါ…ဒီမှာ …ရှာ…မနေနဲ့…ဟီး…”
ဦးခေါင်းပြတ်က ကားဘေးနား၌ စမ်းတဝါးဝါး လျှောက်လှမ်းနေသော သူ၏ ခန္ဓာကိုယ်ကို ကြည့်၍ လှမ်းကာအော်ပြောလိုက်သည်။
သို့သော် သူ၏ ခန္ဓာကိုယ်ကမကြား။
“ဟီး…ငါဒီမှာ…အော်…ဟား…ဟား…
မင်း…က…နားမှ မရှိဘဲ…ဟား…ဟား…ငါလာပြီ…
ငါလာပြီ…ဟီး ”
ခေါင်းပြတ်ကြီးသည် ကိုက်ချီထားသော လက်ကြွက်ကိုလွှတ်ချရင်း တဟီးဟီး တဟားဟား ရယ်မောလေတော့၏။ ထို့နောက် ခုန်ဆွဆွဖြင့်ပင် သူ၏ ခန္ဓာကိုယ်ရှိရာ တစ်ရွေ့ရွေ့ သွားလေတော့သည်။
“ဟီး…”
နောက်ဆုံးမှာတော့ ဦးခေါင်းပြတ်သည် ကားအတွင်း လက်နှိုက်စမ်း၍ ရှာနေသော ခန္ဓာကိုယ်၏ လည်ပင်းပြတ်နေရာထံခုန်တက်လိုက်လေတော့၏။
(၈)
ကန်သင်းရိုးပြတ်များအတွင်း၊ ခေါင်းပြတ်ကြီးတစ်ခုသည် သူ၏ မူလကိုယ်ခန္ဓာရှိရာသို့ ခုန်ဆွခုန်ဆွသွား၍ ခေါင်းနှင့်ကိုယ် ပြန်ဆက်နေသည်အား သည်းခြေမခိုင်သူတစ်ဦးသာ မြင်မိမည်ဆိုပါက ရူးသွားမည်လား၊ သို့မဟုတ် ထိတ်လန့်တုန်လှုပ်၍ နှလုံးသွေးရပ် သေဆုံးသွားမည်လား ခန့်မှန်း၍ မရနိုင်ပေ။
ခေါင်းနှင့်ကိုယ်တွဲလျက် ပြန်ဖြစ်သွားပြီးနောက်မှာတော့ သရဲကောင်သည် မှောက်နေသော ပတ်ဝန်းကျင်အား တော်တော်ကြာ စိုက်ကြည့်၍နေ၏ ။
ထို့နောက် နှာခေါင်းအားတစ်ရှုံ့ရှုံ့လုပ်ရင်း မှောက်နေသော ကားအတွင်းသို့ ငုံ့ကြည့်လိုက်လေရာ သတိလစ်လျက်ရှိသော လူငယ်တစ်ယောက်အား တွေ့၍သွား၏။ သရဲကောင်သည် ထိုလူငယ်အား ရဲတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေရာမှ သဘောကျစွာပြုံးလေတော့သည်။
ထို့နောက် ကားအတွင်းရှိ လူငယ်အား ရှည်လျားသောသူ၏ လက်ဖြင့်လှမ်းဆွဲလိုက်ချိန် –
“အီး…အူး…”
သရဲကောင်ထံမှ ထိတ်လန့်စရာကောင်းသော အသံကြီးတစ်ခု ထွက်ပေါ်၍လာသည်။ ထို့နောက် သရဲကောင်သည် လူငယ်အား ကိုင်လိုက်သော သူ၏လက်ကို အပြင်သို့အမြန်ပြန်ရုတ်၍ ယမ်းခါလိုက်၏။
ထိုလူငယ်အား ကိုင်လိုက်သော သူ့လက်များက
မီးစနှင့် ထိသည့်နှယ် ကျွမ်းလောင်လျက်ရှိပြီး အငွေ့များ တရှဲရှဲဖြင့်ထွက်လာ၏။ ထို့နောက်မှာတြော့
သရဲကောင်သည် နာကျင်သွားသော လက်ကို ကြည့်လိုက်၊ သတိလစ်နေသော လူငယ်အားကြည့်လိုက်ဖြင့် ဒေါသများထွက်လာတော့၏။ ၎င်းသည် သတိလစ်နေသောလူငယ်အား ရန်ပြုရန်အတွက် ကားအနားတစ်ဝိုက် လျှောက်လိုက်၊ ကားထဲသို့ ငုံ့ကြည့်လိုက်ဖြင့်ရှိနေသည်။ တစ်ကြိမ်တွင်တော့ သရဲကောင်သည် ထိုလူငယ်အား နောက်ထပ်တစ်ခါ လက်ဖြင့် လှမ်းကိုင်ရန်ကြိုးစားလိုက်ချိန် …
“ဖြောင်း…ဖြောင်း…”
သစ်ကိုင်းဖြင့် ရိုက်လိုက်သလို အသံများ ဆက်တိုက်ပေါ်လာပြီး သရဲကောင်၏ ခန္ဓာကိုယ်မှာ ဝါးတစ်ရိုက်စာမက အဝေးသို့ လွင့်စင်သွားတော့သည်။
ထို့နောက်မှာတော့ သရဲကောင်သည် ဘေးနားရှိ ချုံပုတ်များ၊ သစ်ကိုင်းများကို ဒေါသတကြီးဖြင့် ရိုက်ချိုးဖျက်ဆီး၍အမှောင်ထဲသို့ ထွက်ပြေးသွားတော့လေသည်။
ထိုသရဲကောင် ထွက်ပြေးသွားပြီး နောက်မှာတော့ ကမ္ဘာပျက်သလို ဖြစ်ခဲ့သော မိုင်တိုင်အမှတ် ( ၃၃၃ ) မိုင် ( ၃ ) ဖာလုံ နေရာလေးသည် ချက်ချင်းဆိုသလိုပင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့၏။
(၉)
(၁၁၅) မိုင် ယာဉ်ရပ်နားကွင်းအတွင်းသို့ မတ်တူးကားအဖြူရောင်လေးတစ်စီး ဝင်လာ၏။
“ဟော…ဆရာကြီးမြဟန်တို့ရောက်လာပြီ။
အဲ့ဒါ ဆရာကြီးအိမ်က ကားပဲ ”
ယာဉ်ရပ်နားကွင်းဘေး၌ ရှိနေသော လူတစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။ ပြောလိုက်သည့်သူက ထိုယာဉ်ရပ်နားကွင်းအတွင်းစားသောက်ဆိုင်ဖွင့်ထားသူဖြစ်၏။
သူ့ဘေးနားမှာလည်း လူတချို့ရှိနေကြသည်။ ထိုသူတွေက တေဇနှင့်အတူ ပါလာသော ဒုရဲအုပ်စိုးမောင်တို့ဖြစ်သည်။
ဒုရဲအုပ်စိုးမောင်၏ မျက်နှာမှာ သိသိသာသာပင်ပျက်ယွင်းလျက်ရှိသည်။ သူသည် ချွေးများဖြင့်ပြည့်နေသော မျက်နှာကို လက်ကိုင်ပုဝါဖြင့် သုတ်နေ၏။
ထိုအချိန်မှာပင် မတ်တူးကားလေးက ဆိုင်ရှေ့၌
ထိုးရပ်သွားပြီး ကားပေါ်ကနေ လူတချို့ လျင်မြန်စွာ ဆင်းလာကြသည်။ ထိုသူများအနက် ကား၏
နောက်ခန်းအတွင်းမှ ဆင်းလာသည့် ပုဂ္ဂိုလ်ကြီးသည် အသက်အားဖြင့် ( ၅၀ ) ကျော်ခန့်ရှိပြီး အရပ်မှာလည်း ( ၆ ) ပေခန့် ရှိပြီး အသားအရေက ကြေးနီရောင် အသားအရေဘက်သို့ ရောက်၍နေသည်။
မျက်လုံးမျက်ဖန်ကောင်းပြီး ပိရိသေသပ်သော
နှုတ်ခမ်းတစ်စုံကြောင့် အများကြားတွင် ထင်ပေါ်လျက် လွန်စွာကြည့်ကောင်းသော ဥပဓိရုပ်ပိုင်ရှင်ဖြစ်သည်ဟု ထိုပုဂ္ဂိုလ်ကြီးအား ကြည့်နေရင်းကနေ
ဒုရဲအုပ်စိုးမောင်က မှတ်ချက်ချလိုက်သည်။
ပုဂ္ဂိုလ်ကြီးသည် စတစ်ကော်လံအဖြူကို
ယောပုဆိုးအကွက်နှင့် လိုက်ဖက်စွာ ဝတ်ဆင်ထားပြီး သူ၏ ညာဘက်လက်ကောက်ဝတ်တွင် မဟော်ဂနီ သားဖြင့် ထုလုပ်ထားသော ကိုးနဝင်း ပုတီးတစ်လုံးကို ဆင်မြန်းထား၏။
“အင်္ကျီအဖြူ..အရပ်မြင့်မြင့်နဲ့လူက ဒီနယ်က ရွှေရင်ကျော်ဂိုဏ်းဆရာကြီးဦးမြဟန်တဲ့ …ဗိုလ်လေး။ ကျွန်တော့်မိဘတွေရဲ့ မိတ်ဆွေပဲ ကျွန်တော်တို့ သွားကြိုရအောင်..လာ..လာ..”
စားသောက်ဆိုင်ပိုင်ရှင်က ပြောရင်း ဒုရဲအုပ်စိုးမောင်ကိုပင် မစောင့်တော့။ ရှေ့ကနေ ထွက်၍သွား၏။
ဒုရဲအုပ်စိုးမောင်လည်း နောက်ကနေ ကသောကရော ပြေးလိုက်သွားရသည်။
“ဘယ်လိုဖြစ်တာလဲ..မောင်ထိုက်ဇော်။ မင်းမိဘတွေက ဆရာ့ဆီ ဖုန်းဆက်ပြီး အရေးပေါ်ဆိုလို့ ချက်ချင်းထွက်လာရတယ်”
“ဟုတ်တယ် ဆရာကြီး ကျွန်တော့် ဆိုင်ကို လာတဲ့ ဧည့်သည်တစ်ယောက် အပမှီနေလို့။ ကားရပ်နားကွင်းနားမှာ တစ်ယောက်တည်းစကားတွေပြောပြီး သတိလစ်သွားတယ်တဲ့ ဆိုင်က ကလေးတွေက ပြောတာ..”
“ဟုတ်လား ..”
“ဟုတ်တယ် ဆရာကြီး ..သတိရတော့ မေးတာလည်းမဖြေဘူး။ မျက်လုံးနီနီကြီးနဲ့ ဆိုင်ထဲက လူတွေကို စိုက်ကြည့်နေတာ။ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း ကြောက်ပြီး ဆရာကြီးကို ပင့်လိုက်တာပါ။ ဒါက အဲ့ဒီဧည့်သည်နဲ့အတူပါလာတဲ့ လူတွေ။ တစ်ဖွဲ့တည်းတွေ။ သူတို့ကားက ထွက်သွားတာ ကြာပြီ။ အဲ့ဒီတစ်ယောက်ပဲ…ကျန်ခဲ့တာ။ ကံကောင်းချင်တော့ ဒီက
ဧည့်သည့်တွေစီးလာတဲ့ ကားဆရာက ကျွန်တော့်ဆိုင်ကို ဝင်နေကြဆိုတော့ ကားဆရာရဲ့ဖုန်းနံပါတ်ကိုခေါ်ပြီး သူတို့လူရဲ့ အခြေအနေကိုချက်ချင်းအကြောင်းကြားလိုက်တာ။ သူတို့လည်း ကားကြုံနဲ့ ပြန်လိုက်လာကြတယ်…ဆရာကြီး ”
ရွှေရင်ကျော်ဣစာသယမဟိဒ္ဓိစေဂိုဏ်း၏ ဂိုဏ်းဝင်ဆရာတစ်ဦးဖြစ်သော ဆရာကြီးဦးမြဟန်က စားသောက်ဆိုင်ပိုင်ရှင် ကိုထိုက်ဇော် ပြောသည်ကို သေချာနားထောင်ပြီးနောက် ဒုရဲအုပ်စိုးမောင်ကို
လှမ်းကြည့်၏။ ထို့နောက် ခေါင်းတစ်ချက်ညိတ်ပြလေသည်။
“လူနာကရော.. ဘယ်မှာလဲ..”
“ဆိုင်ထဲမှာ ခေါ်ထားတယ်။ ရုန်းနေလို့ ချုပ်ထားတယ် ဆရာကြီး ”
ဆိုင်ရှင်ကိုထိုက်ဇော်က ဆိုင်အတွင်းသို့ လက်ညှိုးထိုးညွှန်ပြလိုက်သည်။ ဆိုင်အတွင်း စားပွဲခုံတစ်ခု၌ တေဇကို လူသုံးလေးယောက် ဝိုင်း၍ ချုပ်ထား၏။
ထိုအခါဆရာကြီးဦးမြဟန်မှာ ဆိုင်အတွင်းသို့
ဝင်ပြီး တေဇအနား လျှောက်လာလေ၏။
ထို့နောက် ဆရာကြီးဦးမြဟန်သည် သူ့အား
မျက်ထောင့်နီနီကြီးဖြင့် စိုက်ကြည့်နေသော
တေဇ၏ မျက်လုံးများကို လက်ဖြင့်ဖြဲကြည့်လေသည်။
“ဟုတ်တယ်…အပမှီနေတာ။ သူ့ကို ဘုရားခန်းထဲ ခေါ်ခဲ့လိုက်ကြ။ မောင်ထိုက်ဇော်..ဆရာကြီးကို .. ဘုရားခန်းရှိရာ ညွှန်အုံး ”
“ဟုတ်ကဲ့..ဆရာကြီး..ဘုရားခန်းက ဒီဘက်မှာပါ။
ကြွပါခင်ဗျ ..”
ကိုထိုက်ဇော်က ပြောရင်း ဆရာကြီးဦးမြဟန်နှင့်အဖွဲ့အား ဘုရားခန်းရှိရာ ခေါ်သွား၏။ ဘုရားခန်းဘက် သွားနေရင်းမှ ဆရာကြီးဦးမြဟန်သည် ဒုရဲအုပ်စိုးမောင်ကို လှည့်ကြည့်၍
“ဒါနဲ့ ဒီသူငယ်နာမည်က ..”
ဟု မေးရာ –
“တေဇတဲ့ ဆရာကြီး”
ဟု ပြန်ဖြေလိုက်လေသည်။ တေဇ၏ နာမည်ကို သိပြီဖြစ်သဖြင့် ဆရာကြီးဦးမြဟန်မှာ ခေါင်းညိတ်ပြပြီး ဘုရားခန်းထဲ အရင်ဝင်သွားတော့သည်။ နောက်မှလူများလည်း တေဇကိုချုပ်၍ ဘုရားခန်းရှိရာ လျှောက်လာကြသည်။ ဘုရားခန်းရှေ့ရောက်သည့်အခါ တေဇက အတင်းရုန်းကန်တော့၏။ ထို့နောက် အသံဩဩကြီးဖြင့် “မဝင်ဘူး…” ဟု အော်ဟစ်ပြောဆိုလျက်၊ သူ့အားချုပ်ထားသော လူတွေလက်ထဲမှ ထွက်ပြေးရန်ကြိုးစားလေသည်။
ထိုအခါ ချုပ်နှောင်ထားသည့် လူတွေလည်း
တေဇ ထွက်မပြေးနိုင်ရန် အားဖြင့် အတင်းဖိထားကြ၏။ သို့ပေမယ့် အပမှီထားသော တေဇ၏ ခန္ဓာကိုယ်က ကျွဲရိုင်းတစ်ကောင်နှယ်၊ သန်မာလျက်ရှိရာ အားကောင်းမောင်းသန်ယောက်ျား သုံးလေးဦးပင် ထိန်းမနိုင်သည့်အဆုံး ကြမ်းခင်းပေါ် လှဲသိပ်ပြီး
အပေါ်မှ တက်ဖိထားကြရတော့သည်။
ထိုအခါအောက်မှာရှိနေသော တေဇ၏ ခန္ဓာကိုယ်က
နတ်စီးသလို တဆတ်ဆတ်တုန်ခါသွားပြီး
မျက်နှာတစ်ခုလုံး နီမြှန်းလာတော့၏။
ကြာလျှင် အကုန်ဒုက္ခရောက်ကုန်တော့မည်ဟု တွေး၍ ဒုရဲအုပ်စိုးမောင်က ဆရာကြီးဦးမြဟန်ကို အားကိုးတကြီး လှမ်းကြည့်လိုက်ရာ
ဆရာကြီးဦးမြဟန်သည် ဘုရားရှိခိုးလျက်ရှိပြီး
သူ၏ တပည့်နှစ်ဦးမှာမူ ဘုရားခန်းအတွင်း
ဆေးဖယောင်းတိုင်များ ဆီမီးများ ထွန်းညှိနေကြလေသည်။
“လွှတ်..ငါ့ကို..လွှတ်စမ်း..”
“တေဇ..စိတ်ထိန်းစမ်းကွာ..ဟိုမှာ.. ဆရာကြီးတို့..ရှိတယ်..စိတ်ထိန်း..”
အောက်ကနေ အော်ပြောလိုက်သော တေဇ၏ခေါင်းကို ကြွေပြားနှင့်ကပ်သည်အထိ ဒုရဲအုပ်စိုးမောင်လက်ဖနှောင့်ဖြင့် ဖိတွန်းထားရင်းမှ ပြောလိုက်၏။
တေဇကမူ ရုန်းကန်းနေမြဲ။
ထိုစဉ် –
“ရပြီ..သူ့ကို..လွှတ်လိုက်တော့.. ဆိုင်ရာပိုင်ရာတွေကို ချုပ်ခိုင်းလိုက်မယ်… ကျန်တဲ့သူတွေ..နောက်နည်းနည်းဆုတ်..”
ပြောလိုက်သော ဆရာကြီးမြဟန်၏အသံကြောင့် ဒုရဲအုပ်စိုးမောင်အပါအဝင် တေဇကို ချုပ်နှောင်ထားသည့်လူအားလုံး ဘုရားခန်းထဲ ကြည့်လိုက်ကြသည် ။
ဆရာကြီးဦးမြဟန်သည် မြတ်စွာဘုရားရှင်ရုပ်ပွားတော်မြတ်ကို ကျောပေး၍ သူတို့ရှိရာဘက် လှည့်ထိုင်နေသည်။
ထိုသို့ ထိုင်နေရင်းမှလည်း တေဇအား
“ဒီကိုလာစမ်း ..”
ဟု ဩဇာညောင်းသော အသံဝါဝါကြီးဖြင့်
ခေါ်လိုက်လေတော့၏။
ဆရာကြီးဦးမြဟန်၏ အမိန့်ကြောင့် တေဇအားချုပ်နှောင်ထားသည့် လက်တွေကို ဒုရဲအုပ်စိုးမောင်တို့က ဖြေလျော့ပေးလိုက်ကြသည်။ထိုအခါ တေဇသည် ချုပ်နှောင်ရာမှ လွတ်သွားဟန်ဖြင့် အတင်း ကုန်းထပြီး နောက်လှည့်ပြေးရန် ပြင်လိုက်၏။
“ဟေ့..မလိုချင်ဘူး.. ဒူးထောက်ပြီး ဒီကို..လာခဲ့။ ဆိုင်ရာပုဂ္ဂိုလ်တွေ သူ့ကို လက်နောက်ပြန်ချုပ်ပြီး…ရှေ့ကို ခေါ်လာခဲ့…”
ကုန်းထရန်ပြင်နေသော တေဇအား ကြည့်၍ ဆရာကြီးမြဟန်က ပြောလိုက်သည်။
တေဇက ဂရုမစိုက်ဟန်ဖြင့် ထရန်ကြိုးစားပြန်၏။
“အံမာ…တော်တော်လေးကို စွမ်းနေတယ်ပေါ့..
ဟုတ်လား..အာခံနေတယ်။ ကဲ…ဒီလောက်တောင်ရှိတာ…”
ဆရာကြီးဦးမြဟန်က တေဇကို လက်ညှိုးထိုး၍ –
“ဘုန်းတော်အနန္တကြီးမြတ်တော်မူသော
ဘုရားငါးဆူနှင့် ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းကြီး၏ အဖဆရာကြီးများကို အမှူးထား၍
ငါ ဆရာအမိန့်ပေးမယ်။ ဟေ့ …ငါဆရာအမိန့်ကို အာခံရဲတဲ့ အစွဲကောင်။ အဲ့နေရာမှာ ငြိမ်ငြိမ်နေစမ်း…
ကြိုးပိုင်…သူ့ကို လက်နောက်ပြန်ချုပ်ပြီး ဒူးထောက်လျက် ရှေ့ကို ခေါ်ခဲ့စမ်း ”
ဆရာကြီးဦးမြဟန်က တေဇအား လက်ညှိုးထိုး၍
နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။
ထိုအခါ ကြွေခင်းပေါ်ဒူးထောက်နေသည့် တေဇ၏ လက်များသည် လူတစ်ဦးတစ်ယောက်က နောက်ပြန်ဆွဲလိုက်ပြီး ကြိုးဖြင့်တုပ်သလို ဖြစ်သွား၏။
“အေး… ဆိုင်ရာတွေ.ကြိုးနဲ့တုပ်ပြီးတာနဲ့ ဘုရားခန်းထဲခေါ်ခဲ့ကြစမ်း။ ဟေ့..ဒီသူငယ်မှာ စွဲကပ်နေတဲ့ အမှောင့်… အသာတကြည်နဲ့ လိုက်ခဲ့ ”
ဆရာကြီးဦးမြဟန်က ထပ်မံ၍ အမိန့်ပေးလိုက်သည်။ ဆရာကြီးဦးမြဟန်၏ အမိန့်ကိုကြားသည်နှင့် တေဇ
ခန္ဓာကိုယ်က ယိမ်းထိုး၍ တဆတ်ဆတ်တုန်ခါသွားပြန်သည်။ ထို့နောက် တေဇ၏ခန္ဓာကိုယ်မှာ
အနောက်ကနေ ဆင်ကြီးတစ်ကောင်က
ဦးခေါင်းနှင့်တိုက်၍ တွန်းလိုက်သည့်နှယ်
ဘုရားခန်းထဲ ဒရွတ်တိုက်လျက်ရောက်ရှိသွားပြီးဆရာကြီးဦးမြဟန်နှင့် မလှမ်းမကမ်း၌ ရပ်သွားတော့၏။ ထိုမြင်ကွင်းကို ဘေးနားမှ
ရပ်ကြည့်နေသူအားလုံး အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။ ထိုအခါ ဆရာကြီးဦးမြဟန်သည်
သူ့အနားရောက်လာသည့် တေဇကို ကြည့်၍
“သူငယ်ရဲ့ ခန္ဓာထဲက…ပူးကပ်နေတဲ့အမှောင့်..
လက်အုပ်ချီစမ်း..ဘုရားရှိခိုး..”
ဟု အမိန့်ပေးလေပြန်၏။ တေဇက တုတ်တုပ်မျှမလှုပ်၊ လက်နောက်ပြန်ခေါင်းငိုက်စိုက်၍နေမြဲ။
“ဘုရားကန်တော့…”
“မလုပ်ဘူး…”
တေဇထံမှ ထွက်လာသော အသံ။
ထိုအသံကိုကြားတော့ ဒုရဲအုပ်စိုးမောင်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ တေဇထံမှ ထွက်လာသော အသံသည် ဝမ်းခေါင်းသံကြီးဖြစ်ပြီး သူတို့ကြားနေကြမျိုး အသံမဟုတ်။
“အမိန့်မနာခံဘူးလား။ ဘုရားကန်တော့လို့ပြောနေတာကို။ ကြိုးပိုင်..သူ့ကို ဘုရားကန့်တော့လို့ရအောင် လက်တွေဖြည်ပေးလိုက်။ ဟေ့…အစွဲကောင်..လက်ကကြိုးတွေပြေတာနဲ့ ဘုရားကန်တော့…”
ဆရာကြီးမြဟန်၏ ထပ်ပြောလိုက်သည်။
တေဇက ဘုရားမကန်တော့သည့်အပြင် ဘေးသို့လှည့်သွား၏။
“မကန်တော့ဘူးလား..လက်တွေက..ဘာလို့ ဆုပ်ထားရတာလဲ။ ဒီလောက်တောင်ရှိတာ..ကဲ..ဆိုင်ရာတွေ ငါဆရာအမိန့်…ပေးမယ် ။ မီးပိုင် …သူ့ကျောပြင်ကို မီးစနဲ့ ထိုးစမ်း..”
“အား….”
ဆရာကြီးဦးမြဟန်၏ စကားအဆုံး တေဇသည်ကား ကျောပြင်ကို မီးကျီးခဲနှင့် ထိုးခံရသည့်နှယ်ဖြစ်ကာ
ဘုရားခန်းအတွင်း လူးလိမ့်အော်ဟစ်နေတော့၏။
ထို့အတူ ၎င်းထံမှ ထွက်လာသော ကြောက်မက်ဖွယ်ရာ အသံကြီးကလည်း ဘုရားခန်းအတွင်း ဆူညံသွားလေသည်။
ဒုရဲအုပ်စိုးမောင်လည်း တေဇကို ကြည့်၍
မျက်စိမျက်နှာပျက်လာပြီး စိုးရိမ်စိတ်များလည်း
ပိုဖြစ်လာသည်။
ဆရာကြီးမြဟန်တို့ ရွှေရင်ကျော်ဂိုဏ်းဆရာများက တေဇကို မျက်တောင်မခတ်စိုက်ကြည့်နေကြသည်။
“ရပြီ..ရပြီ။ ရပ်လိုက်တော့..ဆိုင်ရာတွေ
သူ့ကို ..လွှတ်ပေးလိုက်ကြ..”
ဆရာကြီးမြဟန်၏ အမိန့်အဆုံး တေဇက ငြိမ်သက်သွား၏။ ထို့နောက် ပြင်းရှသော အသက်ရှူသံကြီးဖြင့် သက်ပြင်းချရင်း လှဲနေရာမှ လက်ထောက်၍ ဒူးထောက်ထိုင်လေ၏။
“ကဲ..ဘုရားကန်တော့..”
ဒီတဈခါမှာဝောာ့ တေဇကို ဝင်ပူးနေသည့် အစွဲကောင်သည် မမြင်အပ်သော အစောင့်များ၏ ဒဏ်ပေးမှုကို ကြောက်လန့်သွား၍ထင်၏၊ ဘုရားဆင်းတုတော်အား ဖြေးဖြေးချင်း ကန်တော့လေတော့သည်။
“လက်တွေကို ဖြန့်ထား။ လက်သီးဆုပ်မကန်တော့နဲ့။လက်တွေကို ဖြန့် ”
တေဇ က ကျစ်ကျစ်ပါအောင်ဆုပ်ထားသော သူ့လက်သီးကို အကြောများကပ်ထားသည့် လူတစ်ယောက်လို ဖြေးဖြေးချင်း ဖြန့်လိုက်သည်။
“သေချာဦးတိုက်…ဘုရားကန်တော့တာကို
ဖြစ်သလို မလုပ်နဲ့။ သေချာကန်တော့…”
ဆရာကြီးဦးမြဟန်စကားပင်မဆုံးသေး
တေဇ၏ ခေါင်းက ကြမ်းပြင်မှ ရွေးစေ့တစ်စေ့ခန့်စာမျှပင် ခွာ၍ မလာတော့ပေ။
တေဇအားပူးဝင်နေသော ပရလောကသားသည်
ဆရာကြီးဦးမြဟန်၏ စကားကို နားမထောင်ဘဲ၊
ပေကပ်ကပ်လုပ်နေခြင်းပင်။
ထိုအခါ ဆရာကြီးဦးမြဟန်က ထိုင်နေလျက်ကနေ
ခါးကိုရှေ့အနည်းငယ်ကိုင်းလိုက်ပြီး
တေဇ၏ ဦးခေါင်းအား လက်ညှိုးဖြင့် ထောက်၍
“ပူလား..”
“ပူတယ်…”
“ပြန်ပြောစမ်း..ပူလား ”
“ပူတယ်..”
“ဒါဆိုရင် ဘုရားကိုသေချာကန်တော့။
ပြီးရင် မေးသမျှ မှန်မှန်ဖြေစမ်း။ မဖြေရင် ဒီထက်မကပူတဲ့ အပူကြောင့် ခေါင်းတစ်ခုလုံးအစိတ်စိတ်အမွှာမွှာကွဲသွားမယ်..ကြားလား..”
တေဇက ပါးစပ်က မပြော၊ ကြမ်းပေါ်ခေါင်းကပ်နေရာကနေ ပြန်ခွာ၍၊ ဆရာကြီးဦးမြဟန်အား နားလည်သည့်အကြောင်း ခေါင်းညိတ်ပြလေသည်။ ထို့နောက် ဆရာကြီးဦးမြဟန်ပြောသည့်အတိုင်း ဘုရားအား သေသေချာချာကန်တော့လေသည်။
“ဘယ်သူလဲ..စုန်း ကဝေ..အမှောင့်ဘီလူး သရဲ
သဘက် ဘယ်ထဲကလဲ။ စုန်းတိုက် နတ်တိုက်
ကဝေ ဆယ့်နှစ်ကြိုး ဆရာရှိသလား။ဘယ်သူခိုင်းတာလဲ..”
“မရှိပါဘူး..မခိုင်းပါဘူး..”
“မညာနဲ့..ဒါဆို ဒီသူငယ်ရဲ့ ဝိဥာဉ်
ဒီနားမှာပဲ ရှိရမှာပေါ..ငါပညာရပ်နဲ့ စစ်ဆေးပြီးပြီ
ဒီသူငယ်ဟာ ရုပ်နဲ့နာမ်တော်တော်ဝေးနေပြီ..
ဘယ်ဆရာခိုင်းတာလဲ…မညာနဲ့ ..ဒီသူငယ်ကို
ဘယ်ကိုခေါ်သွားတာလဲ..”
“မညာပါဘူး..ကျုပ်ရောက်တဲ့ အချိန်မှာ ဒီခန္ဓာကိုယ်ပိုင်ရှင်မှာ မူလဝိဥာဉ်မရှိတော့ပါဘူး။ ဒါကြောင့် ကျုပ်သူ့ထဲ လွယ်လွယ်ကူကူ ဝင်ပူးခဲ့တာပါ..ကျုပ်သိတာ ဒါအကုန်ပါပဲ …”
တေဇအား ဝင်ပူးနေသော အစွဲကောင် ပြောလိုက်သည့် စကားကြောင့် ဆရာကြီးမြဟန် မျက်မှောင်တစ်ချက်ကုတ်လိုက်၏။
ပြီးမှ တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်..
“မညာနဲ့…”
“မညာရဲပါဘူး…”
“ကဲ..ဒါဆို…မင်း..ဒီသူငယ်ရဲ့ ခန္ဓာကိုယ်ကနေ..အခုထွက်တော့..ပြီးတာနဲ့…ဒီနားတစ်ဝိုက်မှာပဲနေ။ လိုရင်ပြန်ခေါ်မယ်…ဟေ့ ..ဆိုင်ရာတွေ.. သူ့ကို ချုပ်ထားတဲ့ ကြိုးတွေ ဖြည်ပေးလိုက်ကြ။ ပြီးတာနဲ့ သူ့ကို ဒီနေရာကနေ ဆွဲထုတ်သွားကြ…”
ဆရာကြီးမြဟန်၏ စကားသံအဆုံး တေဇ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ခါသွားပြီးတစ်ဆက်တည်းဆိုသလို ကြမ်းပြင်ပေါ် သို့ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။
(၁၀)
“ဟာ…”
ဗုန်းခနဲအသံကြီးနှင့်အတူ ကြမ်းခင်းပေါ်လဲကျသွားသည့်တေဇကြောင့် ဘုရားခန်းအရှေ့ကနေ စိတ်ဝင်တစားရပ်ကြည့်နေကြသော လူအုပ်ကြီးသည်အထိတ်တလန့်အော်ဟစ်လေတော့၏။
တေဇ၏ခန္ဓာကိုယ်က လုံးဝလှုပ်ရှားခြင်းမရှိ။
ထိုသို့ငြိမ်သက်သွားသော တေဇကိုကြည့်ပြီး ဒုရဲအုပ်စိုးမောင်မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်၍သွားသည်။
တေဇအား ဝင်ပူးနေသော ပရလောကသား၏ ပြောဆိုချက်အရ ၎င်းပရလောကသားမရောက်နှင့်မီကတည်းကပင် သူ့တပည့်တေဇ၏အသက်သည် ချုပ်ငြိမ်းသွားပြီဟု သိခဲ့လိုက်ရ၏။
“ကိုထိုက်ဇော်…ဒါ….ဒါဆို..ကျုပ်တပည့် အ..အသက်မရှိ။ ဟာ..သွား..သွား..ပါပြီဗျာ…ဒုက်…ဒုက္ခပါပဲ..”
စားသောက်ဆိုင်ပိုင်ရှင် ကိုထိုက်ဇော်၏ ပုခုံးကို ကိုင်ရင်း ဒုရဲအုပ်စိုးမောင်က ပျာပျာသလဲပြောလိုက်လေရာ ကိုထိုက်ဇော်မှာလည်း စိတ်မကောင်းဟန်ဖြင့်ခေါင်းငုံ့သွား၏။
ထို့နောက် ဒုရဲအုပ်စိုးမောင်သည် ဆရာကြီးဦးမြဟန်ကိုတစ်လှည့်၊ လဲကျငြိမ်သက်နေသည့် တေဇကို တစ်လှည့်ကြည့်၍ မျက်ရည်များ စီးကျလာတော့လေသည်။
(၁၁)
“ကယ်ကြပါအုံးဗျာ။ ကျွန်တော့် တပည့်ကို …ကယ်ပါအုံး။ ဆရာကြီး..ဆရာကြီး..ကယ်ပေးပါဗျာ…”
ဒုရဲအုပ်စိုးမောင်သည် စိတ်ကစင့်ကလျား အော်ဟစ်ပြောရင်း လဲကျနေသော တေဇအနား ပြေးသွားရန် ပြင်လိုက်သည်။ လောကီပညာရပ်များနှင့်ပတ်သက်၍ ဘာမှနားမလည်သော သူတို့တွေ
အတွက် ဆရာကြီးဦးမြဟန်သာ လတ်တလော အားကိုးစရာရှိ၏။ ထိုသို့ အော်နေရင်းမှလည်း ဆရာကြီးဦးမြဟန်၏ မျက်နှာကို သူက အားကိုးတကြီး လှမ်းကြည့်လိုက်ပြန်၏။ ဆရာကြီး၏ ဘေးနား၌ တင်ပ္ပလင်ချိတ်ထိုင်နေသော ရွှေရင်ကျော်ဂိုဏ်းဆရာတစ်ဦးက ဒုရဲအုပ်စိုးမောင်ကို လက်ကာ၍ တိတ်တိတ်ကလေးနေရန် အချက်ပြတားမြစ်လိုက်လေသည်။
“ဗိုလ်လေး မသွားနဲ့အုံး.. ”
ထိုဆရာ၏ အချက်ပြမှုကို သဘောပေါက်သည့်ကိုထိုက်ဇော်က ဒုရဲအုပ်စိုးမောင်၏ လက်ကိုလှမ်းဆွဲထားလိုက်သည်။ ထို့နောက် ဆရာကြီးဦးမြဟန်နှင့် တပည့်များသည် ထိုင်ရာမှထ၍ တေဇကို စမ်းသပ်စစ်ဆေးကြ၏။
ထိုသို့စစ်ဆေးပြီးသောအခါ ဆရာကြီးဦးမြဟန်သည်
ခေါင်းတစ်ချက်ညိတ်လိုက်၏။ ထို့နောက် ၎င်း၏တပည့်နှစ်ဦးဖြစ်သော ဂိုဏ်းဝင်ဆရာများကို
တည်ငြိမ်သောလေသံဖြင့် ပြောလေတော့သည်။
“နှလုံးသွေးဖောက်ပြန်ပြီး စိတ်နှုံးချိနေတဲ့အချိန် အရိုး၊ အသား၊ အသွေး…တစ်ကိုယ်လုံးကို ခြုံစီးသွားတာပဲ။ ကြည့်ရတာ ဒီသူငယ်က… ကံနိမ့်နေချိန်မှာ နာနာဘာဝကောင်နဲ့ ထိပ်တိုက်စကားပြောခဲ့ပုံရတယ်။ ဒါမျိုးက ပယောဂကုထုံးဖြစ်စဉ်တွေမှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်မျိုးပဲ။ ဒီလိုအချိန်မှာ အမှောင့်ကောင်ဟာ သူ့ရဲ့စိတ်ကိုသိမ်မွှေ့အောင်လုပ်ပြီး ..ပူးခေါ်သွားတာ။ စောစောကစစ်ဆေးခဲ့တဲ့ အမှောင့်ကောင်ဟာ ဒီသူငယ်ရဲ့ ဝိညာဉ်ခွာသွားတဲ့အချိန် ပိုင်ရှင်မရှိဘူးထင်ပြီး ခန္ဓာကိုယ်ထဲဝင်ကပ်ခဲ့တာပဲ။ ဒါပေမဲ့ တစ်ခုကံကောင်းတာက ဝိညာဉ်ရဲ့ကြိုးဟာ ကျန်ရစ်တဲ့ ရုပ်ကနေ လုံးဝပြတ်ထွက်မသွားသေးဘူး။ ဒီတော့ ရုပ်ကလာပ်ရဲ့ လွတ်နေတဲ့ ကြားနေရာလေးမှာ အသက်တည်နေသေးတယ်။ ဒါဟာ အာကာသဓာတ်သဘောတရားပဲ။ ဒီလိုအရာကို ကြည့်ဖို့ဆို သာမန်မျက်စိနဲ့ မမြင်ရဘူး.. ဥာဏ်မျက်စိနဲ့သာ မြင်ရမယ်။ မင်းတို့နှစ်ယောက် သေသေချာချာမှတ်ထားကြ …”
“ဟုတ်ကဲ့ အဖေကြီး”
ဆရာကြီးဦးမြဟန်ပြောလိုက်သည့် အသက်ရှိနေသေးသည်ဟူသော စကားကြောင့် ဒုရဲအုပ်စိုးမောင် ရင်ထဲ ဝမ်းသာသွား၏။ ကိုထိုက်ဇော်ကို လှမ်းကြည့်တော့ ၎င်း၏မျက်နှာမှာလည်း ဆရာကြီးဦးမြဟန်၏
စကားကြောင့် မျှော်လင့်ချက်တစ်ခုရပြီဟု သဘောရသော အပြုံးဖြင့် တောက်ပသွားလေသည်။ ထို့နောက် ကိုထိုက်ဇော်သည် ဒုရဲအုပ်စိုးမောင်ဘက်သို့ လှည့်ကာကြည့်၍ ခေါင်းညိတ်ပြလေ၏။
“ကဲ..အချိန်ရှိတုန်း..ဒီသူငယ်ရဲ့နာမ်ကို
ပြန်ခေါ်ရအောင်။ သူ့ကို ပက်လက်လှန်လိုက်…”
“ဟုတ်ကဲ့..”
ဆရာကြီး ဦးမြဟန်၏ စကားဆုံးသည်နှင့် ၎င်း၏တပည့်နှစ်ဦးသည် မှောက်လျက်လဲကျနေသော တေဇကို ပက်လက်လှန်အနေအထားမျိုးဖြစ်အောင် ပုံစံပြောင်း၍ထားလိုက်ကြ၏။ ထို့နောက်ဆရာကြီးသည် တေဇကို မိနစ်ဝက်မျှ မျက်မှောင်ကုတ်၍ ကြည့်လေ၏။ ထိုသို့ကြည့်ရင်းမှလည်း တေဇအား လက်ညှိုးထိုးကာ မတိုးလွန်း မကျယ်လွန်းသော အသံဖြင့် စတင်ပြောဆိုလေတော့သည်။
“ဘုန်းတော်အနန္တ ကြီးမြတ်တော်မူသော ဘုရားငါးဆူ၏ သစ္စာကိုစောင့်သိရိုသေကြသည့် အဖဆရာကြီးများ၏ အမိန့်။ ဤအမိန့်အား ကွင်းပိုင်၊ နယ်ပိုင်၊ ကြိုးပိုင်၊ ဆင်ပိုင်၊ မြင်းပိုင်တို့နာခံစေ။ ဤသူငယ်ရဲ့ နာမ်ဝိညာဉ်နဲ့ ဤသူငယ်ကို လှည့်ဖျားခေါ်ဆောင်သွားသော နာနာဘာဝကောင်အား ငါဆရာရှေ့မှောက် အခုချက်ချင်း ခေါ်ဆောင်လာခဲ့ခေါ်ဆောင်လာကြစေ …”
“ဝေါ….ဝရော….”
ဆရာကြီး၏ စကားသံအဆုံးမှာပင် အချိန်အခါမဟုတ် မိုးများက ရုတ်တရက် ရွာချလေတော့၏။
“ဖြောင်း..ဖြောင်း..”
သွပ်မိုးများပေါ် မိုးစက်ပေါက်တို့ကျသံက ဆူညံသွားလေသည်။ ထို့အတူ မိုးစက်များနှင့်အပြိုင် လေများပါတိုက်ခတ်လာပြီး ဘုရားကျောင်းဆောင်အား ကာထားသော လိုက်ကာစများသည် လေလုံခန်းအတွင်း ယိမ်းနွဲ့သွားတော့၏။ အခန်းအတွင်းအခြေအနေကို တံခါးဝထိပ်မှ လှမ်းကြည့်နေကြသော စားသောက်ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်လေးများသည်၊ ရုတ်တရက်ပြောင်းလဲသွားသည့် ရာသီဥတုနှင့် ပတ်ဝန်းကျင် အခြေအနေကြောင့် ကြက်သီးများထလာကြ၏။ ထို့နောက်သူတို့သည် တစ်ဦးလက်ကို တစ်ဦးဆုပ်ကိုင်လိုက်ကြတော့သည်။ သူတို့၏ မျက်နှာများမှာလည်း သွေးဆုပ်ဖြူရော်လျက်ရှိကြတော့၏။
(၁၂)
“အင်း….”
လေသံမိုးသံများကြားကနေ ခပ်တိုးတိုးညည်းညူသံတစ်ချက် ဘုရားဆောင်အတွင်း တိုးလျစွာပေါ်ထွက်လာ၏။ အသံက တေဇထံမှ ထွက်ပေါ်လာခြင်းပင်။ ၎င်းအသံကြောင့် အခန်းအတွင်းရှိလူအားလုံး တေဇကို လှမ်းကြည့်လိုက်ကြသည်။
“ဆိုင်ရာ…သူ ဘယ်သူလဲ…”
“…………”
“သူငယ်ရဲ့ နာမ်ဆို…ခဏ ဘေးမှာခေါ်ပြီး စောင့်ရှောက်ထား။ သူ့ကို ခေါ်သွားတဲ့ နာနာဘာဝကောင်ရော…”
“………….”
ဆရာကြီးဦးမြဟန်က အကောင်အထည်မမြင်ရသောတစ်စုံတစ်ဦးနှင့် အချီအချ စကားပြောနေပုံရသည်။ထိုသို့ပြောနေချိန် ဆရာကြီးဦးမြဟန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ အားလုံးမှာလည်း ဆရာကြီးဦးမြဟန်၏ မျက်နှာကို မျက်တောင်မခတ် စိုက်ကြည့်နေကြ၏။
“သယ်…”
“ဖြန်း….”
“အမေ့ ..”
ကြိမ်းဝါးသံ၊ ဖြန်းခနဲ လက်ဝါးရိုက်သံနှင့်အတူ ခပ်လှမ်းလှမ်းမှ ကြည့်နေကြသည့် မိန်းကလေးငယ်တစ်သိုက် အထိတ်တလန့်အော်ဟစ်လိုက်ကြ၏ ။
ထို့နောက်သူတို့သည် ပါးစပ်များကို လက်ဖြင့်မြန်မြန်ပိတ်လိုက်ရင်း မျက်စိမျက်နှာပျက်သွားကြသည်။
ဆိုင်ရှင်ကိုထိုက်ဇော်က ထိုမိန်းကလေးများအားဘုရားခန်းရှေ့ကနေ ထွက်သွားရန်မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။
လက်ဝါးဖြင့်ကြမ်းခင်းကို ရိုက်သူက ဆရာကြီးဦးမြဟန်။
ဆရာကြီးဦးမြဟန်သည် ကြမ်းခင်းအားရိုက်ရင်းကနေ –
“ရာရာစစ …ဒင်းက..ထွက်ပြေးသွားတယ်ပေါ့…ဟုတ်လား။ ဒီလောက်တောင်ရှိလှတာ ဟေ့…နဂါး၊ ဂဠုန်၊ ဂုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဘနတ်နဲ့
မီးပိုင် ကြိမ်ပိုင်တွေ အခု နားထောင်စမ်း။ ထွက်ပြေးသွားတဲ့ နာနာဘာဝကောင်ကို ခုချက်ချင်း..ဖမ်းပြီး ငါ့အရှေ့ကိုခေါ်ခဲ့ …ခုချက်ချင်းခေါ်ခဲ့။ ခေါ်တဲ့လမ်းတစ်လျှောက်လုံး ကြိုးပိုင်က လက်နှောက်ပြန် ကြိုးနဲ့တုပ်။ ကြိမ်ပိုင်က ကြိမ်နဲ့ရိုက်။ မီးပိုင်က …မီးစနဲ့ ထိုးခဲ့…လုံးဝမသက်ညှာနဲ့” ဟု အမိန့်ပေးပြီး နောက်ထပ်တစ်ကြိမ် ကြမ်းခင်းအား ဖြန်းခနဲ မြည်အောင် လက်ဖဝါးဖြင့် ရိုက်ချလိုက်တော့၏။
“အား….”
ဆရာကြီးဦးမြဟန်၏ လက်ဖဝါးရိုက်သံပင် မဆုံးသေး ပက်လက်လန်နေသော တေဇထံမှကျယ်လောင်သော အသံနက်ကြီးတစ်ခု စူးစူးဝါးဝါးထွက်လာတော့၏။
“အူ…..ဝူ……ဝူ…..”
ထိုအသံကြီးထွက်လာသည်နှင့်တစ်ပြိုင်နက် (၁၁၅) မိုင်ပတ်ဝန်းကျင်၌လည်း ခွေးဟောင်သံများ ထူးကဲစွာ ဆူညံပွက်လောရိုက်သွားလေတော့သည်။
“ဝေါ…”
မိုးများကလည်း မနားတမ်းရွာ၍နေသည်။ အခန်းအတွင်းရှိလူများမှာလည်း အသက်ပင်မရှူရဲလောက်အောင် တိတ်ဆိတ်နေကြသည်။
“ဟီ…ဟီ…ဟီး…ဟီး…”
ပြင်းထန်သော လက်ဝါးရိုက်သံနှင့် မတိမ်းမယိမ်းမှာပင် ပက်လက်လဲနေသည့် တေဇထံမှ ရင်ခေါင်းသံကြီးဖြင့် ညည်းတွားသံတချို့ ဆက်တိုက်ထွက်လာ၏။
“ရောက်ပြီလား…”
“ဟီ…ဟင်း…ဟင်း….အင်း…ဟင်း…”
ဆရာကြီးဦးမြဟန်က အခြေအနေကို တစ်ချက်သုံးသပ်ပြီး မျက်မှောင်တစ်ချက်ကုတ်လိုက်လေ၏။
“ဆိုင်ရာတွေ…ရောက်ပြီဆို သူ့ကို ထိုင်ခိုင်းလိုက် ”
ဆရာကြီးဦးမြဟန်၏ စကားအဆုံး တေဇ၏ ခန္ဓာကိုယ်မှာ လူတစ်ယောက်ကထူမပေးလိုက်သည့်အတိုင်း ကျောဘက်ကနေ တဖြည်းဖြည်းချင်း
ကြွတက်လာလေသည်။
“ဟင်း…ဟင်း….ဟီး…”
“ဟေ့…ဆင်ပိုင်… ဒင်းရဲဲ့ခြေနှစ်ဖက်စလုံးကို နင်းထား။ ဘီလူးအုပ်က …ကျောကနေ…တွန်းထား…အေး…ဟုတ်တယ်…ကျောကနေ…တွန်း။
လက်နောက်ပြန်ချုပ်ထား…လက်ကို …နောက်ပြန်ချုပ်..”
ဆရာကြီးဦးမြဟန်၏ အမိန့်သံနှင့်တေဇ၏ အနှေးပြကွက်ကဲ့သို့ ဖြည်းညှင်းစွာလှုပ်ရှားနေသော တေဇ၏ ခန္ဓာကိုယ် လှုပ်ရှားမှုပြောင်းလဲများကို အခန်းထဲရှိလူအားလုံးက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။
“ဟင်း…ဟင်း…အင်း…”
“ရပြီ…ဆိုင်ရာတွေ…လက်နောက်ပြန်ချုပ်ထားတာက
လွဲပြီး ကျန်တာတွေ ဖြည်ပေးလိုက်ကြ …”
အခန်းအတွင်း အားလုံးတိတ်ဆိတ်သွားသည်။
မိုးများကလည်း ခဏမျှစဲသွားသည်။ အခန်းအတွင်း ဝေ့တိုက်နေသော လေက ရုတ်တရက် ငြိမ်သက်၍သွားသည်။
“ဘယ်သူလဲ…ဘာ့ကြောင့် ဒီလို..လုပ်တာလဲ..”
အသက်ရှူသံကလွဲ၍ ပိုးပုရစ်ကောင်ငယ်လေးများ၏ အသံပင်မကြားရသော ဘုရားခန်းအတွင်း မိုးကြိုးကဲ့သို့ထည်ဝါသော ဆရာကြီးဦးမြဟန်၏ အသံက လေးနက်စွာ ဆက်တိုက်ထွက်ပေါ်လာ၏။
သို့သော် တေဇက မဖြေ။ ခေါင်းငိုက်စိုက် အနေအထားဖြင့် ခြေထောက်စင်းကာနေ၏။ သူ့ခန္ဓာကိုယ်က တစ်ချက်တစ်ချက် တုန်နေမြဲ။
“မေးနေတာ…မဖြေဘူးလား…နားပင်းနေလား..”
တေဇက ခပ်လေးလေးပင် ခေါင်းခါပြ၏။
“ဒါဆို ဖြေလေ…”
“ဟင်း…ဟင်း….”
“ဘာလဲ…မဖြေချင်ဘူးလား။ ဟေ့ ဆင်ပိုင်…ဒင်းခြေထောက်ကို ဆင်ပြောင်ဆယ်စီးအားနဲ့ နင်းစမ်း…”
“အား…”
“နင်းထားစမ်း.. မေးနေတာကို မဖြေဘူး…နင်း…”
“အား…ဟင်း…ဟင်း…ဖြေ…ဖြေမယ်…”
ထိုအခါမှ တေဇအား ပူးဝင်နေသော သရဲကောင်သည် မခံမရပ်နိုင်ဖြစ်နေသော မျက်နှာဖြင့် ဝူးဝူးဝါးဝါးအော်ဟစ်ရင်း ဗလုံးဗထွေး
ပြန်၍ပြော၏။
“အေး…ပြောစမ်း…မညာနဲ့။ ဘယ်သူလဲ…ဘယ်ကလဲ…ပညာသည်လား… ဆရာရှိလား..”
“ကျုပ် …ကျုပ်….ဖိုးဆောင်ပါ ..အား…မနင်းပါနဲ့…နာ…နာလှပြီ”
“ဆင်ပိုင် ခဏရပ်ထား။ ဟေ့ အမှောင့်ကောင်။
မင်း အောက်လမ်းလား။ ဆရာရှိလား… ခိုင်းစေသူရှိသလား”
“မရှိပါဘူး…ဟီး…ဟင်း…”
တေဇကို ဝင်ပူးနေသော သရဲကောင်က ရင်ခေါင်းသံကြီးနှင့် ပြန်၍ဖြေ၏။
ဆရာကြီး ဦးမြဟန်က ခေါင်းညိတ်လျက် –
“ဒါဆို…ဘာလို့လုပ်တာလဲ..ဘာလိုချင်လို့လဲ..”
“သူ့ကို ဒုက္ခမပေးပါဘူး ”
“မညာနဲ့…မညာနဲ့။ ငါ့ကို မှန်မှန်ပြောစမ်း ”
“မှန်တာပြောနေတာပါ။ မညာဝံ့ပါဘူး ..ကျုပ်က
ကားမှောက်ပြီး ခေါင်းပြတ်သေခဲ့တဲ့ အစိမ်းသေ တစ်ယောက်ပါ။ နာမည်က ဖိုးဆောင်လို့ ခေါ်ပါတယ် ”
“ဟုတ်ပြီ…ဆက်ပြော…”
“ကျုပ်…သေခါနီး…ခရီး ထွက်လာတာကို
စိတ်စွဲလမ်းခဲ့ပါတယ်။ သေဆုံးပြီးဖြစ်တာတောင် အချိန်ကျတာနဲ့ စတင်ထွက်ခွာရာကနေ အချိန်ကျတိုင်း မကျွတ်မလွတ်..သွားလာနေသူ တစ်ဦးပါ။
သူ့ကိုလည်း ကျုပ် ခရီးတစ်ထောက်နားတဲ့
နေရာမှာ…တွေ့ခဲ့တာပါ။ သူက အဲ့ဒီအချိန် အမဲသားဟင်း စားထားလို့…အနံ့ရပြီး ကျုပ်လည်း စားချင်စိတ်ပေါ်လာပါတယ်။ ဒါ့ကြောင့် သူ့ထံကနေ စားရအောင် ဝင်ပူးဖို့ ကြံစည်ခဲ့တာပါ”
“ဒါပေမဲ့ ကျုပ် သူ့ကို ဝင်ပူးဖို့ ချက်ချင်း မအောင်မြင်ပါဘူး။ သူ့လွယ်အိတ်ထဲမှာ ရဟန္တာလို့ကျော်ကြားတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ပုံတူ ရှိနေတယ်။ ဒါကြောင့် ကျုပ်ရဲ့ အကြံ မအောင်မြင်ဘဲ လက်လျှော့ခဲ့ရတယ်။ နောက်တော့ ကျုပ်လည်း ဗိုက်ဆာတာကြောင့် ဒေါသဖြစ်ဖြစ်နဲ့ သူ့အနားကပ်ပြီး သူတစ်ယောက်ပဲ မြင်အောင် အစွဲပြ လှည့်စားခဲ့ပါတယ်။ အဲ့ဒီလို လှည့်စားနေချိန်မှာပဲ ကျုပ်ရဲ့အချိန်စေ့လို့ ဆက်ထွက်ခါနီး သူ့ကိုပါ တစ်ခါတည်း ကျုပ်ကားမှောက်သေဆုံးခဲ့တဲ့ နေရာထိ ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူလည်း ကျုပ်ကားနဲ့ မလိုက်ရမှာစိုးပြီး စိတ်တွေလှုပ်ရှားနေပါတယ်။ အဲ့ဒီအချိန်က သူ့စိတ်ကို ခွာဖို့အကောင်းဆုံး အချိန်မို့ သူ့ဝိညာဥ်ကို ကျုပ်နဲ့အတူ ခေါ်သွားတာပါ ”
တေဇအား ဝင်စီးနေသည့် သရဲကောင်၏ ဖြေကြားချက်အဆုံးမှာတော့ ဆရာကြီးဦးမြဟန်သည် သဘောပေါက်သွားဟန်ဖြင့် ခေါင်းကိုညိတ်လိုက်၏။
ထို့နောက်-
“ဘယ်အချိန် ဘယ်နေရာမှာ ဝိညာဉ်ခွာခဲ့သလဲ…”
“ကျုပ်ဆက်ထွက်ခါနီး ကားပါကင်နားက အမှောင်ရိပ်ထဲမှာပါ”
“ဘယ်လိုခွာသလဲ”
“သူ ကားပေါ်တက်ခါနီး သူ့ကို စိတ်လှုပ်ရှားမှုဖြစ်အောင် လုပ်ပါတယ်။ ပြီးတော့ ကားပေါ်တက်ဖို့ လုပ်ချိန် လဲကျသွားပါတယ်..အဲ့ဒီအချိန်ပါ။ ခေါ်သွားတဲ့အချိန်မှာလည်း တခြားသော ကျုပ်လိုမမြင်အပ်တဲ့ လောကသားတွေရဲ့ ရန်ကနေ သူ့ကိုလွတ်အောင် ကျုပ်အစွမ်းနဲ့ ဖုံးကွယ်ထားခဲ့ပါတယ် ”
“ဖိုးဆောင်…ဖိုးဆောင်…ငမိုက်သား။ အတိတ်ဘဝက ဝဋ်ကြွေးတွေကြောင့် ဒီဘဝမှ သူတစ်ပါးသေသလို မသေရဘဲ အသေဆိုးနဲ့ သေခဲ့ရပြီးပြီ။ ဒါတောင်… သူများအပေါ် ဒုက္ခပေးချင်သေးတယ် ”
“ဟုတ်ကဲ့ ကျုပ် မှားပါတယ်။ ကျုပ်ကို ကူညီပါ။ ကျုပ်မိသားစုကို ဆက်သွယ်ပေးပါ။ ကျုပ်… ဒီဘဝဆိုးကြီးမှာ မနေချင်တော့ဘူး။ ကျုပ်မိသားစုက ရန်ကုန်၊လှိုင်သာယာမြို့နယ်ထဲမှာ နေပါတယ်။ ကျုပ်မိန်းမနာမည်က အေးအေးဝင်းပါ။ ကျုပ်တို့ ကံပွင့် ဆိုတဲ့ နာမည်နဲ့ ကုန်စုံဆိုင်ကြီးဖွင့်ထားပါတယ်။ သူ့ကို ဆက်သွယ်ပေးပါ။ ကျုပ် ပင်ပန်းနေပြီ ”
သရဲကောင်သည် ဆရာကြီးအား တောင်းပန်၍ သူ့ကို ကျွတ်လွတ်စေရန် အကူအညီတောင်းလေ၏။
ဘေးနားရှိ လူများမှာလည်း သရဲကောင်၏
၏ အဖြစ်ဆိုးနှင့် အကုသိုလ်ကံ ကြီးမှုကို အံ့သြနေကြသည်။
ထိုအခါ..ဆရာကြီးဦးမြဟန်က-
“ကောင်းပြီ မောင်ဖိုးဆောင်…. မနက်ဖြန်မနက် မိုးလင်းတာနဲ့ ဒီနေရာမှာပဲ သံဃာတော်တွေကို ပင့်ဖိတ်လို့ မောင်ဖိုးဆောင်အတွက် …. အမျှအတန်းပေးဝေမယ်။ မောင်ဖိုးဆောင် လာခဲ့ပါ။ မောင်ဖိုးဆောင်ရဲ့မိသားစုကိုလည်း ဆက်သွယ်ပေးပါ့မယ် ”
“ဟုတ်ကဲ့…”
“ကဲ…ဆရာ… သိလိုတာ အကုန်မေးပြီးပြီမို့ မောင်ဖိုးဆောင်ပြန်ထွက်လို့ရပြီ။ ပြန်ထွက်တာနဲ့ ဒီသူငယ်ရဲ့ ခန္ဓာကိုယ်က မောင်ဖိုးဆောင်ကြောင့် ရရှိတဲ့ ဒဏ်တွေကို တစ်ခါတည်း ယူသွားပါ…”
“ဟုတ်ကဲ့…”
ထို့နောက် ဆရာကြီးဦးမြဟန်သည် တေဇ၏ခန္ဓာကိုယ်အတွင်း ဝင်စီးနေသည့် ဖိုးဆောင်အား ပြန်လွှတ်ပေးရန် ဆိုင်ရာများကို အမိန့်ပေးလိုက်တော့သည်။ တစ်ဆက်တည်းဆိုသလို ဆရာကြီးဦးမြဟန်သည် ဆိုင်ရာများအား တေဇ၏
ရုပ်နှင့်နာမ်ကို ပြန်လည်ပူးကပ်ပေးရန် အမိန့်
ပေးလိုက်ပြန်လေသည်။
ထိုအမိန့်သံဆုံးသည်နှင့်တစ်ပြိုင်နက် ခြေဆင်းထိုင်နေသော တေဇ၏ ခန္ဓာကိုယ်သည် တောင့်တောင့်ကြီးဖြစ်နေရာမှ ပျော့ခွေလျက် မြေပေါ်လဲကျသွားတော့သည်။
(၁၃)
မျက်နှာသို့ လာစင်သော ရေမှုံရေမွှားတို့ကြောင့် တေဇ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
မျက်လုံးဖွင့်ဖွင့်ချင်းမှာပင် ဝင်လာသော စူးရှရှ မီးအလင်းရောင်ကြောင့် သူ့ မျက်လုံးကို
ချက်ချင်းပြန်မှိတ်လိုက်ရ၏။
“မျက်လုံးက မီးချောင်းကြောင့် စူးနေပုံရတယ်။ သူနဲ့တည့်တည့်ကမီးချောင်းကို ပိတ်လိုက်ပါလား”
အသံနဲ့အတူ “ချောက် “ဟုသော မီးခလုတ်ပိတ်သံတစ်ခု နားထဲက ခပ်တိုးတိုး ကြားလိုက်ရပြန်သည်။
ထို့နောက် သူသည် မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။ လင်းချင်းနေသော အခန်းအကျယ်ကြီးတစ်ခု။
သူ ဘယ်ရောက်နေလဲ…။
ချက်ချင်းစဉ်းစားလို့မရ၊ ခေါင်းတွေမူးနောက်လာသည်။ မျက်လုံးအစုံအား ပြန်မှိတ်၍ ဖြေးဖြေးချင်း စဉ်းစားတော့မှ စောစောကအဖြစ်အပျက်တွေကို ရေးတေးတေးပြန်မှတ်မိလာ၏။
သူတို့စီးလာသော ကားလေး လမ်းဘေးထိုးကျခဲ့တာကို သတိရလာ၏။ ဒီလိုဆို သူ… ကားမှောက်ခဲ့သည်ပေါ့။ ဒီအခန်းက ဆေးရုံလား။ အထိတ်တလန့်ဖြင့် ခန္ဓာကိုယ်အားစမ်းကြည့်လိုက်၏။ မည်သည့်ဒဏ်ရာမှ မရှိ။ ပြီးတော့ နာကျင်မှုလည်း မရှိပေ။
“ဟိုလူရော …အဲ့ ..အဲ့ဒီလူ ..သ..သရဲ ”
ထိုလူ၏ ခေါင်းပြတ် သူ့အပေါ် ကျလာသည်ကို
ပြန်မှတ်မိလာ၏။ ကြက်သီးများ ထလာသည်။ ထို့နောက် ရုတ်တရက် ထထိုင်လိုက်ရာ သူ့ဘေးနား၌ လူတချို့ ရပ်နေကြသည်ကို တွေ့လိုက်ရတော့သည်။
ရုတ်တရက်မို့ မျက်လုံးတွေက ဝါးနေသည်။ ဘယ်သူတွေမှန်း ပုံဖော်၍ မရသေး။
“ဖြေးဖြေး ထ..ညီလေး..”
ကြားဖူးနေကြအသံဖြင့် ဝမ်းသာအားရပြောလိုက်သောစကားကြောင့် ထိုသူကိုစူးစူးစိုက်စိုက် လှမ်းကြည့်လိုက်ရာ ဒုရဲအုပ်စိုးမောင် ဖြစ်နေသည်။ ဒုရဲအုပ်စိုးမောင်ကို မြင်တော့မှ သူလည်း –
“ဗိုလ်လေး…ကယ်ပါအုံးဗျာ…ခေါင်းပြတ်..သ….သရဲ။ဟာ….ကြောက်စရာကြီးဗျာ။ ကျွန်တော့်ကို ကယ်ပါအုံး။ သရဲ… သရဲ…အခြောက်ခံရလို့…”
ဟု တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏ ။
ထိုအခါ ဒုရဲအုပ်စိုးမောင်၏ ဘေး၌ရပ်၍နေသည့်
အမျိုးသားကြီးတစ်ဦးက ရေသန့်ဗူးထဲမှ ရေအနည်းငယ်ကို ကြေးခွက်ထဲ ထည့်၍
သူ့အား ပေးလေသည်။
“မပူနဲ့….လူလေး….ဘာမှ မစိုးရိမ်နဲ့တော့။ ရော့…ပရိတ်ရေသောက်လိုက်… ”
သူလည်း ထိုအမျိုးသားကြီးပေးသော ပရိတ်ရေကိုအလျင်စလိုယူ၍ ချက်ချင်းဆိုသလို မော့သောက်ချလိုက်သည်။
ပရျိတျရကေိုသောကျပွီးနောကျ အခန်းထဲရှိ လူတွေကို
သေချာကြည့်လိုက်သည်။
ဒုရဲအုပ်စိုးမောင်နှင့် သူတို့တပ်ဖွဲ့ဝင်တွေ။ ပြီးတော့ မျက်နှာစိမ်းများ။ အားလုံးက သူ့ကို လူထူးလူဆန်းတစ်ယောက်ပမာ ဝိုင်းကြည့်နေကြသည်။
ထို့နောက်မှာတော့ ဒုရဲအုပ်စိုးမောင်က သူ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလေသည်။ သူ့အား ကယ်တင်ပေးသည့် ဆရာကြီး ဦးမြဟန်တို့ ဂိုဏ်းဆရာများနှင့်လည်း မိတ်ဆက်ပေး၏။
ဒုရဲအုပ်စိုးမောင် ပြောပြသော စကားများကို နားထောင်ရင်း သူက ပါးစပ်ဟောင်းလောင်းဖြင့် အံ့သြမှင်တက်နေမိသည်။
အသားမစားရသောကြောင့် ဒေါသထွက်နေသည့် ပရလောကသားတစ်ဦးက သူ့ဝိဥာဉ်ကို နှုတ်ယူဖို့အထိ ကြံစည်ခဲ့သည်တဲ့။ ပြီးတော့ သူက ထိုပရလောကသားနှင့်အတူ နာရီပေါင်းများစွာ ဘေးကနေ လိုက်ပါသွားခဲ့သည်တဲ့။ သူ့အဖြစ်ကိုပြန်ကြားပြီး ထိတ်လန့်တုန်လှုပ်သွား၏။ ကိုယ်တိုင်သာ မကြုံခဲ့ပါက ဒီဖြစ်ရပ်ကို သူ ဘယ်လိုမှယုံနိုင်လိမ့်မည်မဟုတ်ပေ။
ပြီးတော့… ဆရာကြီးဦးမြဟန်တို့သာ ကယ်တင်မပေးခဲ့ပါက ယခုအချိန်၊ သူ…ဘယ်ဘဝ ဘယ်ရောက်နေမည်မှန်းလည်း မသိရတော့။
( ၃၃၃ ) မိုင် ဘေးနားမှာပဲ သရဲတစ္ဆေဘဝနဲ့ နေရမည်လား။ ဒါမှ မဟုတ် ဖိုးဆောင်ဆိုသော ပရလောကသားနှင့် အမြဲတမ်းလိုလို ကားလိုက်စီးနေရမည်လား။ တွေးရင်း ဘာရယ်ကြောင့်မသိ၊ ဝမ်းနည်းကာ ငိုချမိလိုက်၏။ အားလုံးက သူ့ကို ဝိုင်းဝန်းကာ နှစ်သိမ့်ကြ၏။
ထို့နောက်မှာတော့ သူသည် အသက်သခင်
ကျေးဇူးရှင် ဆရာကြီးဦးမြဟန်နှင့် ဂိုဏ်းဝင်ဆရာနှစ်ယောက်အား ကန်တော့လိုက်လေသည်။
ဆရာကြီးဦးမြဟန်က သူအပါအဝင်အားလုံးကို အန္တရာယ်ကင်း ဂါထာများရွတ်ဖတ်ပေးလေသည်။
အခြေအနေက အားလုံးပုံမှန်ပြန်ဖြစ်သွားခဲ့ပြီ။ ဆရာကြီးဦးမြဟန်တို့လည်း ထိုနေရာက ပြန်၍သွားကြသည်။
သူတို့ကမူ ပြန်လို့မရတော့။ ညမိုးချုပ်ပြီမို့ ကားတွေလည်း မရှိ၊ ရှိလည်း လတ်တလောကြုံခဲ့ရသည့် အဖြစ်ကြောင့် ဘယ်သူမှ အရဲစွန့်ပြီး ပြန်လိုစိတ်မရှိကြတော့ပေ။
သူတို့ အဖွဲ့အိပ်ရန်အတွက် ဆိုင်ရှင်ကိုထိုက်ဇော်က ဘုရားခန်းထဲမှာပင် နေရာပေး၏။ သူလည်း ဘုရားခန်းထဲမှာ အိပ်ဖို့နေရာပြင်ပြီးနောက် အိမ်ကို မနက်မှရောက်မည့်အကြောင်း အကျိုးအကြောင်း ပြောပြရန် ကျောပိုးအိတ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။
ဖုန်းကို ထုတ်ပြီး ဖွင့်လိုက်သည်နှင့် အကျင့်ပါနေသော သူ့လက်က အိမ်ကို ဖုန်းမခေါ်မီ အင်တာနက်လိုင်းအား ယောင်ယမ်း၍ ဖွင့်လိုက်၏။
ထိုသို့ အင်တာနက်ကိုဖွင့်မိပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် Viber Message များ တစ်တောင်တောင်ဖြင့် ကျလာတော့သည်။ သူလည်း Message များကို ဝင် ဖတ်ကြည့်လိုက်ရာ….
“ဟာ… ဖြစ်ရလေကွာ”
Viber Message များကို ဖတ်မိပြီးနောက် သူ့မျက်လုံးများ ပြာဝေသွား၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရုတ်တရက် အော်ဟစ်ချလိုက်မိသည်။
ဒုရဲအုပ်စိုးမောင်တို့က သူ့ကို လှမ်းကြည့်နေကြသည် ။ သူက မည်သူ့ကိုမျှ ဂရုမစိုက်အား။ ဖုန်းစခရင်ကိုသာ ကျောက်ရုပ်တစ်ရုပ်လို စိုက်ကြည့်နေလိုက်မိသည်။
သူ့ဖုန်းထဲမှာက …
သူတို့အပတ်စဉ်သူငယ်ချင်းများ Viber Group ဖွဲ့ထားသော Group Chat အတွင်း သူနှင့် တစ်ပတ်စဉ်ထဲ အမြန်လမ်း ရဲတပ်ဖွဲ့မှ သိန်းစိုး၏ ဓာတ်ပုံများ၊
ပြီးတော့ RIP ဟုသော စာသားများနှင့် ကောင်းရာဘုံဘဝရောက်ပါစေဟုသော ဆုတောင်းစာများ… စသည့် ဝမ်းနည်းနှုတ်ဆက်ကြောင်း စာများကို
တွေ့လိုက်ရတော့သည်။
မျက်ရည်များဝဲနေသည့် မျက်လုံးများဖြင့်ပင် ထိုစာများကို သူ သေသေချာချာဖတ်ကြည့်လိုက်၏။
ဟုတ်သည်… လုံးဝမမှား။ သူ၏ သူငယ်ချင်းဖြစ်သူ သိန်းစိုးသည် ညဦးပိုင်းက ၉၆ ပါးရောဂါနှင့် ဆုံးပါးသွားခဲ့သည်တဲ့။
ဒီလိုဆိုလျှင် သူ့ ဝိညာဉ် လွင့်မျောနေစဉ်က တွေ့ခဲ့ရသော သိန်းစိုးသည်လည်း ….။
( ပြီးပါပြီ )
ရဲမြတ်တေဇ