ဖုန်ရှူယတြာ
-------------
“အဘိုးကယ်ပါ”
“ပြော ဘာဖြစ်လာသလဲ”
“အသာတကြည် ရမယ်ထင်ပြီး သွားလုပ်လိုက်တာ ခုတော့ ဘာလုပ်ရမှန်း မသိတော့ဘူး ... ကယ်တော်မူပါ”
“မှန်းစမ်း တွက်ကြည့်စမ်းမယ်”
အဘိုးက ကျောက်သင်ပုန်းကိုယူကာ ကျောက်တံဖြင့် တောင်ခြစ် မြောက်ခြစ် လုပ်ပြီးနောက်
“အိမ်း မနက်ဖြန်မနက် ၈ နာရီအထိ ဖယောင်းတိုင် ၆၅ တိုင်ကို ထွန်းနိုင်ရင်အောင်ပြီ”
“ဘယ်အချိန်စ ထွန်းရမှာဘဲ အဘိုး”
“အင်း”
အဘိုးက တွက်ချက်ပြန်သည်။
“ကြာသပတေးနံ ခြင်ထောင်လှန် ... ဖင်ဟောင်းလောင်းက ချေးစော်နံ ... မှတ်ကွယ် ... နံနက် ၅ နာရီက စပေတော့”
“မနက် ၅ နာရီကနေ မနက် ၈ နာရီအထိပေါ့နော်”
“နေဦး ... မင်းမဟုတ် ငါမဟုတ် အောင်စေအောင်ကြောင်း ဆုတောင်းခါခါ ၅ နာရီ ၁၀ မိနစ်မှာ စကွာ”
“ဘယ်မှာ ထွန်းရမှာလဲအဘိုး”
“လှိုင်ပါတဲ့ မြစ်အစွန်း ... ကမ်းနဖူးကဘုရား ... နဂါးတွေမြူးသတဲ့ဗျား ... အဲဒီမှာ ထွန်းစေ”
“မှန်လှပါအဘိုး”
“အိမ်းမပြီးသေးဘူးကွယ်”
“ဘာများ လုပ်ရဦးမလဲအဘိုး”
“ညဥ့်နက်ချိန်ခါ နေကသာ နန်းတော်ခေါင်မိုးနေဖင်ထိုးမှ တန်ခိုးအရာရမကွယ် ... မနက်ဖြန် နန်းတော်လို ပြာသာဒ်အမိုးပေါ်ကို နေထိုးအောင်လုပ်ကွယ့်”
“မှန်ပါ့အဘိုး”
“အိမ်း ဒီညအတွက်ကတော့ နေဦး”
အဘိုးက ကျောက်သင်ပုန်းပေါ် တတောက်တောက်နှင့် ခေါက်ပြန်သည်။
“ဖာထဲက ဂဠုန် ဖားမှတ်လို့ ခုန် ... မခုန်ပါနဲ့ ကိုရွှေဖား ရွှံ့တွေကများ ... ရွှံ့ကြားက ကိုလူပျို ဂွေးစိကတို ... ခပ်တိုတို နှစ်ကောင်ကြား ထားအိပ်စေဗျား။ ကိုင်း မှတ်ကွယ် မင်း မိန်းမကို ယောက်ျားနှစ်ယောက်ကြား ထားအိပ်ရမယ်ကွယ်။ ပြီးတော့ ဂဠုန်အစား ဖားကို ဖက်ခိုင်းထားရမယ်”
“ခိုင်းတဲ့အတိုင်း အတိအကျ လုပ်ဆောင်ပါ့မယ်အဘိုး”
“ကိုင်းသွားပေတော့ ... စိတ်သာချ ပြိတ္တာမမည် ... အရေးကြီးတာ မမေ့နဲ့ မနက် ၅ နာရီ ၁၀ မိနစ်ကနေ ၈ နာရီအထိ ဖယောင်းတိုင် ၆၅ တိုင်ကို မီးမငြိမ်းစေနဲ့”
ကားကြီးများ တန်းစီထွက်သွားကြသည်။
နောက်တစ်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်တွင်
ဘုရားတစ်ဆူတွင် ယတြာချေကြလေ၏
ဖယောင်းတိုင်း ၆၅ တိုင် ထွန်းကြလေ၏
မီးမငြိမ်းစေရန် ဂရုစိုက်ကြလေ၏
ထိုနေ့ ၆ နာရီခွဲလောက်တွင် မထင်မှတ်စွာဖြင့် မိုးကြီးလေထန် ရွာချကာ ဖယောင်းတိုင်မီးများ ငြိမ်းကုန်၏။
ဖုန်းနှင့်မေးလေ၏
“အဘိုးကယ်ပါ”
“ပြော”
“၆ နာရီခွဲတိတိမှာ မိုးကြီးလေကြီးများ ကျပြီး အခါမဲ့မိုးရွာလိုက်တာကြောင့် ဖယောင်းတိုင်တွေ မီးငြိမ်းကုန်ပါ တယ်အဘိုးခင်ဗျား”
“ဘယ်အချိန်လဲ အတိအကျပြော”
“၆ နာရီ ၃၂ မိနစ်ပါအဘိုး”
“အင်း ၆၃၂ ဆိုတော့ နောက်ဆုံးဖြစ်ပြီပဲ ... ၃ နဲ့ ၂ ပေါင်းတော့ ၅ ရသကွယ် ... ၆၅ ဆိုပါလား ... အိမ်း ... ငါတို့ ယတြာ ရေစုန်မျောပြီကွ ... နေဦး ပြာသာဒ်ခေါင်မိုး နေထိုးပြီလား”
“အဘိုး မိုးတွေအုံ့နေပါတယ်”
“သွားပြီကွယ် ရာသီဥတုကတောင် ငါတို့ဘက်မှာ မရှိတာ သွားပေါ့ကွယ်”
“ဘာမှလုပ်လို့ မရတော့ဘူးလား”
“အနားမှာ ဖုန်တစ်ဆုပ်လောက်ကောက်ပြီး ဖုန်ရှူလိုက်”
“အဘိုး မိုးရွာထားတာ ဖုန်တွေက ရွှံ့ဖြစ်နေပါပြီ”
“သေလိုက်ကွာ သေလိုက်တော့”
တင်ညွန့်
၂၂.၂.၂၀၂၁