‎လူမဟုတ်သူ(စ/ဆုံး)

 ‎လူမဟုတ်သူ(စ/ဆုံး)


‎—————-

‎ကျောင်းဆရာပေါက်စလေးကျွန်တော် ပဲ့ထောင်ပေါ်ကဆင်းလိုက်သည်။

‎ပဲ့ထောင်မောင်းသူက

‎“ဒါပဲဗျ … အံ့ကြီးရွာဆိုတာ။ တည့်တည့်သာတက်သွား။ လမ်းဆုံးရင်ကျောင်းပဲ”

‎ကျွန်တော်က အိပ်ရာလိပ်နှင့် သံသေတ္တာလေးကို တစ်ယောက်တည်း မည်သို့သယ်ရမည်မှန်းမသိ ဖြစ်နေသည်။ ချောင်းထဲကို ငါးမျှားတံတစ်ချောင်းကိုင်ကာ ဆင်းလာသော လူတစ်ယောက်ကို တွေ့သဖြင့်

‎“ဒီမှာဗျာ … ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်နဲ့တွေ့ချင်လို့ပါ။ ကျွန်တော်က ခုမှ ရောက်လာတဲ့ မူလတန်းပြ ဆရာပါ”

‎“ဪ ဆရာအသစ်လား … ဆရာကြီးကအိမ်မှာနဲ့တူတယ်”

‎“ဒီနေ့ ကျောင်းဖွင့်တယ်မဟုတ်လား”

‎“ကျောင်းက သူမမူးရင်ဖွင့်တယ်လေ။ ခု သူမူးနေတယ်။ ကျောင်းလည်း ပိတ်တယ်”

‎“ဒါဆိုရင် သူ့အိမ်က ဘယ်မှာလဲ”

‎“သူ့အိမ်က ရွာလယ်မှာ”

‎“ကျွန်တော့်ကို တစ်ခုလောက် ကူညီပါလားဗျာ။ ကျွန်တော် တစ်ယောက်တည်း အိပ်ရာလိပ်ရော၊ သေတ္တာရော သယ်ဖို့ မဖြစ်နိုင်လို့ပါ”

‎“ဪ … ဒါလား … ကျွန်တော်သယ်ကူပေးမယ်”

‎ထိုအရပ်ဓလေ့စကားကို ပထမဆုံးကြားလိုက်ရခြင်းဖြစ်သည်။ ကူသယ်မည်ဟုမပြော၊ သယ်ကူမည်တဲ့ ပြောင်းပြန်။

‎ဤသို့ဖြင့် ကျွန်တော် ဆရာကြီး ဦးခင်မောင်အိမ်ကို ဆိုက်မြိုက်စွာရောက်လာသည်။

‎ဆရာကြီးဆိုသူကား ခြေပစ်လက်ပစ် သူ့အိမ်ပေါ်တွင် ကားယားကြီး အိပ်နေသည်။

‎“ကျွန်တော်တို့ ဆရာကြီးက တစ်လကို လေးကြိမ်ပဲသောက်တယ်ဗျ။ တစ်ကြိမ်သောက်ရင် တစ်ပတ်ကြာတယ်”

‎ထိုသူကပြောပြောဆိုဆိုနှင့် တဟားဟားရယ်ကာ ခြံထဲကပြန်ထွက်သွားသည်။ ကျောင်းဆရာဘဝအစ ကြိုဆိုပွဲက ဤသို့ဖြစ်သည်။

‎ကျွန်တော့်မှာ ပါလာသည့် အိပ်ရာလိပ်နှင့် သေတ္တာကို ဘယ်ထားရမှန်းမသိ။ အားကိုးစရာ ကျောင်းအုပ် ကလည်းမူးနေသည်။ သူ့ကိုလည်း မနှိုးရဲ။ ထို့ကြောင့် လှေကားရင်းတွင် တစ်ယောက်တည်းထိုင်ပြီး သူ့အနိုးကို စောင့်နေရသည်။

‎ခရီးလည်းပန်းလာဖြင့် ကျွန်တော်လည်း လှေကားတိုင်ကိုမှီပြီး အိပ်ပျော်သွားသည်။

‎“ဟေ့ ဘယ်သူလဲကွ”

‎အောင်မြင် စူးရှသောအသံဖြင့် အပေါ်စီးက အော်သံကြားလိုက်ရသောကြောင့် မော့ကြည့်လိုက်မိသည်။ စောစောက အိမ်ပေါ်တွင် အိပ်နေသူ။

‎“ကျွန်တော် ခုမှ အသစ်ခန့်လိုက်တဲ့ ကျောင်းဆရာပါ”

‎“ဪ … ရောက်လာမယ်ကြားတယ်။ ကောင်းဗျား။ ဆရာရောက်လာတော့ အားရှိစရာပဲ။ လာ … လာ … ကျွန်တော့်အိမ်မှာပဲ လောလောဆယ်နေရမှာ”

‎သူက ဆင်းလာပြီး အိပ်ရာလိပ်ကိုဆွဲသည်။ ကျွန်တော်လည်း သေတ္တာကိုမပြီး အိမ်ပေါ်ကို လိုက်တက်သွား မိသည်။

‎“ကဲ ဘာမှ အားနာစရာမလိုဘူး။ ဒီမှာ ကျွန်တော်နဲ့ သားတစ်ယောက်ပဲရှိတယ်။ လွတ်လွတ်လပ်လပ်သာနေ။ စားဖို့ကတော့ ကျွန်တော်နဲ့ပဲစား။ နောက်မှ နေဖို့ စားဖို့ ရွာနဲ့တိုင်ပင်ပြီး စီစဉ်ပေးမယ်။ လာဗျာ”

‎သူက လာဗျာဟု ခေါ်လိုက်ပြီး ရေနွေးအိုးကိုဆွဲလိုက်သည်။ ထို့နောက် ကျွန်တော့်ရှေ့တွင် ဖန်ခွက်တစ်ခွက်ကို ချလိုက်ပြီး ရေနွေးအိုးထဲက ရေနွေးတွေကို ငှဲ့လိုက်သည်။ ရေနွေးတွေက ဖြူတူတူ။ လက်ဖက်ခြောက် မဝယ်နိုင် လို့များလား။

‎“ချဗျာ”

‎သူကပြောပြောဆိုဆိုနှင့် သူထဲထည့်ထားသည်ခွက်ကို တစ်ချက်တည်း မော့ချလိုက်သည်။ မျက်နှာကြီးကို မဲ့လိုက်ပြီး ပြတင်းပေါက်ဆီကို “ဖွမ်” ဟုဆိုကာ တံတွေးထွေးထုတ်လိုက်သည်။ ပြီးတော့

‎“ဟား … ချလေဗျာ”

‎ကျွန်တော်က ကျွန်တော့်ရှေ့မှ ဖန်ခွက်ကိုယူပြီး နမ်းကြည့်လိုက်သည်။ အရက်တွေဖြစ်နေသည်။

‎“ကျွန်တော် အရက်မသောက်ဘူးခင်ဗျ”

‎“အင်း ရောက်စကတော့ ဒီလိုပါပဲ။ နောက်ဆိုရင် အရက်ဟာ ရေနွေးကြမ်းလို ဖြစ်သွားလိမ့်မယ်” ဟုသူက ဆိုပြန်သည်။

‎ရွာထဲက သတင်းစကားတွေ ကြားရသည့်အတိုင်းဖြစ်သည်။ ဆရာကြီးသည် အရက်ကျွန်ဖြစ်နေပြီ။ ကျွန်တော် ရောက်ပြီးနောက် ကျောင်းကိုဖွင့်နိုင်ရန် ကြိုးစားရသည်။ ဆရာကြီးကိုလည်း အရက်မူးလျှင် ကျောင်းကို မလာရန် မေတ္တာရပ်ခံရသည်။ ခက်သည်က နေ့တိုင်းမူးနေခြင်းပင်။

‎ကျောင်းကိုဖွင့်ပြီး စာကို အလေးထားသင်ကြားပေးသောကြောင့် ရွာထဲကလည်း ကျွန်တော်နှင့် ခင်မင်လာ သည်။ ဆရာကြီးအိမ်တွင်မနေချင်သဖြင့် တစ်ယောက်တည်း ကျောင်းတွင်လာနေသည်။ ကိုယ့်ဘာသာကိုယ် ချက်စားသည်။

‎ဆရာကြီးလည်း ကျွန်တော်ကျောင်းဖွင့်နေသဖြင့် တစ်ရက်တွင် အရက်မသောက်ဘဲ ကျောင်းပေါ်ကို တက်လာသည်။ တိုက်ပုံနှင့်ဘာနှင့် ကျကျနနဖြစ်သည်။ သူက သူငယ်တန်းကို စာသင်သည်။ မမူးတော့လည်း အလွန်ချစ်စရာကောင်းသည့် ဆရာကြီးဖြစ်နေသည်။ မသောက်ချင်တော့လည်း တစ်လလောက် ကောင်းချင် ကောင်းနေပြန်သည်။ သို့သော် သောက်ချင်တော့လည်း တစ်ပတ်လုံး သောက်နေပြန်သည်။

‎“ဒီမှာ ဆရာ … သောက်သောက်စားစား လူ့မင်းသားဗျ။ မသောက်မစား လူ့ငနွားတဲ့။ ခင်ဗျား သူများ တွေလိုပဲ နေစမ်းပါ။ သောက်စရာရှိတာသောက်။ ဒီရွာမှာက ပုဆိုးစပြီးဝတ်တာနဲ့ အရက်သောက်တာ တစ်ရက် တည်းပဲဗျ” ဟုဆိုသည်။

‎ကျွန်တော်ကတော့ အရက်ဆိုလျှင် လုံးဝအနံ့ပင်မခံနိုင်သဖြင့် ကင်းရှင်းစွာနေသည်။ ရွာဓလေ့ကလည်း အိမ်ကို အလည်ခေါ်လျှင် ရေနွေးကြမ်းဝိုင်းနှင့် ဧည့်ခံသည်။ ရေနွေးကြမ်းမှတ်ပြီး မသောက်လိုက်လေနှင့် ရေနွေးအိုးထဲ ထည့်ထားသည်မှာ အရက်တွေဖြစ်နေသည်။

‎ကျွန်တော်သည် ဆရာကြီး၏ ကောင်းလိုက်၊ မူးလိုက်ကြားတွင် စာသင်နှစ်တစ်နှစ်ကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရသည်။ ဆရာကြီးလည်း ဤရွာရောက်စက အရက်မသောက်တတ်။ နောက်မှ ရွာသူနှင့် အိမ်ထောင်ကျ၊ စုတ်ပြတ်ခက်ခဲသော ဘဝတွေ၊ အဆင်မပြေသောဘဝတွေကို ညစ်တွန်းတွန်းရင်း ရွာသား ဘဝကိုခံယူကာ သူ့ဘဝကို မူးပြီး ဤရွာတွင် နှစ်မြှုပ်ပစ်လိုက်သည်။ သူမြုပ်သွားသည်က အရက်အိုးထဲ။

‎တစ်နေ့ ရွာကမင်္ဂလာဆောင်တစ်ခုကို ကျွန်တော့်အားဖိတ်သည်။ သူတို့ရွာ မင်္ဂလာဆောင်က မဏ္ဍပ်ဝတွင် စဉ့်အိုးကြီးတစ်လုံးတည်ထားပြီး ကြိုက်သလောက် ခပ်သောက်နိုင်သည့် အရက်ဘူးဖေးမင်္ဂလာဆောင်ဖြစ်နေ သည်။

‎ထမင်းကျွေးသည်ကလည်း ဝက်သားတုံးကြီး လက်သီးဆုပ်လောက်ဖြစ်သည်။ကျွန်တော့်ကို သတို့သားက မဏ္ဍပ်အတွင်းရှိ စင်အမြင့်တွင် ထိုင်ခိုင်းထားသည်။ ထမင်းရုံတွင် လူတွေပြည့်နေသောကြောင့် ဖြစ်သည်။ ကျွန်တော့်လိုပင် မဏ္ဍပ်ထဲတွင် ထမင်းစားရန် စောင့်ဆိုင်းနေသူတွေ များစွာရှိသည်။

‎“ဟေ့ … ဖိုးနီ ဘယ်မှာလဲကွ

‎”

‎အရက်မူးသံကြီးနှင့် အော်လိုက်သည်မှာ ကျွန်တော့်ဆရာကြီးမှန်းကောင်းစွာသိသည်။ ဖိုးနီကား သတို့သား ဖြစ်ပြီး သူ့တပည့်လည်း ဖြစ်သည်။ ဆရာကြီးသည် တိုက်ပုံဝတ်ထားသော်လည်း ဖရိုဖရဲနှင့်ဖြစ်နေသည်။

‎“ဆရာကြီး ဟိုမှာ ဆရာလေးလည်း ရောက်နေတယ်”

‎သတို့သားက ဆရာကြီးကို ဆွဲလာပြီး ကျွန်တော့်ထံ လာပို့သည်။ လူတွေကလည်း ဆရာကြီး ယိုင်ထိုးပြီး လျှောက်လာသည်ကို ပြုံးရွှင်စွာဖြင့် ဖယ်ပေးကြသည်။ သူတို့အတွက်တော့ ရိုးနေပြီ။

‎“ဆရာကြီးလာလေ”

‎“ဘယ်သူလဲ … ဪ ဘယ်သူလဲလို့ ငါ့ကျောင်းကဆရာပဲ”

‎“ဆရာကြီး လာထိုင်လေ”

‎“မထိုင်ဘူးကွ … ငါထမင်းစားမယ် … ထမင်းရုံထဲမသွားဘူး။ ဒီမှာပဲစားမယ်”

‎“ဆရာကြီး မတော်ပါဘူး။ လူရှင်းမှ ကျွန်တော်နဲ့ ထမင်းရုံထဲ သွားစားကြရအောင်”

‎“ဒါဆိုသောက်မယ်။ ဘယ်မှာလဲကွ အရက်”

‎ဝိုင်းထဲတွင် ချထားသည့် ရေနွေးအိုးထဲက အရည်တွေမှာ အရက်ဖြစ်နိုင်သည်။ ကျွန်တော်က ရေနွေးအိုးထဲမှ ငှဲ့ကာ ဆရာကြီးကို ပန်းကန်ပေးလိုက်သည်။ ဆရာကြီးက သောက်ပြီး

‎“ဖွီး” ဟု ထွေးထုတ်လိုက်သည်။

‎“ရေတွေ … ဘယ်သူတွေ ရေထည့်ထားတာလဲ။ ဪ ဒီဆရာသောက်ဖို့လား။ မင်းတို့က သူသောက်ဖို့ ရေနွေး ချပေးထားတယ်ပေါ့။ ဒီဆရာက လူမဟုတ်ဘူး”

‎ကျွန်တော်သည် ဆရာကြီးကို တစ်ကြိမ်မျှ စိတ်လည်း မဆိုးဘူး၊ ဒေါသလည်း မထွက်ဘူးပါ။ သို့သော် လူကြားထဲတွင် ကျွန်တော့်ကိုလက်ညှိုးထိုးကာ လူမဟုတ်ဘူးဟု ပြောလိုက်သည်ကတော့ အတော်လေး ရိုင်းသွားပြီဟု ထင်သည်။ ဒေါသတွေထွက်လာသော်လည်း လူကြားထဲတွင်ဖြစ်နေသောကြောင့် အံကြိတ်ပြီး သည်းခံနေရသည်။ ဆရာကြီးက ထပ်ပြောပြန်သည်။

‎“ဒီလူက လူမဟုတ်ဘူး”

‎ကျွန်တော် ဒေါသထွက်လာသဖြင့်

‎“ဆရာကြီး …” အော်လိုက်မိသည်။ ဆရာကြီးက ကျွန်တော့်ကို လက်ညှိုးလေး ထိုးကာ၊ ထိုးကာနှင့်

‎“ဒီလူက ဘုန်းကြီး” ဟု ထပ်ပြောသည်။

‎လူတွေက ပြုံးကြ ရယ်ကြသည်။ ဆရာကြီးက ထပ်ပြောသည်

‎“ငါ့ဆရာကို အရက်မတိုက်ကြနဲ့”

‎တင်ညွန့်

‎၄.၂.၂၀၂၄