သူတောင်းစားမဖြစ်ချင်သူ

 သူတောင်းစားမဖြစ်ချင်သူ

----------------------------

ကျွန်တော်က ကျောင်းအုပ်ဆရာကြီးနှင့် တစ်နေ့ အေးဆေးစွာ စကားထိုင်ပြောဖြစ်ကြသည်။


“ဆရာကြီး …”


“ဘာလဲကွ”


“ဆရာကြီး သူငယ်ချင်းက မြို့မှာအမြင့်ဆုံးနေရာတစ်နေရာကို ရထားတာလေ”


“အဲဒါ ဘာလုပ်ရမှာလဲ”


“စာသင်ကျောင်းက ပျက်စီးနေပြီလေ ဆရာကြီး။ ရွာကပြင်ပေးဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ နောက်နှစ် လောက်ဆိုရင် ပြိုကျတော့မလားတောင်မသိဘူး”


“အဲဒီတော့”


“ကျွန်တော်တို့ မြို့ကိုတက်ပြီးတော့ ဆရာကြီး သူငယ်ချင်းနဲ့ သွားတွေ့ကြရအောင်ဗျာ”


“ဘာဖြစ်လို့ သွားတွေ့ရမှာလဲ”


“သူ့အနေနဲ့ ပေးလို့ရတဲ့ ရန်ပုံငွေထဲကနေ ကျောင်းအတွက် ပြင်ဆင်စရိတ်လေးများ ချပေးဖို့ပေါ့ ဆရာကြီးရယ်”


“သူတို့က အဲဒီလိုပေးလို့ရသလား”


“ဆရာကြီးနှယ် ရလို့ပဲ ကျွန်းကုန်းကျောင်းကို ငွေတစ်သိန်းတောင် ချပေးသွားတာခင်ဗျ”


ထိုခေတ်က ငွေတစ်သိန်းသည် အတော်လေးများသည်။ ထီပင် အမြင့်ဆုံးဆုမှာ တစ်သိန်းဖြစ်သည်။


“ဟုတ်လား ကျုပ် ဒါတွေ မသိဘူး”


“ခုသိပြီလေ … ဥက္ကဋ္ဌက ဆရာကြီးသူငယ်ချင်းဆိုတော့ ဘာဖြစ်ဖြစ်သူနဲ့သွားတွေ့ကြည့်ပြီး အကျိုး အကြောင်းလေးပြောပြကြတာပေါ့။ ကျွန်တော် ကျောင်းပျက်စီးနေပုံတွေကို ဓာတ်ပုံရိုက်ပေးသွားမယ်”


ထိုစဉ်က ကျွန်တော့်လက်ထဲတွင် ကင်မရာလေးတစ်လုံးလည်း ရှိနေသဖြင့် နောက်တစ်နေ့တွင် ကျောင်းပတ် ပတ်လည်ဓာတ်ပုံတွေ လှည့်ရိုက်ရသည်။ မြို့ရောက်လျှင် ဓာတ်ပုံဆိုင်တွင် သွားကူးရမည်။


လမကုန်မီ ဆရာကြီးနှင့်ကျွန်တော် မြို့ကို လစာထုတ်ဆင်းကြသည်။ ကျွန်တော်တို့ ကျောင်းပုံတွေကို ဓာတ်ပုံ ဆိုင်တွင်သွားကူးကြသည်။ ထိုခေတ်က အဖြူအမည်းပုံတွေခေတ်ဖြစ်သည်။


ဓာတ်ပုံတွေကူးပြီးနောက် ဆရာကြီးနှင့်ကျွန်တော် ဥက္ကဋ္ဌ ရုံးထိုင်ရာကို လာခဲ့သည်။ ဥက္ကဋ္ဌ အလွန် အလုပ် များသောကြောင့် ယနေ့ ရုံးရောက်၊ မရောက် မသေချာဟု စာရေးလေးကပြောသည်။


ကျွန်တော်တို့ နေ့လယ် ၁ နာရီထိုးသည်အထိ စောင့်ကြသည်။ ထမင်းတွေလည်း ဆာလှပြီ။ နောက်ဆုံး မလာနိုင်တော့ဟု စာရေးမလေးတစ်ယောက်ကပြောမှ ကျွန်တော်တို့ စိတ်လျှော့ကာ ပြန်ခဲ့ကြသည်။


ကျွန်တော်တို့ လမ်းဘေးဆိုင်တွင် ထမင်းဝင်စားကြသည်။ ကျွန်တော့်ဆရာကြီးက


“ဆရာ ကျွန်တော်တို့ ဘာဖြစ်လို့ သူ့ကိုရုံးမှာ တွေ့ရမှာလဲ။ သူနဲ့ ကျွန်တော်က လည်ပင်းဖက်ကြီးလာတဲ့ သူငယ်ချင်းတွေပဲ။ သူ့မိန်းမကလည်း ကျွန်တော်နဲ့ သူငယ်ချင်းတွေလေ။ ကျွန်တော်တို့ သူ့အိမ်ကို လိုက်သွား ကြတာပေါ့”


“ဆရာကြီးက သူ့အိမ်ကို သိလိုလား”


“ပါးစပ်ပါ ရွာရောက်တာပဲဗျာ”


ကျွန်တော်တို့ ဥက္ကဋ္ဌနေသည့်အိမ်ကို မေးမြန်းစုံစမ်းသည်။ အလွယ်တကူသိသဖြင့် ညနေစောင်းအချိန်တွင် ကျွန်တော်တို့ဆရာတပည့်နှစ်ယောက် မြင်းလှည်းတစ်တန်၊ ကုန်းကြောင်းတစ်လှည့် ဥက္ကဋ္ဌနေသည့် ခမ်းနားသော တိုက်ကြီးနှင့် ခြံဝင်းကို ရောက်ခဲ့သည်။


ခြံဝအရောက်တွင် ခြံထဲက ကားတစ်စီးထွက်လာသည်။


“ဟယ် … နင် ကိုဇော်မဟုတ်လား”


“အေး နင် မိသီနော်”


“နင်ငါတို့ဆီလာလည်တယ် ဟုတ်လား”


“အေးလေ … နင့်ယောက်ျား ဖေတင်ရှိလား”


“ရှိတယ် … ရှိတယ် … ဘုရားရှိခိုးနေတယ်။ သူက ဘုရားရှိခိုးရင်ကြာတယ် ဝင်သာတွေ့လိုက်။ ငါ ဘုရားကိုးဆူ ရှိလို့ သွားလိုက်ဦးမယ်။ ငါပြန်လာမှ ပြန်နော်။ တစ်နာရီလောက်ပဲ”


“အေး … အေး”


ကျွန်တော်တို့ကို သူ့ခြံကြီးရှင်က ဝင်ခွင့်ပြုသဖြင့် ခြံစောင့်ကလည်း တံခါးမှ အိမ်ဆီသို့ သွားခွင့်ပြုလိုက်သည်။


ကျွန်တော်တို့ တိုက်ကြီး ဆင်ဝင်အောက်ကို ဝင်လိုက်စဉ်တွင် ဘုရားရှိခိုးသံကြီးကို အောင်မြင်သော အသံကျယ် ကြီးဖြင့် ရွတ်ဆိုပူဇော်နေသံကို ကြားလိုက်ရသည်။


“ဘုန်းတော် အနန္တ … ဂုဏ်တော် အနန္တ … ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ ဘုရား တပည့်တော် ဤသို့ပြုရ ကောင်းမှု ကုသိုလ်တို့ကြောင့် ဘေးရန်ကင်းပါစေ၊ စီးပွားလာဘ်လာဘများ ယခုထက်တိုးပါစေ၊ ရာထူးစည်းစိမ် အာဏာတို့လည်း တည်မြဲပါစေ၊ ပြောတိုင်းအောင်၊ ကြံတိုင်းမြောက်၊ ခရီးပေါက်ပါစေ။ တပည့်တော်ထံ ရတနာစိန်ရွှေ လှည်းလှေစီးတိုက်၊ အိမ်ဦးခိုက်ကာ ဝင်လာမစဲ တသဲသဲ ဖြစ်အောင် စောင်မတော်မူပါ၊ စောင့်ရှောက်တော်မူပါ၊ ပေးကမ်းတော်မူပါ၊ ကယ်မတော်မူပါဘုရား”


ကျွန်တော့်ဆရာကြီးက အိမ်ထဲကိုမဝင် ကျွန်တော့်လက်ကို ဆောင့်ဆွဲကာ


“ဆရာ လာပြန်ကြမယ်”


“ဘာဖြစ်လို့လဲ ဆရာကြီး”


“လာဗျာ ဘာဖြစ်ဖြစ် ပြန်မယ်”


ကျွန်တော်ဆရာကြီးနောက်ကို နားမလည်စွာဖြင့် လိုက်လာခဲ့ရသည်။


ခြံပြင်ကိုလည်းရောက်ပြီ။ အေးဆေးစွာ ရှိချိန်မှ ကျွန်တော်က


“ဆရာကြီးတစ်ခုလောက် ရှင်းပြပါဦးခင်ဗျာ”


“ဘာလဲဗျ”


“ဆရာကြီး သူငယ်ချင်းအိမ်ကို ရောက်ပြီးမှ ဘာဖြစ်လို့ ကျွန်တော့်ကို အတင်းပြန်ခေါ်လာရတာလဲခင်ဗျာ”


“ဆရာ … ဒီမယ် မှတ်ထား ကျွန်တော် သူတောင်းစားမဟုတ်ဘူး”


“ဘယ်ကသာ ဆရာကြီးရယ် … ဆရာကြီးက သူတောင်းစားလားခင်ဗျာ”


“ခင်ဗျား မကြားဘူးလား။ စောစောက ဘုရားရှိခိုးပြီး ဘုရားဆီမှာတောင်းနေတာတွေ။ သူ့အတွက်ချည်း သူတောင်းနေတာ။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ်ရဖို့နဲ့ ဝဖို့တစ်ခုတည်း တောင်းနေတဲ့သူဆီက ကျွန်တော်ဘာမှ ထပ်တောင်းစရာမလိုဘူး။ ကျွန်တော် သူတောင်းစား မဟုတ်ဘူး”


ယခင်ခေတ်တစ်ခေတ် ကာလတစ်ခုကဖြစ်ပါသည်။


တင်ညွန့်


၂၁.၈.၂၀၂၅