စစ်တပ်မရှိရင်

 စစ်တပ်မရှိရင်

      **************

   (#တင်ညွန့်)

“လူတွေ စစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းမနေရရင် ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အများကြီး ပါဝင်လာနိုင်လိမ့်မယ်” လို့ ဆိုခဲ့သူဟာ ဆရာကြီး အိုရှိုပါ။


စစ်ကိုအကြောင်းပြုပြီး လူတွေ အများကြီးစုဆောင်းတယ်။ စစ်ကို အကြောင်းပြုပြီး တိုင်းပြည်ဘဏ္ဍာတွေ အများကြီး သုံးစွဲနေတယ်။


နိုင်ငံတစ်နိုင်ငံဟာ သူတို့ ချမ်းသာသမျှရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို စစ်တပ်အတွက် အသုံးပြုပေးနေရပြီး၊ ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ နိုင်ငံအတွက် အသုံးပြုပေးနေရပါတယ်တဲ့။


ဒါကြောင့်လည်း စစ်ဝါဒီတွေဟာ စစ်တပ်ကို ကြီးမြတ်အောင်ထူထောင်၊ စစ်သည်တွေစုဆောင်းပြီးတော့ စစ်မာန်ထနေကြတာပေါ့။ 


တကယ်လို့သာ စစ်တပ်အတွက် ၃၀ ရာခိုင်နှုန်းပဲသုံးပြီး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၇၀ ရာခိုင်နှုန်း သုံးစွဲနိုင်ခဲ့ရင် ?


ဆရာကြီး အိုရှို ထောက်ပြတဲ့ စကားတစ်ခွန်းကို ကြိုက်လွန်းပါတယ်


တိုင်းပြည်တစ်ပြည်မှာ စစ်တပ်မရှိရင် ဘာဖြစ်မလဲ ဆိုတာကို ဆရာကြီးက ဖြေပေးထားပါတယ်


“စစ်တပ်မရှိတော့ရင် နိုင်ငံတိုင်းဟာ သူတို့ပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ပဲ အသုံးပြုလာနိုင်လိမ့်မယ်။ အဲဒီအချိန်မှာ ဘယ်သူမှ ဆင်းရဲ ငတ်ပြတ်စရာ အကြောင်းမရှိတော့ဘူး။ ဘယ်သူမှ သူတောင်းစားမဖြစ်တော့ဘူး” တဲ့


ဆရာကြီးက အီသီယိုးပီးယားနိုင်ငံနဲ့ ထောက်ပြပါတယ်


စစ်တပ်ကြီးကို လက်နက်တွေကောင်းသည်ထက်ကောင်းအောင်၊ လူတွေ များသည်ထက်များအောင် ထူထောင် နေသလို၊ တစ်ဖက်မှာလည်း တိုင်းပြည်ကို ဆင်းရဲတွင်း နက်သည်ထက်နက်အောင် လုပ်နေသလို ဖြစ်နေတယ်။ အဲဒီလို နိုင်ငံမှာ စစ်တပ်အင်အားရှိတာ တိုင်းပြည်အင်အားရှိတာမဟုတ်ပါဘူး။ တိုင်းပြည်က ကုန်းကောက်စရာ မရှိအောင် မွဲသွားတာပဲအဖတ်တင်ပါတယ်။

 

စစ်အာဏာရှင်နိုင်ငံတွေမှာ စစ်တပ်ဟာ ပြည်သူအတွက် ဘာမှ အကျိုးပြုပေးနိုင်တာ မဟုတ်မပါဘူး။ လိုင်စင်ရ လူသတ်ခွင့်ရှိသူတွေကို ပြုစုပျိုးထောင်ပေးနေသလို ဖြစ်နေတတ်ပါတယ်။ 


ယဉ်ကျေးမှုကို မြတ်နိုးတဲ့လူတွေဟာ တိုင်းပြည်ကြီးကို ယဉ်ကျေးအောင် ထူထောင်ရမယ့်အစား၊ စစ်တပ်ကို အားပေးပြီး လူရိုင်းတွေကို မွေးထုတ်ပေးနေတယ်လို့ ဆရာကြီး အိုရှိုက ဆိုပါတယ်။


ဆရာကြီး အိုရှိုက နိုင်ငံတိုင်းမှာ စစ်တပ်မလိုဘူး။ နိုင်ငံတိုင်း စစ်တပ်မထားသင့်ဘူး။ ကမ္ဘာ့စစ်တပ်ဆိုပြီးတော့ တစ်ခုတည်းသော စစ်တပ်သာ ရှိသင့်တယ်။ ကမ္ဘာ့စစ်တပ် တစ်ခုတည်းရှိရင် စစ်တိုက်စရာ မလိုတော့ဘူး။ ကိုယ့်ပြည်သူကို ပြန်ပြီး ပစ်သတ်စရာ မလိုတော့ဘူး။


ကျွန်တော်တို့ အစဉ်အလာနဲ့ ဆန့်ကျင်ပြီး အတွေးလေးတွေ တွေးကြည့်ကြစေချင်ပါတယ်။ 


စစ်တပ်ရှိလို့ ဘာဖြစ်နေသလဲ


စစ်တပ်မရှိရင် ဘာဖြစ်သွားမလဲ


ဆရာကြီးအိုရှိုရဲ့ အတွေးလေးတစ်စက မိတ်ဆွေတို့ကို အထောက်အကူတစ်ခုခု ပြုပါလိမ့်မယ်။


(ကိုးကား-အိုရှိုး၏ခေတ်သစ်လူ့အခွင့်အရေးကြေညာစာတမ်း၊ အောင်မေဃ)


တင်ညွန့်


၂၇.၂.၂၀၂၁