*ဆည်းဆာအို ပြိုနဲ့နဲ့*📖📖📖(စ/ဆုံး)
********************************************
ရုံးတွင် တနေကုန် အလုပ်လုပ်ရ၍ ကျောတွေအောင့်နေသည်မို့ ထမင်းစားပြီး အိပ်ယာပေါ်ကျောဆန့် လဲလျောင်းနေစဉ် အိပ်ယာဘေးမှ ဖုန်းမြည်လာသည်။ ကျွန်တော် ဖုန်းကိုကြည့်လိုက်လျှင် အမေ့ဖုန်းနံပါတ်။ အိမ်ချင်းသိပ်မဝေးသော်လည်း အမေနှင့်စကားပြော အဆင်မပြေသည်ကများနေသည်မို့ အမေ့အိမ် မရောက်ဖြစ်။
အမေကလည်း ယခင်က “သားရေ သားကြိုက်တဲ့ဟင်းချက်ထားတယ်။ မြေးလေးခေါ်ပြီး လာပါဦး”ဟု ဖုန်းဆက်ခေါ်လေ့ရှိသော်လည်း ယခုတလော မခေါ်တာကြာနေပြီ။ အရင်လို သူ့အပေါ် ဦးစားပေး၍မချစ်တော့မှန်း သူသိသည်။ သည်အချိန်မှ ဖုန်းဆက်သည်မို့ အကြောင်းတစ်ခုခုရှိရမည်။ ဘုရား..ဘုရား..အဖေများ တစ်ခုခု..။
“သားရေ..သား..အမေပါ…မင်းနှမ မွန်မွန်လေ ခုချိန်ထိအိမ်ပြန်မလာသေးလို့။ အဲဒါ … သားနည်းနည်းပါးပါး စုံစမ်းပြီးရှာပေးပါဦးကွယ်”
ကျွန်တော့်အထင်မှားသွားသည်မို့ သက်ပြင်းချမိမလိုဖြစ်စဉ် မျက်စိထဲပေါ်လာသည့် မျက်နှာတစ်ခုကြောင့် စိတ်ပူသွားပြန်သည်။ လူမျိုးခြားတစ်ယောက်၏ ပြီတီတီမျက်နှာနှင့်အတူ ထိုလူကို အထင်ကြီးရိုကျိုးဟန် အပြည့်ဖြင့် ယုယကြင်နာနေသည့် မွန်မွန်။ အမေ့ကြောင့်…သူထင်သလို ဖြစ်ခဲ့လျှင် သည်အဖြစ်တွေသည် အမေ့ပေါ့လျော့မှုကြောင့်၊ အမေ့ဆုံးမမှု နည်းသောကြောင့်ပင် ။
သူအတန်တန် သတိပေးခဲ့ပါလျက် အမေ နားမဝင်ခဲ့ ။ သမီးနှစ်ယောက်မွေးထားပြီး အထိန်းအသိမ်းညံ့ဖျင်းလွန်းသည်။ ခေါင်မိုးက မိုးမလုံသည်မှာ သက်တမ်းကုန်ဆွေးမြေ့မှုကြောင့်ဟု သူသိထား၍ နာမကျန်းဖြစ်နေသည့်အဖေ့ကို သူအပြစ်မတင်ချင်ပေ။ အမေဆိုသည့် အကာအရံ ခိုင်ခိုင်မာမာရှိနေပါလျက်နှင့် လမ်းမှားရောက်သည့် သမီးတွေအတွက် အမေ့မှာသာ တာဝန်ရှိနေသည်လေ။
“သားရယ်..မွန်မွန်လုပ်တဲ့ စက်ရုံကိုရော စုံစမ်းပြီးပြီလား။ သူ့သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်နဲ့ များ ကိစ္စရှိလို့လိုက်သွားရင်း ခရီးလွန်နေသလားပဲ”
“အမေ…သားစက်ရုံကို ရောက်ပြီးပြီ။ ပုံမှန် အလုပ်ဆင်းချိန် ညနေ(၅)နာရီကတည်းက အလုပ်ဆင်းသွား တာတဲ့။ သူ့သူငယ်ချင်းတွေလည်း အကုန်လုံးနီးပါး စုံစမ်းပြီးပြီ ။ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ကာပြီး ကြည့်မနေပါနဲ့ အမေရယ်။ အမေ့သမီး လင်နောက်လိုက်သွားတာ အရှင်းကြီးပါ”
“ဟုတ်ပါ့မလား သားရယ်။ သမီးမှာ ရည်းစားရှိရင်တောင် ခုလိုကြီးတော့ လုပ်သွားမယ်မထင်ပါဘူး ”
“အမေက ဖွတ်ထွက်တာတောင် တောင်ပို့မဖြစ်နိုင်ပါဘူး ထင်နေတာကိုး။ အမေ့ကို သားခဏခဏ သတိပေးခဲ့တယ်။ မွန်မွန့်ကို ကောင်တစ်ကောင်နဲ့ တွေ့တွေ့နေပါတယ်၊ ကျွန်တော်ပြောလို့ အဆင်မပြေလို့ အမေကြည့်ပြောပါဦးလို့ ။ အမေမှ အလေးမထားခဲ့ဘဲ။ အခုမှတော့ ဘာမှလုပ်လို့မရတော့ဘူး”
ကျွန်တော်လည်း စိတ်တိုဒေါသဖြစ်သမျှ အမေ့အပေါ် ပုံချလိုက်သော်လည်း အမေကြားသည့်ပုံမရ။ အငယ်မကတော့ ဧည့်ခန်းထောင့်မှာ တရှုံ့ရှုံ့ငိုနေသည် ။ အချိန်တန် အရွယ်ရောက်၍ အသိုက်အမြုံ ခွဲထွက်သွားတာကို ပုံကြီးချဲ့အပြစ်တင်နေတာမျိုးမဟုတ်။ သူကိုယ်တိုင်လည်း ကိုယ့်လမ်းကိုယ် ရွေးလျှောက်ခဲ့သည်ပဲလေ။ သို့သော် လူမျိုးမတူ ဘာသာခြားတစ်ယောက်ကို အိမ်ထောင်ဘက် အဖြစ် ရွေးချယ်လိုက်သူ မွန်မွန်ကို အနားရှိလျှင် စိတ်ရှိလက်ရှိရိုက်နှက်မိလိမ့်မည်။
သို့သော် သူပါးစပ်နှင့် ညီမများကိုဆုံးမလျှင်ပင် ရှေ့ကကာဆီးတတ်သည့် အမေက သူ့ကိုသာ အပြစ်တင်လိမ့်ဦးမည်။ အမေ ဘာကြောင့်များ သူအပေါ်အကောင်းမမြင်နိုင်ဘဲ သမီးတွေမှ သမီးတွေဖြစ် သွားရသည်ကို သူမတွေး တတ်တော့။ ဟိုယခင်ကဆိုလျှင်…။
အခန်း(၂)
“သားကျောင်းကပြန်လာပြီလား။ သားအခန်းထဲမှာ သားအတွက်ဝယ်လာတဲ့ အနွေးထည်အသစ် ထည့်ပေး ထားတယ်။ သားကြိုက်တဲ့ အရောင်လေးပဲ ”
ကျောင်းကအတူပြန်လာကြသည့်ကျွန်တော်တို့မောင်နှမ အိမ်ထဲမရောက်ခင် အမေ့အပြောကြောင့် ကျွန်တော်ပျော်သွားသည်။ ဒီနှစ်ဆောင်းက သိပ်မအေးသော်လည်း အထက်တန်းကျောင်းသားပီပီ အနွေးထည်အသစ်လေးနှင့် ရှိုးထုတ်လိုက်ချင်သေးသည်။ အလိုက်သိသည့်အမေ့ကို ကျေးဇူးတင်ရသည်။ အဖေကတော့ လူအေးပင်။ ရသည့်လခလေးအပ်ကာ သားသမီးများ၏ စားဝတ်နေရေး လောက်သည် မလောက်သည်ကို တွေးမပူတတ်။ အမေစက်ချုပ်၍ရသည့်ငွေကြောင့်သာ သူတို့မောင်နှမသုံးယောက် စိတ်အေးလက်အေး ပညာသင်ခွင့်ရခြင်းပင်။
“အမေကတော့ ကိုကို့ကိုဆို သိပ်ဦးစားပေးတာပဲ။ သမီးမှာ ကျောင်းဝတ်စုံနှစ်စုံတည်းမို့ တစ်စုံလောက် ထပ်ချုပ်ပေးဖို့ ပြောထားတာ မနှစ်ကတည်းက ခုထိမဝယ်ပေးသေးဘူး”
ညီမဖြစ်သူမွန်မွန်က ရှစ်တန်းကျောင်းသူဖြစ်လာပြီမို့ အမေ့ကို ဝေဖန်တတ်နေပြီ။ အမေကလည်း ကျွန်တော့် ကို ပိုချစ်သည်ဟု ပါးစပ်ကဖွင့်မပြောသော်လည်း သမီးနှစ်ယောက်ထက် ဦးစားပေးအလိုလိုက်တတ်လွန်း၍ သိသာနေသည်။ လိုချင်တာရပြီးပြီမို့ မွန်မွန့်ကို ချိုသည်ခါးသည် ဖြေရှင်းမနေဘဲ အခန်းထဲက အနွေး ထည်ကို ဝင်ကြည့်လိုက်သည်။
ဝိုး…ဟိုတနေ့ကမှ လမ်းထိပ်စတိုးဆိုင်တွင် အသစ်ချိတ်ထားသည့် အနွေးထည် ဒီဇိုင်းသစ်ပင်။ အမေ ဆန်ဝယ်သွား၍ သူလိုက်ထမ်းပေးရင်း ထိုအနွေးထည်လေးကို တမေ့တမောငေးမိသည်ကို အမေသတိထား လိုက်မိပုံပင်။ ကျွန်တော့်အလိုဆန္ဒကို နှုတ်ကဖွင့်မပြောဘဲ သိနေသည့်အမေ။ မွန်မွန်သာ အနွေးထည် အသစ်လေးလှတာမြင်လျှင် ဘယ်လောက်မနာလိုဖြစ်လိုက်မလဲဟု တွေးရင်းပြုံးမိသည်။
ကျွန်တော် ဆယ်တန်းဖြေသည့် စာမေးပွဲရက်တွေ အတောအတွင်းတွင်လည်း အမေပါ အိပ်ရေးပျက်သည်။ ကျွန်တော် အိပ်ချင်မည်စိုး၍ဘေးမှ ကော်ဖီဖျော်ပေးလိုက်၊ ပန်ကာမရှိ၍ ခြင်ကိုက်မည်ဆိုကာ ယပ်ခတ်ပေးလိုက်နှင့် အလုပ်ရှုပ်နေခဲ့သည်။ အမေအိပ်နှင့်ပါဟု ပြော၍လည်း မရ။
“သားရေ..ထ..ထ..ဒီစာရွက်လေးတွေ ကြည့်လိုက်ပါဦး။ စပေါ့..ဆိုလား ဘာဆိုလား။ မေးခွန်းထဲပါမယ့် စာတွေလို့ ပြောတယ်။ ရပ်ကွက်ထဲက ကလေးတွေ ဖြေမယ့်ညဆို ရတယ်ဆိုလို့ အမေကမုန့်ဖိုးပေးမယ် သားအတွက်လာပို့ပေးပါလို့ မှာထားတာ။ သားကျက်ထားတာတွေနဲ့ တူရဲ့လားကြည့်ပါဦး။ မတူတာတွေ ပါရင် နည်းနည်းဖြစ်ဖြစ်ကျက်လိုက်ဦးနော်သား”
ကျွန်တော် နာရီထကြည့်လိုက်တော့ မနက်လေးနာရီရှိပြီ။ ညကလည်း တစ်နာရီမှ အမေနှင့် အတူအိပ်သည်မို့ အိပ်ရေးမဝသေး။ သို့သော် အမေကတော့ တစ်မှေးမှမအိပ်ဘဲ ဒီစာရွက်တွေရဖို့ စောင့်နေခဲ့ပုံပင်။ ကျောင်းသားတွေကြား အားကိုးရှာသည့် အကြိုမေးခွန်းလွှာတွေက မမှန်ပါဘူးဟု ပြောချင်သော်လည်း အမေ့ကို စိတ်ချမ်းသာစေချင်၍ စာထကျက်ရပြန်သည်။ သားအတွက် ဝေယျာဝစ္စတစ်ဖက် ၊ စက်ချုပ်သည့်အလုပ်က တစ်ဖက်နှင့် အိပ်ရေးပျက်ပါများ၍ ကျွန်တော်စာမေးပွဲပြီးသည်နှင့် အမေအိပ်ယာထဲလဲသည်အထိ ကျွန်တော့်အတွက် အပင်ပန်းခံခဲ့သည်။
“သားရေ အမေနဲ့ညီမလေးတွေ ထမင်းစားပြီးပြီ ။ သားနဲ့ သားအဖေအတွက် ကြောင်အိမ်ထဲမှာ ဟင်းခွဲထားတယ် စားလိုက်နော်။ ”
ကျွန်တော်နှင့်မစားဘဲ ကျွန်တော်တို့ သားအဖအတွက် ဟင်းချန်ထားသည့်နေ့သည် ဟင်းနည်း၍ အမေတို့ သားအမိတွေဟင်းကြမ်းဖြင့်သာ ထမင်းစားလိုက်ကြသည်ကို ကျွန်တော်သိသည်။ သို့သော် အမေ့စေတနာ ကို အသိမှတ်ပြုကာ စားလိုက်ရသည်ချည်းပင်။ အမေမသိစေချင်တာကို မသိချင်ယောင်ဆောင် ပေးလိုက်ခြင်းက အမေ့ကို စိတ်ချမ်းသာစေလိမ့်မည်။ သားကိုသခင် လင်ကိုဘုရားဆိုသည့်စကားကို အမေက ဘယ်သူ့တိုက်တွန်းချက်မှ မပါဘဲလိုက်နာခဲ့သည်။ ယခုတော့ ကျွန်တော့်စကားတွေသည် အမေ့အတွက် အဘယ်ကြောင့် အရာမထင်တော့သည်လဲ ကျွန်တော် မတွေးတတ်တော့ချေ။
အခန်း(၃)
ကျွန်တော်သည် မွန်မွန်ကို လိုက်ရှာသော်လည်း သတင်းအစအနလေးပင်မရ။ ပျောက်သူကို ရှာ၍လွယ် သော်လည်း ပုန်းနေသူကို ရှာဖို့မလွယ်ကူ။ ညည့်နက်သန်းခေါင်မို့ မေးမြန်းစုံစမ်းဖို့လည်း မလွယ်ကူသည်မို့ လက်လျှော့လိုက်ရသည်။ ကျွန်တော့်ဇနီးကို အမေ့အိမ်တွင် အိပ်လိုက်တော့မည်ဟု ဖုန်းဆက်ပြောလိုက်ရသည်။ နေမကောင်းသည့်အဖေ့ကို မွန်မွန့်ကိစ္စအသိမပေးရသေးပေ။ ညီမအငယ်လေးကိုတော့ အိပ်တော့ဟု ခိုင်းလိုက်သဖြင့် အိပ်ရာထဲဝင်သွားလေ၏ ။ နာရီကြည့်လိုက်တော့ မနက်(၂)နာရီထိုးနေလေပြီ။ အမေက အခန်းထောင့် တစ်နေရာတွင် ငေးငေးငိုင်ငိုင်ထိုင်လျက် စိတ်နှင့်ကိုယ်ကပ်ပုံမပေါ်။
အမေ့ကို အပြစ်တင်စကားပြောလိုက်မိ၍ ကျွန်တော်ကိုယ်တိုင်လည်း စိတ်မကောင်း။ သို့သော် အမေ့ကို နားမလည်နိုင်သေးသည်မှာလည်း အမှန်ပင်။
“အမေ…အိပ်လိုက်တော့လေ။ မနက်မှ ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားကြတာပေါ့။ ဖြစ်ပြီးတာလဲ ဖြစ်သွားပြီပဲ ။ဖြစ်သမျှအကြောင်း အကောင်းပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ ”
“အမေက သားပြောတာကို ဂရုမစိုက်ခဲ့တာမဟုတ်ပါဘူး သားရယ်။ အမေက သားကို အချစ်ဆုံးပဲလေ။ သားစကားကို အမေဘယ်ဥပက္ခာပြုခဲ့မှာလဲ ”
ကျွန်တော်ပြောတာက တခြား အမေပြောနေတာက တခြားပင်။ သို့သော် အမေတစ်ခုခုကို ပြောချင်နေမှန်းတော့ ကျွန်တော်သိနေသည်။
“ဒါဆိုလဲ အမေရယ်။ ကျွန်တော် ညီမလေးတွေကို ဆုံးမနေတဲ့အခါဘာလို့ ဝင်တားခဲ့တာလဲ။ ကျွန်တော် သတိပေးတာကိုဘာလို့ အလေးထားပြီး ညီမလေးတွေကို မဆုံးမခဲ့ရတာလဲ ”
“အခုလို ထင်ရာလုပ်သွားမှာစိုးလို့ပေါ့ သားရယ်။ အမေ့မှာ ဒီသမီးနှစ်ယောက်အပေါ် အားကိုးပြီးနေရတာလေ။ ခုတော့ အမေအားကိုးမဲ့ရပြီပေါ့ ”
အမေ့ဆီက သမီးတွေကိုချစ်လို့ဆိုသည့်
အကြောင်းပြချက်သာရမည်ဟု မျှော်လင့်ထားသမျှ အားကိုးရသူ တွေဟု ခေါင်းစဉ်တပ်လိုက်၍ ကျွန်တော်အံ့သြသွားရသည်။ ကျွန်တော့်မျက်နှာကို ကြည့်နေသည့်အမေ ကျွန်တော့်အတွေးကို သိလိုက်သည်ထင်ရဲ့။ သိပ်တော့မထူးဆန်းပေ။ ကျွန်တော့်မျက်နှာကို စာမျက်နှာ ပေါ်က စာလုံးတွေပမာ အတိအကျ အဓိပ္ပါယ်ပြန်တတ်ခဲ့သူက အမေတစ်ယောက်တည်းရှိသည်။
“သားသမီးကို ဘယ်သူ့ကိုသာတယ် ဘယ်သူ့နာစေဆိုပြီး တိုင်းတာချစ်တတ်တဲ့ မိဘရယ်လို့မရှိပါဘူးကွယ်။ အမေလည်း အမေဝမ်းနဲ့လွယ်မွေးထားတဲ့ သားသမီးသုံးယောက်ကို ညီတူညီမျှချစ်တာပေါ့။ အမေ့ကိုယ် အမေထက် အမေ့သားသမီးတွေကို ပိုချစ်ခဲ့တာ။ ဒါပေမယ့် သားရယ် မိဘမေတ္တာက စုန်ရေဆိုပေမယ့် ကိုယ်တိုင်က မရှာနိုင်မဖွေနိုင်တဲ့အခါ၊ အားကိုးရာမဲ့လာတဲ့အခါ သားသမီးတွေဆီက ဆန်လာမယ့်မေတ္တာကို မျှော်လင့်မိကြတာပါပဲ”
အမေက အေးဆေးတည်ငြိမ်စွာပြောနေသော်လည်း ကျွန်တော့ စိတ်တွေဂနာမငြိမ်တော့ ။ အမေနှင့် ညီမ တွေကိုသာ အပြစ်တင်နေသည့် ကျွန်တော်ကိုယ်တိုင်က မိဘအပေါ် ဘယ်လောက်များ ကျေးဇူးသိတတ်ခဲ့ ဖူးသလဲ။ မဖြေရဲသည့် မေးခွန်းတွေက သူ့အလိုလိုခေါင်းထဲရောက်လာနေသည်။
ဘွဲ့ရပြီးမကြာခင် အိမ်ထောင်ပြုလိုက်သည့် ကျွန်တော့်ကို တစ်ချက်လေးမှမငြိုငြင်ခဲ့သည့် ကျွန်တော့်မိဘရင်ထဲတွင် သားအပေါ် မျှော်လင့်အားကိုးနေသည့်စိတ်တွေ ပျက်စီးခဲ့ရှာလိမ့်မည်။ မိဘပေးသည့် ပညာအမွေနှင့် ကိုယ့်ဇနီး သားသမီးအပေါ်တွင် ရှာဖွေကျွေးမွေးနေသမျှ င့ါမိဘတွေ အဆင်ပြေရဲ့လားဟု ဘယ်နှစ်ကြိမ်လောက်များ တွေးပေးဖူးသလဲ။ ကျွန်တော်သည် အရုပ်ဆိုးအကျည်းတန်သည့် ကိုယ့်ရုပ်ရည်ကို မှန်ထဲတွင် မကြည့်ဝံ့ကြည့်ဝံ့ ခိုးကြည့်နေရသူလိုဖြစ်နေသည်။ ထင်ရှားပြတ်သားလာသည်နှင့်အမျှ ကျွန်တော်၏ မသိတတ်မှုများက အရုပ်ဆိုးအကျည်းတန်စွာပေါ်လာသည်။
“လူငယ်သဘာဝ အမေ့သမီးလေး ထင်ရာလုပ်သွားပေမယ့် အမေကတော့ အပြစ်မတင်ရက်ပါဘူး။ သူတို့ခမျာ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်ပြီး မကျန်းမာတဲ့အဖေ ၊ စက်မချုပ်နိုင်တော့တဲ့ အမေကိုလုပ်ကျွေးနေကြတာ။ ဆိုးဆိုးကောင်းကောင်း အမေကတော့ အမေ့သမီးကို အချိန်မရွေးခွင့်လွှတ်နားလည်ပြီး ပြန်လက်ခံမှာ”
“တော်ပါတော့ အမေရယ်။ အမေ့ကို သားမသိနားမလည်နိုင်ဘဲ အပြစ်တင်ပြောဆိုမိတာတွေကို သား တောင်းပန်ပါတယ်။ ညီမလေးကိုလည်း သားရှာပြီး ပြန်ခေါ်လာပါ့မယ်။ သူရွေးချယ်သွားတဲ့သူက အဆင်ပြေမယ်ဆိုရင်လည်း လက်ခံပေးရမှာပေါ့။ အဆင်မပြေကြလည်း ညီမလေးကို အပြစ်တင်ဆူပူတာမျိုး သားမလုပ်တော့ပါဘူး အမေရယ်။ သားထက် မိဘအပေါ်သိတတ်လိမ္မာခဲ့တဲ့ ညီမလေးတွေမှားရင်တောင် သားတို့ပြုပြင်နားချပေးကြမယ်လေ”
ကျွန်တော့်စကားကြောင့် အမေ့မျက်နှာ ကြည်လင်လာသည်။ အားငယ်ရိပ်လွှမ်းနေသည့် အမေ့မျက်နှာပေါ် ပေါ်တွင် အိုမင်းခြင်းဇရာအရေးအကြောင်းတွေ ထူထပ်လာနေသည်ကို ကျွန်တော် အခုမှသတိထားမိသည်။ ကျွန်တော်တို့မောင်နှမကို ပြုစုယုယခဲ့သည့် အမေ့လက်များသည်လည်း အရိုးပေါ်အရေတင်ကာ ပိန်လိမ်နေခဲ့ပြီပဲ။ သားသမီးအပေါ် တာဝန်ကျေခဲ့ကြသည့် မိဘများသည် ရှာဖွေလုပ်ကိုင်မစားနိုင်တော့သည့် အရွယ် တွင် သားသမီးအပေါ် မျှော်လင့်အားကိုးမိသည်ကိုပင် အပြစ်တစ်ခုပမာ ကိုယ့်ကိုယ်ကိုယ် မလုံခြုံစွာ ခံစားနေရခြင်းသည် မဖြစ်သင့်။
ကိုယ်ရှာကျွေး၍ အရွယ်ရောက်လာသည့် သားသမီးများကို တစ်လှည့် ပြန်ရှာကျွေးဟု မတောင်းဆိုရက်ခဲ့ကြ။ သိတတ်စွာရှာကျွေးနေသည့် သားသမီးအပေါ်ကို ပုံ၍ချစ်ခင်အားကိုးသည်ကိုပင် ကျွန်တော်က ငြူစူမိခဲ့ခြင်းသည် ရှက်ဖွယ်ကောင်းလှသည်။ ကျွန်တော့်နောင်တတွေကို အချိန်မနှောင်းခင် ပြုပြင်ရမည်။
“အမေ ဘာမှမစဉ်းစားနဲ့တော့။ ညီမလေးတွေ အိမ်ထောင်ကျသွားလို့လည်း အားမငယ်ပါနဲ့။ သားက သားကြီးဖြစ်ပြီး ဘာတစ်ခုမှ တာဝန်မကျေခဲ့သေးဘူး။ ဒါကြောင့် အဖေနဲ့အမေ နောက်ဆုံးအချိန်ထိ သားကပဲ တာဝန်ယူစောင့်ရှောက်ပါ့မယ်။ အားမငယ်နဲ့နော် အမေ။ အမေ့မှာ ကျွန်တော်ရှိပါသေးတယ်”
အမေ့လက်ပိန်ပိန်လေးများကို ထွေးဆုပ်ရင်း ကျွန်တော်အမေ့ကို အားပေးလိုက်သည်။ အမေ့ကို ပေးလိုက်သည့် ကတိကိုလည်း မိဘအသက်ရှင်နေသမျှ တည်စေရပါမည်ဟုလည်း စိတ်တွင်းမှ သစ္စာစကားဆိုမိသည်။ မကြာခင် အာရုံဦးနေခြည်က ကမ္ဘာမြေအပေါ် ဖြန့်ကျက်အလင်းပေးလာတော့မည်။ အမေ့မျက်နှာပေါ်မှ အားငယ်စိုးရိမ်ခြင်း အမှောင်များကိုလည်း ကျွန်တော်ဖယ်ရှားပေးရမည်။ အမေ့ အပြုံးလေးများ လင်းလက်တောက်ပလာဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားမည်ဟု သန္နိဌာန်ချလိုက်ပြီလေ။
နှင်းနွယ်(ကလေး)
ရတနာပုံသတင်းစာ