မိခင်စိတ်

 မိခင်စိတ်

--------

ဗိုက်ဖောင်းနေသည့် သမင်မကြီးတစ်ကောင် မပြေးနိုင် ပြေးနိုင် ပြေးနေရရှာသည်။ မပြေး၍အဖြစ် တောမီး လောင်နေသည်။ သူ ကလေးမွေးချင်နေသည်။ သို့သော် သူ့ကလေး မွေးလိုက်လျှင် မပြေးနိုင်သေးသော ကလေးမှာ မီးထဲ ပါသွားနိုင်သည်။


ထို့ကြောင့် သမင်မကြီး ဘေးလွတ်ရာကို ပြေးနေရရှာသည်။ 


ထိုအချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်လာသည်။ လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်နေသည်။ 


မီးမလောင်သေးသည့်ဘက်မှ မုဆိုးတစ်ယောက် လေးနှင့် မြားကို ကိုင်လာပြီး ချောင်းနေသည်ကို သမင်မကြီး မြင်လိုက်ရသည်။ သူ့ရှေ့တည့်တည့်က ဖြစ်နေသောကြောင့် ပစ်မှတ်မှာ သူ့ကိုသာဖြစ်မည်။


သမင်မကြီးက ဘေးတစ်ချက်ကို လှည့်ပြေးရန် ကြံလိုက်သည်။


ထိုအချိန်တွင် သူ့ဘေးကို ရောက်လာသည့် နောက်ထပ်အန္တရာယ်မှာ ခြင်္သေ့တစ်ကောင်ဖြစ်နေသည်။ ခြင်္သေ့ ကလည်း သူ့ကို ခုန်အုပ်ရန် ပြင်နေသည်။

အဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်သည်။


တောမီး


မုဆိုး


ခြင်္သေ့


အန္တရာယ်များကြားတွင် သမင်မကြီးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။ ဝမ်းဗိုက်ကလည်း နာလာသည်။ သူ့ကလေးကို မွေးကို မွေးရမည်။ သို့သော် သူ့ဘဝကမလုံခြုံသည့်ကြားတွင် ရောက်နေသည်။ သူရော ကလေးပါ နှစ်ဦးစလုံး အသက်သည် မရေရာသည့် အနေအထားတွင် ဖြစ်နေသည်။


ဗိုက်က နာလွန်းလှသည်။


မွေးချလိုက်လျှင် ကလေးကကျိန်းသေ မရှင်နိုင်။ ထို့ပြင် သူ့အသက်ကလည်း ဘီလူးစီးနေသည့် မုဆိုး မြားချက်လား၊ ငတ်ပြတ်နေသည့် ခြင်္သေ့လက်ချက်လား ... မည်သူ့ကြောင့် အသက်ထွက်မည် မဆိုနိုင်။ မီးထဲ ပြေးဝင်ဖို့ကလည်း မဖြစ်နိုင်။ သူ့ရင်သွေးလေးကရှိနေသည်။ 


အခြားတစ်ဖက်တွင် ရေကန်ကြီးကရှိနေသည်။ ရေထဲကို ပြေးဆင်းရန် ပြင်လိုက်သည်။ ရေထဲတွင်လည်း မိကျောင်းတွေက ခေါင်းထောင်ထလာသည်။ 


နောက်ဆုံး သမင်မကြီးက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။


“ငါ့ကလေးကို ရအောင်မွေးမယ် ... အချိန်နည်းနည်း ဆွဲထားနိုင်ရင် သူပြေးလို့ရကောင်း ရနိုင်တယ် ... သူတစ်ကောင် ရှင်လည်းရတယ်”


သမင်မကြီးသည် နောက်ဆုံးတွင် သားတစ်ကောင်ကို မွေးချလိုက်တော့သည်။


သမင်ပေါက်လေးက မြေပြင်ကို ကျချိန်တွင်


တိုက်တိုက်ဆိုင်ဆိုင်


မိုးကြိုးက ပစ်ချလိုက်ရာ ကိုင်းတောထဲတွင် လေးပစ်ရန် ချောင်းနေသည့် မုဆိုးကို တည့်တည့်ထိသည်


မုဆိုးက ပစ်လွှတ်လိုက်သည့် မြားက သမင်ကို ချော်ပြီး ခြင်္သေ့မျက်လုံးတည့်တည့် ထိသည်


ထိုအချိန်တွင် မိုးတွေ ရွာချလိုက်ပြီး မီးလောင်ပြင်ကို ငြိမ်းသတ်လိုက်သည်


သမင်မကြီး မွေးလိုက်သည့် သမင်လေးမှာ မတ်တတ်ထရပ်နိုင်ပြီး မိခင်ကို နို့တောင်းသည်


ဘဝတွင် လူသားတို့သည်လည်း သမင်မကြီး ကြုံတွေ့ရသည့် အနေအထားမျိုးကို မလွဲမသွေ ကြုံနိုင်ပါသည်။ လေးဘက်လေးတန်ပတ်လည် ရန်သူတွေ ဝိုင်းနေသော်လည်း ကိုယ်ပြုရမည့် အမှုတစ်ကို ပြုကို ပြုရမည်သာ ဖြစ်သည်။ 


အရှုံးပေးလိုက်လျှင် သေမည်


ရင်ဆိုင်လိုက်လျှင် လွတ်ကောင်း လွတ်နိုင်သည်


ဆုံးဖြတ်ချက်က အရေးကြီးသည်။


ကိုယ်က မထင်မှတ်ထားသော သဘာဝက ဖန်တီးပေးလိုက်နိုင်သည့် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တွေက နည်းလမ်းပေါင်းစုံရှိနိုင်သည်။


သမင်မကြီးသည် ဘေးရန်မည်မျှ ရင်ဆိုင်နေရသည်ဖြစ်စေ သူမွေးရမည့် သားလေးကို မွေးဖြစ်အောင် မွေးလိုက် သည်။


သဘာဝတရားကြီးက သူ့အတွက် စီမံဖန်တီးပေးထားပြီးသားဖြစ်သည်။ 


မည်မျှဘေးရန်တွေ ဝိုင်းနေပါစေ


မိခင်စိတ်က ကယ်တင်သွားပါလိမ့်မည်။ 


တင်ညွန့်


၅.၉.၂၀၂၀