ခရီး

 ခရီး

----

ရဟန်းနှစ်ပါး ခရီးတစ်ခုကို အတူလာကြသည်။ တစ်ပါးက အသက်အရွယ်ကြီးပြီး၊ တစ်ပါးကငယ်သည်။ ခရီးက တောင်တက် တောင်ဆင်းတွေ များလှသည့်အပြင် ကြမ်းသဖြင့် ပင်ပန်းလှသည်။


“အရှင်ဘုရား ... လျှောက်နိုင်သေးရဲ့လား”


“အရှင်မေးတဲ့အသံက ပိုနွမ်းနေပါလား ... လျှောက်နိုင်ပါ့”


ရဟန်းအိုကြီးက ပိုပြီးတက်ကြွနေသည်။


“ရောက်တော့မယ်ထင်ပါတယ် ... လမ်းမှာဖြတ်ပြီး မနားလိုက်နဲ့ ဆက်မလျှောက်နိုင်ပဲ ဖြစ်သွားလိမ့်မယ် ... ဆက်လျှောက် ... ဆက်လျှောက်”


ရဟန်းကြီးက တောင်ဝှေးကိုထောက်ကာ ဖြည်းဖြည်းချင်း လျှောက်နေသည်။


ထိုစဉ် ထင်းချောင်းများကို ခေါင်းတွင် ရွက်ထားသည့် အဘွားအိုတစ်ဦးကို တွေ့လိုက်ရသည်။ အဘွားအိုက ခါးကိုင်းသော်လည်း ခေါင်းကိုမတ်ကာ ထင်းစည်းကို ရွက်ထားသည်။


“ဒကာမကြီး ... ရပ်ပါဦး ...”


“အို အရှင်ဘုရားတို့ ဘယ်ကြွမလို့လဲဘုရား ... တပည့်တော် မတ်တတ်ပဲ ဦးတင်ပါရစေ ... အလေး အပင်ကြီးနဲ့ဆိုတော့ အထိုင်အထ မလွယ်လို့ပါ ... အရှင်ဘုရားတို့ ဘယ်ကြွမလို့လဲဘုရား”


“သာဂရကို ဒကာမကြီး ဝေးသေးလား”


“ရှေ့နားတင်ဘုရား”


ရဟန်းငယ်က ရဟန်းကြီးကို


“အရှင်ဘုရား ရှေ့နားတင်တဲ့ဘုရား”


“တပည့်တော်လည်း သာဂရကို သွားမှာပဲဘုရား ... လိုက်ခဲ့ကြပါ” ဟုအဘွားအိုကဆိုသည်။ 


ထင်းစည်းရွက်ထားသည့် အဘွားအိုက ပိုပြီး ဖျတ်လတ်နေသည်။ 


“ဒကာမကြီး အသက် ဘယ်လောက်ရှိပြီလား”


“၈၀ နီးပေါ့”


“အလို ၈၀ သာနီးတယ် ... ထင်းစည်းကြီးလည်းရွက် ... သွက်လက်နေပါ့လား”


“ဘဝမှာ နေတတ်စွာနဲ့ ကျေနပ်လာတဲ့အတွက်ကြောင့်လို ထင်တာပဲဘုရား"


“အလိုထူးဆန်းလှချည်လား ... သားသမီး မြေးတွေ မရှိဘူးလား”


“သာဂရရွာတစ်ရွာလုံး သားသမီးနဲ့ မြေးတွေကို လက်ညှိုးထိုးရင် ပြေးမလွတ်ပါဘူး”


“ဒါနဲ့များ ဘာကြောင့် ပင်ပန်းစွာ ထင်းခွေနေရသလဲ”


“ထင်းခွေတာ မပင်ပန်းပါဘုရား ... တောင်တက် တောင်ဆင်းနဲ့ ထင်းတစ်စည်းကို နေ့တိုင်း သယ်နိုင် သေးတယ်ဆိုတာကို သားမြေးတွေသိအောင် ပြနေတာပါ”


“အင်း ကောင်းပါ့ ... ဒါနဲ့ မရောက်သေးဘူးလား”


“ရောက်ပါတော့မယ်ဘုရား ... ရှေ့ဆိုရင် ရောက်ပါပြီ” 


အဘွားအိုက ရှေ့မှဦးဆောင်၊ ရဟန်းပျိုက အလယ်ကလိုက်၊ ရဟန်းအိုကြီးက တောင်ဝှေးထောက်ကာ နောက်ကလိုက်


“မရောက်သေးဘူးလား ... ရွာအရိပ်အယောင်တောင် မမြင်ရသေးပါလား”


“ရှေ့ဆိုရင် ရောက်ပါပြီ ဘုရား”


ရဟန်းကမေးတိုင်း အဘွားအိုက 


“ရောက်ပါတော့မယ်ဘုရား ... ရှေ့ဆိုရင် ရောက်ပါပြီ” ဟုသာပြောကာ ခေါ်လာသည်။ 


ရဟန်းက နောက်လှည့်ပြီး


“အရှင်ဘုရား ဒီအဘွားကြီးကတော့ မဟုတ်တော့ဘူး ထင်တယ် ... မေးလိုက်ရင် ရောက်ပါတော့မယ် ... ရှေ့ဆိုရင် ရောက်ပြီနဲ့ တပည့်တော်တို့ ခုထိ မရောက်သေးဘူး”


“ဦးဇင်း ... သူက ခရီးကို ဦးဆောင်ခေါ်လာ .... ခေါင်းပေါ်မှာလည်း အလေးကြီးနဲ့ ... ဦးဇင်းနဲ့ တပည့်တော် တို့မှာက သပိတ်တစ်လုံးစီပဲ လွယ်ထားရတာ ... သူ့ကို အားနာပါဦး”


သူတို့ဆက်လျှောက်ကြပြန်သည်


“ရှေ့မှာရောက်ပြီ”


ရွာကိုတွေ့နေရပြီဖြစ်သောကြောင့် ပျော်သွားသည်။


“ဒကာမကြီးက ရှေ့မှာ ... ရှေ့မှာနဲ့ နှစ်မိုင်လောက်ရှိမယ်ထင်တယ် ဦးဇင်းတို့ လျှောက်လာတာ”


“တပည့်တော်ပြောတာ အမှန်ပါဘုရား ... သာဂရရွာက အရှေ့မှာပဲ ရှိနေတာပါ ... အရှင်ဘုရားတို့ စမေးတဲ့ နေရာကနေ နှစ်မိုင်လောက်ကွာတယ် ... တကယ်လို့ နှစ်မိုင်လို့ ပြောလိုက်ရင် အရှင်ဘုရားတို့ ပိုပြီး ပင်ပန်းတာပေါ့ ... ရှေ့မှာဆိုပြီး လျှောက်လာ ခုတော့ ရောက်လာပြီမဟုတ်လားဘုရား ... တပည့်တော် မညာပါဘူးဘုရား”


“အရှင်ဘုရားတို့ ...”


“ဘာလဲဒကာမကြီး”


အဘွားအိုက


“အရှင်ဘုရားတို့


မညည်းဘဲလျှောက် ခရီးရောက်


အထီးတည်းလျှောက် ခရီးပျောက်


တစ်ရွေ့ တစ်လံ မှန်မှန်လျှောက်


တစ်နေ့ အမှန် ပုဂံရောက်”


အဘွားကိုကပြောကာ သူ့လမ်းသူလျှောက်သွားသည်။


ရဟန်းကြီးက ရဟန်းငယ်အား


“ဦးဇင်း ... တို့များ လျှောက်လာတာ ဘယ်နှမိုင်လောက်ရှိမလဲ”


“၁၂ မိုင်လောက်ရှိမယ်ဘုရား”


 “အင်း ... နှစ်မိုင်အလိုကျမှ တရားရတော့တယ်”


တင်ညွန့်


၁၄.၁၁.၂၀၂၀