ပိုက်ဆံအိတ်ထဲက စာ
အေးခဲတဲ့နေ့တစ်နေ့မှာ အိမ်အပြန်လမ်းလျှောက်ရင်း လမ်းပေါ်မှာ ပိုက်ဆံအိတ်တစ်လုံး တွေ့လို့ ကျွန်တော်ကောက်ယူလိုက်တယ်။ ပိုင်ရှင်အကြောင်း သိရနိုးနဲ့ ကြည့်လိုက်တော့ သုံးဒေါ်လာ နဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေပုံရတဲ့ စာဟောင်းတစ်စောင် သာ ပါဝင်နေခဲ့တယ်။
စာအိတ်က ဟောင်းနွမ်းနေပြီး စာပို့သူလိပ်စာပဲ ဖတ်လို့ရတယ်။ ဖွင့်ကြည့်ဖို့ ပြင်လိုက်တော့ ရက်စွဲက ၁၉၂၄ ခုနှစ် ဖြစ်နေတာ တွေ့ရတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးက ရေးထားခဲ့တဲ့ စာပါ။
စာရွက်က အပြာနုရောင်ဖြစ်ပြီး ဘယ်ဘက်ထောင့်မှာ ပန်းပွင့်လေးတစ်ပွင့်နဲ့ လှပတဲ့ အမျိုးသမီးလက်ရေးနဲ့ ရေးထားတယ်။ စာလက်ခံသူ မိုက်ကယ် (Michael) ကို သူ့အမေက တားမြစ်လို့ နောက်ထပ် မတွေ့နိုင်တော့ကြောင်း ရေးထားတဲ့ စာ ဖြစ်ပေမဲ့ သူမဟာ သူ့ကို အမြဲတမ်းချစ်နေမယ်လို့ ကတိပြုထားတယ်။ လက်မှတ်ကတော့ ဟန္န (Hannah) ဖြစ်ပါတယ်။
မိုက်ကယ် နာမည်ကလွဲရင် ပိုင်ရှင်ကို ဘယ်လိုမှ ရှာလို့မရတာကြောင့် ဖုန်းအော်ပရေတာကို ဆက်သွယ်ပြီး စာအိတ်ပေါ်က လိပ်စာအတွက် ဖုန်းနံပါတ်ရှိမရှိ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော့် တောင်းဆိုမှုက ထူးဆန်းနေပေမဲ့ ကြီးကြပ်သူက အဲဒီလိပ်စာမှာ ဖုန်းနံပါတ် ရှိကြောင်း၊ ဒါပေမဲ့ နံပါတ်ကို တိုက်ရိုက်ပေးလို့ မရကြောင်း ရှင်းပြတယ်။ ဒါပေမဲ့ သူကိုယ်တိုင် ဖုန်းခေါ်ပြီး ပိုက်ဆံအိတ်အကြောင်း ပြောပြကာ ကျွန်တော့်နဲ့ ဆက်သွယ်ပေးချင်သလားလို့ မေးပေးမယ်လို့ ကျေးဇူးပြုပါတယ်။ ခဏစောင့်ပြီးနောက် "သင့်နဲ့ စကားပြောမယ့်သူ ရှိပါတယ်" လို့ ပြောလာတယ်။
ဖုန်းတစ်ဖက်က အမျိုးသမီးကို ဟန္န ဆိုတဲ့ နာမည်နဲ့ လူကို သိသလားလို့ မေးတော့ သူမက "အိုး၊ကျွန်မတို့ ဒီအိမ်ကို ဟန္န နာမည်ရှိတဲ့ သမီးတစ်ယောက်ရှိတဲ့ မိသားစုဆီကနေ လွန်ခဲ့တဲ့ အနှစ် ၃၀ က ဝယ်ခဲ့တာ”လို့ အံ့ဩတကြီး ပြောတယ်။
သူမက ဟန္နဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့အမေကို သူနာပြုစောင့်ရှောက်ရေး ဂေဟာ မှာ ထားခဲ့ရတာကို မှတ်မိကြောင်း၊ ဂေဟာနဲ့ ဆက်သွယ်ရင် သမီးဖြစ်သူကို ခြေရာခံမိနိုင်ကြောင်း သဲလွန်စပေးတယ်။ ကျွန်တော်လည်း ဂေဟာကို ဖုန်းဆက်တော့ အမေဖြစ်သူ ဆုံးသွားပေမဲ့ သမီးဖြစ်သူ နေထိုင်နိုင်တဲ့ ဖုန်းနံပါတ်ကိုတော့ ပေးခဲ့တယ်။ နောက်ဆုံး ဖုန်းခေါ်လိုက်တော့ ဟန္နကိုယ်တိုင်လည်း အခု သူနာပြုစောင့်ရှောက်ရေး ဂေဟာမှာ နေနေရပြီ လို့ သိလိုက်ရတယ်။
"သုံးဒေါ်လာနဲ့ အနှစ် ၆၀ နီးပါးရှိတဲ့ စာတစ်စောင်အတွက် ငါ ဘာလို့ ဒီလောက် ရူးသွပ်နေရတာလဲ" လို့ ကိုယ့်ကိုယ်ကိုယ် တွေးမိပေမဲ့ စိတ်ကို မလျှော့ဘဲ ဟန္နရှိရာ ဂေဟာကို ဖုန်းခေါ်ပြီး ည ၁၀ နာရီဖြစ်နေပေမဲ့ ဝင်တွေ့ခွင့် တောင်းလိုက်တယ်။
ဂေဟာမှာ လုံခြုံရေးနဲ့ ညစောင့်သူနာပြုက ကြိုဆိုပြီး တတိယထပ် နေ့ခန်းမ ထဲမှာ ရုပ်သံကြည့်နေတဲ့ ဟန္န နဲ့ မိတ်ဆက်ပေးတယ်။
သူမက ဆံပင်ဖြူဖွေးပြီး နွေးထွေးတဲ့အပြုံးနဲ့ မျက်လုံးမှာ အရောင်တောက်နေတဲ့ အဘွားကြီးတစ်ဦးပါ။ ကျွန်တော်က စာအိတ်ကို ပြလိုက်တော့ အပြာနုရောင်စာအိတ်နဲ့ ပန်းပွင့်လေးကို မြင်တာနဲ့ အသက်ပြင်းပြင်းရှူပြီး "လူလေး၊ ဒီစာက ငါ မိုက်ကယ် နဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တဲ့ စာပဲ" လို့ ပြောတယ်။
"ငါ သူ့ကို အရမ်းချစ်ခဲ့တာ။ အဲဒီတုန်းက ငါ ၁၆ နှစ်ပဲ ရှိသေးလို့ အမေက တားခဲ့တာ။ သူ အရမ်းချောတာပဲ၊ သရုပ်ဆောင် ရှောင် ကွန်နရီ နဲ့တောင် တူတယ်"
သူမဟာ တစ်သက်လုံး လက်မထပ်ခဲ့ကြောင်း မျက်ရည်ဝဲရင်း ပြောတယ်။ "ဘယ်သူမှ မိုက်ကယ်ကို မမီနိုင်ခဲ့လို့ပဲ ထင်ပါတယ်... သူ့ကို တွေ့ခဲ့ရင် ငါ သူ့ကို အခုထိ ချစ်နေတုန်းပဲ လို့ ပြောပေးပါ" တဲ့။
ကျွန်တော် နှုတ်ဆက်ပြီး ပထမထပ်ကို ဆင်းလာတော့ လုံခြုံရေးက "အဘွားကြီးက ကူညီနိုင်ခဲ့လားဗျ" လို့ မေးတယ်။ ကျွန်တော်က သဲလွန်စတစ်ခု ရခဲ့တယ်လို့ ပြောပြီး အနီရောင်ဖဲကြိုးကြိုးသိုင်းထားတဲ့ အညိုရောင်သားရေပိုက်ဆံအိတ်ကို ထုတ်ပြလိုက်တယ်။
ဒါကို မြင်လိုက်တဲ့ လုံခြုံရေးက "ဟေး၊ ခဏလေး! ဒါ မစ္စတာ ဂိုးလ်စတိန်း (Mr. Goldstein) ရဲ့ ပိုက်ဆံအိတ်ပဲ။ အနီရောင်ကြိုးလေးနဲ့ဆို ကျွန်တော် ဘယ်သွားသွား မှတ်မိတယ်။ သူက အမြဲတမ်း ပျောက်တတ်တာ။ သူ ၈ လွှာမှာရှိတဲ့ အဘိုးကြီးတွေထဲက တစ်ဦးပါ" လို့ ပြောလိုက်တယ်။
ကျွန်တော့်လက်တွေ တုန်သွားတယ်။ လုံခြုံရေးကို ကျေးဇူးတင်ပြီး သူနာပြုရုံးခန်းဆီ ပြန်ပြေးသွားတယ်။ ကျွန်တော်တို့ ဓာတ်လှေကားနဲ့ ၈ လွှာကို တက်သွားကြတယ်။ အဲဒီထပ်က သူနာပြုက "သူ နေ့ခန်းမထဲမှာ စာဖတ်နေသေးတယ် ထင်ပါတယ်" လို့ ပြောတယ်။
နေ့ခန်းမထဲမှာ စာအုပ်ဖတ်နေတဲ့ အဘိုးကြီးတစ်ဦးကို တွေ့ရတယ်။ သူနာပြုက ပိုက်ဆံအိတ်ပျောက်သလားလို့ မေးတော့ သူက နောက်ကျောအိတ်ကပ်ကို စမ်းရင်း "အိုး၊ ပျောက်နေတာပဲ” လို့ အံ့ဩတကြီး ပြောတယ်။
ကျွန်တော် ပိုက်ဆံအိတ်ပေးလိုက်တာနဲ့ သူက သက်ပြင်းချပြီး "ဟုတ်တယ်၊ ဒါပဲ။ငါ့အိတ်ကပ်ထဲကနေ ကျွတ်ကျသွားတာ ဖြစ်ရမယ်" လို့ ဝမ်းသာအားရ ပြောတယ်။ ဆုချဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ပြီး "ပိုက်ဆံအိတ် ပိုင်ရှင်ကို သိရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီစာကို ကျွန်တော် ဖတ်ခဲ့ပါတယ်" လို့ ဖွင့်ပြောလိုက်တယ်။
သူ့မျက်နှာက အပြုံးရုတ်တရက် ပျောက်သွားပြီး "မင်း အဲဒီစာကို ဖတ်လိုက်တယ်”
"ကျွန်တော် ဖတ်ရုံတင်မကဘူး၊ ဟန္န ဘယ်မှာရှိတယ်ဆိုတာ ကျွန်တော် သိတယ်လို့ ထင်ပါတယ်"
သူက ချက်ချင်း ဖြူဖျော့သွားပြီး "ဟန္န၊မင်း သူမ ဘယ်မှာရှိလဲ သိတယ်? သူ နေကောင်းလား။အရင်ကလိုပဲ လှနေသေးလား?" လို့ တောင်းပန်တိုးလျှိုး ပြောတယ်။ "သူမနဲ့ အချစ်ဇာတ်လမ်း ပြတ်တောက်သွားတော့ ကိုယ့်ဘဝ အဆုံးသတ်သွားသလိုပါပဲ။ ငါ ဘယ်တော့မှ လက်မထပ်ခဲ့ဘူး။ ငါ သူ့ကို အမြဲတမ်း ချစ်ခဲ့တာပဲ ထင်ပါတယ်" လို့ ပြောပြီး ကျွန်တော့်လက်ကို ဆွဲကိုင်တယ်။
"မစ္စတာ ဂိုးလ်စတိန်း၊ ကျွန်တော့်နဲ့ လိုက်ခဲ့ပါ" လို့ ပြောပြီး ၃ လွှာကို ပြန်ဆင်းလာခဲ့တယ်။
ညမီးလုံးအနည်းငယ်သာ လင်းနေတဲ့ နေ့ခန်းမထဲမှာ ဟန္နက ရုပ်သံကြည့်နေတုန်းပဲ။ သူနာပြုက သူမဆီ လျှောက်သွားပြီး တံခါးဝမှာ စောင့်နေတဲ့ မိုက်ကယ် ကို လက်ညှိုးထိုးပြပြီး "ဟန္န၊ ဒီလူကို သိလား" လို့ မေးတယ်။
သူမက မျက်မှန်ကို တပ်ပြီး ကြည့်လိုက်ပေမဲ့ ဘာမှ မပြောဘူး။
မိုက်ကယ်က တိုးတိုးလေး၊ လေသံနဲ့ "ဟန္န၊ ကိုယ် မိုက်ကယ်ပါ။ ကိုယ့်ကို မှတ်မိလား"
သူမက အံ့အားသင့်စွာနဲ့ "မိုက်ကယ်! မယုံနိုင်ဘူး! မင်းပါလား! ငါ့မိုက်ကယ်!"
သူက သူမဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူတို့နှစ်ဦး ပွေ့ဖက်လိုက်ကြတယ်။ သူနာပြုနဲ့ ကျွန်တော်တို့ မျက်ရည်ကျရင်း ထွက်ခွာလာခဲ့ကြတယ်။
"တွေ့လား" လို့ ကျွန်တော် ပြောလိုက်တယ်။ "ဘုရားသခင်က ဘယ်လို စီစဉ်ပေးသွားလဲဆိုတာ တွေ့လား။ ဖြစ်ဖို့ဆိုရင် ဖြစ်လာမှာပါပဲ"
သုံးပတ်ခန့်ကြာပြီးတဲ့နောက် ဂေဟာကနေ ဖုန်းဝင်လာတယ်။ "တနင်္ဂနွေနေ့မှာ မင်္ဂလာပွဲ တက်ရောက်ဖို့ အချိန်ရမလား။မိုက်ကယ်နဲ့ ဟန္နတို့ လက်ထပ်ကြတော့မယ်”
ဒါဟာ အသက် ၇၆ နှစ်အရွယ် သတို့သမီးနဲ့ အသက် ၇၉ နှစ်အရွယ် သတို့သားတို့ ဆယ်ကျော်သက်လေးတွေလို ပြုမူခဲ့ကြတဲ့ လှပတဲ့ မင်္ဂလာပွဲလေးပါ။ သူတို့က ကျွန်တော့်ကို သတို့သားအရံ လုပ်ခိုင်းခဲ့တယ်။
နှစ်ပေါင်း ၆၀ နီးပါး ကြာခဲ့တဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းရဲ့ ပြီးပြည့်စုံတဲ့ နိဂုံးချုပ်တစ်ခုပါပဲ။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်
(Letter in the Wallet by Arnold Fine, 1985)