ကျွန်တော်ငိုမိတယ်အမေ

 ကျွန်တော်ငိုမိတယ်အမေ(စ/ဆုံး)


—————————


ကျွန်တော်အမေဆီမရောက်ဖြစ်တာနှစ်နဲ့ချီပြီး

ကြာနေခဲ့ပါပြီ။

အခုတော့ ရွာကအမေ့ခြံဝိုင်းလေးရှေ့ကို

ကျွန်တော်ခြေချမိပြီ။

ခြံဝန်းတစ်ခုလုံးဟာ အသေအချာလှည်းကျင်းထားသည်မို့အမှိုက်တစမျှပင်မရှိပေ။

သီးပင်စားပင်လေးတွေလည်းစိုက်ပျိုးထားသလို

သပြေပင်၊ရွက်လှပင်၊နှင်းဆီပင်လေးများလည်းစိုက်ပျိုးထားပါသည်။

အမေ့အခုထိ အပင်တွေကိုစိုက်ပျိုးနေတုန်းပါလားလို့

တွေးပြီးအမေ့ရဲ့ရုပ်သွင်ကိုမြင်ယောင်လာမိသည်။

ခြံလေးရဲ့အနောက်ဘက်ခပ်ကျကျကအိမ်ငယ်လေးဆီကနေမီးခိုးတွေဟာအူပြီးထွက်နေပြန်ပါတယ်။

အမေ တစ်ခုခုချက်ပြုတ်နေတာသာဖြစ်မည်။


ကျွန်တော်ခြေသံလုံလုံနဲ့ အိမ်လေးစီကိုလျှောက်လာလိုက်တယ်။

“”အီ..အီ..အီ….””ဆိုတဲ့အသံနဲ့

ကျွန်တော် နားကိုခွေးကြီးတစ်ကောင်ရောက်လာတယ်။

အမြှီးလေးနန့်ပြီး ကျွန်တော်ခြေထောက်ကိုခေါင်းနဲ့လာတိုးတယ်။


“”ဟာ..ငါ့ကောင်ကြီးရန်လုံ

ငါ့ကိုမှတ်မိနေတာလား မင်းတောင်အတော်ထွား

လာပြီပဲ….အေး ပြီးမှ မင်းကိုမုန့်ဝယ်ကျွေးမယ်နော်

အမေ့စီ..ငါအရင်သွားလိုက်ဦးမယ်…””


ရန်လုံကိုကျောသပ်ပေးပြီးအိမ်ကလေးရဲ့လှေကားကနေပြီးအိမ်ပေါ်ကိုကျနော်တက်လိုက်ပါသည်။

အိမ်တံခါးလေးဟာသွပ်နန်းကြိုးလေးနဲ့ချည်ထားတာတွေ့ရပါတယ်။

အမေမီးဖိုခန်းအပေါက်ကနေ အဝင်အထွက်လုပ်နေတာများလား…..

ခုနကမီးခိုးတွေအူနေတာတွေ့မိသားပဲ….

ဟုတ်မယ်…အမေ မီးဖိုခန်းအဖီလေးထဲမှာချက်ပြုတ်နေလို့အိမ်လေးကိုတံခါးပိတ်ထားတာဖြစ်မယ်။


ကျွန်တော်ရဲ့အမေဟာ..အမေအရင်းမဟုတ်ပါဘူး။

ကျွန်တော် ကမိဘမဲ့တယောက်ပါ။

ရွာလည်လမ်းမှာစွန့်ပစ်ခံခဲ့ရပြီး ရွာလူကြီးတွေစီရောက်ခဲ့ရတာပါ။

အမေ လှက မြင်မြင်ချင်းလက်ကမချပဲ

သူမွေးပါရစေဆိုပြီးအတင်းတောင်းခဲ့တယ်။

အဲ့အချိန်မှာအမေဟာ လင်သေပြီးကာစမုဆိုးမပေါ့။

သားသမီးလည်းမရှိဘူး။

လင်သားရွာကိုရောက်လာသူမို့ဆွေရင်းမျိုးရင်းလည်းမရှိရှာဘူး။

နောက်ဆုံး တော့ အမေ့သားအဖြစ်ကျွန်တော်ကြီးပြင်းလာခဲ့တယ်။

မိဘမဲ့ဖြစ်ပေမယ့် သိမ့်ငယ်မှု့ရယ်လို့စိုးစဥ်းမှမရှိအောင်အမေဟာပြုစုပျိုးထောင်ပေးခဲ့တယ်။


ကျွန်တော် လူပျိုပေါက်အရွယ်မှာ ဆီပူလောင်ရာမှစတင်ပြီးအပူလောင်ဒဏ်ရာကနေ အရေပြား(ခရုသင်း)..တွေအမေစီမှာစွဲကပ်လာတယ်။

အစပိုင်းမှာခန္ဒာကိုယ်ရဲ့မမြင်ရတဲ့အတွင်းပိုင်းလောက်သာဖြစ်ခဲ့ပေမယ့်နောက်ပိုင်းတော့ တကိုယ့်လုံးကို

ရုပ်ပျက်ဆင်းပျက်ဖြစ်လာခဲ့တော့တယ်။

ကျွန်တော်ဟာ အမေဝေဒနာကို နားလည်ပါတယ်။

ဒါဟာရှက်စရာရောဂါမှမဟုတ်လေပဲလို့အမြဲသဘောပိုက်ခဲ့တယ်။


အဝေးသင်နဲ့ကျွန်တော်ကျောင်းပြီးခဲ့တယ်။

ဘွဲ့ယူတော့ အမေမလိုက်ခဲ့ဘူး။

မြို့ကကျွန်တော်အလုပ်ဝင်လုပ်နေတဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကသူဋ္ဌေးလင်မယားနဲ့သာ

ဘွဲ့နှင်းသဘင်ခန်းမကိုတက်ခဲ့ရတယ်။


“”အမေမလာချင်လို့မဟုတ်ပါဘူး။

ငါ့သားဂုဏ်ငယ်မှာစိုးလို့ပါ သားရယ်….””………တဲ့


ကျွန်တော် ဘွဲ့ဓာတ်ပုံဟာအမေ့ရဲ့အိမ်ငယ်လေးမှာ

ဂုဏ်ယူဝင့်ကြွားစွာချိပ်ဆွဲထားခြင်းခံခဲ့ရတယ်။

ကျွန်တော် ဓာတ်ပုံဟာဘယ်တော့မှဖုန်မတက်ခဲ့ဘူး။

မကြာခဏအမေကအဝတ်သန့်တစ်ခုနဲ့သုတ်ပေးနေခဲ့တာမို့ပါပဲ။

ကျွန်တော် ကိုယ်တိုင်လည်းအမေ့ကိုသိပ်ချစ်ခဲ့ပါတယ်။

ကျွန်တော် ဘဝရဲ့တစ်ဦးတည်းသောဆွေမျိုးပဲလေ။

ကျွန်တော် ဟာအမေ့သားဖြစ်ခဲ့ရတာကိုအမြဲကျေနပ်ပြီးကျေးဇူးတင်နေခဲ့မိတယ်။


ဒီလိုနဲ့ ကျွန်တော် အလုပ်ရှင်ရဲ့တူမနဲ့အကြောင်းပါခဲ့တယ်။

ကျွန်တော် မဂ်လာဆောင်ကိုအမေ့ကိုလာစေချင်ပေမယ့်လူဂုဏ်ထံတွေကြားမှာဒါဟာကျွန်တော့်အမေရယ်လို့တကယ်တမ်းချပြရမှာကို ကျွန်တော် သိမ့်ငယ်နေမိတယ်။

စိတ်မသက်သာစွာနဲ့ပဲ အမေ့ကိုမလာခဲ့ဖို့ကျွန်တော်တားခဲ့မိတယ်။


“”အေးပါ….ငါ့သားရယ်…””………တဲ့။


အမေအသံလေးကအရမ်းကိုတိုးဖွလွန်းနေတယ်။

အမေ့ဝမ်းနည်းသွားရှာတယ်ထင်တယ်။

အိမ်ထောင်ကျပေမယ့် အမေ့ကိုဆက်ပြီးထောက်ပံ့ပေးမယ်လို့ရည်ရွယ်ထားခဲ့တယ်။

အမေ့ကလက်မခံခဲ့ဘူး။

အမေအဆင်ပြေပါတယ် မပေးပါနဲ့….တဲ့။

အစပိုင်းတွေတုန်းကတော့အမေရှိရာရွာလေးစီ

တစ်နှစ် နှစ်ခေါက်လောက်ရောက်ခဲ့တယ်။

နောက်ပိုင်းမှာတော့သိပ်မရောက်ဖြစ်တော့ပဲအရောက်နည်းသွားတယ်။

ကျွန်တော် သွားရင်ပျော်နေတဲ့အမေ့မျက်ဝန်းတွေဟာအရည်တွေလဲ့စိုနေခဲ့တယ်။


ပြီးခဲ့တဲ့တစ်လလောက်ကအမေ့ဖုန်းဆက်တယ်။

သတိရနေလို့တစ်ညအိပ်လေးဖြစ်ဖြစ်လာပေးပါတဲ့။

အလုပ်တွေအရမ်းများနေလို့ကျွန်တော့်မရောက်နိူင်ခဲ့ဘူး။

အခုတော့…အချိန်လေးလုပြီးအမေ့ရှိရာကိုကျွန်တော်လာခဲ့ပါပြီ။

အမေ့စီဖုန်းမဆက်ပဲအမေဝမ်းသာရအောင်တိတ်တဆိတ်လာခဲ့တယ်။

ကျွန်တော် ကိုမြင်ရင်အမေဘယ်လောက်တောင်ဝမ်းသာရှာမလဲ….


“”အမေ….အမေ….””


မီးဖိုထဲမှာဘယ်သူမှရှိမနေပြန်။

ခုနကမီးခိုးတွေတောင်အူပြီးထွက်နေတဲ့မီးဖိုခန်းလေးဟာဘယ်သူမှရှိမနေပဲ တိတ်ဆိတ်နေတယ်။

ကျွန်တော် အမြင်မှာတာများလား…

မီးဖိုခန်းကနေအိမ်ပေါ်တက်လိုက်တယ်။

ဖုန်တွေတောင်အတော်လေးတက်နေတာပါလား

အမေ့ကိုမတွေ့….

အမေ့ဘယ်တွေသွားနေပါလိမ့်…


“”အမေ…အမေ…အမေ….””


ကျွန်တော် အသံကုန်အော်ခေါ်လိုက်တယ်။


“”ဟေ့…မလှတို့အိမ်ထဲကဘယ်သူလဲ

ပြည့်စုံအောင်…လား မလှ သား ပြည်စုံအောင်လား””


“”ဟုတ်တယ် ဘကြီးစိန်သန်း ကျွန်တော် ပြည့်စုံအောင်ပါ။ အမေဘယ်သွားလဲ…””


ဘကြီးစိန်သန်းတဘက်ခြံကနေကူးလာပါသည်။

ကျွန်တော် လည်းမီးဖိုခန်းကနေအပြင်ဘက်ကိုထွက်လာလိုက်သည်။


“”ကိုပြည့်…မလှ ဆုံးတာ တစ်လကျော်ပြီ

တရှောင်ရှောင်စဖြစ်ခါစကတည်းကမင်းကိုအသိပေးဖို့ငါတို့ပြောသေးတယ်။

မင်းအမေကဘာမှန်းမသိဘူး။

မအားရှာဘူးထင်ပါရဲ့ နေပါစေတဲ့လေ။

ငါ့အထင်နှလုံးကြပ်တာထင်တယ်။

အသက်ရှုမရအောင်ထ ထကြပ်နေတာ။

ရောဂါဖြစ်တာသိပ်မကြာလိုက်ဘူး။

အခြေအနေမဟန်မှန်းသိလို့ မင်းဖုန်းနံပါတ် ကိုငါတို့ကတောင်းတော့ သူသေသွားရင်တောင်အကြောင်းမကြားပါနဲ့တဲ့ သူ့နာရေးကို သူ့နားကပ်ရယ်လက်စွပ်ကလေးရယ်နဲ့ စီစဥ်ပေးပါတဲ့…

တနေ့နေ့ မင်းရောက်လာတဲ့အခါမှသာသိပါစေလို့

ကတိတွေတောင်းသွားခဲ့တယ်ကွာ””


ဖြစ်မှဖြစ်ရလေအမေရယ်

ကျွန်တော် ကိုရင်နင့်အောင်လုပ်ပြီးကျန်ရစ်စေခဲ့တာလား။

ကျွန်တော် အမေ့အိမ်တံခါးလေးကိုဖွင့်ပြီးအားပါးတရငိုရှိုက်လိုက်မိတယ်။

အမေအိပ်ယာခေါင်းရင်းမှာကျွန်တော်ဘွဲ့ဓာတ်ပုံလေးရှိနေတယ်။


“”လူကသာနေမကောင်းတာနော်။

မင်းဓာတ်ပုံလေးကိုဖြုတ်ပြီးသူ့ခေါင်းရင်းမှာအမြဲထားတယ်။

မှန်ဘောင်ကိုအဝတ်စနဲ့အမြဲသုတ်တယ်။

ဂုဏ်ယူရတဲ့သားဆိုပြီးအမြဲချီးကျူးနေရှာတာ””


ကျွန်တော် ဓာတ်ပုံလေးကိုယူကြည့်လိုက်ပါတယ်။

ဓာတ်ပုံလေးဟာလုံးဝဖုန်တစ်စက်တောင်ရှိမနေခဲ့ပါဘူး။

ဓာတ်ပုံလေးကိုအံသြစွာကျွန်တော် ပွတ်သပ်နေရင်း

ဘုရားကျောင်းဆောင်အောက်မှာချိပ်ဆွဲထားတဲ့

အမေ့ဓာတ်ပုံလေးကိုလှမ်းကြည့်လိုက်တယ်။

ဖုန်မူန့်တွေနဲ့ညစ်ထွေးစွာဝါးနေတဲ့ဓာတ်ပုံလေးထဲကနေ အမေဟာကျွန်တော်ကိုပြုံးပြလို့နေပါတော့တယ်။

ကျွန်တော်လည်းအမေ့ကိုရှိခိုးဦးချကန်တော့ရင်း

မျက်ရည်တွေစီးကျလို့ငိုနေမိပါတော့တယ်။


#ယွန်းနှင်းဆီခိုင်