ဆေးမိခြင်းများ(စ/ဆုံး)

 ဆေးမိခြင်းများ(စ/ဆုံး)

—————


“”ညည်းလင်ကိုက. ပွေပွေရှုပ်ရှုပ်ပါအေ””


“”ဟုတ်ပါတယ် မမရယ်

ကိုထွန်းကိုယ်တိုင်က ပွေချင်ရှုပ်ချင်တာ မှန်ပေမယ့်

အခုဟာက ဆေးမိတာပါ။

ဆေးနဲ့ လုပ်ခံထားရလို့ အခုလောက်ထိဖြစ်နေတာပါ””


မိခင်ဖြစ်သူနှင့် တီလေးဝေ ပြောနေသော

စကားများကို သနပ်ခါးသွေးနေရင်း

အေးမြ နားထောင်နေမိပါသည်။

တီလေးဝေ ဆိုသည်မှာ အဖေ၏ နှမအငယ်ဆုံးဖြစ်ပြီး အေးမြနှင့် တူဝရီးပေမယ့် အသက်က

အေးမြထက် ငါးနှစ်ခန့်သာ ကြီးပါသည်။

အိမ်ထောင်ကျသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး

သမီးလေးတစ်ယောက် ရနေပြီဖြစ်သည်။

ကိုထွန်းဆိုသူမှာ တီလေးဝေ ၏ ခင်ပွန်းဖြစ်ပြီး

တက္ကစီအငှားယဥ်ကို အုံနာဆီမှာ စပေါ်တင်၍

မောင်းသူဖြစ်ပါသည်။

တီလေးဝေ နှင့် အိမ်ထောင်မကျခင်ကတည်းက

အနည်းငယ်ပွေပွေရှုပ်ရှုပ် ဇ ရှိသူ ဖြစ်ပါသည်။

မကြာခဏ အိမ်ထောင်ရေးအရှုပ်အရှင်းများ

ဖြစ်နေတတ်ပြီး တီလေးဝေမှာ မျက်ရည်နှင့်မျက်ခွက်ဖြစ်နေရသူဖြစ်သည်။


အေးမြ နာရီကို လှမ်းကြည့်လိုက်တော့

ဆယ့်တစ်နာရီထိုးနေပြီဖြစ်တာကြောင့်

လမ်းထိပ်ရှိကွန်ပြုတာသင်တန်းသို့

သင်တန်းအမှီသွားရန် ပြင်နေခြင်းဖြစ်ပါသည်။

တီလေးဝေ မှာ ငိုယိုပြီး အမေ့ကို

ဖြစ်ကြောင်းကုန်စင်တွေ

ပြောပြနေဆဲဖြစ်ပါသည်။


“”အမေ အေးမြ သင်တန်းသွားတော့မယ်

မုန့်ဖိုးပေးဦးလေ””


“”သြော်….အေး အေး နေဦး မိဝေရေ

ညည်းတို့သောက ထက် ကျုပ်သမီးလေးက

အရေးကြီးတယ် ရော့ သမီးလေး ရော့ ရော့

သင်တန်းချိန်ပြီးရင် အိမ်တန်းပြန်နော်

ဟိုဝင် ဒီထွက် မလုပ်နဲ့ ကြားလား””


“”အင်းပါ….ဘယ်မှ မဝင်ပါဘူး အမေကလည်း””


မိခင်ကမ်းပေးသည့် တစ်ထောင်တန် တစ်ရွက်ကို

လှမ်းယူပြီး လမ်းထိပ်ရှိ ကွန်ပြုတာသင်တန်းသို့

စက်ဘီးလေးဖြင့် ထွက်လာခဲ့ပါသည်။

သင်တန်း မရောက်ခင် မလှမ်းမကမ်းတွင်

အေးမြချစ်သူ ကိုလွင်ဦးက ရပ်စောင့်နေပါသည်။

ချစ်သူ ကိုမြင်လိုက်ရ၍ အေးမြ အလိုလိုနေရင်း

ပြုံးမိသွားသည်။

သင်တန်းချိန်က ဆယ့်ငါးမိနစ်ခန့် လိုနေသေး၍

အနီးရှိ အအေးဆိုင်လေးမှာ နှစ်ယောက်အတူတူ

ဝင်ထိုင်လိုက်ပါသည်။


“”စောင့်လိုက်ရတာ အေးမြရယ်

ပြောတော့ စောစောလေးထွက်လာမယ်ဆိုပြီး””


“”ဟုတ်တယ်… စောစောလေးထွက်လာမလို့ပဲ

အိမ်မှာ တီလေးဝေ သူ့ယောကျာ်းနောက်မီးလင်းတဲ့

အကြောင်းတွေ ငိုယိုပြီးပြောပြနေလို့

နားထောင်ရင်း နောက်ကျသွားတာ””


“”မဝေ ယောကျာ်းက ပွေပွေရှုပ်ရှုပ်နော်

ခဏ ခဏ အသံထွက်တယ်

အဲ့လောက်မကောင်းရင်လည်း မဝေ က

ဘာလို့ပေါင်းနေသေးလဲ ကွဲလိုက်တာ မဟုတ်ဘူး””


ကိုလွင်ဦးစကားကြောင့် အေးမြ ရယ်လိုက်မိပါသည်။

တီလေးဝေ ယောကျာ်းက ကွဲမယ်ဆို

ကွဲနိုင်သည့် သဘောမှာ ရှိနေသော်လည်း

မပြတ်နိူင် မကွဲနိူင်သူမှာ

တီလေးဝေ သာ ဖြစ်သည်ဟု အေးမြ က

မြင်၍ ရယ် မိခြင်းဖြစ်ပါသည်။

သူ့ယောကျာ်း မိန်းမတစ်ယောက်နှင့်

ပွေရှုပ်တိုင်း ယောကျာ်းအပြစ်မဟုတ်ပဲ

တဘက်မိန်းမသားမှ သူ့ယောကျာ်းအား

ဆေးဖြင့် လုပ်ခံထားရခြင်းဖြစ်ကြောင်း

ဆရာတစ်ဦး ဦးနှင့် လုပ်ထား၍

သူ့ယောကျာ်း အခုကဲ့သို့ ဖြစ်နေရခြင်း

ဖြစ်ကြောင်း မကြာခဏ ပြောတတ်သူ ဖြစ်သည်။


တီလေးဝေ ပြောသောစကားများကို

အေးမြ မယုံပါ။

ပွေချင်ရှုပ်ချင်သော ယောကျာ်းသားမို့သာ

လူမှု့ရေး စံနှုန်း စည်းကမ်းဟူ၍ အသိမရှိပဲ

မကြာခဏ ဖောက်ပြန်နေခြင်းဟုသာ မြင်ပါသည်။

တဘက်မိန်းမသားမှ ဆရာဖြင့် လုပ်ခြင်း

ဆေးဖြင့် လုပ်ခြင်း ဟူသော အခြေအမြစ်မရှိသည့်

စကားတို့ကို ကြားတိုင်း

အသက်ဆယ့်ရှစ်နှစ်ကျော်လွန်၍ .

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါသော

အေးမြ အဖို့ ဆေးမိခြင်း ဆိုသည့် စကားရပ်ကို လက်မခံလိုပေ။


အကယ်၍သာ ယောကျာ်းတစ်ယောက်၊

မိန်းမတစ်ယောက် ကို နှစ်သက်စုံမက်၍

ဆေးစွမ်းဖြင့် ရယူနိုင်သည်မှာ အမှန်ဆိုလျှင်

အေးမြကိုယ်တိုင်လည်း မိမိနှစ်သက်သည့်

ရုပ်ရှင်မင်းသား အဆိုတော် မော်ဒယ်လ်များထံ

မရမက ချဥ်းကပ်၍ ဆေးဖြင့်တို့ပြီး

အရယူချင်မိပါသည်။

အေးမြအတွေးဖြင့်အေးမြ ပြုံးနေမိစဥ်


“”ဟာကွာ….လူကို ရှေ့ထားပြီး ရယ်လိုက်ပြုံးလိုက်လုပ်နေတယ်

ကိုလွင်တော့ အေးမြကို မယုံချင်တော့ဘူး

ပြီးတော့ စိတ်လည်းမချချင်တော့ဘူးကွာ””


“”ကိုလွင် ကလည်း အေးမြက တီလေးဝေ နဲ့ ဦးထွန်း

အကြောင်းတွေးပြီး ပြုံးမိတာပါ

ဘယ်လိုဖြစ်လို့ လူကို စိတ်မချ ဖြစ်နေတာလဲ””


“”ဘယ်စိတ်ချပါ့မလဲ

ကိုလွင်က အေးမြထက်လည်း ငါးနှစ် ခြောက်နှစ် ကြီးတယ်လေ

အေးမြက ငယ်လည်းငယ် ချောလည်းချော

ပြီးတော့ တက္ကသိုလ် တတ်ရတော့မယ့်သူ

ကိုလွင် ကျန်ရစ်ခဲ့ရမှာကို အမြဲပဲ တွေးပူနေတယ်

အခုလို ရုံးပိတ်ရက်လေးမှာ

နာရီပိုင်း မိနစ်ပိုင်းလေး လာ လာတွေ့ရတာ

ဘယ်မှာလာပြီး အလွမ်းပြေပါ့မလဲ

တခါတလေ ဖုန်းလေးပြောချင်ပေမယ့်

အေးမြတို့အိမ်နားက ကြိုးဖုန်းအိမ်က

အေးမြကို တိုးတိုးတိတ်တိတ် လေးခေါ်ပေးပါခင်ဗျာလို့ တောင်းတောင်းပန်ပန် ပြောနေတာတောင်

မရှိဘူး မသိဘူး အမြဲလုပ်တယ်

ကိုလွင်လေ အေးမြ ကျောင်းပြီးတဲ့အထိ

ဘယ်လို စိတ်နဲ့ စောင့်နေရပါ့မလဲ အေးမြရယ်””


အေးမြနှင့် ကိုလွင် ချစ်သူဖြစ်နေခဲ့တာ

တစ်နှစ်ကျော်နေခဲ့ပါပြီ။

ဆယ်တန်းတက် နေရင်း ရည်းစားထားရကောင်းလားဆိုပြီး အမေဆူတာ ရိုက်တာခံခဲ့ရသေးသည်။

အကိုနှင့်အမ တောင် အခုထိ အိမ်ထောင်မပြုကြသေးသလို ရည်းစားလည်း မထားကြသည့်အတွက်

အေးမြမှာ အပြစ်ပိုကြီး သလို ဖြစ်ခဲ့ရပါသည်။

မထင်မှတ်ပဲ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်သွား၍ တော်ပါသေးသည်။

အကယ်၍များအတန်းကျခဲ့ပါလျှင်

အေးမြရည်းစား ထား၍ ဟု အမေပြောလို့

ပြီးမည်မထင်ပေ။

ယခုတော့ သိသာသိ မမြင်စေနှင့် ဆိုသည့်

အခြေအနေလေးဖြင့် အေးမြ မှာ

ကိုလွင်နှင့် ချစ်သူဖြစ်နေရခြင်းဖြစ်သည်။


အေးမြတို့နှစ်ဦး အတူယှဥ်၍ အအေးသောက်နေသည်ကို ဆိုင်ရှေ့မှ ဖြတ်သွားသော

ကားပေါ်မှ အကိုကြီး အောင်ဝင်းက

မြင်သွားပါသည်။

ထိုသို့ မြင်သွားသည်ကို အေးမြကိုယ်တိုင်လည်း

မြင်လိုက်သောအခါ ကြောက်လန့်သွားပါသည်။

အကိုကြီးကြည့်သွားသည့်အကြည့်မှာ

ဒေါသခိုးတွေ ဝေနေသည့်ပုံပါ။

အေးမြ မျက်နှာပျက်သွားသည်ကို

ကိုလွင်က စိုက်ကြည့်ပြီး


“”အေးမြ ဘာဖြစ်နေတာလဲ””


“”အကိုအောင်ဝင်း လှမ်းမြင်သွားတယ်

အေးမြ ကြောက်လိုက်တာ ကိုလွင်ရယ်””


“”ကဲပါကွာ..အေးမြဒီလောက်ကြောက်နေရင်လည်း

မပြန်နဲ့ ကိုလွင်နောက်ကိုသာ လိုက်ခဲ့တော့နော်””


ထိုနေ့ကမထင်မှတ်ပဲ

အေးမြဟာ ငယ်ငယ်ရွယ်ရွယ်နှင့်

ပညာလည်းမစုံ လောကကြီးအကြောင်းကိုလည်း

ထဲထဲဝင်ဝင် ဘာဆိုဘာမှမသိပါပဲ

အိမ်ထောင် ဆိုသည့် ဘဝအချိုးကွေ့ကြီး တစ်ခုကို ချိုးကွေ့လိုက်မိပါတော့သည်။


.


@@@@@@@@@@@@@@@@@@@@@


.


အေးမြဟာ အခုဆိုလျှင် အိမ်ထောင်သက်

ဆယ်နှစ်ကျော် ခလေးနှစ်ယောက်မိခင်

ဖြစ်နေခဲ့ပါပြီ။

သားလေးက အသက်ရှစ်နှစ်ဖြစ်ပြီး

သမီးငယ်လေးဟာအသက် ငါးနှစ်အရွယ်ကို

ရောက်နေခဲ့ပြီဖြစ်ပါသည်။

အိမ်ထောင်ကျခါစ နှစ်ကတော့

တက္ကသိုလ်ပထမနှစ်ကို အဝေးသင်ဖြေဆိုလိုက်၍

အောင်မြင်ခဲ့ပြီး နောက်နှစ်များမှာ

အမျိုးမျိုးသော အကြောင်းတရားများကြောင့်

ကျောင်းဆက်မတတ်နိူင်တော့ပဲ

ပညာရေးခရီးဟာ တဝက်တပျက်ဖြင့်

တခန်းရပ်ခဲ့ရပါသည်။


အိမ်ထောင်ဦး နှစ်အတော်များများထိ

အေးမြ၏ ခင်ပွန်း ကိုလွင်ဟာ

လင့်ဝတ္တရားကျေပွန်သူ

ခင်ပွန်းကောင်း ဖြစ်ခဲ့ပါသည်။

မယား နှင့် သားသမီးများအပေါ် မှာ

တတ်အားသ၍ ဂရုတစိုက်ရှိပြီး

အိမ်ထောင်ဦးစီး

ပီသခဲ့သူ ဖြစ်ပါသည်။

အေးမြတို့၏ အိမ်ထောင်ရေး မှာ

လူမချမ်းသာသော်လည်း

စိတ်ချမ်းသာမူ့ အပြည့်အဝရရှိခဲ့ပါသည်။

ဆယ့်ရှစ်နှစ်အရွယ် အေးမြ မဟုတ်တော့ပဲ

အသက်နှစ်ဆယ့်ရှစ် နှစ်ဆယ့်ကိုးအရွယ်

ဒေါ်အေးမြဖြစ်လာခဲ့သလို

ခင်ပွန်းဖြစ်သူ ကိုလွင်၏ ခင်ပွန်းကောင်း

ဖခင်ကောင်း ပီသမှုကြောင့်

အေးမြ စိတ်ချမ်းသာနေခဲ့ရပါသည်။


“”ညည်း ငိုချည်းပဲမနေနဲ့လေ….သူတို့က

ဆရာနဲ့ လုပ်ရင် ကိုယ့်ကလည်း ဆရာနဲ့

ပြန်လုပ်ပေါ့အေ””


ဘေးအခန်းက အမျိုးသမီးများပြောနေသော

စကားအချို့ကို နားစွန်နားဖျားကြားလိုက်ခြင်း

ဖြစ်ပါသည်။

အေးမြ တို့ မိသားစုက ကိုလွင်တို့မိဘတွေအိမ်မှာ

အတူနေထိုင်ကြသူတွေပါ။

ရပ်ကွက်ထဲကို တိုက်ကန်ထရိုက်တွေဝင်၍

ယောက္ခမများက ကန်ထရိုက်နှင့် တိုက်ခန်းတွဲ

ဆောက်လုပ်ခဲ့၍ အေးမြတို့က တိုက်ခန်းတစ်ခန်း

ရရှိမှာဖြစ်တာကြောင့် ဆောက်လုပ်နေသည့်ကာလအတွင်း အဆင်ပြေသည့်နေရာတွင် ခေတ္တခဏ

အခန်းငှားနေကြခြင်းဖြစ်ပါသည်။


အေးမြတို့နေသည့် ခြံက အခန်းသုံးခန်းတွဲ သာရှိသည်။

အေးမြတို့မိသားစုဝင်လေးဦးအတွက်

နေရတာအဆင်ပြေပါသည်။

ဘေးအခန်းက လည်းသူမတို့ကဲ့သို့ပင်

လင်မယားနှစ်ယောက် ကလေးနှစ်ယောက်

ရှိကြပါသည်။

ဘေးအခန်းက မကြု တစ်ယောက် ယခုရက်ပိုင်း

မျက်နှာမကောင်းပေ။

တခါတရံ ငိုထားသည့်ပုံပင်ပေါ်နေပြီး

မကြုယောကျာ်းပြန်လာလျှင်

မကြာခဏ တီတိုးစကားများနေသည်ကို

သတိထားမိနေတာကြာပါပြီ။


ယခုလည်း ဆွေမျိုးတော်စပ်ပုံရသည့်

အမျိုးသမီးကြီးတစ်ဦး ရောက်ရှိနေပြီး

ပြောဆိုနေသည့်

စကားသံများကို အေးမြ ကြားနေရခြင်း

ဖြစ်ပါသည်။

အေးမြလည်း အနည်းငယ် စိတ်ဝင်စား၍

နားစွင့်ပြီးနေလိုက်ပါသည်။


“”ကိုအုန်းရွှေက သူ့ဘာသာသူနေတာပါ

အဒေါ်ရယ် …ကောင်မက ဆေးနဲ့ လုပ်လိုက်တာ

ကျမ ဆရာနဲ့ သွားမေးပြီးပြီ””


“”ကဲပါအေ.::..ဆေးနဲ့ပဲ လုပ်လုပ် ဘာကြောင့်ပဲ

ဖြစ်ဖြစ် အခုကျိန်းသေတာက ညည်းလင်

မယားငယ်နေ နေပြီလေ

ညည်းလင်ကို ညည်းဘယ်လိုလုပ်မှာလဲ””


အေးမြ သိလိုက်ပါပြီ။

မကြု ယောကျာ်း မယားအငယ်နေ၍

မကြုက သူနှင့်ဆွေမျိုးတော်စပ်ပုံရသည့်

အဒေါ်ကြီးကို

ပြောပြနေခြင်းဖြစ်ပါသည်။

မကြုသည်လည်း အေးမြ ကဲ့သို့ပင်

လင်ယောကျာ်း လုပ်စာကို ထိုင်စားနေသူ

အိမ်ရှင်မ သက်သက်ဖြစ်ပါသည်။

ကိုလွင်က ဘာပဲဖြစ်ဖြစ် သားမယားအပေါ်

ပြန်လာလျှင် နွေးနွေးထွေးထွေး

ဆက်ဆံတတ်သေးသည်။

မကြု ယောကျာ်းကတော့ ထိုသို့မဟုတ်ပါ။

ပြန်လာလျှင် အရက်နံ့လေးမွုန်ပြီး အာလေးလျှာလေးနှင့် ရန် က လုပ်ချင်သေးသည်။


သည်လိုယောကျာ်းတစ်ယောက်ကို

အဘယ်သို့သော မိန်းမကများ ကြိုက်နှစ်သက်၍

ဆေးနှင့် ဝါးနှင့် လုပ်ပါသနည်း။

သူ့ယောကျာ်း ကမြင်းကြောထ၍

ဖောက်ပြန်သည်ကို အပြစ်မဖို့ပဲ

တဘက် မိန်းမသားက

ဆေးနှင့် လုပ်သည်ဟုသာ အတွင်တွင်

ပြောနေပြန်ပါသည်။


“”ပြန်မလာတာနှစ်ရက်ရှိပြီ ဖုန်းဆက်တော့လည်း

ဖုန်းမကိုင်ဘူး

စိတ်ထဲမှာ နေလို့မရလို့ သူ့အလုပ်ထဲကို

လိုက်သွားတော့မှ သူက မယားငယ်မအိမ်

ရောက်နေတာကို သိရတာ

ကိုအုန်းရွှေသူငယ်ချင်းဖုန်းနဲ့ခေါ်တော့

ဖုန်းကိုင်တယ်

ကျမမှန်းသိတော့ ဖုန်းချပစ်တယ်

ထပ်ခါ ထပ်ခါခေါ်တော့ ဖုန်းကိုင်တယ်

မင်းအဲလိုတွေလုပ်နေရင်

ငါပြန်မလာဘူးလို့ပြောတယ် ဟင့်… ဟင့်

ကျမယောကျာ်းက အမူးလွန်ရင် ရစ်တတ်ပေမယ့်

အဲလောက်ကြီး…စိမ်းပြတ်တဲ့ယောကျာ်း မဟုတ်ပါဘူး အဒေါ်ရယ်

ကျမသားနဲ့သမီးအတွက် ဖခင်လိုအပ်တယ်

အလကားနေရင်း ကျမတစ်ခုလပ်လည်း

မဖြစ်ချင်ဘူး ဟီး…..ဟင့်…ဟင့်””


အေးမြမှာ တဘက်အခန်းကနေ မကြုကို

ဒေါသတွေဖြစ်မိနေပါသည်။

ဘာတဲ့..သား နှင့် သမီးအတွက် ဖခင်လိုအပ်

သတဲ့လား…

မကြု လည်း အေးမြအဒေါ် တီလေးဝေ နှင့်

ဘာမှမထူးပေ။

ကိုယ့်လင်သား ဖောက်ပြန်သည်ကို

ဖောက်ပြန်သည် ဟု လက်မခံပဲ

လျှောက်လွှဲချက်တွေပေးပြီး

တဘက်လူကို ထိုးချသည်။

အခုလို ခေတ်ကြီးမှာ ယုတ္တိမရှိသော


“”ဆေးမိသည်””……..


ဟူသော အဓိပ္ပယ်မရှိသော

အယူအဆဖြင့် မိမိကိုယ်တိုင် မပြတ်နိုင်သော

လင်ယောက်ျားကို အပြစ်ပေါ့စေသည်။


အေးမြမှာ မကြုကိုမသနားပဲ

မချင့်မရဲဖြစ်နေမိသည်။

မကြုအကြောင်းကိုအစပြု၍

တီလေးဝေကို သတိရမိသွားသည်။

မနှစ်က အမေတို့အိမ်ကိုသွားရင်းတီလေးဝေ နှင့် အေးမြဆုံသောအခါ


“”တီလေးဝေ ယောကျာ်းအခု

ဆေးတွေဘာတွေမိသေးလား””

………ဟု မေးလိုက်ရာ


“”မမိတော့ဘူး အေးမြရေ

သူလည်းကျန်းမာရေးမကောင်းတော့ဘူး

ဟား…. ဟား ဟား””


ယခုလည်း မကြုတစ်ယောက်

သူ့ယောကျာ်းလူရိုးကြီးဆေးမိကြောင်းတွေကို

ငိုလိုက်ပြောလိုက် လုပ်နေပါတော့သည်။

အေးမြလည်း အဝတ်လျှော်စရာတွေ ရှိနေသည့်အတွက် ထွက်လျှော်ဖို့ရာ ရေအုတ်ကန်ဆီသို့

ထွက်လာလိုက်ပါတော့သည်။


.

.


@@@@@@@@@@@@@@@@@@@@


.

.

ညရောက်၍ ကိုလွင်ပြန်လာသောအခါ

ထမင်းစားရင်း မကြုနှင့် ကိုအုန်းရွှေအကြောင်းကို

ပြောပြဖြစ်ပါသည်။

မကြုက သူယောကျာ်းမှာ ဆေးမိခြင်းဖြစ်ကြောင်းကို ပြောနေကြောင်း

တီလေးဝေနှင့် အတူတူပင်ဖြစ်ကြောင်း

ရယ်မောရင်းပြောနေမိပါသည်။

အေးမြပြောနေသည်များကို နားထောင်နေရင်း

ကိုလွင်ဟာ မျက်စိမျက်နှာပျက်ယွင်းနေပါသည်။


“”ကိုလွင် ထမင်းလည်းသိတ်မစားဘူးနော်

မျက်နှာလည်းမကောင်းဘူး နေမကောင်းလို့လား””


“”ကောင်းပါတယ် အေးမြရယ်

ရုံးမှာပင်ပန်းလာလို့ပါကွာ “”


အေးမြစိတ်ထဲ လင်သားမျက်နှာပုံမှန်မဟုတ်သည်ကို သိနေသည်။

မေးတော့လည်း ကောင်းပါသည် ဆိုတော့

အေးမြ ဆက်မမေးတော့ပေ။

ညရောက်တော့ သားလေးက

စာအုပ်ကုန်နေသည်ဟု

ပြောနေ၍ သားနှင့်သမီးကို ခေါ်၍

လမ်းထိပ်ရှိစတိုးဆိုင်သို့စျေးဝယ်ရန်

ထွက်ဖို့ပြင်လိုက်ပါသည်။


“”ကိုလွင်. သားကို စာအုပ်

သွားဝယ်ပေးလိုက်ဦးမယ်နော်

ကိုလွင်လည်း အပြင်သွားစရာ

မရှိသေးဘူးမို့လား””


“”သြော်…အေး အေး သွားဝယ်လေ

ကိုလွင် အေးမြတို့သားအမိပြန်လာမှ

အပြင်ခဏ ပြန်ထွက်မယ်နော်””


သားအမိသုံးယောက်ထွက်လာပြီး

ခြံဝရောက်ပြီးကာမှ ပိုက်ဆံအိတ်က

ပါမလာသည်ကိုသတိရမိသည်။

သားနှင့်သမီးကို ရပ်စောင့်နေစေခဲ့ပြီး

အခန်းကိုပြန်၍ ပိုက်ဆံအိတ်ပြန်ယူလိုက်ပါသည်။

အခန်းဝသို့ရောက်သောအခါ ကိုလွင်၏

ဖုန်းပြောသံတိုးတိုးလေးကို ကြားလိုက်ရပါတော့သည်။


“”လာပါ့မယ်ဆို ညီမလေးကလည်းကွာ

နည်းနည်းတော့ နားလည်ပေးလေ ကိုကြီးက

လွတ်လွတ်ခါခါမှ မဟုတ်တာ

နောက်နာရီဝက်အတွင်း ကိုကြီးရောကိအောင်လာခဲ့မယ်နော်

အင်းပါ……ချစ်တာပေါ့ အာဝါး အာဝါး””


အေးမြခြေလှမ်းတွေကိုရှေ့မဆက်ရဲတော့ပါ။

နားကြားလွဲခြင်းမဟုတ်ပါ။

ကိုလွင်သည် အေးမြ၏အလစ်တွင်

ဖုန်းပြောနေခြင်း ဖြစ်ပါသည်။

အေးမြရောက်ရှိနေပြီးကြားသွားသည်ကို

သိသွားမှာပင်စိုးရိမ်နေမိပါသည်။

ခြေသံလုံလုံဖြင့် ခြံရှေ့သို့ပြန်ထွက်လာလိုက်ပါသည်။

အိမ်ရှေ့အိမ်မှ အမကြီးဆီ

ပိုက်ဆံတစ်ထောင်ခဏချေး၍

ကလေးနှစ်ယောက်ကို ခေါ်ကာ

ဟန်မပျက် စျေးဝယ်ပြီး

အခန်းကိုပြန်လာရသည်။

ကိုလွင်က စာအုပ်တစ်အုပ်ကို

ခပ်တည်တည်ဖြင့် ဖတ်နေပါသည်။

သူမတို့သားအမိကို မြင်မှ အင်္ကျီတစ်ထည်ကို

ကောက်စွပ်၍အပြင်သွားရန်ပြင်နေပါသည်။


“”အေးမြရေ ကိုလွင် ကိုးနာရီလောက်

ပြန်ရောက်မယ်

ဆရာသမားကိစ္စတွေကွာ ကိုလွင်သွားမှ

ဖြစ်မှာမို့ အိပ်ချင်ရင် အိပ်နှင့်ကြနော်””


ထွက်သွားသည့် ကိုလွင်ကျောပြင်ကို

ကြည့်ရင်း အေးမြထိုင်ပြီးငိုချမိလိုက်ပါတော့သည်။

သားနှင့်သမီးက ဘာမှ နားမလည်၍

ငိုမဲ့မဲ့့လေးများဖြင့် အေးမြ အနားမှာ

လာထိုင်ပြီးကြည့်နေကြပါသည်။

အေးမြသည် ပညာရေးကို ဆုံးခန်းတိုင်အောင်

မတတ်ခဲ့ရပါပဲ လင်ဝတ္တရား သားသမီးဝတ္တရား

အိမ်ထောင်ဝတ္တရားများကြားတွင်

လင်တစ်မျက်နှာဖြင့် ဘဝတစ်ခု ကို

ကျော်ဖြတ်လာခဲ့သူဖြစ်သည်။

လုပ်ရက်လေခြင်း ဟူသော..

ယူကြုံးမရသည့်စိတ်

ခံပြင်းသောစိတ်များဖြင့်

ငိုကြွေးနေမိခြင်းဖြစ်သည်။


အေးမြတို့၏ အိမ်ထောင်သက်တလျှောက်လုံး

ကိုလွင်သည် နံမည်ဆိုးမထွက်ခဲ့၊

အနေအစားပျက်ယွင်းမှု့ မရှိခဲ့ပေ။

ရလာသမျှ လစာ အပိုဝင်ငွေ

အစရှိသည်တို့ကိုလည်း အပ်နှံခဲ့သည်။

စကားလုံးကြမ်းကြမ်း အပြုအမူကြမ်းကြမ်းလည်း

မပြုမှု မဆက်ဆံခဲ့ပေ။

အနားမှာမျက်နှာငယ်ဖြင့် ငေးကြည့်နေသော

သားနှင့်သမီးကို သနားဂရုဏာသက်စွာ

အေးမြကြည့်နေမိပြန်သည်။


သူမ ဘာလုပ်ရမည်နည်း။

တီလေးဝေ..ဘေးအခန်းမှ မကြုတို့၏

ခင်ပွန်းယောကျာ်းဆိုးများကိုပင်

သူတို့၏ဇနီးမယားများက

ခွင့်လွှတ်၍ အိမ်ထောင်မပြိုကွဲစေဖို့

ကြိုးစားနေချိန်မှာ

အေးမြယောကျာ်းလင်သူတော်ကောင်းကြီးကို

အေးမြမည်သို့ ဆက်ဆံရပါမည်နည်း။


အေးမြ ခေါင်းတွေထူပူလာသည့်အထိ

တွေးနေမိပါသည်။

ကိုလွင်၏ ခြေလှမ်းသည်အကယ်၍များ

မယားအငယ်ထားသည့်အဆင့်ဖြစ်လာပါက

အေးမြ မည့်သို့ရင်ဆိုင်ရပါမည်နည်း။

ကွဲကြ ကွာကြမည်ဟု…ပြောချလိုက်ရမည်လား

သား နှင့် သမီးကို တယောက်စီ ခေါ်ယူ၍

စောင့်ရှောက်ကြပြီး

ကိုယ့်လမ်း ကိုယ်လျှောက်ကြရမည်လား…


တစ်ကြိမ်တစ်ခါ အမှားကို

ခွင့်လွတ်ပေးရမည်လား..

ရှုထောင့်ပေါင်းများစွာမှ

တွေဝေစဥ်းစားနေရင်း

မနက်ဖြန်ရောက်လျှင်

ယောက္ခမအိမ်သို့ သွားရောက်၍

အကျိုးအကြောင်း တိုးတိတ်စွာပြောပြရပါမည်။

အေးမြ ပြောရမည့် စကားလုံးက အတွေးမှာချက်ချင်းဆိုသလို ပေါ်လာပါသည်။


“”အမေရေ….အမေသား

ဆေးမိထားလို့

ဆရာကောင်းသမားကောင်းတစ်ယောက်ဆီ

သွားပြီး မေးရမြန်းရအောင်””


……..ဟူသော


စကားသာ ဖြစ်ပါတော့သည်။


#ယွန်းနှင်းဆီခိုင်


မိန်းမသားတွေရဲ့ဘဝက အစစ အရာရာ

ချင့်ချိန်တွေးတောပြီး ရူးချင်ယောင်ဆောင်လိုက်ရတဲ့ ဆေးမိခြင်း….နေ့ရက်တွေရှိတယ်🥺🥺🥺