နောက်ဆုံးဆန္ဒ(စ/ဆုံး)
—————–
နောက်ဆုံး ကျွန်တော်တို့ နှစ်ဦးသဘောတူ ကွာရှင်းလိုက်ကြသည်။
ကားကို သူ့အား ပေးလိုက်သည်။ ကျွန်တော်တို့ ပိုင်ဆိုင်သည့် ငွေပမာဏ ကိုလည်း ခွဲဝေယူလိုက်ကြသည်။
တရားရုံးအပြင်ကို ကျွန်တော် ထွက်လာသည်။ ကားဆီကိုသွားပြီး တံခါးဖွင့်ရန် ပြင်လိုက်သည်။
“သား အဲဒီကားကို သားမပိုင်တော့ဘူးလေ”
အမေက ကျွန်တော့် ပခုံးကို အနောက်မှ လာပုတ်ပြီး ပြောလိုက်သည်။
“ဪ ဟုတ်သားပဲ … ယောင်သွားလို့ပါအမေ”
ကျွန်တော်နှင့်အမေ တရားရုံးအပြင်ကို ထွက်လာပြီး ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေသည်။ တရားရုံး ထဲက ကျွန်တော်တို့စီးနေကျကားလေးသည် ထွက်လာပြီး ရှေ့မှ ဖြတ်သွားသည်။ ကားကို ကျွန်တော့် ဇနီး ဖြစ်ခဲ့သူက မောင်းသွားသည်။ ကျွန်တော်တို့ကို လှည့်၍ပင်မကြည့်။
မေနှင့်ကျွန်တော် တစ်လမ်းတည်းသား၊ သူငယ်ချင်းများဖြစ်ကြသည်။ ကျောင်းတက်တော့လည်း အတူတူ၊ အတန်းလည်း အတူတူ၊ ၁၀ တန်းအောင်တာလည်း အတူတူ၊ တက္ကသိုလ်တက်တော့ မေဂျာမတူ။ သို့သော် ကျွန်တော်တို့ ကျောင်းပြီးသောအခါ လက်ထပ်ခဲ့ကြသည်။ လက်ထပ်ပြီး တစ်နှစ်အကြာမှာပင် သူနှင့် ကျွန်တော် သဘောထား မတိုက်ဆိုင်မှုတွေများလာသည်။ ငြင်းကြခုန်ကြ အော်ကြဟစ်ကြနှင့် မသာယာသော အိမ်ထောင် တစ်ခုကို တည်ဆောက်မိပြီးသားဖြစ်နေသည်။ နောက်ဆုံး နှစ်ဦးသဘောတူ လမ်းခွဲကြသည်။
ခုတော့ သူလည်း သူ့အိမ်သူပြန်နေ၊ ကျွန်တော်လည်း ကျွန်တော့်အိမ် ကျွန်တော်နေ။
အမေက ကျွန်တော့်ကို
“သား တစ်ယောက်တည်း နေလို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်အမေ … ဘာဖြစ်လို့လဲ”
“အမေ တစ်ပတ်လောက် တရားစခန်းသွားချင်လို့”
“သွားလေအမေ ရပါတယ် … သားနေလို့ဖြစ်ပါတယ်။ ခုတော့ အမေလည်း နားမငြီးရတော့ပါဘူး”
“မဟုတ်ပါဘူးကွယ် … အမေက တရားစခန်းဝင်ဖို့ ဆုံးဖြတ်ပြီးသားပါ”
အမေတရားစခန်းဝင်သွားသည်။
အမေလည်း မရှိ၊ မေလည်းမရှိသော ကျွန်တော့်အိမ်မှာ ခြောက်သွေ့နေသလိုပင်။
ကျွန်တော့်အိမ်ရှေ့က သူ့ကား (ယခင်က ကျွန်တော့်ကား) ဖြတ်သွားတိုင်း ပြတင်းပေါက်က ချောင်းကြည့် မိသည်။ မေက ကားဖြင့် အပြင်ကို မကြာခဏထွက်သည်။ ယခုတော့ သူလွတ်လပ်သွားပြီပေါ့။
တကယ်တမ်း တစ်ယောက်တည်းနေသောအခါ ပိုပြီး ခံစားရသည်။ ကျွန်တော် စားလည်း သူ့ကို၊ အိပ်လည်း သူ့ကို သတိရနေမိသည်။ ကျွန်တော့်နားထဲတွင် သူအော်သံ ရန်ထောင်သည့်အသံတွေကိုသာ ပြန်ပြီး ကြားနေမိ တော့သည်။ အိပ်နေလျှင်လည်း မီးဖိုချောင်ထဲတွင် အသံတွေကြားနေရသည်။ သူပြန်လာလေသလား ကျွန်တော် ထကြည့်မိသည်။ တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။
အထီးကျန်ခြင်း ဝေဒနာကို မခံစားနိုင်သည့် အဆုံးတွင် ကျွန်တော် နိုင်ငံခြားသွားပြီး အလုပ် လုပ်ရန် ဆုံးဖြတ် လိုက်သည်။ ကျွန်တော် ဂျပန်တွင် ၁၂ နှစ်ကြာအောင် သွားနေလိုက်သည်။ အမေ့ကို ညီမလေးနှင့် ထားခဲ့သည်။ နောက်ဆုံးတွင် အမေကျန်းမာရေး မကောင်းသဖြင့် ဂျပန်က အပြီး ပြန်လာလိုက်သည်။
ကျွန်တော့်မိခင်ကြီး အိပ်ရာထဲတွင် လဲနေပြီ။ ကျွန်တော်တစ်ယောက်တည်း မိခင်ကြီးကို ပြုစုပေးရင်း ကျန်ဘဝများကို အေးဆေးစွာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
အမေ့အနားတွင်ထိုင်ပြီး သားအမိနှစ်ယောက် စကားပြောနေကြသည်။
“သား”
“အမေ ဘာလဲဟင်”
“မေမီလည်း အသည်းအသန်ဖြစ်နေတယ်”
“ဘာဖြစ်လို့လဲအမေ”
“ကင်ဆာတဲ့”
“သားနဲ့ ဘာမှ မဆိုင်တော့ပါဘူးအမေရယ်”
“အမေက ဆိုင်တယ်လို့လည်း မပြောပါဘူး … အိပ်ရာထဲလဲနေတဲ့လူတစ်ယောက်ဟာ အားငယ်နေမှာပဲလို့ တွေးမိလို့ပါ။ အမေက သားဘေးမှာရှိနေတော့ ကိစ္စမရှိဘူး။ မေမီက တစ်ယောက်တည်း။ သူ့ အဖေ ဆုံးသွားတာ ၃ နှစ်ရှိသွားပြီ။ သူ့ညီမလေးကလည်း အိမ်ထောင်ပြုသွားပြီ။ သူတို့ စီးပွားရေးလည်း အဆင်မပြေဘူးကြားတယ်”
“အမေ ဘာဖြစ်လို့ ဒါတွေပြောနေတာလဲ … သားစိတ်ထဲမှာ သူမရှိတော့ဘူး”
“မညာပါနဲ့သားရယ် … ငယ်ကချစ် အနှစ် တစ်ရာဆိုသလို မေ့နိုင်ခဲပါတယ်။ သားစိတ်ထဲမှာ မေမီရှိနေပါတယ်။ အမေက သားကို အတင်းအကျပ်တိုက်တွန်းနေတာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် သွားကြည့်ဖို့ပြောတာပါ”
ကျွန်တော် အမေ့ကိုဘာမျှ ကတိမပေးမိ။
အမေ့အတွက် ကျွန်တော် လိုလေသေးမရှိအောင် ပြုစုနိုင်ခဲ့သည်။ နေ့ ည အမေ့ကိုစောင့်ရှောက်ရန် သူနာပြုများ ငှားပေးထားသည်။ ကျွန်တော် လုပ်ငန်းတစ်ခုလုပ်ရန်အတွက် စီစဉ်နေသည်။ စုဆောင်း လာခဲ့သော ငွေလေး များဖြင့် အိုမင်းလာသည့်အခါတွင် အနေအထားမပျက်စေရန်ဖြစ်သည်။
ကျွန်တော် ကားတစ်စီးဝယ်လိုက်သည်။ ထိုကားက လွန်ခဲ့သော ၁၀ နှစ်ကျော်က ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးသော ကားပုံစံအတိုင်းပင်ဖြစ်သည်။ သူငယ်ချင်းတွေက ခေတ်မမီဟုပြောသော်လည်း ကျွန်တော် ထိုအချိန်ကအတိုင်း အနီရောင်နှင့် မော်ဒယ်မျိုးကိုသာ ရှာဝယ်ခဲ့ခြင်း ဖြစ်သည်။ မေ့ထံတွင်တော့ ကျွန်တော့်ဆီက ရယူသွားသည့် ကားမရှိတော့ကြောင်းသိရသည်။
“အန်ကယ် စကားတစ်ခွန်းလောက် ပြောလို့ရမလား”
အိမ်ကိုလာပြီး အမေ့ကို စောင့်ရှောက်ပေးနေသော သူနာပြုဆရာမလေးက တစ်နေ့တွင် ကျွန်တော့်ကို တောင်းဆိုခြင်းဖြစ်သည်။
“ပြောလေ ဆရာမ ရပါတယ် … ဘာများလဲ”
“ဒေါ်မေမီကျော်နဲ့ပတ်သက်ပြီး ပြောချင်လို့ပါ”
ကျွန်တော် သူ့ကိုဘာမျှ မတုံ့ပြန်မိ။
“ဒေါ်မေမီကျော် အခြေအနေမကောင်းဘူး … နေ့လားညလားပဲ”
“ဆရာမက ဘယ်လိုသိသလဲ”
“ကျွန်မ အဲဒီအိမ်မှာလည်း အချိန်ပိုင်းဝင်ပေးနေလို့ပါ”
“ကျွန်တော်တို့ ပတ်သက်မှန်း ဆရာမ ဘယ်လိုသိသလဲ”
“အန်ကယ့် အမေကပြောလို့ပါ”
နောက်တစ်နေ့ ညနေ ၅ နာရီခန့်တွင် ကျွန်တော် မေတို့အိမ်ကိုသွားခဲ့သည်။ ကျွန်တော့်ခြေလှမ်းတွေက တုံ့ဆိုင်းနေသော်လည်း ကျွန်တော် အားတင်းပြီး အိမ်ထဲကိုဝင်လိုက်သည်။
ဆရာမလေးက
“အန်ကယ် … လာပါ … အိပ်ခန်းထဲမှာ”
ကျွန်တော် သူ့အိပ်ခန်းထဲကို ဝင်လိုက်သည်။ မေက အိပ်ရာထဲတွင် မှိန်းပြီးနေသည်။ ဆရာမလေးက သူ့အနားကို ကပ်ပြီးပြောလိုက်သည်။ သူက မျက်လုံးဖွင့်ကြည့်သည်။ မေ အတော်လေးပိန်သွားသည်။ သူက
“မောင်” ဟု တစ်ခွန်းသာခေါ်သည်။
ကျွန်တော် သူ့ခုတင်အနားကို သွားလိုက်သည်။ သူစကားပြောသည်။ သို့သော် တိုးတိုးလေးဖြစ်သည်။ ဆရာမလေးက သူ့အနားကို ကပ်ပြီးနားထောင်သည်။
“ကားစီးချင်လို့တဲ့ … သူ့ကို ကားနဲ့ ခေါ်သွားပေးပါတဲ့”
“ကားစီးလို့ဖြစ်ပါ့မလား”
ဆရာမလေးက ကျွန်တော့်အနား ကပ်လာပြီး
“နောက်ဆုံးဆန္ဒအနေနဲ့ ဖြည့်ဆည်းပေးသင့်ပါတယ်”
ကျွန်တော် မေ့ကိုပွေ့ပြီး ကားပေါ်တင်ပေးရသည်။ နောက်ခန်းတွင် မေနှင့်အတူ ဆရာမလေးလည်း လိုက်လာ သည်။
“တက္ကသိုလ်ထဲကို မောင်းပေးပါတဲ့”
ကျွန်တော် တက္ကသိုလ်ဝင်းထဲကို ကားမောင်းဝင်ပေးလိုက်သည်။
“စာကြည့်တိုက်ရှေ့မှာ ရပ်ပေးပါတဲ့ … ရေတမာပင်လေးအောက်မှာတဲ့”
ကျွန်တော် သူပြောသည့်နေရာတွင် ကားကို ရပ်ပေးလိုက်သည်။
ကျွန်တော် နောက်ကိုလှည့်ကြည့်လိုက်သည်။
မေက ဆရာမလေး ပခုံးပေါ်တွင်မှီလျက်ရှိနေသည်။
“သူအသက်မရှိတော့ပါဘူး”
ဤနေရာလေးတွင် မေက ကျွန်တော့်ကို လက်ထပ်ပါမည်ဟု ပြောခဲ့သည်။
တင်ညွန့်
၄.၂.၂၀၂၅