မိန်းမတွေကို သတိထား

 မိန်းမတွေကို သတိထား

------------------------

တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ပြောပြမယ်


အမေ့ကို ချစ်ဖွယ်သောစကားဆို


အဖေ့ကို လေးစားစွာ ဆက်ဆံ


အစ်ကိုတွေကို ချစ်အောင်ပြော


အစ်မတွေကို နှစ်သက်အောင်ပြော


ကလေးတွေကို စိတ်ပါလက်ပါဆက်ဆံ


ဆွေမျိုးတွေကို မျှဝေလိုစိတ်ထား


မိတ်ဆွေတွေကို ရယ်ရယ်မောမောပြော


ဂုဏ်ရှိသူတွေကို ယဉ်ကျေးစွာပြော


ဈေးသည်ကို ပြတ်ပြတ်ပြော


ဖောက်သည်ကို ရိုးသား


အလုပ်သမားကို ယဉ်ကျေး


နိုင်ငံရေးသမားကို သတိထား


ဘုရားသခင်ကို တိတ်ဆိတ်စွာရှိခိုး


အင်း 


ဇနီးမယားကိုလား


ဟုတ်ကဲ့


ကိုယ့်မိန်းမကိုတော့


ပြန်မပြောနဲ့ နားထောင်တဲ့


ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းတစ်ပုဒ်ပြောပြဦးမယ်


(၁)


“မောင်”


“ဘာလဲ”


“ကျွန်မ ဝနေလားဟင်”


“ဝနေတယ်”


“အေးပေါ့ ဝနေပြီ ပြောတော့မှာပေါ့ ... ရှင် ခိုးခိုးကြည့်နေတဲ့ ဟိုဘက်အိမ်က ကောင်မ ငါးဖောင်ရိုးလိုတော့ မဟုတ်ဘူးပေါ့”


“တိုးတိုးပြောပါကွာ ... ဟိုကကြားသွားပါ့မယ်”


“ကြားကြား”


(၂) 


“မောင်”


“ပြော”


“ကျွန်မ ဝလာလား”


“မဝဘူး”


“ကလိမ် ... ရှင်ဘယ်တုန်းက လိမ်ပြောတတ်တာလဲ ... ရှေ့တင်တောင် ဒီလောက် လိမ်နေတာ နောက်ကွယ်ဆို ပိုဆိုးတော့မှာပဲ”


(၃)


“မောင်”


“ကျွန်မ ဝနေလားဟင်”


“အင်း နည်းနည်းလေးတော့ ပြည့်တေ့တေ့ဖြစ်နေတယ်”


“ဘာ ကျွန်မကို ဖောနေသလိုလို ဖောင်းနေသလို ကျန်းမာရေး မကောင်းသလိုလိုပြောတာ ... အေးလေ မြန်မြန်သေစေချင်နေမှာပေါ့”


(၄)


“မောင်”


“ကျွန်မ ဝနေလားဟင်”


“မသိတော့ဘူးကွာ”


“ဪ ... ခုတော့ မသိတော့ဘူးပေါ့ ... ခုတော့ ကျွန်မဘာဖြစ်နေတယ်ဆိုတာ ရှင်က မကြည့်ချင် လောက်အောင် ဖြစ်နေပြီပေါ့ ... ရှင်ကန်းနေပြီပေါ့”


(၅) 


“မောင်”


“ဘာလဲ”


“ကျွန်မ ဝနေသလားဟင်”


“မင်းစိတ်ထဲမှာ ထင်တဲ့အတိုင်းပဲ”


“ရှင်က ကျွန်မထင်တဲ့အတိုင်းပဲဆိုတော့ ဘာလဲ ကျွန်မကို အဖက်မလုပ်ချင်တဲ့သဘောလား ... ရှင်ပဲ မင်းကို မရရင် သေရပါတော့မယ်ဆိုပြီး မျက်ရည်ကျပြခဲ့တာ မေ့နေပြီလား”


(၆)


“မောင်”


“အင်း”


“ကျွန်မ ဝနေပြီလား”


ယောကျ်ားက ပြန်မပြော


“မောင်”


ဘာမျှ မတုံ့ပြန်


“ဘာလဲ ရှင် နားပင်းနေပြီလား”


(The Way You Treat Your Wife)


တင်ညွန့်


၁၆.၁.၂၀၂၁