လူကြီးမင်း၏ ရေနွေးခွက်
-------------------------
လူကြီးမင်းသည် ရုံးကိုကြွချီတော်မူလာသည်။ သူ့ရုံးခန်းထဲက အဲကွန်းကို လွန်ခဲ့သော တစ်နာရီလောက် ကတည်းက ရုံးစေကို ဖွင့်ခိုင်းထားသည်။ သူရုံးကို ရောက်လာပြီး ကားပေါ်က ဆင်းလိုက်သည့်အခါတွင် ကားထဲက ဖိုင်အတွဲလိုက်ကို ရုံးစေက လာယူသည်။
ထိုဖိုင်တွဲများသည် လူအထင်ကြီးစေရန်နှင့် အလုပ်တကယ်လုပ်ကြောင်း ပြရန်သာဖြစ်သည်။ ဖိုင်ထဲတွင် တွဲထားသော စာတွေက ဘာတွေမှန်း ထိုလူကြီးမင်း ယခုတိုင်မသိ။ ဖတ်လည်းမကြည့်။ ထိုဖိုင်တွဲများကို အစည်းအဝေးခန်းတွင် အစည်းအဝေးများ လုပ်သည့် အခါ၌လည်း လူကြီးမင်းရှေ့ရှိ စားပွဲတွင် အထပ်လိုက် တင်ပေးထားရသည်။ သို့သော် အစည်းအဝေးပြီးသည်အထိ တစ်ချက်မျှ ဖွင့်မကြည့်။
လူကြီးမင်းက စားပွဲပေါ်မှ ခေါင်းလောင်းလေးကို နှိပ်လိုက်သည်
“တင်”
ရုံးလုလင်တစ်ယောက်က အခန်းတံခါးခေါက်ပြီး ဝင်လာသည်
“အမိန့်ရှိပါ”
“စာတော်ဖတ်ကိုခေါ်လိုက်”
မကြာမီ စာတော်ဖတ်သည် ဖိုင်တွဲတစ်ခုကို ပိုက်ကာ လူကြီးမင်းရုံးခန်းထဲကို ရောက်လာသည်
“ထိုင်ကွယ် ... ဒီနေ့ ဘာတွေ ထူးသလဲကွယ့်”
စာတော်ဖတ်က ယနေ့အတွက် ဆိုရှယ်မီဒီယာပေါင်းစုံက ထူးခြားသည့်သတင်းတွေကို သူ့အားတင်ပြသည်။ လူကြီးမင်းက ခေါင်းတညိတ်ညိတ်နှင့် နားထောင်သည်။
သူ့အထက် ... အထက် ... ဟိုးအထက်က လူကြီးကြီးမင်းတွေနှင့်တွေ့လျှင် သူမည်မျှ ဗဟုသုတရှိကြောင်း နှံ့စပ်ကြောင်း၊ မည်မျှဖတ်ထားကြောင်း ပြောနိုင်ရန်အတွက် စာတော်ဖတ်ကို လစာပေးကာ ခန့်ထားခြင်းဖြစ်သည်။
“ကောင်းပြီး ဒီနေ့အတွက် မှတ်သားစရာလေး တစ်ခုလောက် ပြောစမ်း”
စာတော်ဖတ်ကဆိုသည်
တစ်နေ့တွင် ဇင်ဆရာတော် နန်အင်းထံ ပါမောက္ခကြီးတစ်ဦးရောက်လာသည်။
ဆရာတော်ကို ပါမောက္ခကြီးက ရှိခိုးပြီးလျှင်
“ဆရာတော်ဘုရား တပည့်တော်ကို တစ်ခုခု သင်ပေးကာ လမ်းညွှန်မှု ပြုတော်မူပါဘုရား”
“ကောင်းပြီ ဒကာကြီး ... ရေနွေးကြမ်းများ သောက်ပါဦး”
ဆရာတော်က ပါမောက္ခကြီးရှေ့တွင် လက်ဖက်ရည်ပန်းကန်တစ်လုံးကို ချပေးလိုက်ပြီး သူ့ရှေ့ရှိ ခရားထဲမှ ရေနွေးကို ငှဲ့ပေးသည်။
“ကျေးဇူးတင်ပါတယ်ဘုရား”
ဆရာတော်က ရေနွေးကို ပန်းကန်ထဲ လောင်းထည့်နေသည်။ ရေနွေးက ပြည့်နေသည့်တိုင်အောင် ဆရာတော်က မရပ်မနား ဆက်ပြီးလောင်းထည့်နေသည်။
“ဆရာတော်ဘုရား ရေနွေးက ပြည့်နေပါပြီဘုရား”
ဆရာတော်က သူ့ကိုဘာမျှ မပြော၊ ဆက်ပြီးတော့သာ ရေနွေးကို လောင်းထည့် နေသည်။
“ဆရာတော်ဘုရား ရေနွေးက ပြည့်နေပြီ ဘုရား”
ဆရာတော်က ရေနွေးထည့်ခြင်းကို ရပ်လိုက်သည်
“ဒကာကြီး ... ဟောဒီရေနွေးခွက်ကို သတိထားမိပါသလား”
“ဘာကို ဆိုလိုပါသလဲဘုရား”
“ဒကာကြီး ပြည့်နေတဲ့ ခွက်ထဲကို ထပ်ထည့်လို့မရဘူး ... ထပ်ထည့်ရင် ဒီလိုပဲ လျှံထွက်ကုန်လိမ့်မယ်။ ဒကာကြီးခေါင်းထဲမှာ အပြည့်ပဲ ... ငါထပ်ထည့်လို့ရမယ်မထင်ဘူး”
ယနေ့အဖို့ ဤမျှသာ။
လူကြီးမင်းက စာတော်ဖတ်ကို ပြောလိုက်သည်
“ကောင်းပါ့ကွယ် ... ဒီနေ့အတွက် ကြားလိုက်ရတာ ကောင်းပါပေ့ ... ဘာပြောပြော အစည်းအဝေးရောက်ရင် ကိုးကားပြီး ပြောစရာတစ်ခုတော့ ရပြီပေါ့”
ထိုစဉ် လူကြီးမင်းဆီကို ဖုန်းရောက်လာသည်။
“ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ဟုတ်ကဲ့”
လူကြီးမင်းက ဖုန်းပြောပြီးနောက် သူ့ရှေ့ရှိ ခေါင်းလောင်းကို နှိပ်လိုက်သည်
“တင်”
ရုံးလုလင်က ပြေးဝင်လာသည်
“ဒရိုင်ဘာကို ကားအသင့် ပြင်ခိုင်းထားလိုက် ... ငါသွားစရာရှိတယ်”
မကြာမီ လူကြီးမင်းသည် ဘုန်းကြီးကျောင်းကို ရောက်လာသည်။
ဆရာတော်ကို ဝတ်ပြုလိုက်သည်။ ဆရာတော်ရှေ့တွင် ရေနွေးဗန်းရှိနေသည်။ သူက မနက်က စာတော်ဖတ် ပြောသည်ကို သတိရပြီး
“တပည့်တော် ရေနွေးသောက်ပါရစေဘုရား”
“ထည့်သောက်”
လူကြီးမင်း ဘာဆက်လုပ်ရမှန်းမသိ။ သို့သော် ဘုန်းကြီးကို တရားပြဦးမည်ဟု ကြံကာ ရေနွေးကို ခွက်ထဲ လောင်းထည့်သည်။
ဆရာတော်ကကြည့်နေသည်
သူက ဆက်လောင်းသည်။ ဆရာတော်က မေးသည်
“ဒကာကြီး ဘာလုပ်နေတာလဲ”
လူကြီးမင်းက ရပ်လိုက်ပြီး ပြုံးကာ
“တပည့်တော် မနက်က ဖတ်လာတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြောခွင့်ပြုပါဘုရား"
“ပြောပေါ့”
သူက မှတ်မိသလောက် ပုံပြင်ကိုပြောပြသည်။ ဆရာတော်က ခေါင်းညိတ်ကာ နားထောင်နေသည်။ လူကြီးမင်းက ဆရာတော်ကို
“အရှင်ဘုရား ပြည့်နေတဲ့အထဲကို ထပ်ပြီး ထည့်လို့မရတော့ပါဘုရား”
“ဘာကပြည့်နေတာလဲဒကာ”
“ရေနွေးခွက်ထဲမှာ ပြည့်နေတာကို ပြောတာပါဘုရား”
ဆရာတော်က ပြုံးလိုက်သည်။ ထို့နောက် တစ်လုံးချင်း ပြန်ပြောလိုက်သည်
“ဒကာကြီး ... ဒကာကြီး ထည့်တဲ့ ရေနွေးခွက်ကိုလည်း ပြန်ကြည့်လိုက်ဦး ... မှောက်ထားတဲ့ခွက်ထဲကိုဘယ်က ရေနွေးထည့်လို့ရမှာလဲ။ ခွက်ကိုမလှန်ပဲ ရေနွေးလောင်းထည့်နေတာ ထူးဆန်းလိုက်တာ ... ဒကာကြီး ပြောတဲ့ ပုံပြင်ထဲက ပါမောက္ခကြီးက ပြည့်နေတာ .... ဒကာကြီးမှာက ဘာမှကို ပါလာဟန်မတူဘူး”
တင်ညွန့်
၁.၈.၂၀၂၂