သေမင်းနှင့်ဆုံခဲ့သူ

 သေမင်းနှင့်ဆုံခဲ့သူ

-----------------------

တစ်နေ့တွင် သေမင်းသည် တောအုပ်ထဲကိုမြင်းစီးကာဖြတ်လာသည်။ တောအုပ်ထဲတွင် သူသည် ကလေး မလေးတစ်ယောက်ကိုတွေ့လိုက်သည်။ ကလေးမလေးက သေမင်းကိုမသိ။ လှပသောမြင်းကြီးတစ်ကောင် စီးလာသူကို သာမန်ခရီးသွားဟုထင်ကာ


“ဦးကြီးလည်း လမ်းပျောက်နေတာလား” ဟု မေးလိုက်လေသည်။


သေမင်းက ကောင်မလေးကို ပြုံးကြည့်ရင်း


“အေးကွယ် … အိမ်ပြန်ရမယ့်လမ်းကို သမီးသိလို့လား” ဟု မေးလိုက်လေသည်။


“သမီးလည်း မသိဘူး။ ဒါပေမဲ့ ခုတော့ မကြောက်တော့ဘူး။ သမီးတစ်ယောက်တည်းမှ မဟုတ်တော့တာ”


“ဟုတ်လား … ဒါနဲ့ သမီးက ဦးဘယ်သူဆိုတာ သိလား”


“မသိပါဘူး … ဒါပေမဲ့ သမီးကို ဦးနဲ့အတူ ခေါ်သွားမယ်ဆိုရင် သိပ်ကောင်းမှာပဲ”


“လာလေကွယ် … ခေါ်သွားပါ့မယ်။ တို့အတူတူသွားကြတာပေါ့”


သေမင်းက ကောင်မလေးကို မြင်းနှင့်တင်ခေါ်သွားသည်။


“သမီးတောထဲကို တစ်ယောက်တည်း ဘာလာလုပ်တာလဲ”


“သမီးအမေက နေမကောင်းဘူး၊ သမီးလည်း အမေ့အတွက် ဆေးလိုက်ရှာရင်း တောထဲမှာ လမ်းပျောက် နေတာ။ သမီးသာ အချိန်မီ ပြန်မရောက်ရင် အမေတော့ သေမယ်ထင်ပါတယ်”


“သမီးအဖေကရော ဘယ်သွားနေလို့လဲ”


“သမီးအဖေက သေသွားတာ တစ်နှစ်လောက်ရှိနေပြီ။ သမီးနဲ့အမေနှစ်ယောက်တည်း ရှိတော့တယ်။ ခုတော့ အမေလည်း နေမကောင်းတော့ ဘာလုပ်ရမှန်းတောင် မသိဘူး”


သေမင်းက ပြုံးလိုက်သည်။ သူကိုယ်တိုင် ကလေးမ၏ ဖခင်ကို လွန်ခဲ့သော တစ်နှစ်က လာခေါ်သွားခဲ့သည်။ ယခုလည်း သူ့မိခင်ကို လာခေါ်ခြင်းဖြစ်သည်။ သို့သော် ကလေးမလေး၏ အပြောကို သဘောကျမိသဖြင့် သေမင်းတွင်လည်း မဖြစ်ဘူးသော သနားကြင်နာမှုတစ်ခုဖြစ်သွားသည်။


မကြာမီ သူတို့ လမ်းမပေါ်ကို ရောက်လာကြသည်။


“ဟာ … ဒီလမ်းမကြီးအတိုင်းသွားရင် သမီးတို့အိမ်ရောက်ပြီ”


“ဟုတ်လား”


သူတို့မြင်းကိုဆက်စီးလာကြသည်။


“ဟိုအိမ်ပဲ … ဟိုအိမ်က သမီးတို့အိမ်”


ကောင်မလေးညွှန်ပြသည့်အိမ်ရှေ့တွင် သေမင်းက မြင်းကိုရပ်လိုက်ပြီး သူ့ကို မြင်းပေါ်က ချပေးလိုက်သည်။


“ဦးကြီး လာလေ … သမီးတို့အိမ်ထဲကို ဝင်ပါဦး”


“မဝင်တော့ပါဘူးကွယ် … ဦးလေးက ဟိုးအဝေးကြီး သွားစရာရှိသေးတယ်”


“အဲဒီအဝေးကြီးကို သမီးလည်း လိုက်ချင်တယ် … သမီးကိုခေါ်မလား”


“သမီးကို မခေါ်ပါဘူးကွယ်။ သမီးအမေကို သေသေချာချာဂရုစိုက်လိုက်ပါဦး။ သမီးအမေကိုလည်း မခေါ်တော့ ပါဘူး။ ဒါပေမဲ့ ဦးပြန်လာတဲ့တစ်နေ့မှာတော့ သမီးအမေကို ခေါ်ကောင်း ခေါ်ရလိမ့်မယ်”


“ဒါဆို ဦးပြန်လာမှာပေါ့နော်”


“တစ်နေ့တော့ပြန်လာမယ်”


“အမေ့ကိုခေါ်ရင် သမီးကိုပါခေါ်ရမယ်နော်”


“အေးပါကွယ် ဘယ်သူအရင်လိုက်ရမယ်တော့ မသိဘူးပေါ့။ တစ်နေ့တော့ လာခေါ်ပါ့မယ်”


သေမင်းကပြေပြီးနောက် သူ့မြင်းနက်ကြီးကိုစီးပြီးထွက်သွားသည်။


ကလေးမလေးက လက်ပြပြီးကျန်ခဲ့သည်။


(The girl and the Death ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)


တင်ညွန့်


၄.၁.၂၀၂၆