ဖျက်၍ရသောဆေးမင်ရည်(စ/ဆုံး)
———————————-
“ကိုထွန်းခင်….ကိုထွန်းခင်…”.မီးဖိုထဲမှမခင်လှ၏အော်ခေါ်သံသာဆင့်ကဲဆင့်ကဲထွက်ပေါ်လာသော်လည်း ပြန်လည်တုန့်ပြန်သံမကြားရ။ ပြန်လည်တုန့်ပြန်သံမကြားရသောအခါ မခင်လှထမင်းအိုးတည်နေရာမှအိမ်ရှေ့သို့ထွက်လာသည်။
ကိုထွန်းခင်ကား ဖုန်းထဲတွင်အာရုံအပြည့်အဝစူးစိုက်နေသည်။မခင်လှအနားရောက်လာသည်ကိုသတိမထားမိ။
“ကိုထွန်းခင်”
မခင်လှအသံကုန်အော်ခေါ်လိုက်သည်။
“ဟာဘာတုန်းဟ”အနားကပ်ပြီး ဒီလောက်အော်ခေါ်ရလား။
ကျွန်မခေါ်နေတာကြာပြီရှင်မှမကြားတာ။
“သုံးရေကုန်နေပြီရေလေးခပ်ပေးအုံး”
“ဟာ မခပ်နိုင်ဘူး ” …ဒီမှာဂိမ်းတိုက်နေတာ .. ရပ်လို့မရဘူး … မင်းဟာမင်းသွားခပ်….
ကျွန်မထမင်းအိုးတည်နေရင်း မို့ ပါ…ဟင်းချက်စရာနဲ့သုံးစရာရေမရှိလို့….သွားခပ်ပေးပါရှင်
နားငြီးတယ်ဟာ…..ဒီမိန်းမတော့ သုံးစရာမရှိ မသုံးနဲ့….
ကိုထွန်းခင်မှာ မခင်လှကိုခပ်ပြတ်ပြတ်ပြောရင်း ဂိမ်းဆက်တိုက်နေသည်။
ကိုထွန်းခင်ကိုပြောမရသည့်အဆုံး မခင်လှဒေါသထွက်ကာမီးဖိုထဲပြန်ဝင်လာခဲ့သည်။
ကိုထွန်းခင်နှင့်မခင်လှမှာနယ်မြို့လေးတစ်မြို့၏အစွန်ရပ်ကွက်တစ်ခုတွင်နေကြသည်။သူတို့ရပ်ကွက်မှာမီးမရသေး။သုံးရေအတွက်ရေကိုအဝီစိတွင်းမှခပ်ယူရသည်။
ကိုထွန်းခင်မှာအသက်၃၀ဝန်းကျင်အသားလတ်လတ်နှင့်ကြည့်ကောင်းသောရုပ်ရည်ရှိပြီးမခင်လှမှာအသက်၂၈နှစ်ခန့်အသားညိုညိုနှင့်သာမန်ရုပ်ရေရှိသူဖြစ်သည်။အသက်၂၈နှစ်ခန့်ဆိုသော်လည်းရုတ်တရက်ကြည့်ပါကအသက်၄၀ကျော်ထင်ရသည်။
နှစ်ဦးစလုံးမှာတစ်မြို့တည်းနေသူများဖြစ်သည်။
ကိုထွန်းခင်မှာငယ်စဉ်ကတည်းကဖခင်ဆုံးပါးသွားသဖြင့်မိခင်နှင့်နေရသောတစ်ဦးတည်းသောသားဖြစ်သည်။ဖခင်ရှိစဉ်ကစီးပွားရေး အတန်အသင့်ပြေလည်သော်လည်းဖခင်ကွယ်လွန်သည့်အခါ စီးပွားရေးအဆင်မပြေဖြစ်လာသည်။မိခင်ဖြစ်သူမှာဖတဆိုးသားလေးကို သနားစိတ်နှင့်အလိုလိုက်ရင်း ကိုထွန်းခင်အရွယ်လေးရောက်လာသောအခါဆိုးသွမ်းလာသည်။
ကျောင်းသားအရွယ်တွင် ကျောင်းပြေးသည်။ကွမ်းစားဆေးလိပ်သောက်သည်။တစ်ဆင့်တက်၍အရက်သေစာသောက်စားတတ်လာသည်။ပွေရှုပ်လာသည်။
အိမ်အလုပ်လည်းဘာမှကူဖော်မရ။
မိခင်ဖြစ်သူစျေးရောင်းကျွေးသည်ကိုအခန့်စားထိုင်စားသည်။
မိခင်ဖြစ်သူမှာသနားစိတ်နှင့်အလိုလိုက်ရင်းထိန်းမရဖြစ်လာသည်။
ဒီလိုနှင့်၁၀တန်းအရောက်တွင် ၈တန်းကျောင်းသူမခင်လှကိုခိုးပြေးရင်း အိမ်ထောင်သည်ဘဝရောက်သွားသည်။
လူပျိုဘဝကပင်လက်ကြောမတင်းသောကိုထွန်းခင်မှာအိမ်ထောင်သည်ဘဝရောက်တော့ပိုဆိုးသည်။အိမ်ထောင်ကျကာစကဟုတ်သလိုလိုရှိသော်လည်းကြာတော့ဇာတိပြလာသည်။အရက်သောက် ကြက်တိုက်လောင်းကစားလုပ်သည်။လောင်းကစားပွဲမရှိလျှင်ဖုန်းတစ်လုံးနှင့်အချိန်ကုန်သည်။
မခင်လှမှာစီးပွားရေးအသင့်အတင့်ရှိသောမိသားစုမှအငယ်ဆုံးသမီးလေးဖြစ်သည်။အငယ်ဆုံးသမီးမို့မိသားစု၏ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိထားသူဖြစ်သော်လည်း ၈တန်းနေစဉ်အိမ်ထောင်ပြုလိုက်သောအခါ မိသားစု၏စွန့်ပစ်ခြင်းခံရသူဖြစ်လာခဲ့သည်။ မခင်လှကိုမိသားစုကစိတ်ဆိုး၍အခေါ်အပြောမလုပ်။
အငယ်ဆုံးဖြစ်သောကြောင့်မိသားစုတွင်နေစဉ်ကဘာမှမလုပ်ခဲ့ရသောမခင်လှမှာအိမ်ထောင်သည်ဖြစ်တော့ခေါင်းရွက်စျေးသည်ဘဝရောက်တော့သည်။ အားကိုလို၍ယူလိုက်မှကိုယ်ကလုပ်ကျွေးရသည်။ကိုထွန်းခင်ကိုအလုပ်တစ်ခုခုလုပ်ရန်ပြောသော်လည်းအရာမထင်ခဲ့။
မခင်လှ ကိုထွန်းခင်အလုပ်လုပ်ရန်စည်းရုံး၍အရာမထင်သော်လည်းအိမ်ထောင်သက်၁၃နှစ်တွင်သားသမီး၄ဦးအရာထင်ခဲ့သည်။
အကြီးဆုံးသမီးလေး၉နှစ်ဒုတိယသားလေး၆နှစ်တတိယသားလေး၄နှစ်နှင့်အငယ်ဆုံးသမီးလေး၆ လအရွယ်တွင်ကိုထွန်းခင်ပိုဆိုးလာသည်။
ယခင်ကအရက်သောက်လောင်းကစားလုပ်ရာမှပွေရှုပ်လာသည်။
ကိုထွန်းခင့်သတင်းသံသဲ့သဲ့ကြားသော်လည်း သားသမီး၄နှင့်မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်ရှာဖွေနေရသောမခင်လှမှာကိုထွန်းခင်ကိုအာရုံမစိုက်နိုင်။မနက်မိုးလင်းသည်နှင့်တစ်နေ့တာစားဝတ်နေရေးအလျင်မီရန်စျေးရောင်းထွက်ရသည်။၉ နှစ်သမီးကြီးကလိမ္မာသည်။ ကလေးထိန်းရင်းအိမ်စောင့်ပေးသည်။
အဆမတန်တက်နေသောကုန်စျေးနှုန်းကြောင့်မခင်လှမှာနေပူမိုးရွာသည်ကိုဂရုမထားနိုင်ပဲစားဝတ်နေရေးအတွက်ရုန်းကန်နေရသည်။သမီးငယ်လေးကိုနို့ဘူးနှင့်ထားခဲ့ရသည်။ကိုထွန်းခင်နှင့်လည်းမျက်နှာခြင်းဆိုင်မတွေ့ရသည်မှာကြာပြီ။
လောင်းကစားဝိုင်းများကလည်းပေါလှသည်။လောင်းကစားဝိုင်းများပေါလာသောအခါကိုထွန်းခင်ပြန်မလာသည်ကများသည်။
ထိုနေ့ကမခင်လှစျေးရောင်းပြန်ရောက်တော့သမီးကြီးကဆီး၍ပြောသည်။
“မေမေ ညီမလေးနေမကောင်းဘူးထင်တယ်”
“အသားတွေပူနေတယ်”
“အနီစက်လေးတွေလည်းထွက်နေတယ်”
ဟုတ်လား
မခင်လှစိုးရိမ်သွားသည်
သမီးငယ်လေးကိုကြည့်တော့ မျက်နှာလေးညိုးနေသည်။
သမီးကြီးပြောသလို အနီစက်လေးများတွေ့ရပြီးအသားလည်းပူနေသည်။
မခင်လှသမီးငယ်လေးကိုလှမ်းချီရင်း သမီးတို့အဖေပြန်လာသေးလားဟုသမီးကြီးကိုမေးလိုက်သည်။
ဟုတ်ကဲ့မေမေ ….မနက်ကဖေဖေပြန်လာသေးလို့ ညီမလေးနေမကောင်းကြောင်းသမီးပြောလိုက်သေးတယ်….
ဟုတ်လား…သူဘာပြောလဲသမီး…
မေမေပြန်လာမှဆေးခန်းပြလိမ်မယ်ဆိုပြီးထွက်သွားတယ်မေမေ
နေရက်လိုက်တာကိုထွန်းခင်ရယ်ဟုမခင်လှရေရွတ်ရင်းသမီးငယ်လေးကိုဆေးခန်းပြရန်စီစဉ်သည်။သမီးကြီး မေမေ ညီမလေးကိုဆေးခန်းပြဖို့သွားအုံးမယ် မောင်လေးတွေအတွက်ထမင်းချက်ထားလိုက်နော်ဟုပြောရင်းစျေးရောင်းရသောဆန်ထုပ်ကိုပေးလိုက်သည်။
လိမ္မာတဲ့သမီးကြီးကဟုတ်ကဲ့ဟုဆိုကာဆန်ထုပ်ကိုလှမ်းယူသည်။
မခင်လှဆိုက်ကားငှားပြီးနီးစပ်ရာဆေးခန်းသို့သွားခဲ့သည်။
မြို့စွန်ဖြစ်၍ဆေးခန်းရှိရာရောက်ရန်နာရီဝက်ခန့်သွားရသည်။
ဆေးခန်းရောက်တော့ဆရာဝန်ကစမ်းသပ်သည်။
ကလေးဒီလောက်ဖြစ်နေတာ ဘာလို့စောစောကလာမပြတာလည်းဟုမန်သည်..ကလေးအခြေအနေစိုးရိမ်ရကြောင်းပြောသည်။
ဟုတ်ကဲ့ အရင်ရက်ကကလေးအသားလေးတွနွေးနေတာနဲ့ဆေးတိုက်ပြီးထားခဲ့ရတာ….ကျွန်မလည်းစားဝတ်နေရေးအတွက် စျေးရောင်းထွက်နေရတော့သမီးကြီးနဲ့ထားခဲ့ရတာဆရာရယ်ဟု ပြောရင်းမခင်လှမျက်ရည်များကျလာသည်။
“သမီးလေးကိုကယ်ပါဆရာရယ်”
အတတ်နိုင်ဆုံးကြိုးစားကြည့်ပါ့မယ်….
“ဒါပေမဲ့အတိအကျတော့အာမမခံနိုင်ဘူး”
“ဟုတ်ကဲ့”
မခင်လှငိုရင်းပြောလိုက်သည်
ဆရာဝန်ကြိုးစားကုသပေးသော်လည်းညနေရောက်တော့သမီးလေးဆုံးသွားသည်။
မခင်လှသမီးလေးအလောင်းကိုပြန်သယ်လာသည်။
သမီးလေးမျက်နှာကိုကြည့်ရင်း သမီးလေးရယ်ဟု မချိတင်ကဲရေရွတ်ရင်းကိုထွန်းခင်ကိုနာကျည်းမိသည်။ဒေါသထွက်သည်။ဖခင်မေတ္တာဆိုသည်မှာအခြားအမျိုးသားများအတွက်ဖြစ်သော်လည်းကိုထွန်းခင်တွင်မရှိ။အိမ်ပြန်ရောက်တော့ အိမ်နီးချင်းများကသမီးလေးအလောင်းမြေကျရန်စီစဉ်ကြသည်။
“မခင်လှ ကိုထွန်းခင်ကိုလောင်းကစားဝိုင်းမှာမိန်းမတစ်ယောက်နဲ့တွေ့မိတယ်”
ဦးမောင်ငွေရဲ့ပြောစကားကမခင်လှနားထဲသို့သံရည်ပူနှင့်လောင်းလိုက်သလိုခံစားရသည်
နာကျည်းစိတ်တို့နှစ်ဆတိုးလာသည်။
ငါ့သမီးလေးအသက်မဲ့ချိန်မှာဒင်းကမိန်းမတစ်ယောက်နဲ့ပျော်ပါးနေတယ်….
တွေ့ကြသေးတာပေါ့ဟုနာကျည်းစိတ်နှင့်ရေရွတ်ရင်း အိမ်ခြေရင်းကဝါးရင်းတုတ်ကိုဆွဲလိုက်သည်။
ခြေလှမ်းများကလောင်းကစားဝိုင်းဆီ
“မခင်လှဘယ်သွားမလို့လဲ”
မေးသံများကိုမခင်လှပြန်မဖြေ….ခြေလှမ်းများကလောင်းကစားဝိုင်းဆီသို့သာ…..
မြင်ကွင်းကြောင့်နေပူထဲကလာသူကိုရေနွေးပူနှင့်ဆီးပက်သလိုခံစားရသည်။
တွေ့ကြသေးတာပေါ့ကိုထွန်းခင်
“ခင်လှမင်းလွန်……..”
ကိုထွန်းခင်စကားမဆုံးခင်မခင်လှလက်ထဲမှတုတ်ကမြောက်တက်သွားသည်…
အချက်ပေါင်းများစွာ….
အနားကလူများဝိုင်းဆွဲချိန်တွင် ကိုထွန်းခင်မြေပေါ်မှောက်၍အသက်ပျောက်နေသည်…..
လူစိတ်မရှိသောယောကျ်ားဖြစ်သူကိုအပြစ်ပေးလိုက်ရ၍မခင်လှကျေနပ်သည်…
ဖြစ်လာသမျှရင်ဆိုင်ရန်ဆုံးဖြတ်ပြီး..ခြေလှမ်းများကသမီးလေးအလောင်းရှိရာအိမ်ဆီ….
#အသိတရားဖြင့်ဆင်ခြင်နိုင်ကြပါစေ
ထက်ဝေစည်
၁၅.၅.၂၀၂၄
4:25p.m
#ဝါသနာရှင်ဖြစ်၍အရေးအသားမပြေပြစ်ပါကဖြည့်၍နားလည်ပေးကြပါခင်ဗျ