ဆုတောင်း
----------
အသက် ၆၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနှစ်ဦး စားသောက်ဆိုင်တစ်ခုကို ရောက်လာကြသည်။
“မောင်ရင် ဒါဟာ ဦးတို့ ဇနီးမောင်နှံအတွက် ပထမဆုံး စားသောက်ဆိုင် ထိုင်ဖူးတာပဲ။ အကောင်းဆုံးနဲ့ အတိတ်ဆိတ်ဆုံး အခန်းတစ်ခန်းကို စီစဉ်ပေးပါလားကွယ်”
စားပွဲထိုးက
“တိုက်ဆိုင်လိုက်တာဗျာ ... ဒီနေ့ဟာ ကျွန်တော်တို့ ဆိုင်ရဲ့ အနှစ် ၄၀ ပြည့်မြောက် အထိမ်းအမှတ် အနေနဲ့ ဇနီးမောင်နှံနှစ်ဦးကို အခမဲ့ဝန်ဆောင်မှုနဲ့ ကျွေးမွေးပြုစုဖို့ သူဌေးကလည်း သတ်မှတ်ထားတဲ့ နေ့ဖြစ်နေပါ တယ်”
“ကောင်းလိုက်တာကွယ် ... ဦးတို့ ဇနီးမောင်နှံကလည်း ဒီနေ့ အိမ်ထောင်သက် နှစ် ၄၀ ပြည့်တဲ့နေ့ပဲ”
“ဂုဏ်ယူပါတယ်ဦး ... ကြိုက်တာမှာပါခင်ဗျာ ... အထူးခန်းကိုလည်း လိုက်ပို့ပေးပါ့မယ်”
ဇနီးမောင်နှံနှစ်ယောက် ပျော်သွားကြသည်
“မောင်ရယ် ... ပျော်လိုက်တာ ... အိမ်ထောင်သက် ၄၀ မှာ ကံကောင်းလိုက်တာ ... အဲဒါ အိမ်က မထွက်မီ ကတည်းက ဆုတောင်းခဲ့လို့ ဖြစ်မှာ”
သူတို့မှာထားသော စားဖွယ်ရာများ ရောက်လာသည်။ စားပွဲထိုးလေးက အခန်းတံခါးကို ပိတ်ရင်း
“ပျော်ရွှင်စွာ သုံးဆောင်ကြပါခင်ဗျာ” ဟု ပြောသွားသည်။
သူတို့ စားသောက်ရင်းက ခင်ပွန်းဖြစ်သူသည် ဇနီးအား
“အချစ်ရေ ... ဒီနေ့ အချစ်ဘာဖြစ်ချင်သလဲ ... ဘာလုပ်ချင်သလဲ ကြိုက်တာသာပြော ... ဖြစ်စေရမယ်”
“ပြောလည်း ဖြစ်နိုင်မှာမှ မဟုတ်တာ ... မပြောတော့ပါဘူးကွယ်”
ထိုစဉ် အခန်းထဲတွင် အလင်းရောင်တစ်ခု လင်းခနဲဖြစ်သွားပြီး
“ဒီနေ့အဖို့ ကြိုက်တဲ့ဆုတောင်းပါ ဖြစ်စေရမည်” ဆိုသည့် အသံပေါ်ထွက်လာသည်။
“ဘယ်သူလဲ”
“ဘယ်သူလဲဆိုတာ အရေးမကြီးပါ ... ဘာမဆို ဖြစ်လာဖို့သာ အရေးကြီးတာပါ ... ကြိုက်ရာဆုတောင်း လိုက်ပါ”
“ကဲ ... အချစ်ရေ ကံကောင်းလိုက်တာ ... ဆုတောင်းလိုက်တော့”
ဇနီးဖြစ်သူက ဒူးထောက်လိုက်ပြီး
“အိမ်ထောင်ကျကတည်းက ပြင်သစ်ကိုသွားပြီး လည်ချင်နေခဲ့တာ ... မောင်နဲ့ နှစ်ယောက်သား ပြင်သစ်မှာ တစ်လလောက် သွားနေတဲ့ အခွင့်အရေးများ ရနိုင်မလား”
စားပွဲပေါ်ကို လေယာဉ်လက်မှတ်နှင့် ပြင်သစ်ငွေတစ်ထပ် ရောက်လာသည်။
“ဟယ် ... တကယ်ပဲ ဆုတောင်းပြည့်တာ ပျော်လိုက်တာ မောင်ရယ်”
အသံရှင်ထံမှ အသံတစ်သံပေါ် ထွက်လာသည်။
“ကိုင်း ... အမျိုးသမီး ဆုတောင်းပြီးတော့ အမျိုးသားက ဆုတစ်ခုတောင်းနိုင်တယ်”
ယောက်ျားဖြစ်သူက မျက်နှာမကောင်း။ သူ့စိတ်ထဲတွင်ဖြစ်နေသည်က
“ပြင်သစ်ကို ဒီအဘွားကြီးနဲ့ သွားရမတဲ့လား ... ငါ့စိတ်ထဲမှာလည်း ဆန္ဒရှိတာပဲ ... ငါ့ထက် အသက် ၃၀ လောက် ငယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ပြင်သစ်ကို သွားရရင် ဘယ်လောက်ကောင်းလိုက်မလဲ”
အသံရှင်က
“သင့်ဆန္ဒအတိုင်းဖြစ်နိုင်ပါတယ် ... အတည်ယူလိုက်ရမလား”
“အလို ကျွန်ုပ်စိတ်ထဲမှာ ဖြစ်နေတာကို သင်သိတယ်ပေါ့ ... ဖြစ်နိုင်ရင် လုပ်ပေးစမ်းပါ”
“ဖြစ်စေသတည်း”
အဘိုးအိုမှာ ချက်ချင်း အသက် ၉၀ အရွယ် ဖြစ်သွားသည်။
(Pray)
တင်ညွန့်
၄.၈.၂၀၂၀