ပညာသည်အဘွားစောနှင့် စုန်းထီးကြီးအဘပိန်
စာစဉ်(၁၆)
(၁)
ဖဒိုနဲ့မနီးမဝေးမှာ ညောင်လေးပင်မြို့ဆိုတာရှိတယ်ဗျ၊ အဲဒီညောင်လေးပင်မြို့မှာ တစ်နှစ်တစ်ခါဆိုသလို မယ်တော်မာယာပွဲဆိုတာကျင်းပတယ်ဗျ၊ အဲဒီအခါ သိပ်စည်တာပေါ့ဗျာ၊ ပွဲဈေးတွေခင်း၊ ဇာတ်ပွဲတွေထည့်နဲ့ တော်တော်ပျော်ဖို့ကောင်းတယ်ဗျ၊ နောက် နှစ်ကျိပ်ရှစ်ဆူလှည့်တဲ့ပွဲဆိုတာလည်းရှိသေးတယ်၊ မြို့ပေါ်ရပ်ကွက်တွေက နှစ်ကျိပ်ရှစ်ဆူဘုရားတွေပင့်ပြီးတော့ လှည့်ကြတာပေါ့ဗျာ၊ လမ်းတစ်လျှောက်ဘုရားလှည့်လာကြတဲ့လူတွေကို သကြားလုံးတွေပေး၊ မုန့်ဖက်ထုပ်တွေ၊ ဗမာမုန့်တွေကျွေးတာပေါ့၊ ကျုပ်တို့အဖို့တော့ အရူးဘုရားပွဲတွေ့သလိုပါပဲ။
ညောင်လေးပင်မှာ ကျုပ်တို့ဆွေမျိုးတွေရှိတယ်ဗျ။ ပွဲတော်အချိန်ရောက်ပြီဆိုရင် အမျိုးတွေကလှမ်းခေါ်ကြတယ်၊ ဒီအခါ ကျုပ်တို့မြေးအဘွားတွေ ညောင်လေးပင်ကို ငါးရက်တစ်ပတ်လောက် သွားလည်ကြတယ်၊ အမျိုးအိမ်မှာတည်းပြီး ညကျတော့ ဘုရားပွဲလည်ကြတာပေါ့၊ ကျုပ်အဘွား မကရင်မက ဗွီဒီယိုတွေ ရုပ်ရှင်တွေ ဝါသနာမပါပေမယ့် ပွဲတော့ တအားကြိုက်တာဗျ၊ ဘယ်မင်းသားက ဘယ်လိုဘာညာဆိုတာ အကုန်မှတ်ထားတာ၊ ကျုပ်တို့က ကလေးဆိုတော့ ဘာလာလာအကုန်ဒေါင်းပေါ့ဗျာ၊ အမျိုးတွေကလည်း ချမ်းသာကြတယ်ဗျ၊ သူတို့က ရွှေဆိုင်ဖွင့်တယ်၊ ရွှေလှော်တယ်ဆိုလား အဲဒါလည်းလုပ်တယ်၊ နောက်ပြီးတော့ ပန်းထိမ်လည်းလုပ်တယ်ဗျာ၊ အခုအချိန်အထိ ညောင်လေးပင်မှာရှိတုန်းပဲဗျ၊ သူတို့အိမ်ကြီးက အကြီးကြီးပဲ၊ အိမ်မှာလည်း ဇိမ်ခံပစ္စည်းတွေရှိတယ်၊ တီဗွီတောင်မှ နှစ်လုံးဗျ၊ ကျုပ်အဖို့တော့ သူတို့အိမ်သွားလည်ရတာလည်း မဟာအခွင့်အရေးကြီးတစ်ခုလိုပါပဲ၊ ရွာမှာဆို တီဗွီကြည့်ချင်ရင် ဗွီဒီယိုရုံသွားကြည့်ရတာမဟုတ်လားဗျ၊ အခုတော့ သူတို့အိမ်တင် တစ်နေ့လုံးထိုင်ကြည့်နေရုံပဲဗျာ၊ အမျိုးအိမ်မှာ ကျုပ်တို့နဲ့ မတိမ်းမယိမ်း ကောင်လေးတစ်ယောက်ရှိတယ်ဗျ၊ သူ့နာမည်က ကိုဇင်လို့ခေါ်တယ်၊ ကိုဇင်နဲ့ကျုပ်နဲ့ အသက်သိပ်မကွာတဲ့အပြင် နှစ်ယောက်စလုံးကလည်း မျောက်ကျအောင်ဆော့ကြတာဆိုတော့ သွားပေါင်းမိတယ်ဗျ၊ သူတို့အိမ်က မြို့စွန်လိုနေရာမျိုးမှာဆောက်ထားတာ၊ ခြံကလည်းအကျယ်ကြီး အိမ်ကလည်း အကြီးကြီးဗျို့၊ အစပိုင်းရက်တွေတော့ တီဗွီကြည့်ရတာ ပျော်ပေမယ့် တစ်ချိန်လုံးပြေးလွှားဆော့တဲ့ကောင်ဆိုတော့ ကြာလာတော့ ပြေးလွှားဆော့ချင်လာတော့တာ၊ နောက်ပိုင်းရက်တွေကျတော့ ကိုဇင်နဲ့ကျုပ်နဲ့ ခြံထဲဆင်းပြီး ဘောလုံးကန်တယ်၊ ကြက်တောင်ရိုက်တယ်၊ အမျိုးစုံကို ဆော့ကြတော့တာပါပဲဗျာ။
သူတို့ခြံဘေးမှာလည်း ခြံကျယ်ကြီးတစ်ခုရှိတယ်ဗျ၊ အဲဒီခြံကြီးအနောက်မှာတော့ ချောင်းတစ်ချောင်းရှိတယ်၊ အဲဒီခြံမှာ အဘပိန်ဆိုတဲ့ အဘကြီးတစ်ယောက်နေတယ်ဗျ၊ ကျုပ်တို့အဲဒီခြံကြီးကို ဘာဖြစ်လို့ စိတ်ဝင်စားရသလဲဆိုရင် အဲဒီခြံထဲမှာ လက်ဝှေ့ထိုးတဲ့စင်တွေဘာတွေလုပ်ထားတယ်၊ လက်ဝှေ့ထိုးတဲ့အိတ်တွေလည်း ချိတ်ထားတယ်ဗျ၊ မနက်မနက်ဆိုရင် အကိုကြီးတစ်ယောက်က လက်ဝှေ့လေ့ကျင့်နေတာတွေ့တယ်၊ တစ်ခါတလေလည်း အဲဒီအကိုကြီးက တခြားလူတွေကို လက်ဝှေ့သင်ပေးနေတာတွေ့ရတယ်ဗျ၊ ကျုပ်တို့က ယောက်ျားလေးဆိုတော့ လက်ဝှေ့ထိုးတာ ဝါသနာပါတယ်ဗျ၊ ဒီအကိုကြီးနာမည်က စံမတူတဲ့၊ နာမည်အရင်းတော့ မသိဘူးပေါ့ဗျာ၊ လက်ဝှေ့နာမည်ကတော့ စံမတူပဲ၊ လူတွေကလည်း သူ့ကိုအဲဒီလိုပဲခေါ်တယ်၊ ကိုယ်လုံးကိုယ်ပေါက်ကောင်းတယ်ဗျ၊ လူကောင်က သိပ်တော့မထွားပေမယ့် သန်တာတော့ အတော်သန်တယ်၊ ဒီအကိုကြီး မနက်မနက် လေ့ကျင့်ခန်းဆင်းလို့ ဒူးတိုက်တာ တံတောင်နဲ့ထောင်းတာ၊ လက်သီးတွေကို ပစ်ပစ်ထိုးတာတွေမြင်ပြီး ကျုပ်တို့တောင် အားကျနေတာဗျ။ ကိုဇင်ပြောတာတော့ ဒီအကိုကြီးက လက်ဝှေ့ချန်ပီယံ လက်ဝှေ့ဆရာတဲ့ဗျာ၊ လက်ဝှေ့ပွဲတွေလည်း သူထိုးရင်နိုင်တာများတယ်၊ ဒီနယ်မှာ သူ့ကိုယှဉ်နိုင်တဲ့လူ သိပ်မရှိလို့ စံမတူဆိုတဲ့ဘွဲ့ကို ရထားတာဆိုပဲဗျ။
တောဘက်က ခြံတွေဆိုတော့ဗျာ ခြံကာထားရင်လည်း အိမ်ရှေ့လောက်ပဲ အဓိကထားပြီးကာထားကြတာ အိမ်ဘေးဘက်တွေကတော့ ခြံမကာထားတာများတယ်၊ တစ်အိမ်နဲ့တစ်အိမ် ယုံကြတာလဲပါမှာပေါ့၊ တစ်ရက်တော့ ကျုပ်က အဲဒီ စံမတူဆိုတဲ့အကိုကြီးနဲ့ မိတ်ဆက်ကြည့်ချင်တယ်ဗျ၊ သူ့ဆီက လက်ဝှေ့ထိုးကွက်တွေဘာတွေ သွားလေ့လာချင်တယ်။ တစ်ရက်တော့ ကျုပ်တို့ ကြည့်ရုံနဲ့အားမရဘဲ ဟိုဘက်ခြံကိုကူးဖို့လုပ်တယ်ဗျ၊ ကိုဇင်က ကျုပ်လက်ကိုဆွဲထားတယ်။
"ငလင်း၊ အဲဒီ့ဘက်ခြံကို မကူးနဲ့ကွ၊ အဲဒီခြံက အဘပိန်ဆိုတဲ့လူကြီးက စုန်းထီးကြီးတဲ့ကွ၊ သရဲတွေဘာတွေလည်း မွေးထားတယ်ပြောတယ်၊ သူ့ခြံထဲ သူ့ခွင့်ပြုချက်မပါဘဲဝင်ရင် သူက ပြုစားလိုက်ရောတဲ့ဟေ့"
ကိုဇင်က မဝင်ရဲဘူးဗျို့၊ ကျုပ်လည်း သူက မဝင်နဲ့ဆိုလို့ မဝင်တော့ပါဘူးဗျာ၊ နောက်ရက်ကျတော့ ကိုဇင်က မြို့ထဲမှာ ဘာလဲမသိဘူးသွားဝယ်တာဗျ၊ ခြံထဲမှာ ကျုပ်တစ်ယောက်တည်းကျန်နေခဲ့တယ်၊ ဟိုဘက်အိမ်က အကိုကြီးက ဆင်းလာပြီး သွေးပူလေ့ကျင့်ခန်းတွေဘာတွေလုပ်နေတယ်ဗျ၊ ကျုပ်သူ့ကိုနှုတ်ဆက်မယ်ဆိုပြီး ခြံကိုဖြတ်အကူးမှာ ကျုပ်ရဲ့အင်္ကျီလည်ကုပ်ကို တစ်ယောက်ယောက်ကဆွဲလိုက်သလိုဖြစ်ပြီး ကျုပ်လည်ပင်းတွေအစ်သွားတယ်ဗျ၊ တစ်ခါ ကျုပ်ကိုဆွဲမြောက်လိုက်သလိုခံစားရပြီး လူက မြေကြီးပေါ်ကနေ တစ်တောင်လောက်မြင့်တက်သွားတယ်ဗျ။ ကျုပ်လန့်ပြီး အသားကုန်အော်ပါရောဗျာ၊ ကျုပ်အော်သံကြားလို့ လက်ဝှေ့လေ့ကျင့်နေတဲ့အကိုကြီးက ပြေးလာတယ်ဗျ၊ သူက ကျုပ်ကိုပွေ့လိုက်ပေမယ့် ကျုပ်က အခုအချိန်အထိ လေပေါ်ကနေကို မကျသေးဘူးဖြစ်နေတယ်ဗျာ၊ ဒီအချိန်မှာပဲ ပိန်ပိန်မည်းမည်းထိပ်ပြောင်ပြောင်နဲ့လူကြီးတစ်ယောက်က ပြေးလာတယ်ဗျ၊ အဘပိန်ဆိုတာ ဒီလူကြီးဖြစ်မယ်ဗျာ၊ ကျုပ်တော့ အခုမှပဲတွေ့ဖူးတာ၊ အဘပိန်က ကျုပ်ကိုကြည့်ပြီး
"ဟေ့ ဘယ်က ခွေးသားလေးလဲ သူများခြံကိုကျူးကျူးကျော်ကျော်ဝင်လာတာ၊ ပြောစမ်း . . . မင်း ငါ့ခြံထဲက ဘာခိုးမလို့လဲကွ"
"ခိုး . . . ခိုးမလို့မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဟိုဘက်ခြံကပါ၊ ဒီအကိုကြီးလက်ဝှေ့ထိုးတာကြည့်ချင်လို့ လာခဲ့တာပါ"
"ဟုတ်ရောဟုတ်လို့လား မင်းကိုအဲဒီဘက်ခြံမှာ မမြင်ဖူးပါဘူးကွာ၊ မင်းငါ့ကို မလိမ်နဲ့နော် လိမ်လို့ကတော့ မင်းကိုတစ်ခါတည်း အသေလုပ်ထည့်လိုက်မယ်"
"တော်ပါတော့အဖေရာ၊ ဒီကောင်လေးကို ကျုပ်မြင်ဖူးပါတယ်ဗျ၊ ခုရက်ပိုင်း မယ်တော်မာယာပွဲရှိလို့ လာလည်တဲ့ကောင်လေးပါ"
သူ့သားဝင်ပြောတော့မှ အဘပိန်က စိတ်လျှော့လိုက်တယ်ဗျ၊ နောက်တော့ လက်ဖျောက်တစ်ချက်တီးလိုက်တဲ့အခါ ကျုပ်က ခွေခနဲပြုတ်ကျတယ်ဗျာ၊ ကိုစံမတူပွေ့ထားလို့သာ မြေပေါ်မကျတာဗျ၊ ကျုပ်အော်သံကြားလို့ အဘွားတို့ ရွှေဆိုင်ဖွင့်တဲ့ ကျုပ်ဦးလေးတို့ ပြေးလာကြည့်ကြတယ်၊ အဘွားက ပြာပြာသလဲနဲ့
"ငလင်း နင်ဘာဖြစ်တာလဲ"
ကျုပ်ဘာမှမပြောရသေးခင် အဘပိန်က
"နောက်ဆို ကိုယ့်တူကိုယ့်သားကို သူများခြံထဲ စွက်စွက်ဖက်ဖက်မဝင်တတ်အောင်သင်ပေးထားစမ်းပါ"
"ငလင်း နင်ဘာဖြစ်သွားသေးလဲဟင်"
"ဘာမှမဖြစ်ပါဘူးအဘွား၊ ခုနကတော့ ဂုတ်ကနေဆွဲခံလိုက်ရသလိုဖြစ်သွားတယ်"
အဘပိန်က တဟားဟားနဲ့ရယ်ပြီး
"မဟုတ်တာတွေကွာ၊ မင်းဟာမင်း ခြံစည်းရိုးဝါးလုံးတိုင်နဲ့ ငြိနေတာများ"
အဘွားက ကျုပ်ကိုခေါ်လာတယ်ဗျ၊ အဘပိန်တို့ကိုလည်း တောင်းပန်လိုက်တာပေါ့ဗျာ၊ ကျုပ်ကတော့ ခြံစည်းရိုးတိုင်နဲ့ငြိတယ်ဆိုတာ မဖြစ်နိုင်ဘူးဗျ၊ ဝါးလုံးတိုင်က ကျုပ်နဲ့တော်တော်လှမ်းတာပါ၊ ပြီးတော့ ဝါးလုံးနဲ့ငြိတယ်ဆိုရင်တောင်မှ မြောက်တက်သွားစရာမရှိဘူးလေဗျာ၊ အိမ်ထဲရောက်တော့ အဘွားက ကျုပ်ကိုဆူပါရောလား။
"ငလင်းရယ်၊ နင့်ကို အဲဒီဘက်မသွားနဲ့လို့ငါမပြောထားဘူးလား"
အဘွားက ပြောရင်း ကျုပ်ဗိုက်ခေါက်တွေကို လိမ်ဆွဲပါရောဗျာ၊ ရွှေလုပ်တဲ့ ကျုပ်ဦးလေးကလည်း
"ဟုတ်တယ်ငလင်း၊ ဒီအဘိုးကြီးတွေက လင်ရောမယားရော ပညာသည်ကြီးတွေကွ၊ သူတို့နဲ့သွားပြီး မပတ်သက်စမ်းပါနဲ့ကွာ၊ အဲဒီခြံကလည်း သူတို့ပိုင်တဲ့ခြံမဟုတ်ဘူး၊ သူများခြံကို မတရားလုပ်ပြီးယူထားတာကွ၊ အရင်က အဲဒီခြံကို ဗိုလ်ကြီးတစ်ယောက်ပိုင်တာ၊ ဗိုလ်ကြီးက ခြံစောင့်ဖို့ဆိုပြီး သူတို့လင်မယားကိုခေါ်ထားလိုက်တာ၊ သူတို့လင်မယားက ဗိုလ်ကြီးတွေကို ဒုက္ခရောက်အောင်ပြုစားပြီးတော့ အဲဒီခြံကို မဟားဒရားသိမ်းယူထားတာကွ၊ အဘွားကြီးသေပြီးတော့ အဲဒီခြံမှာ ခြံစောင့်သရဲကြီးဖြစ်နေတာတဲ့ကွာ၊ နောက်လုံး၀ မပတ်သက်နဲ့ဟုတ်ပြီလား"
သူပြောမှ ကျုပ်တောင်လန့်သွားတယ်ဗျာ၊ အဲဒီအဘပိန်ဆိုတဲ့လူကြီးကိုလည်း တွေ့ကတည်းက စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး ကြောက်လန့်နေမိတာဗျ။
(၂)
မယ်တော်မာယာပွဲမှာ ဇာတ်ပွဲအပြင် ကြည့်ချင်ပွဲတွေအစုံသွင်းတယ်၊ တုတ်ထိုးရုပ်လို့ခေါ်တဲ့ ရုပ်သေးပွဲလည်းရှိတယ်၊ ဒါ့အပြင် မျက်လှည့်ပွဲ ဆပ်ကပ်ပွဲတွေလည်းရှိတယ်၊ နောက်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ပွဲလည်းသွင်းတယ်ဗျာ၊ အဘွားတို့ မိန်းကလေးတွေကတော့ ဇာတ်ပွဲသွားကြည့်တာများတယ်၊ ကျုပ်ရယ်၊ ရွှေလုပ်တဲ့ဦးလေးရယ်၊ ဦးနေထွန်းရယ်၊ ကိုဇင်ရယ် ကျုပ်တို့ယောက်ျားလေးတွေကျတော့ လက်ဝှေ့ထိုးပွဲသွားကြည့်ကြတယ်ဗျ၊ လက်ဝှေ့ပွဲကလည်း လူတွေတအားစည်တာပဲဗျာ၊ ဦးနေထွန်းကလည်း လက်ဝှေ့ဝါသနာအိုးဗျ၊ နောက် အလောင်းအစားတွေ ဘာတွေလည်းပါမယ်ထင်တာပဲ။
တွဲဆိုင်းတွေ တစ်တွဲပြီးတစ်တွဲထွက်တယ်၊ ထိုးကြ ကြိတ်ကြ ကွဲကြပြဲကြနဲ့ပေါ့ဗျာ၊ ကျုပ်ကတော့ သူများတွေအားပေးရင် လိုက်အားပေးတာပဲ၊ အော်ရင်လိုက်အော်တာပဲ၊ ဦးလေးတို့ဝယ်ကျွေးတဲ့မုန့်တွေစားပြီး ဇိမ်ကျနေတာပေါ့၊ အဲဒီမှာ ကိုစံမတူတို့ အလှည့်ရောက်လာတယ်ဗျ၊ သူနဲ့ထိုးရမယ့်လူက ကျွဲကြီးတဲ့၊ ကိုစံမတူ ကိုယ်လုံးကိုယ်ပေါက်တောင့်တယ်ဆိုပေမယ့် ကျွဲကြီးဆိုတဲ့လူနဲ့ယှဉ်လိုက်တော့ သားအဖလိုဖြစ်သွားတယ်၊ ဟိုလူက အသားမည်းမည်း၊ အရပ်မြင့်မြင့်ဗျ၊ ဗလကြီးတွေကလည်း အယ်ထွက်နေတာပဲဗျာ၊ ရုပ်ရှင်ကားတွေထဲက ကပ္ပလီကြီးကျနေတာပဲ၊ လူတွေကလည်း အဲဒီပွဲကို တော်တော်စိတ်ဝင်စားကြတာဗျ။
ဒီလိုနဲ့ ပထမအချီစပါရော၊ ကိုစံမတူက ထိုးပေမယ့် ကျွဲကြီးက ဘာမှသိပ်ပြီးမဖြစ်ဘူးဗျို့၊ ကျွဲကြီးထိုးလိုက်ရင်တော့ ကိုစံမတူတစ်ယောက် လွင့်လွင့်ထွက်သွားတာဗျာ၊ ပထမအချီပြီးတော့ ကိုစံမတူရဲ့မျက်နှာကြီးက ယောင်ယမ်းဖောင်းကားနေပြီဗျ၊ ဒုတိယအချီပြီးတော့ မျက်ခုံးတွေကွဲ ပါးစောင်ကနေ သွေးတွေကျနဲ့ တော်တော်ကိုရွဲပြဲနေပြီဗျာ၊ ဒါကိုတောင် သူက အရှုံးမပေးသေးဘဲ ဆက်ထိုးမယ်ဆိုပဲဗျ၊ သုံးချီမြောက်ရောက်တော့ ကျွဲကြီးတစ်ယောက် တိုက်ကွက်တွေပျက်လာတယ်ဗျ၊ လူကလည်း လှုပ်ရှားတာ လေးလေးကြီးနဲ့ ကုန်းကုန်းကြီးဖြစ်နေတယ်၊ တတိယအချီကစပြီး ကျွဲကြီးအထိနာတာပဲဗျာ၊ ဦးနေထွန်းကတောင်မှ ကျွဲကြီးဘယ်လိုဖြစ်တာလဲဟဆိုပြီး အံ့သြနေသေးတာ၊ လေးချီမြောက်ထိုးတော့ ကျုပ် လူအုပ်ကြားထဲကို သတိထားကြည့်မိတယ်ဗျ၊ အဘပိန်က လူအုပ်ကြားထဲမှာ လက်ကြီးပိုက်ပြီးတော့ ကျွဲကြီးကို သေသေချာချာစူးစူးစိုက်စိုက်ကြည့်နေတာဗျ၊ ပါးစပ်ကလည်း တလှုပ်လှုပ်နဲ့၊ မသိရင်တော့ ကွမ်းဝါးနေသလိုလို တစ်ခုခုစားနေသလိုလိုပေါ့ဗျာ၊ သေချာကြည့်လိုက်ရင်တော့ စားသောက်နေတာမဟုတ်ဘူးဗျ၊ ပါးစပ်လှုပ်ပြီး တစ်ခုခုမန်းမှုတ်နေပုံရတယ်၊ လေးချီမြောက်မှာပဲ ကျွဲကြီးတစ်ယောက် မှောက်သွားပါရောဗျာ၊ ဒိုင်ပွဲရပ်နဲ့ ကိုစံမတူအနိုင်ရသွားတယ်ပေါ့၊ ကျုပ်ကတော့ ဒီအဖြစ်ကို ဘယ်သူ့မှ မပြောရဲဘူးဗျ၊ ယုတ်စွအဆုံး ဦးနေထွန်းတို့ကိုတောင် မပြောရဲဘူးဗျာ၊ သူတို့ကိုပြောလိုက်ရင် ရန်တွေဘာတွေဖြစ်ကုန်မှာစိုးလို့ဗျ။ ကျုပ်စိတ်ထင်တော့ ကိုစံမတူနိုင်အောင် အဘပိန်က သူ့ပညာနဲ့လုပ်လိုက်တယ်ပဲထင်တာ။
နောက်ရက်ကျတော့ ကျုပ်နဲ့ ကိုဇင်လည်း ဆက်ဆော့ကြတာပေါ့ဗျာ၊ အဲဒီ အဘပိန်ကြီးက ခြံနောက်ဘက်က ချောင်းရိုးထဲမှာ ပိုက်ကွန်တွေထောင်၊ မြှုံးတွေထောင်ပြီး ငါးမျှားတယ်ဗျ၊ အဲဒီချောင်းရိုးက မိုးရာသီရေတက်ချိန်ဆိုရင် ရေတွေဖွေးဖွေးလှုပ်နေတာပဲဗျာ၊ မိုးကုန်သွားရင်တောင် ရေတွေတော်တော်များများကျန်တယ်၊ နွေရာသီလောက်မှ ရေခမ်းသွားတာဗျ၊ ကျုပ်နဲ့ကိုဇင်လည်း ငါးဖမ်းမယ်ဆိုပြီး ချောင်းဘက်ကိုဆင်းလာခဲ့ကြတယ်၊ အဲဒီရပ်ကွက်က ဖွဲ့စည်းပုံက အိမ်ရှေ့မှာတော့လမ်းဗျ၊ ခြံနောက်မှာတော့ အဲဒီချောင်းကြီးပေါ့၊ ချောင်းကြီးကို အိမ်တွေက ဖင်ပေးပြီးဆောက်ထားတာ၊ အိမ်ခြံတိုင်းရဲ့အနောက်ကို ချောင်းကဖြတ်သွားတဲ့ပုံပေါ့ဗျာ၊ ကျုပ်တို့ တည်းတဲ့ ကိုဇင်တို့ခြံအနောက်ကနေ ဆင်းသွားရင်လည်း ချောင်းစပ်ရောက်တယ်၊ ကျုပ်တို့ခြံနောက်ဘက်ဆင်းပြီး ငါးတွေလိုက်မျှားဖို့လုပ်တာဗျ၊ အဲဒီမှာဘာသွားတွေ့သလဲဆိုရင် ပိုက်ကွန်ကြီးတစ်ခုထဲမှာ ငါးရံ့ကြီးတွေဖမ်းမိထားတာဗျ၊ ကျုပ်က အနားသွားကြည့်မလို့လုပ်တော့ ကိုဇင်က မသွားနဲ့တဲ့၊ ဒါ သူများထောင်ထားတာဖြစ်မယ်ဆိုပြီးပြောနေသေးတယ်၊ ကျုပ်တို့လည်း ငါးရံ့ကြီးတွေကိုကြည့်ရင်း အသည်းယားလာတာနဲ့ ဘေးမှာတွေ့တဲ့ကျောက်တုံးတွေ မြေစာခဲတွေကောက်ပြီး ပိုက်ကွန်ထဲကူးခတ်နေတဲ့ ငါးရံ့ကြီးတွေကို ပစ်ကြတာပေါ့ဗျာ၊ ဘာရယ်လို့တော့မဟုတ်ပါဘူး၊ ကလေးဆိုတော့လည်း စိတ်ထင်တာလုပ်တာပေါ့။
ကျုပ်တို့လုပ်နေတုန်း အဘပိန်ကြီးရောက်ချလာတယ်ဗျ၊ ကျုပ်တို့ကိုလည်း လှမ်းအော်ပြီးဆဲတာ၊ အဘပိန်က စကားပြောရင် သိပ်မိုက်ရိုင်းတာဗျ၊ အဲဒီမှာ ကျုပ်တို့ကို ငါးသူခိုးတွေလို့ စွပ်စွဲပါရောဗျာ၊
"ဟေ့ကောင်လေးတွေ မိမဆုံးမ ဖမဆုံးမ အုတ်ကြားမြက်ပေါက်ကလေးတွေ မင်းတို့ ငါ့ပိုက်ကွန်ထဲ မိနေတဲ့ငါးတွေကို ခိုးဖို့လာတာမဟုတ်လားကွ မှန်မှန်ပြောစမ်း"
"မခိုးပါဘူး အဘပိန်ရာ၊ ကျွန်တော်တို့က ကွန်ထဲမိထားတဲ့ ငါးရံ့ကြီးတွေကို လာကြည့်တာပါဗျ"
"ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်တို့လက်ထဲမှာလည်း ငါးတစ်ကောင်မှ မရှိပါဘူး"
"အောင်မာ၊ မင်းတို့ မခိုးရသေးလို့ မရှိတာပေါ့ကွာ၊ ငါအရောက်နောက်ကျရင် မင်းတို့ခိုးတော့မှာမဟုတ်လား"
ဖြစ်ချင်တော့ ကျုပ်တို့လက်ထဲမှာလည်း ငါးမျှားတံတွေကိုင်ထားတယ်မဟုတ်လား၊ အဘပိန်က သူထင်တဲ့အတိုင်းကျုပ်တို့ကိုစွပ်စွဲပါရောဗျာ၊ ကျုပ်တို့လည်း အမျိုးမျိုးတောင်းပန်ပြီး ခြံဘက်ကိုပြေးတက်လာခဲ့ကြတယ်၊ တကယ်ဆိုရင် ကျုပ်တို့သွားတဲ့နေရာက ကိုဇင်တို့အိမ်နောက်ဖေးက ချောင်းကမ်းဘေးဗျ၊ အဘပိန်တို့အခြမ်းမဟုတ်ဘူး၊ ပြိုင်ငြင်းကြကြေးဆိုရင် ဒါ ကိုဇင်တို့ပိုင်နက်ပဲ အဘပိန်က သူများမြေပိုင်နက်အစပ်မှာ ပိုက်ကွန်လာထောင်ထားတာဗျ၊ ကျုပ်ကတော့ သိပ်မကျေနပ်ဘူးပေါ့ဗျာ၊ အဘပိန်က ပညာတတ်တယ်ဆိုလို့သာ ကြောက်ကြောက်နဲ့ပြန်လာခဲ့ရတာ။
နေ့လည်ထမင်းစားလို့လည်းပြီးရော ကိုဇင်က ဗိုက်တွေထိုးအောင့်လို့တဲ့ဗျ၊ မခံမရပ်နိုင်အောင် အောင့်ပြီး တအားအားနဲ့ကိုအော်နေရတာ၊ သူ့အဖေက မြို့ထဲက ဆရာဝန်ပြေးပင့်ပြီး ပြတယ်၊ ဆရာဝန်က စမ်းသပ်ပြီးတော့ လေကြောင့်လိုလို အစာအိမ်ကြောင့်လိုလိုပြောတယ်ဗျ၊ ဘာဖြစ်မှန်းတော့ မသိသေးဘူး၊ ဆေးတော့ထိုးပေးခဲ့တယ်၊ မသက်သာရင်တော့ ဓါတ်မှန်တွေဘာတွေရိုက်၊ ရောဂါတွေဘာတွေရှာရမယ်ပေါ့ဗျာ၊ ဆေးထိုးဆေးသောက်ပေမယ့် ကိုဇင်က မသက်သာလာဘူးဗျ၊ အဘွားက ကိုဇင့်ကိုစမ်းကြည့်ရင်း ဒါ သွေးရိုးသားရိုးရော ဟုတ်ရဲ့လားတဲ့ဗျ၊ ကျုပ်က အဲဒီတော့မှ အဘပိန်နဲ့ဖြစ်လာတာတွေကို သွားသတိရတာ၊ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့မှ ဒါအဘပိန်လုပ်တာဖြစ်မယ်ဆိုပြီး အားလုံးက ကောက်ချက်ချလိုက်တာဗျ၊ ဦးနေထွန်းကတော့ အထက်လမ်းဆရာပင့်ပြီး ပြန်လုပ်သင့်တယ်လို့ပြောတယ်၊ အဘွားကလည်း အဘွားစောကို ပင့်ပြီး ပြမယ်ပေါ့ဗျာ၊ ရွှေဆိုင်ပိုင်ရှင်ဦးလေးကတော့ အကျယ်အကျယ်တွေမဖြစ်ချင်ဘူး၊ အဲဒါနဲ့ ကန်တော့ပွဲတွေဘာတွေပြင်ပြီး အဘပိန်တို့အိမ်ကို ကူးသွားကြတယ်။ ကျုပ်က ကလေးဆိုတော့ မလိုက်ရပါဘူးဗျာ၊ အိမ်မှာပဲ ကိုဇင့်အနားမှာ နေနေရတယ်၊ အဘွားတို့တော့ လိုက်သွားကြတာပေါ့၊ သူတို့တွေ တောင်းပန်ပြီး လျှော်ကြေးတွေပေးလိုက်ရတယ်လည်းကြားတယ်ဗျ၊ သူတို့တွေ အိမ်ပေါ်က ပြန်အထွက်မှာ ဒီဘက်အိမ်က ကိုဇင်က ရောဂါတွေယူပစ်လိုက်သလိုမျိုးပျောက်သွားတယ်ဗျာ၊ ခုနက လူးလှိမ့်ပြီးအော်နေရတဲ့လူက အခုတော့ ငုတ်တုတ်ကောက်ထိုင်နေပြီဗျ။
ရွှေဆိုင်ဦးလေးဆိုရင် စိတ်တွေတိုလိုက်တာမှ ပြောမနေပါနဲ့ဗျာ၊ အဘပိန်ကိုလည်း လျှော်ကြေးတော်တော်ပေးလိုက်ရတယ်ဆိုပဲဗျ၊ နောက်ထပ် ဒါမျိုးမဖြစ်အောင် ထပ်ပြီးမပတ်သက်ရအောင်ဆိုပြီး ခြံပတ်ပတ်လည်ကို အုတ်တံတိုင်းခတ်ပစ်လိုက်တာ လူတစ်ရပ်မကဘူးမြင့်တယ်ဗျာ၊ ကုန်တာတော့ တော်တော်ကုန်သွားမှာဗျ၊ အုတ်တံတိုင်းခတ်တုန်းကတောင် အဘပိန်က သူ့ခြံက ဒီလောက်ရှိဘာတယ် ဘာညာဆိုပြီးလုပ်နေသေးလို့ အနောက်ကို ငါးပေလောက်ဆုတ်ပြီး ခတ်ရတယ်ဆိုပဲဗျ၊ ဒီလူကြီးကတော့ တော်တော်တရားလွန်တာပဲဗျာ၊ ဦးလေးကတော့ အေးအေးဆေးဆေးပါပဲ၊ ငါးပေလောက်က သူ့အတွက်ဘာမှမဟုတ်ဘူးဆိုပြီး ဆုတ်ပေးလိုက်တာ ယူရဲရင်ယူပါလေ့စေတဲ့။
(၃)
ကျုပ်တို့ရွာပြန်ရောက်ခဲ့ကြတာပေါ့ဗျာ၊ အဲဒီအကြောင်းတွေလည်း မေ့မေ့ပျောက်ပျောက်ဖြစ်ကုန်တာပေါ့၊ ဦးနေထွန်းက လက်ဝှေ့ဝါသနာအိုးလည်းဖြစ် ကားသမားဆိုတော့ အပေါင်းအသင်းကလည်းဆန့်တယ်ဗျ၊ တစ်ရက်ကျတော့ သူတို့အိမ်ကို ဧည့်သည်တစ်ယောက်ခေါ်လာတာဗျ၊ အဲဒီလူက ကရင်ပဲ၊ လက်ဝှေ့သမားဗျ၊ ကျုပ်တို့ဖဒိုရဲ့ တောင်ဘက်နားက ဘွဲ့ကျင်ဆိုတဲ့ရွာကပေါ့ဗျာ၊ အသားဖြူဖြူ ဗလတောင့်တောင့်နဲ့ပဲဗျ၊ သူ့ရုပ်ရည်က ခုခေတ် တရုတ်မင်းသား ဒေါင်နီယန်းတို့လိုပုံစံပဲ၊ လက်သီးကြီးတစ်လုံးတစ်လုံးကလည်း နည်းတာကြီးမဟုတ်ဘူးဗျ၊ ကျုပ်တို့ကတော့ သူ့ကို အကိုစောလို့ပဲခေါ်တယ်၊ သူက လက်ဝှေ့သမားဆိုပေမယ့် တက်သစ်စလို့ပဲပြောရမှာပေါ့၊ သိပ်နာမည်မကြီးသေးဘူး၊ ဒါပေမယ့် ထိုးခဲ့ဖူးတဲ့ပွဲတိုင်းလိုလို နိုင်တာမို့လို့ ဖဒိုဝန်းကျင်မှာတော့ နာမည်ရနေပြီလို့ပြောရမှာပေါ့ဗျာ။
ဦးနေထွန်းတို့အိမ်က ကျုပ်တို့အိမ်နဲ့ ခြေရင်းခေါင်းရင်းပဲလေဗျာ၊ ဦးနေထွန်းအိမ်မှာ သုံးရက်လောက်တည်းရာကနေ ကျုပ်တို့နဲ့ရင်းနှီးသွားတယ်ဗျ၊ အဲဒီ အကိုစော လက်သီးက ဘယ်လောက်ပြင်းသလဲဆို လက်သီးထိုးလိုက်ရင် ဝှီးခနဲ ဝှစ်ခနဲ အသံကြီးထွက်တယ်ဗျ၊ သိုက်ဝါး မျှင်ဝါးလို ဝါးတိုင်ကို လက်ဖျံနဲ့ရိုက်ရင် ဝါးလုံးက တစ်ခါတည်း ဖွာကိုထွက်သွားတာဗျ၊ ဝါးပိုးဝါးလို ဝါးမျိုးကိုထိုးရင် ဝါးပါကွဲထွက်သွားတာ။ အဲဒီမှာ ခင်သွားတယ်ပဲပြောပါတော့ဗျာ၊ ဦးနေထွန်းမရှိရင်လည်း ကျုပ်တို့အိမ်ကို ဝင်ဝင်လာတတ်တယ်၊ အဘွားကလည်း ထမင်းဟင်းတွေချက်ကျွေးတယ်၊ စားလည်းတော်တော်စားနိုင်တယ်ဗျ။
ဒီလိုနဲ့ ကျုပ်တို့ဖဒိုမှာ ပွဲတစ်ပွဲဖြစ်ပါရောဗျာ၊ ပုံမှန် သီတင်းကျွတ်ဆိုရင် နှစ်ကျိပ်ရှစ်ဆူပွဲလုပ်တယ်ဗျ၊ ညောင်လေးပင်လောက်တော့ မစည်ကားပေမယ့် သူ့ဟာနဲ့သူတော့ စည်တာပါပဲ၊ အဲဒီနှစ်က ဘုန်းကြီးပျံလား ဘာလား အဲဒါနဲ့သွားတိုးပါလေရော၊ ပုံမှန်စည်ရာကနေ ဇာတ်ပွဲတွေ အငြိမ့်ပွဲတွေသွင်းတယ်၊ အဲဒီမှာ ရိုးရာလက်ဝှေ့ပွဲလည်း ပါတာပေါ့ဗျာ။ အကိုစောက ဖဒိုရောက်ရင် ကျုပ်တို့အိမ်မှာပဲတည်းတယ်ဗျ၊ ခုလည်း လက်ဝှေ့ပွဲဝင်ပြိုင်ဖို့ဆိုပြီး ကျုပ်တို့အိမ်ကိုရောက်လာတယ်။ သူနဲ့အတူ သူ့အကိုလား လူတစ်ယောက်လည်းပါတယ်ဗျ၊ ဦးနေထွန်းက ကားလိုက်နေတဲ့အချိန်ဆိုတော့ အိမ်မှာမရှိဘူးပေါ့ဗျာ၊ ကျုပ်တို့ အဘွားတို့က ဧည့်ခံရတာပေါ့။ အကိုစောက သူထိုးမယ့်နေ့ သူနဲ့အတူတူ လက်ဝှေ့ပွဲလိုက်ကြည့်ပါ၊ လိုက်အားပေးပါလို့ ခေါ်တယ်ဗျ။ ကျုပ်ကတော့ လိုက်ချင်တာပေါ့၊ အဘွားက ဒါမျိုးတွေ ဝါသနာမပါဘူး ထိုးတာကြိတ်တာတွေ မကြည့်ချင်ဘူးဆိုလို့ မလိုက်ဘူး၊ အဘွားက ဘယ်သွားလဲဆိုတော့ ဇာတ်သွားကြည့်တယ်။
အဘွားစောက တော်ရုံဆို လူကြားသူကြားထဲမသွားပေမယ့် အဲဒီညက အဘွားခေါ်လို့ ဇာတ်ပွဲလိုက်ကြည့်တယ်၊ ပွဲခင်းထဲရောက်တော့မှ အဘွားတို့က ဇာတ်ရုံနားမှာနေခဲ့ကြတယ်၊ ကျုပ်ကတော့ အကိုစောနဲ့ လက်ဝှေ့ရုံကိုသွားတာပေါ့။ ရုံထဲမှာတော့ ဒိုင်လူကြီးတွေ ဘာတွေနဲ့ ရှုပ်ယှက်ခတ်နေတာပဲဗျာ၊ ကျုပ်ကလည်း ဟိုလုပ်ဒီလုပ်နဲ့ ကူညီပေးရတယ်ဗျ၊ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ရုံထဲဝင်လာတဲ့ ကိုစံမတူကိုတွေ့လိုက်ရတာပဲဗျာ၊ သူ့ကိုတွေ့တော့ ကျုပ် အကိုစောအတွက်စိတ်ပူသွားမိတယ်ဗျ၊ ပိုဆိုးတာက ကိုစံမတူအနောက်ကနေ လိုက်ဝင်လာတာက သူ့အဖေ အဘပိန်ကြီးဗျ၊ အဘပိန်ကြီးကိုမြင်လိုက်တော့ ကျုပ်ဖြင့် သရဲတစ္ဆေမြင်လိုက်ရသလိုမျိုးကို လန့်ဖျပ်သွားမိတာ။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဘပိန်လုပ်လို့ ကျွဲကြီးရှုံးခဲ့တာကို ကျုပ်မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီးပြီလေဗျာ၊ အခု ကိုစံမတူလည်းရောက်လာတယ်၊ အဘပိန်လည်း ပါတယ်ဆိုတော့ သူတို့တွေညစ်ကြမယ်ဆိုတာ ကြိမ်းသေတယ်ဗျ၊ အကိုစော ဘယ်လောက်ကောင်းကောင်း ဘယ်လောက်တော်တော် ဟိုလူတွေယုတ်ပတ်ရင်တော့ မရဘူးပေါ့ဗျာ၊ ကျုပ်ဖြင့်် စံမတူနဲ့ အကိုစောနဲ့ မထိုးကြရင်ကောင်းမယ်လို့ စိတ်ထဲတွေးနေတုန်းမှာပဲ သူတို့အချင်းချင်းစကားတွေပြောတယ်ဗျ၊ ပြီးတော့ ဒီပွဲမှာ ကိုစံမတူရယ် အကိုစောရယ်က စိန်ခေါ်ပြီးထိုးမှာတဲ့ဗျာ၊ လူတွေကလည်း ဒီပွဲကိုကြည့်ချင်လို့ အမိအရလာကြတဲ့လူတွေချည်းပဲ၊ ကျုပ်ကတော့ စိတ်ထဲတော်တော်ထင့်နေပြီဗျ၊ အကိုစောကိုသာ အောက်လမ်းနည်းနဲ့သုံးရင် အကိုစောရှုံးမှာကြိမ်းသေတယ်ဗျ၊ ပုဂ္ဂိုလ်စွဲတယ်ပဲပြောပြော ကျုပ်တို့နဲ့ခင်နေတဲ့ အကိုစောတစ်ယောက် ရှုံးနိမ့်မှာကို မမြင်ချင်မိတာအမှန်ပဲ၊ ဟိုလူတွေ ကလိမ်ကကျစ်ကျပြီး အနိုင်ရသွားမှာကိုလည်း ခံပြင်းနေမိတယ်ဗျ၊ ကျုပ်ဘာလုပ်ရမှန်းမသိဘဲ စဉ်းစားနေတုန်းမှာ တစ်ပွဲပြီးတစ်ပွဲ ထိုးနေကြတယ်၊ သုံးပွဲမြောက်တော့ အကိုစောနဲ့ စံမတူရဲ့ပွဲဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့တာနဲ့ ရုံထဲကနေပြေးထွက်လာခဲ့လိုက်တယ်၊ အကိုစောကတောင်မှ ကျုပ်ကိုကြောင်ပြီးကြည့်နေသေးတယ်ဗျာ၊ ကျုပ်ကတော့ ကိုယ့်မျက်စိရှေ့မှာ အကိုစောတစ်ယောက် မရှုမလှခံရပြီး ရှုံးနိမ့်သွားတာကို မမြင်ချင်ဘူးဗျ၊ ဒါနဲ့ ရုံအရှေ့ထွက်ပြီး စဉ်းစားနေတုန်း ဖြတ်ခနဲ အဘွားစောကို သွားသတိရတယ်၊ အဘပိန်စွမ်းတယ်ဆိုပေမယ့် ကျုပ်တို့ဘက်မှာလည်း အဘွားစောရှိနေသေးတာပဲမဟုတ်လားဗျာ။ ကျုပ် လက်ဝှေ့ရုံကနေ ဇာတ်ရုံဆီကိုပြေးလာခဲ့လိုက်တယ်ဗျ။
ဇာတ်ပွဲက မစသေးဘူးဗျ၊ သီချင်းတွေဆိုနေတုန်းရှိသေးတာ၊ ကျုပ် ပွဲခင်းထဲမှာ အသံပြဲကြီးနဲ့လိုက်အော်ပြီးရှာနေမိတယ်၊ အဘွားတို့က ဟိုးဇာတ်စင်ရှေ့နားမှာဗျ၊ ဘာမပြောညာမပြောနဲ့ ကျုပ် အဘွားစောလက်ကိုဆွဲပြီး အတင်းဆွဲခေါ်နေမိတယ်၊ အဘွားစောကလည်း ကြောင်တောင်တောင်နဲ့ပေါ့ဗျာ။
"ငလင်းရယ် အလန့်တကြားနဲ့ ဘာဖြစ်ရပြန်ပြီလဲ"
"အဘွားစောလိုက်ခဲ့ပါဗျာ၊ အဘွားစော ကျွန်တော့်အနောက်ကို လိုက်ခဲ့ပါ၊ အရေးကြီးလို့ပါ၊ ဒီကိစ္စက အဘွားစောကယ်မှဖြစ်မှာပါ"
အဘွားကတောင် ကျုပ်ကိုအံ့သြနေတယ်ဗျ၊
"ဟဲ့ငလင်း၊ ဘာလာလုပ်တာလဲ၊ ပွဲကြည့်မယ်ဆိုရင်ထိုင်စမ်း၊ မကြည့်ဘူးဆိုရင်ထွက်သွား၊ နင်ဒီလို မိုးတိုးမတ်တပ်လုပ်နေရင် အနောက်ကလူတွေက ပြောင်းဖူးရိုးနဲ့ပေါက်လိမ့်မယ်ဟဲ့"
"နေပါစေ ကရင်မရယ်၊ ငလင်းနဲ့ငါ ခဏလိုက်သွားပါအုံးမယ်"
အဘွားစောက အားယူပြီးထတယ်ဗျ၊ နောက်တော့ တောင်ဝှေးတစ်ချောင်းနဲ့ လူအုပ်ကြားကတိုးဝှေ့ဖြတ်ကျော်ပြီး ကျုပ်ခေါ်ရာအနောက်ကိုလိုက်ခဲ့တာပေါ့၊ အဘွားစောက ခြေထောက်မသန်တော့ လမ်းလျှောက်တာ နှေးတုံ့နှေးတုံ့နဲ့ဗျ၊ ကျုပ်ကတော့ ဇောကပ်နေပြီဗျာ၊ အဘွားစောလက်တစ်ဖက်ကို တွဲပြီး ခပ်မြန်မြန်ဆွဲခေါ်သွားမိတယ်ဗျ၊ နောက်ဆုံး လက်ဝှေ့ရုံထဲကို ဆွဲခေါ်လာလိုက်တယ်၊ ကျုပ်တို့ရောက်သွားတာ ကပ်သီးကလေးပါပဲဗျာ၊ ဒုတိယအချီရောက်နေပြီဗျ၊ အကိုစောတစ်ယောက် ပြဲကွဲနေအောင်ခံရပြီ၊ အရင်က လက်သွက်တဲ့အကိုစောက အခုတော့ လေးလေးကြီးဖြစ်နေတယ်၊ ကိုစံမတူ ထိုးထည့်တဲ့ လက်သီးချက်တွေကို လက်ဖျံနဲ့မထိတထိကာနေရတယ်ဗျ၊ သူက ပြန်ထိုးတော့လည်း လက်သီးက မမြန်ဘူးဗျာ၊ ရေထဲမှာထိုးနေရသလိုမျိုး လေးလေးကြီးဗျ၊ ဟိုက ရှောင်ပြီးသူ့ကိုချည်း ပြန်ထိုးတာ။ ကျုပ်လူအုပ်ကြားထဲလိုက်ရှာရင်း အဘပိန်ကြီးကိုတွေ့လိုက်ရတယ်။
"အဘွားစော . . . ဟိုမှာ ဟိုမှာ ဟိုလူကြီးကိုကြည့်လိုက်"
အဘွားစောက ကျုပ်ပြတဲ့နေရာကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်ဗျ၊ အဘပိန်က စင်ပေါ်ကိုပဲကြည့်နေလို့ ကျုပ်တို့ကိုမြင်ပုံမရဘူး၊ အဘွားစောက သေချာကြည့်ပြီး
"အောင်မာ၊ ဘပိန် . . . ဘပိန်၊ ငါ့နယ်မှာလာပြီး လူစွာလာလုပ်နေတာကိုး"
"အဲဒီလူက စုန်းထီးကြီးတဲ့ အဘွားစောရ၊ သူ့ပညာနဲ့ သူများကိုလုပ်ပြီး အနိုင်ယူနေတဲ့လူကြီး"
"သိတယ်ငလင်း၊ ငါသူ့အကြောင်းသိပြီးသား နင်အသာနေ"
အဘွားစောက သူ့လက်ထဲက တောင်ဝှေးကို ကျုပ်ကိုလှမ်းပေးတယ်ဗျ၊ ပြီးတော့ အဘပိန်ဆီကြည့်ပြီး လက်ခုပ်တစ်ချက်တီးလိုက်တယ်၊ လူသံတွေ အော်ဟစ်သံတွေဆူညံနေပေမယ့် အဘပိန်က အဘွားစောရဲ့လက်ခုပ်သံကိုကြားသွားတယ်ဗျာ။ အဘွားစောဘက်ကိုလှည့်ကြည့်ပြီး ဘာလုပ်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်တာဗျ၊ ပြီးတော့ အဘွားစောကို မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်တာ၊ အဘွားစောက ခါးထောက်ပြီး ပြန်ကြည့်တယ်ဗျ၊ ကျုပ်စိတ်ထင်တော့ သူတို့တွေပညာပြိုင်နေကြတာဖြစ်မယ်ဗျ၊ ဇာတ်လမ်းတွေထဲကလိုဆိုရင်တော့ အလင်းရောင်ကြီးတွေ မီးလုံးကြီးတွေ ပစ်နေတဲ့ပုံမျိုးဖြစ်မှာပေါ့ဗျာ၊ အပြင်မှာတော့ ဘာမှမဖြစ်ဘူးဗျ၊ အဲဒီလိုလုပ်နေရင်း အဘပိန်က အံကြီးကြိတ်လို့ တော်တော်ဒေါသထွက်သွားပုံရတယ်ဗျ၊ အဘွားစောကတော့ ခပ်ထေ့ထေ့ကလေးပဲပြုံးနေလိုက်တယ်။ ကြည့်ရတာ အဘွားစောနိုင်သွားပုံပဲဗျ၊ စင်ပေါ်ကိုလှမ်းကြည့်လိုက်တော့ အကိုစောနဲ့ ကိုစံမတူနဲ့ သူနိုင်ကိုယ်နိုင်အပြိုင်ထိုးနေကြတယ်ဗျ၊ အကိုစောရဲ့တန်ပြန်တိုက်ကွက်တွေကို ကိုစံမတူက မနည်းကာကွယ်နေရပြန်တယ်၊ လူတွေကလည်း အားပေးလိုက်တာမှ ဝက်ဝက်ကွဲပေါ့ဗျာ။
အဘပိန်က အဘွားစောကိုလက်ညှိုးလှမ်းထိုးတာဗျ၊ သူ့ပုံစံအတိုင်း ပါးစပ်ကပွစိပွစိလုပ်နေပြန်ပါသေးတယ်၊ အဘွားစောက ဘာလုပ်တယ်မှတ်လဲဗျ၊ သူဝတ်ထားတဲ့ထမီကိုအသာဖြေလိုက်ပြီး မိန်းကလေးတွေ ထမီဝတ်ခါနီး ထမီကိုကိုင်လို့ ဟိုဘက်ဒီဘက်အသာခါသလိုမျိုး ထမီကိုခါပြတာဗျ၊ အဘွားကြီးတွေ ထမီဝတ်ရင် အဲဒီလိုမျိုးလုပ်တတ်တယ်လေဗျာ၊ အဘပိန်ရဲ့နဖူးပြောင်ကြီးမှာ ချွေးတွေထွက်ပြီး အဆီတွေဝင်းလို့ ပြောင်လက်နေတယ်၊ အဘွားစောကတော့ ထမီပဲခါပြနေတယ်၊ အဘပိန်ရဲ့ပညာလောက်ကို အဘွားစောက ထမီကြားတောင်မညှပ်ဘူးဆိုတဲ့ သဘောပေါ့ဗျာ၊ ပြီးလည်းပြီးရော ထမီကို ကျကျနနတစ်ခါတည်း ပတ်ပြီးဝတ်လိုက်တယ်၊ အဘွားစောလည်း ထမီဝတ်လိုက်ရော အဘပိန်က ဒူးတွေခွေပြီး ညွှတ်ကျသွားတယ်ဗျာ၊ လဲကျသွားမလိုဖြစ်လို့ ဘေးနားကလူတွေကတောင် အဘပိန်ကိုဝိုင်းဆွဲထားရသေးတယ်ဗျ။ အဘပိန်က တောက်တစ်ချက်ခေါက်ပြီးတော့ အားယူကုန်းထတယ်၊ နောက်တော့လူအုပ်ကြားထဲကနေ တိုးဝှေ့ပြီး ရုံအပြင်ကိုထွက်သွားတော့တာပါပဲ။
အဘွားစောပြောတာတော့ အဘပိန်လွှတ်တဲ့စက်တွေကို ထမီကြားထဲညှပ်ပြီး သိမ်းလိုက်လို့ အဘပိန်ဘာမှလုပ်မရဘဲ ပြန်သွားရတယ်ဆိုတာပဲ၊ ဖြစ်ချင်တော့ အဲဒီပွဲက သရေကျသွားတယ်ဗျာ၊ တကယ်လို့ အကိုစောသာ အရှေ့ပိုင်းနှစ်ချီလောက် အလူးအလဲမခံရဘူးဆိုရင် နိုင်မှာသေချာတယ်ဗျ၊ ဘာပဲဖြစ်ဖြစ် မရှုံးတာပဲ ကျေးဇူးတင်ရတာပေါ့ဗျာ၊ အဘွားစောက
"ဟဲ့ငလင်း၊ နင့်လူနိုင်ပြီမဟုတ်လား၊ လာသွားမယ် ငါတို့ ဇာတ်ပွဲသွားကြည့်ကြမယ်"
အဘွားစောနဲ့ကျုပ်နဲ့ အတူတူထွက်လာခဲ့ကြတယ်ဗျ၊ ဇာတ်ပွဲကိုဆက်ကြည့်နေရပေမယ့် စိတ်ထဲမှာတော့ အဘွားစောကိုကျေးဇူးတင်နေမိတယ်၊ ကျုပ်က ဇာတ်ပွဲတော့ သိပ်ဝါသနာမပါဘူးဗျ၊ သန်းခေါင်ကျတော့ မျက်လုံးတွေစင်းကျလာပြီး ဘယ်လိုအိပ်ပျော်သွားမှန်းကိုမသိပါဘူးဗျာ၊ မနက်မိုးလင်းခါနီး အဘွားနှိုးတော့မှ အိပ်ချင်မူးတူးနဲ့ ထပြီးပြန်လိုက်လာခဲ့ရတယ်။
ကိုစံမတူက အဲဒီပွဲနောက်ပိုင်း တခြားပွဲတွေမထိုးတော့ဘူးဗျ၊ လက်ဝှေ့လောက ကနေအနားယူသွားတယ်ပဲဆိုရမှာပေါ့၊ အကိုစောကတော့ မြန်မာပြည်ပတ်ပြီး လိုက်ထိုးသေးတယ်ကြားတယ်၊ နောက်ပိုင်း အိမ်ထောင်ကျပြီး သူလည်း လက်ဝှေ့ဆက်မထိုးဖြစ်တော့ဘူးတဲ့ဗျာ၊ လယ်အလုပ်ယာအလုပ်တွေကိုပဲ အားသွန်ခွန်စိုက် လုပ်နေလေရဲ့။
ပြီးပါပြီ။