ရောက်ခဲ့ဖူးသည် ကျတ်ဌာနီ (စဆုံး)

ရောက်ခဲ့ဖူးသည် ကျတ်ဌာနီ (စဆုံး)


ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်။


(၁)


ကျုပ်ဘဝမှာ မှတ်မှတ်ရရ ကျတ်ရွာကြီးဆီကို ရောက်ခဲ့ဖူးတယ်ဗျ၊ ဒီအဖြစ်တွေက ကျုပ်အသက် သုံးဆယ့်ငါးလောက်မှာဖြစ်ခဲ့တာ၊ (၂၀၁၁" ၁၂) ခုနှစ်လောက်ကပေါ့ဗျာ၊ ကျုပ်က မူလတန်းကျောင်းအုပ်အနေနဲ့ ရာထူးတိုးပြီး ရွာကြီးတစ်ရွာကိုပြောင်းလာခဲ့ရတယ်၊ သြော် . . . ကျုပ်ကိုကျုပ်တောင် မိတ်ဆက်ဖို့မေ့နေတယ်၊ ကျုပ်နာမည်က စိုးထွန်းပါ၊ အသက်က အဲဒီတုန်းက သုံးဆယ့်ငါးလောက်ပေါ့၊ အလုပ်အကိုင်ကတော့ ပညာရေးဝန်ထမ်း ကျောင်းဆရာပေါ့ဗျာ၊ ရာထူးတိုးပြီး ရွာကြီးတစ်ရွာက မူလတန်းကျောင်းကို ကျောင်းအုပ်ဘဝနဲ့ရောက်လာခဲ့ရတယ်၊ အဲဒီရွာကတော့ ရန်ကုန်မန္တလေး လမ်းဟောင်းပေါ်မှာ မေးတင်ပြီးတည်ဆောက်ထားတဲ့ ရွာကြီးပေါ့ဗျာ၊ အိမ်ခြေတင် ထောင်ကျော်ရှိတယ်၊ ရွာဆိုပေမယ့် ရွာမက မြို့မကျဖြစ်နေပြီ၊ ရွာမှာ မူလတန်းလွန်ကျောင်းတစ်ကျောင်းရှိတယ်၊ ရဲကင်းရှိတယ်၊ ကျေးလက်ကျန်းမာရေးဌာနခွဲရှိတယ်၊ စာကြည့်တိုက်တွေ၊ အော်တိုအိတ်ချိန်းရုံးတွေလည်းရှိတယ်၊ ကားလမ်းဘေးမမှာ တည်ဆောက်ထားတဲ့ရွာဆိုတော့ စည်တာလည်း တော်တော်စည်တယ်၊ အနီးအပါးရွာကလေးတွေက ဘာပဲလိုလို ဒီရွာကိုပဲ အားကိုးရတယ်၊ ဈေးနေ့ဆိုရင် စည်လိုက်တာမှပြောမနေပါနဲ့တော့ဗျာ၊ ကားလမ်းကြီးက ရွာအလယ်ကနေဖြတ်သွားတာမို့လို့ ကားလမ်းအရှေ့ဘက်အခြမ်းကို အရှေ့ခြမ်း၊ အနောက်ဘက်အခြမ်းကို အနောက်ခြမ်းလို့ခေါ်သဗျ။


ရွာကလူတွေကတော့ ကျုပ်ကိုဆရာကြီးလို့ခေါ်ကြတယ်၊ အသက်ငယ်ပေမယ့် ဆရာလေးလို့မခေါ်ကြတဲ့အကြောင်းက ကျုပ်တို့ကျောင်းမှာ ကျောင်းဆရာနောက်ထပ်တစ်ယောက်ရှိလို့ပဲဗျ။ သူ့ကိုတော့ ဆရာလေးလို့ခေါ်ပြီး ကျုပ်ကိုတော့ ဆရာကြီးလို့ခေါ်ကြသဗျာ၊ ကျောင်းအုပ်ကြီးမို့လို့ ဆရာကြီးလို့ခေါ်တာလည်းဖြစ်နိုင်ပါတယ်။ ရွာကလူတွေက ကျုပ်ကိုလေးလေးစားစားဆက်ဆံကြတယ်၊ ကျောင်းအုပ်တွေနေဖို့ဆိုပြီး ကျောင်းနဲ့တစ်ခေါ်သာသာလောက်မှာ ခြေတံရှည်အိမ်ကြီးတစ်လုံးဆောက်ပေးထားတယ်၊ အရင်က တာဝန်ကျတဲ့ကျောင်းအုပ်ဆရာမကြီးက သူ့မိသားစုနဲ့အဲဒီမှာနေတယ်ဆိုပဲ၊ အခုကျုပ်က တစ်ယောက်တည်းသမားဆိုတော့ ခြေတံရှည်အိမ်ကြီးက ကျုပ်အတွက် ကျယ်လွန်းနေတယ်။


ဆရာလေးနာမည်က မြင့်မြတ်လို့ခေါ်တယ်ဗျ၊ အသက်ကတော့ နှစ်ဆယ့်ခုနစ်လောက်ပဲရှိတယ်၊ ဆရာလေးက ဒီရွာနဲ့ ခပ်လှမ်းလှမ်းက ညောင်ပင်ကြီး(အမည်လွှဲ) လို့ခေါ်တဲ့ ရွာမှာမွေးတာဆိုပဲ၊ ကျောင်းဆရာဖြစ်တော့ ဒီရွာကိုတာဝန်ကျတယ်၊ အခုရွာကြီးနဲ့ ညောင်ပင်ကြီးရွာနဲ့က တော်တော်လှမ်းတယ်၊ ဆိုင်ကယ်နဲ့သွားရင် လေးငါးနာရီလောက်မောင်းရတယ်ဆိုပဲဗျ၊ ယောက်ျားသားချင်းဆိုတော့ ကျုပ်နဲ့ဆရာလေးနဲ့ ပေါင်းမိကြတယ်ပေါ့ဗျာ၊ ဆရာလေးက ရွာဝေးလို့ ဒီရွာက သူ့ဆွေမျိုးတစ်ယောက်ဆီမှာ ကပ်နေရတယ်၊ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုရင် ရွာကိုပြန်တယ်၊ မပြန်တဲ့အခါလည်း မပြန်ဘူးပေါ့၊ ဆရာလေးက ရိုးသားပါတယ်၊ သူနဲ့ကျုပ်နဲ့ ပေါင်းလို့ပိုကောင်းသွားတာက သူကလည်း စာဖတ်တဲ့သူ၊ ကျုပ်ကလည်း စာသမားပေသမားဆိုတော့ ဝါသနာချင်းတူပြီး တကယ့်ညီအကိုအရင်းတွေလို ခင်မင်သွားမိတယ်။


တစ်ရက်တော့ ဆရာလေးနေတဲ့အိမ်ကိုလိုက်သွားဖြစ်တယ်၊ သူ့ဆွေမျိုးအိမ်က သစ်သားအိမ် ကုပ်ကုပ်ကျဉ်းကျဉ်းကလေးဗျ၊ အိမ်မှာလည်း ကလေးတွေနဲ့ ဆူညံပွက်လောရိုက်နေတာပဲ၊ ဆရာလေးအတွက် သီးသန့်အခန်းတွေဘာတွေမရှိဘဲ ဘုရားစင်အရှေ့မှာအိပ်ရတယ်၊ ခေါင်းရင်းမှာ စာအုပ်တွေပုံလို့ပေါ့၊ ကျုပ်သနားသွားတာနဲ့ ဆရာလေးကို ကျုပ်အိမ်မှာခေါ်ထားလိုက်တယ်၊ ခြေတံရှည်အိမ်အကျယ်ကြီးဟာ ကျုပ်တို့နှစ်ယောက် ကောင်းကောင်းကြီးနေလောက်ပါတယ်ဗျာ၊ ကျုပ်ပြောတော့ ဆရာလေးက တော်တော်ပျော်သွားပုံပဲ၊ သူလည်း ဒီမှာ နေချင်ပုံမရဘူး၊ ဒါနဲ့ ကျုပ်နေတဲ့အိမ်ကိုပြောင်းလာတယ်၊ ကျုပ်လည်း အဖော်ရတယ်မဟုတ်လား၊ တစ်အိမ်တည်းအတူနေတော့ ပိုပြီးရင်းနှီးသွားတယ်၊ ညညဆို ရေနွေးကြမ်းသောက်ရင်း စာအကြောင်းပေအကြောင်းတွေ ပြောဖြစ်တယ်၊ ကျုပ်ဆီကစာအုပ်တွေကို သူကငှားဖတ်၊ သူ့ဆီက စာအုပ်တွေကိုလည်း လဲလှယ်ဖတ်ကြနဲ့ပေါ့ဗျာ။


ဒီလိုနဲ့ ပွင့်လင်းရာသီရောက်လာခဲ့တယ်၊ ဆရာလေးနဲ့ ကျုပ်လည်း တော်တော်ခင်နေကြပြီ၊ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ ဆရာလေးက သူတို့ရွာကို လိုက်ခဲ့ပါလားလို့ ခေါ်တယ်၊ သူတို့ရွာမှာ ရှင်ပြုအလှူတစ်ခုရှိတယ်ဆိုပဲ၊ မိုးတွင်းတုန်းက လမ်းမကောင်းပေမယ့် အခုတော့ လမ်းတွေဖြူးသွားပါပြီတဲ့၊ ကျုပ်လည်း ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းပဲ နေ့စဉ်သွားနေရတာဆိုတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် လိုက်သွားမယ်ဆိုပြီး ခေါင်းညိတ်လိုက်တယ်၊ စနေနေ့မနက်မှာ ကျုပ်နဲ့ဆရာလေးနဲ့ ဆိုင်ကယ်တစ်ယောက်တစ်စီးစီ စီးပြီးထွက်လာခဲ့ကြတယ်၊ ဆရာလေးတို့ရွာကိုရောက်ဖို့က ကားလမ်းမကြီးအတိုင်း အတော်ကြာအောင်မောင်းရတယ်၊ မြို့တစ်မြို့ကိုဖြတ်ပြီးတော့ တာလမ်းမကြီးတစ်ခုကိုတွေ့တယ်၊ အဲဒီ တာလမ်းမကြီးကနေ တောင်တန်းတွေရှိတဲ့ဘက်ကို ဆက်မောင်းရတယ်၊ တာလမ်းကြီးက အစပိုင်းမှာ လမ်းခင်းထားတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ မြေသားလမ်းကြီးဖြစ်သွားတယ်၊ တစ်ချို့နေရာမှာ ကျောက်ခဲတွေခင်းထားလို့ ဆိုင်ကယ်ဘီးမပေါက်အောင် တော်တော်မောင်းယူရတယ်၊ ဒီလိုနဲ့ မောင်းလာကြရင်း နေမွန်းတည့်ချိန်လောက်မှာ ရွာကိုရောက်ခဲ့တယ်၊ ရွာက တောင်ခြေရွာကလေးပါ၊ အိမ်ခြေက တစ်ရာတောင်ပြည့်ချင်မှပြည့်မယ်၊ ရွာသားတွေကတော့ ဥယျာဉ်ခြံစိုက်စားတာများတယ်၊ ကွမ်း၊ ကွမ်းသီး၊ သရက်၊ သီဟိုဠ်ခြံတွေ တော်တော်များများရှိတယ်။


ရွာသားတွေက တော်တော်ကိုဖော်ရွေကြပါတယ်၊ ကျုပ်ကိုလည်း လေးလေးစားစားဆက်ဆံကြတယ်၊ ရွာအနားက ဟိုဘုရား ဒီဘုရားကိုလည်း လိုက်ပို့တယ်၊ စနေနေ့က အလှူဝင်နေ့၊ တနင်္ဂနွေနေ့က အလှူနေ့ပေါ့ဗျာ၊ အလှူက ဆိုင်းတွေဘာတွေမပါပေမယ့် သူ့ဟာနဲ့သူတော့ စည်ပါတယ်၊ အလှူရှင်တွေက ဆရာလေးရဲ့အမျိုးအဆွေတွေလို့ပြောတယ်၊ အလှူပြီးလို့ နေ့တစ်ပိုင်းကျိုးတော့ ကျုပ်မှာပြန်ဖို့ပြင်ရတယ်၊ မပြင်လို့လည်းမရဘူးလေဗျာ၊ မနက်ဖြန်တနင်္လာနေ့ဆိုတော့ ကျောင်းဖွင့်ရက်မဟုတ်လား၊ ကျောင်းမှာ ကျောင်းစောင့်ဆိုတာလည်းမရှိတော့ ကျောင်းရဲ့သော့တွေအကုန်လုံးကို ကျုပ်ပဲကိုင်ထားရတာ၊ ကျောင်းကိုကျုပ်ဖွင့်မှရမယ်။


"ဆရာကြီး ပြန်တော့မလို့လားဗျ"


"ပြန်မှဖြစ်မယ် ဆရာလေးရေ၊ အခုချိန်ခါပြန်မှ မနက်ဖြန်ကျောင်းဖွင့်နိုင်မှာမဟုတ်လား"


"ကျွန်တော်ကတော့ ပြန်လို့မဖြစ်သေးလို့ ဆရာကြီးရဲ့၊ ဒီလိုလုပ်ပါလား ဆရာကြီးအရင်ပြန်နှင့်လေ၊ ကျွန်တော် ဒီကအလုပ်တွေ နည်းနည်းပါးပါးရှင်းပြီးရင် အနောက်ကနေလိုက်လာခဲ့မယ်၊ တကယ်လို့ အချိန်မမီတော့ရင်လည်း မနက်အစောကြီးထပြန်လာခဲ့မယ်"


"မင်းနေချင်ရင် နေခဲ့ပါကွာ၊ ခွင့်တစ်ရက်တစ်လေ ငါလုပ်ပေးပါ့မယ်၊ ငါကတော့ ပြန်မှဖြစ်မယ်ဟေ့၊ သော့တွေအကုန်လုံးက ငါ့လက်ထဲမှာမဟုတ်လား၊ မနက်ဖြန် ဆရာမတွေကျောင်းလာရင် ကျောင်းထဲဝင်မဘဲဖြစ်နေမယ်ကွ"


"အားနာလိုက်တာဆရာကြီးရာ"


"ရပါတယ်ကွာ၊ ကိစ္စမရှိပါဘူး"


ဆရာလေးရဲ့ မိဘတွေ၊ ဆွေမျိုးတွေက ကျုပ်အတွက် အသီးအနှံတွေ၊ စားစရာတွေထည့်ပေးလိုက်ကြသေးတယ်ဗျာ၊ ကျုပ်ရွာကပြန်ဖို့လုပ်တော့ ညနေသုံးနာရီလောက်ရှိရောပေါ့၊ ဆရာလေးက ကျုပ်အနားကပ်လာပြီး


"ဆရာကြီးကို ဖြတ်လမ်းညွှန်လိုက်မယ်၊ အဲဒီလမ်းကသွားရင် ကျောင်းကိုအလွန်ဆုံးသွားရ သုံးနာရီလောက်ပဲ"


"ဟေ၊ ဟုတ်လို့လားကွ"


"ဟုတ်တယ်ဆရာကြီး၊ အလာတုန်းက လမ်းက ရွာစဉ်တွေဖြတ်ပြီးလာရတဲ့လမ်းဆိုတော့ တစ်ကွေ့တစ်ပတ်ကြီးဖြစ်နေတာဗျ၊ အခုပြောတဲ့လမ်းက လှည်းလမ်းဟောင်းကြီး၊ ရွာဆက်ကျဲတယ်ဆိုပေမယ့် လမ်းကဖြူးလို့ဗျ၊ ခေတ်စကားနဲ့ပြောရင် မြို့ရှောင်လမ်းပေါ့ ဆရာကြီးရယ်၊ အမြန်မောင်းရင် နှစ်နာရီသာသာလောက်ဆိုရောက်ပါတယ်၊ မှန်မှန်ကလေးမောင်းရင်တော့ သုံးနာရီလောက်ပေါ့"


"မဆိုးဘူးဟ၊ ငါးနာရီလောက်မောင်းရတဲ့လမ်းကို သုံးနာရီလောက်နဲ့ရောက်မယ်ဆိုတော့ ခရီးတွင်တာအမှန်ပဲကွ"


"ရွာကနေထွက်ရင် တာလမ်းအတိုင်း ဆယ့်ငါးမိနစ်လောက် ဆက်မောင်းလိုက်ဆရာကြီး၊ အဲဒီမှာ လမ်းခွဲကြီးတစ်ခုတွေ့လိုက်မယ်၊ အဲဒီလမ်းကြီးအတိုင်း တန်းတန်းမတ်မတ်သာလိုက်သွား လမ်းဆုံးရင် ကားလမ်းမကိုရောက်မယ်ဆရာကြီး၊ ကားလမ်းမအတိုင်းဆက်မောင်းသွားရင် ဆယ့်ငါးမိနစ်လောက်ဆို ကျောင်းကိုရောက်တာပေါ့ဆရာကြီး"


"အေး၊ လမ်းကသိပ်တော့မခက်ပါဘူးကွာ"


"ကျွန်တော် ဒီမှာ ကိစ္စလေးတွေ နည်းနည်းရှင်းပြီးရင် လိုက်လာခဲ့မယ်ဆရာကြီး"


"အေးပါ၊ ဒါဆို ငါသွားပြီဟေ့"


(၂)


ကျုပ်လည်း ဆရာလေးပြောတဲ့အတိုင်း မောင်းလာခဲ့လိုက်တယ်၊ ဆယ့်ငါးမိနစ်လောက်မောင်းပြီးတော့ လှည်းလမ်းဟောင်းကြီးကိုတွေ့ပါပြီဗျာ၊ လှည်းလမ်းဘေးနားမှာ မြက်တွေပေါက်နေတယ်ဆိုပေမယ့် မြေသားလမ်းကြီးကတော့ ဖြူးလို့ဗျ၊ ဆရာလေးပြောတဲ့အတိုင်း အဲဒီလမ်းကိုချိုးဝင်လာခဲ့တယ်၊ လမ်းဘေးမှာတော့ မြက်ရိုင်းတွေပြည့်နှက်နေတဲ့ကွင်းကြီးတွေ၊ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တောတန်းကလေးတွေပဲရှိတယ်၊ လူနေအိမ်ဆိုလို့ တစ်အိမ်မှကိုမရှိဘူးဗျာ၊ မောင်းလာရင်း ဂျိန်းခနဲမိုးခြိမ်းသံကြီးကိုကြားလိုက်ရတယ်၊ မနက်ကတည်းက မိုးက ခပ်အုံ့အုံ့ရယ်၊ အခုတော့ မိုးသားတိမ်လိပ်ကြီးတွေက ကောင်းကင်တစ်ခွင်မှာ အုံ့ဆိုင်းနေပါရော၊ ကြည့်ရတာ အချိန်အခါမဟုတ် မိုးရွာတော့မယ်ထင်တယ်ဗျ၊ မိုးလေကင်းလွတ်သွားပြီဆိုပေမယ့် တစ်ခါ တစ်ခါတော့လည်း ဒီလိုမျိုး မိုးရွာတတ်တယ်မဟုတ်လား၊ ကျုပ်လည်း ဆိုင်ကယ်လီဗာကိုဆွဲပြီး အရှိန်တင်လိုက်ရတယ်။


လှည်းလမ်းကြီးက လူမသုံးတာကြာပြီဆိုတော့ မြေသားတွေက ပဲ့ကျတဲ့နေရာက ပဲ့ကျနေတယ်၊ တစ်ချို့နေရာလည်း ချိုင့်ခွက်ကြီးတွေ၊ ကျင်းကြီးတွေဖြစ်နေတယ်၊ လှည်းဆိုရင်တော့ သွားဖို့မလွယ်ဘူးဆိုပေမယ့် ဆိုင်ကယ်ကျတော့ အဲဒီကျင်းတွေ ချိုင့်တွေကို ရှောင်ကွင်းပြီးသွားလို့ရတယ်။


ရွာဆက်ကျဲတာကတော့ ပြောမနေပါနဲ့၊ လေးဆယ့်ငါးမိနစ်လောက် မောင်းလာတာတောင် လူနေအိမ်ခြေတစ်အိမ်မှမတွေ့ဘူး၊ တစ်ခါတစ်ခါ အုတ်ဂူပျက်ကြီးတွေရှိတဲ့ သချိုင်းကုန်းဟောင်းကြီးတွေအနားက ဖြတ်သွားရတယ်၊ လွမ်းစေတီလိုလို ဘုရားအို ကျောင်းပျက်တွေလည်း တစ်ချက် တစ်ချက် တွေ့ရသေးတယ်၊ ဒီလိုလူမရှိတဲ့လမ်းကြီးမှာ တစ်ယောက်တည်းမောင်းနေရတယ်ဆိုတဲ့အသိနဲ့ ကျောတောင်နည်းနည်းချမ်းလာတယ်၊ မိုးကလည်း ဖျောက်တောက် ဖျောက်တောက်ကျလာပြီ၊ ကျုပ်လည်း လန့်လန့်နဲ့ သမ္ဗုဒ္ဓေဂါထာကို တဖွဖွရွတ်ရင်းမောင်းလာခဲ့တယ်၊ မကြာခင် မိုးတွေကဆက်တိုက် ဝေါခနဲကျလာခဲ့တယ်၊ ကျုပ်မှာ မိုးကာမပါ ဘာမပါနဲ့ဆိုင်ကယ်ကို အရှိန်လျှော့ပြီးမောင်းရတယ်၊ မိုးမှောင်ကြီးကျလာပြီး မိုးတွေသည်းလိုက်တာလည်း ပြောမနေပါနဲ့တော့၊ မိုးသီးမိုးပေါက်ကြီးတွေက ကျုပ်ကိုယ်လုံးကို တပေါက်ပေါက်နဲ့လာထိတာ တော်တော်စပ်တယ်ဗျာ။ ဆိုင်ကယ်ကိုတောင် မီးဖွင့်ပြီးမောင်းနေရတယ်၊ လက်ကနာရီကိုကြည့်လိုက်တော့ လေးနာရီခွဲလောက်ပဲရှိသေးတယ်၊ ဒါပေမယ့် ရာသီဥတုအနေအထားကြောင့် မှောင်မိုက်နေတာ မသိရင် ညခြောက်နာရီ ခုနစ်နာရီလောက်လို့ထင်ရတယ်။ မိုးရွာတော့ လမ်းကလည်း ဗွက်တွေပေါက်လာတယ်၊ မိုးခိုဖို့နေရာတစ်ခုခုရှာပေမယ့် ဘာမှလည်းမတွေ့ဘူး၊ လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ ကွင်းတွေချည်းပဲဗျာ။


လမ်းဘေးမှာလည်း သစ်ပင်ကြီးကြီးမားမားကို တစ်ပင်မှမရှိဘူး၊ ဆယ့်ငါးမိနစ်လောက် ဆက်မောင်းလာခဲ့ရင်း ဆိုင်ကယ်မီးက မှိုတ်တုတ်မှိုတ်တုတ်ဖြစ်လာတယ်၊ နောက်တော့ ဆိုင်ကယ်က ထိုးရပ်သွားပါရောဗျာ၊ ကျုပ်တော့ တိုင်ပတ်ပြီဗျ၊ ဟုတ်တယ်လေ မိုးတွေက ဒီလောက်ရွာနေတဲ့ကြားထဲ ဆိုင်ကယ်က စက်ရပ်သွားတာကိုး၊ စက်ကိုနှိုးကြည့်တော့ ဘယ်လိုနှိုးနှိုးမနိုးဘူးဗျာ၊ ဆိုင်ကယ်ပေါ်ကဆင်းပြီး ဟိုနှိုက်၊ ဒီနှိုက်နဲ့ တတ်သလောက် မှတ်သလောက် ပြင်ကြည့်တော့လည်းမရဘူးဖြစ်နေတယ်၊ စိတ်တွေလည်း တော်တော်ညစ်လာတယ်၊ နောက်တော့ စိတ်ညစ်ရာကနေ စိတ်တိုလာတယ်၊ ဒီလမ်းကိုညွန်ရပါ့မလားဆိုပြီး ဆရာလေးကိုလည်း အပြစ်တင်နေမိတယ်၊ အဲဒီလိုအပြစ်တင်နေရင်းနဲ့ ကျုပ်အနားကိုလူကြီးတစ်ယောက်ရောက်လာတယ်။


"ဘာဖြစ်နေတာလဲ"


လူကြီးကိုမြင်တော့ ကျုပ်လန့်သွားတာပဲဗျာ။


"ဆိုင်ကယ်ပျက်နေလို့ပါ"


"မိုးတွေကလည်း သဲနေလိုက်တာ၊ ဒီအတိုင်းနေရင် မိုးမိပြီး ဖျားနာကုန်မှာပေါ့၊ အဘနဲ့ ရွာကိုလိုက်ခဲ့ပါလား"


"ဗျာ . . . ဒီနားမှာ ရွာရှိလို့လား"


"ဟိုအရှေ့နားမှာ အဘတို့ရွာရှိတယ်"


သူပြတဲ့နားကိုကြည့်လိုက်တော့ ရွာရှိမရှိ မသဲကွဲဘူးဗျ၊ မိုးတွေရွာနေတာလဲပါမှာပေါ့၊ နောက်ဆုံးကျုပ်က အဘကြီးနဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်၊ ရွာရှိတယ်ဆိုတော့ ဆိုင်ကယ်ပြင်ဆိုင်တွေဘာတွေရှိလောက်တယ်၊ မဟုတ်ရင်တောင်မှ အကျိုးအကြောင်းပြောပြပြီး ဆိုင်ကယ်တစ်စီးလောက်ငှားစီးလို့ရရင် ရနိုင်တယ်မဟုတ်လား၊ နောက်ပြီး မိုးကလည်း တော်တော်သည်းနေတာဆိုတော့ ဒီမှာဆက်နေလို့ကလည်းမဖြစ်ဘူး၊ ဒါနဲ့ပဲ အဘကြီးအနောက်ကို ဆိုင်ကယ်တွန်းပြီးလိုက်ခဲ့လိုက်တယ်၊ အဘကြီးရဲ့ ပုံပန်းသဏ္ဍာန်က ပိန်ပိန်ပါးပါးပဲဗျ၊ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ပင်နီတိုက်ပုံဝတ်ထားတယ်၊ အောက်က ဒူးလောက်ပဲရှိတဲ့ ပုဆိုးတိုတိုကလေးနဲ့ဗျ၊ ခေါင်းပေါင်းကြီးလဲ ပေါင်းလို့ဗျို့၊ သူဆောင်းထားတဲ့ထီးက အနက်ရောင်ကြီး၊ အစကတော့ ခိုထီးလို့ခေါ်တဲ့ ထီးအနက်ကြီးလို့ထင်နေတာဗျ၊ သေသေချာချာကြည့်တော့မှ ပုသိမ်ထီးလို ဝါးနဲ့လုပ်ထားတဲ့ထီးကြီးဖြစ်နေတာ။ အဘကြီးကိုကြည့်ပြီး ကျုပ်စိတ်ထဲ ဇဝေဇဝါဖြစ်လာတယ်၊ အခုခေတ်မှာ ဒီလိုပုံစံဝတ်စားတဲ့လူရှိသေးလို့လားဗျာ၊ ဆောင်းထားတဲ့ထီးကြီးကလည်း ပုသိမ်ထီးလိုဟာကြီးနဲ့၊ ဧကန္တ ဒီလူကြီးက လူမှဟုတ်ရဲ့လားလို့ပေါ့ဗျာ။


အရှေ့နားရောက်တော့ တာလမ်းဘေးနားမှာ လမ်းသွယ်ကလေးတစ်ခုတွေ့တယ်၊ အဘကြီးက လမ်းသွယ်ထဲချိုးဝင်သွားလို့ ကျုပ်လည်းလိုက်ဝင်လာခဲ့တယ်၊ သိပ်မသွားရခင်မှာပဲ အရှေ့မှာရွာတစ်ရွာကိုတွေ့လိုက်ရတယ်။ သစ်ပင်တွေကြားထဲမှာ သက်ကယ်မိုးထားတဲ့ တဲအိမ်ကလေးတွေက အစီအရီပဲဗျ၊ ရွာဆိုပေမယ့် ရွာတန်းရှည်ကြီးတော့မဟုတ်ဘူး၊ အိမ်ကလေးတွေ လေးငါးဆယ်လုံးလောက် ဝိုင်းပြီးဆောက်ထားကြတဲ့ ရွာဝိုင်းကလေးဗျ၊ ရွာအလယ်မှာ ရေတွင်းတစ်တွင်းနဲ့ ကွင်းတစ်ခုရှိတယ်၊ အိမ်ကလေးတွေအားလုံးက အဲဒီကွင်းကို မျက်နှာမူပြီး တည်ဆောက်ထားကြတယ်၊ ရွာထဲရောက်တော့ ဆိုင်ကယ်မပြောနဲ့ ခေတ်ပေါ်ပစ္စည်းဘာမှမရှိတဲ့ရွာကလေးဖြစ်နေတယ်၊ ကလေးတွေက ကိုယ်လုံးတီးနဲ့ မိုးထဲရေထဲမှာ ပြေးလွှားဆော့ကစားနေကြတယ်၊ အဘကြီးက အိမ်တစ်အိမ်ကိုဦးဆောင်ခေါ်သွားတယ်၊ အဲဒီအိမ်က ရွာထဲက တဲအိမ်ကလေးတွေထဲမှာ အကြီးဆုံးအိမ်ကြီးပဲ၊ ဝါးထရံတွေကို အကွက်တွေဖော်ပြီး ရက်လုပ်ထားတယ်၊ ဝါးကာ သက်ကယ်မိုးဆိုပေမယ့် သပ်သပ်ရပ်ရပ်ဆောက်ထားတဲ့အိမ်ပဲဗျ။ အိမ်ပေါ်ကိုတက်လိုက်တော့ အိမ်ရှေ့ခန်းမှာ ဖျာတစ်ချပ်ခင်းထားတယ်၊ တစ်အိမ်လုံးမှာ ခေတ်ပေါ်လျှပ်စစ်ပစ္စည်းတို့ ဇိမ်ခံပစ္စည်းတို့ ဘာမှမတွေ့ရဘဲ တောင်းတွေ၊ ပလုံးတွေ၊ နံရံမှာချိတ်ထားတဲ့ ဓါးတွေကိုပဲတွေ့ရတယ်၊ ဒီအချိန်အထိ ကျုပ်က သိပ်ပြီးသံသယမဝင်သေးဘူး၊ သွားလာရခက်ခဲတဲ့ရွာကလေးဆိုတော့ ခေတ်နောက်ကျတယ်လို့ပဲ ထင်နေတာ။


အိမ်ထဲမှာ ထွန်းထားတာကလည်း ဆီမီးခွက်ဗျ၊ ဆီမီးခွက်တောင်မှ ကျုပ်တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံပဲ၊ အာလာဒင်ဆီမီးခွက်လို ပုံစံကို ကြေးနီနဲ့လုပ်ထားတယ်၊


"မောင်ရင်လည်း မိုးတွေစိုလာတာပဲ အဝတ်အစားလေးဘာလေး လဲထားပါလား"


"မလဲတော့ပါဘူး အဘကြီး၊ အပိုပါတဲ့အဝတ်တွေလည်း မိုးစိုလို့ ရွဲကုန်ပြီထင်ပါတယ်"


"အဲဒီအဝတ်တွေ ပြပါအုံး၊ အဘကြီး မီးကင်ပေးရင် သွေ့ခြောက်သွားမယ်ထင်တယ်"


အဝတ်အစားအိတ်ကို အဘကြီးဆီလှမ်းပေးလိုက်တော့ အဘကြီးက သေချာထုတ်ကြည့်တယ်၊ အဝတ်အစားအိတ်က မိုးလုံတဲ့အိတ်မျိုးမဟုတ်တော့ အထဲက အဝတ်အစားတွေက စိုရွှဲနေတယ်၊ တကယ်တော့ ကျုပ်လည်း အင်္ကျီအစို ပုဆိုးအစိုကြီးနဲ့ သူများအိမ်ပေါ်မှာထိုင်နေရတာ အားနာလှပြီ၊ အဘကြီးက အိမ်ထဲကိုလှမ်းကြည့်ရင်း


"ဟေ့ လုံမရေ၊ ဒီအဝတ်အစားတွေကို သွေ့ခြောက်သွားအောင်လို့ ထင်းမီးဖိုပေါ်မှာ နည်းနည်းလှမ်းပေးစမ်းပါကွယ်"


အဘကြီးပြောတော့ အိမ်ထဲကနေ အပျိုပေါက်အရွယ်လောက် မိန်းကလေးတစ်ယောက်ထွက်လာတယ်။ ဝတ်ထားစားထားတဲ့ပုံစံကိုကြည့်လိုက်တော့လည်း တောဆန်တဲ့လုံမပုံစံပဲဗျ၊ သူက အဝတ်တွေကိုယူသွားပြီးတော့ ဆယ့်ငါးမိနစ်မကြာဘူးပြန်ထွက်လာတယ်၊ သူယူသွားတဲ့ကျုပ်အဝတ်တွေက နေပူပူမှာ ကြပ်ကြပ်လှမ်းထားသလိုမျိုး သွေ့ခြောက်နေတယ်ဗျ၊ အဝတ်အစိုကို မီးကင်လိုက်တယ်ဆိုရင် အနည်းဆုံးတော့ မီးခိုးမှိုင်းနံ့လိုလို အောက်သိုးသိုးအနံ့တစ်ခုရမယ်မဟုတ်လား၊ အခုတော့ ဘာအနံ့မှမရဘဲနဲ့ အကောင်းအတိုင်းဖြစ်နေတာဗျ၊ ကျုပ်သိပ်မတွေးတော့ဘဲ အဝတ်အစားတွေကိုလဲလိုက်တယ်။


အဝတ်လဲပြီးတော့ ကျုပ်ကိုအစားအသောက်တွေထုတ်ကျွေးတယ်၊ ရေနွေးကြမ်းပူပူနဲ့ ပြီးတော့ ပေါက်ပေါက်ဆုပ်ကို ထန်းလျက်နဲ့ဆုပ်နယ်ထားတဲ့ မုန့်မျိုးတွေချကျွေးတယ်၊ ကျုပ်က စားတော့စားချင်တယ်ဗျ၊ စိတ်ထဲလည်း ကြောက်နေမိတာအမှန်ပဲ၊ အဘကြီးက ကျုပ်ကိုကြည့်ပြီး


"စားလိုက်သောက်လိုက်ပါမောင်ရင်ရယ်၊ အဘကြီးတို့ မောင်ရင့်ကိုဘာမှမလုပ်ပါဘူးကွဲ့"


အဘကြီးပြောမှ ကျုပ်က ရေနွေးတစ်ခွက်ကောက်ငှဲ့လိုက်မိတယ်၊ တစ်လမ်းလုံးမိုးတွေစိုလာတာဆိုတော့ လူကလည်းတော်တော်ချမ်းတက်နေပြီဗျ၊ ရေနွေးပူပူတစ်ခွက်ကို သုံးလေးချက်လောက်မှုတ်ပြီး သောက်ထည့်လိုက်တာ လည်ချောင်းထဲပူဆင်းပြီးတော့ တစ်ကိုယ်လုံးလည်း နွေးတက်သွားတယ်။ ဒါပေမယ့် လက်ဖက်ခြောက်အရသာက ခါးပြီးတော့ စိမ်းရွှေရွှေအနံ့ရတာဗျ၊ ကျုပ်အရသာခံနေတုန်းမှာပဲ အဘကြီးက


"သောက်သာသောက်ပါမောင်ရင်ရယ်၊ ဒီလက်ဖက်ခြောက်က ဆေးလက်ဖက်ခြောက်ကွဲ့၊ သောက်ရခဲတယ်၊ ဒါသောက်ပြီးရင် တော်ရုံတန်ရုံဆို မောင်ရင်ဖျားမှာမဟုတ်တော့ဘူး"


ကျုပ်ဖြင့် သုံးခွက်တိတိခပ်သောက်လိုက်တယ်၊ ပေါက်ပေါက်ဆုပ်တွေကိုတော့ မစားတော့ဘူးဗျာ၊ ကျုပ်က အချိုသိပ်မကြိုက်တော့ ဒါမျိုးတွေမစားတတ်ဘူးဗျ၊ အဲဒီလိုစားသောက်ပြီးတာနဲ့ ကျုပ်တို့တွေစကားဆက်မပြောဖြစ်ကြတော့ဘူး၊ အဘကြီးကလည်း အပြင်ကိုပဲငေးကြည့်နေတယ်၊ သူ့အနားမှာထိုင်နေတဲ့ လုံမကလေးကတော့ ကျုပ်ကိုတစ်ချိန်လုံးစူးစူးစိုက်စိုက်ကြည့်တာဗျ၊ ကျုပ်လည်း သူ့ကိုပြန်မကြည့်ချင်တာနဲ့ အပြင်ကိုပဲငေးနေမိတယ်၊ တံစက်မြိတ်ကနေ စီးကျလာတဲ့မိုးရေတွေကို ဘာရယ်မဟုတ် ငေးကြည့်နေမိတယ်ဗျ။


နာရီဝက်လောက်ကြာတော့ မိုးတွေကစဲသွားပြီ၊ ကောင်းကင်ကြီးကလည်း ပြန်ပြီးကြည်တက်လာတယ်။ ကျုပ်ပြန်သင့်ပြီလို့ယူဆလိုက်တယ်။


"အဘရေ၊ ကျုပ်ပြန်မှဖြစ်မယ်အဘ၊ မနက်ဖြန် ကျောင်းဖွင့်ရမှာဆိုတော့ ဒီမှာညအိပ်လို့မရဘူးအဘရဲ့"


အဘကြီးက ကောင်းကင်ကိုတစ်ချက်လှမ်းကြည့်ရင်း


"အခုတော့ မပြန်ပါနဲ့အုံး မောင်ရင်ရယ်၊ ခဏနေတော့မှပြန်ပေါ့"


သူဘာလို့ကျုပ်ကိုမပြန်ခိုင်းလဲဆိုတာ ကျုပ်ဖြင့်မတွေးတတ်ဘူးဗျာ၊ အိမ်ရှင်က မပြန်ပါနဲ့အုံးဆိုတာကြောင့် ကျုပ်ထမပြန်သေးဘဲ စောင့်နေလိုက်တယ်။ နောက်ထပ်ဆယ့်ငါးမိနစ်လောက်ကြာတော့ ပြန်မယ်ဆိုပြီးထပ်လုပ်ရတယ်၊ အဘကြီးက ဒီတစ်ခါမှ ခေါင်းညိတ်တယ်ဗျာ။


"ဒီလောက်ဆို မောင်ရင်ပြန်လို့ရပါပြီ၊ အဘရွာထိပ်အထိလိုက်ပို့ပေးမယ်နော်"


တော်သေးတာပေါ့ဗျာ၊ ကျုပ်ကိုတစ်ညလုံး မပြန်နဲ့ဆိုပြီး ဆွဲထားလိုက်ရင် ငါးပါးမှောက်မှာသေချာတယ်၊ ဒါနဲ့ ကျုပ်လုံမကလေးကိုနှုတ်ဆက်ပြီး အိမ်ပေါ်ကနေဆင်းလာခဲ့တယ်၊ အိမ်ရှေ့မှာရပ်ထားတဲ့ဆိုင်ကယ်ကို ရွာလမ်းကလေးအတိုင်းတွန်းလာခဲ့လိုက်တယ်။ ရွာကလေးက တိတ်ဆိတ်လို့ဗျ၊ အိမ်တွေအကုန်လုံးကလည်း မီးမှောင်ကျနေတယ်၊ ကျုပ်တို့ထွက်ခဲ့တဲ့အိမ်က လုံမလေးကသာ ကျုပ်ကိုတံခါးဝမှာရပ်ပြီး လှမ်းကြည့်နေတယ်၊ အဘကြီးနဲ့ထွက်လာခဲ့ရင်း တာလမ်းမကြီးဆီကိုပြန်ရောက်လာတယ်။


"မောင်ရင့်ဆိုင်ကယ် ကောင်းသွားပြီထင်တယ်"


"မကောင်းပါဘူးအဘရယ်၊ ဒီအတိုင်းပဲတွန်းသွားရမယ်ထင်တာပဲ"


"နှိုးကြည့်ပါအုံး မောင်ရင်ရာ"


အဘကြီးပြောလို့ စက်နှိုးလိုက်တာ တစ်ချက်တည်း ဝုန်းခနဲနိုးတော့တာပဲဗျာ၊ ကျုပ်ဖြင့် တော်တော်အံ့သြနေမိတယ်၊ အချိန်က ညခုနစ်နာရီ ရှစ်နာရီလောက်ရှိရောပေါ့၊ ဆိုင်ကယ်စက်ပြန်နိုးသွားလို့သာ တော်သေးတာပေါ့ဗျာ၊ မဟုတ်ရင် ကျုပ်လမ်းတစ်လျှောက်လုံး ဆိုင်ကယ်တွန်းသွားရမှာမဟုတ်လား၊ အဘကြီးကိုနှုတ်ဆက်ပြီး ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့တယ်၊ ခပ်လှမ်းလှမ်းရောက်တော့ အဘကြီးကို နောက်ကြည့်မှန်ကနေ ပြန်ကြည့်လိုက်တာ တာလမ်းမကြီးမှာ လူသူတစ်ယောက်မှ ရှိမနေဘူးဗျာ၊ ကျုပ်မကျေနပ်လို့ အနောက်ပြန်လှည့်ကြည့်လိုက်တော့လည်း လူတစ်ယောက်မှကိုမရှိတော့တာ၊ ကျုပ်ကလည်း သေချာမှကြိုက်တဲ့လူမျိုးဗျ၊ ဒါနဲ့ ဆိုင်ကယ်ကိုအနောက်ပြန်လှည့်ပြီး ခုနက ရွာကလေးရယ်၊ အဘကြီးကျုပ်ကိုခေါ်သွားတဲ့ လမ်းကလေးရယ်ဆီကို ပြန်မောင်းထွက်လာခဲ့လိုက်တယ်၊ ထူးဆန်းတာက ကျုပ်ဆယ်မိနစ်လောက်မောင်းပြီးတာတောင်မှ လမ်းဘေးမှာ ဘာရွာမှမရှိသလို ဘာလမ်းမှလဲမရှိဘဲ ချုံပင်ကိုင်းပင်တွေချည်းပဲရှိနေတယ်ဗျာ၊ ဒီတော့မှ ကျုပ်ကြက်သီးတွေထတက်လာတယ်၊ သေချာတာကတော့ ဒီအဘကြီးက လူမဟုတ်ဘူးဆိုတာပါပဲ၊ ကျုပ်ဆိုင်ကယ်ကိုအမြန်ပြန်လှည့်ပြီးတော့ သမ္ဗုဒ္ဓေဂါထာကိုအသားကုန်ရွတ်ပြီး တာလမ်းအတိုင်းမောင်းလာခဲ့လိုက်တယ်ဗျ။


(၃)


လမ်းအတိုင်းမောင်းလာရင်း အရှေ့မှာ ကားလမ်းမကြီးကိုလှမ်းတွေ့လိုက်ရတယ်၊ ကားလမ်းမဘေးနားမှာ ဇရပ်ဟောင်းကြီးတစ်လုံးရှိတယ်၊ ကားလမ်းရောက်ပြီဆိုတော့မှ ကျုပ်စိတ်ကိုဒုံးဒုံးချလိုက်ရတယ်။ ကားလမ်းမှာ ကားအသွားအလာတော့ရှိနေသေးတယ်၊ ဒီလိုနဲ့ ဆယ့်ငါးမိနစ်လောက်မောင်းလာလိုက်တာ ကျောင်းရှိတဲ့ရွာကလေးကို ရောက်လာခဲ့တယ်၊ ကျောင်းကိုမရောက်ခင်မှာ ရဲစခန်းကိုဖြတ်ရတယ်ဗျ၊ အဲဒီလိုဖြတ်နေတုန်း ရဲတပ်ကြပ်တစ်ယောက်က ကျုပ်ကိုလှမ်းခေါ်တယ်၊ ဒီရွာကလေးမှာ ကျုပ်ကိုလူတိုင်းနီးပါးက သိကြတာကိုး၊ ဆရာကြီးဆိုပြီး လှမ်းခေါ်လို့ ရဲစခန်းထဲကိုမောင်းဝင်လာခဲ့လိုက်တယ်။


စခန်းမှူးကလည်း ကျွန်တော်နဲ့အသိပါပဲဗျာ၊ ရဲတပ်ကြပ်က ကျုပ်ကိုစခန်းထဲအတင်းဝင်ခိုင်းနေလို့ တစ်ခုခုတော့ထူးပြိလို့ စိတ်ထဲကသိနေလိုက်တယ်၊ စခန်းထဲဝင်လိုက်တော့ ဆရာလေးမြင့်မြတ်ကို ဒဏ်ရာဒဏ်ချက်တွေနဲ့ တွေ့လိုက်ရတော့တာပါပဲ၊ ကျုပ်ဖြင့် အံ့သြပြီး ပါးစပ်တောင်မပိတ်နိုင်ဘူး။


"ဆရာလေး ဘယ်လိုဖြစ်တာလဲဗျာ၊ လမ်းမှာ ဆိုင်ကယ်မှောက်တာများလား"


"ဆရာကြီး ပြန်ရောက်တာကြာပြီလားဗျ"


"မကြာသေးပါဘူးကွာ၊ လမ်းမှာ မိုးမိနေတာနဲ့ ရွာတစ်ရွာမှာ ဝင်ခိုနေလိုက်ရသေးတယ်၊ အခုမှ ဒီကိုဝင်တုန်းရှိသေးတာ ရဲတပ်ကြပ်က လှမ်းခေါ်လို့ ဝင်လာခဲ့တာ"


"ဆရာကြီးက အရှေ့ကသွားတာလေဗျာ၊ ဘာဖြစ်လို့အခုမှရောက်ရတာလဲ"


"ဆရာလေးကရော ဘယ်လိုဖြစ်တာလဲ"


"ဆရာကြီးပြန်ပြီး နာရီဝက်လောက်နေတော့ ကျွန်တော်အနောက်ကနေ လိုက်လာခဲ့တာဆရာကြီးရဲ့၊ လမ်းမှာ ဆရာကြီးကိုတွေ့လိုတွေ့ငြားဆိုပြီး အရှိန်တင်မောင်းလာခဲ့တာ၊ ကားလမ်းဆုံက ဇရပ်ဟောင်းကြီးနားရောက်တော့ ဇရပ်ထဲက လူမိုက်တွေထွက်လာပြီး ကျွန်တော့်ဆိုင်ကယ်ကိုတားပြီး ဝိုင်းလုကြယက်ကြတယ်ဆရာကြီး၊ ဟောဒီ ဒဏ်ရာတွေသာကြည့်ပါတော့ဆရာကြီးရယ်"


ကျုပ်တော်တော်ကိုအံ့သြသွားတာဗျ၊ တကယ်လို့ ကျုပ်သာ ဟိုရွာကလေးမှာဝင်ပြီး မိုးခိုမနေရဘူးဆိုရင် ဒီလူမိုက်တွေလုယက်မယ့်လူဟာ ကျုပ်ဖြစ်ချင်ဖြစ်သွားနိုင်တယ်မဟုတ်လား။ ဒီတော့မှ ဟိုအဘကြီးက ကျုပ်ကိုကယ်ခဲ့တာပါလားဆိုပြီး တွေးမိတယ်။ ပိုပြီးသေချာသွားအောင် ရဲစခန်းက လူတွေကို အဲဒီလမ်းဟောင်းဘေးနားမှာ ရွာတွေဘာတွေရှိသလားဆိုပြိးမေးကြည့်တော့ ဘာရွာမှမရှိဘူးတဲ့ဗျာ၊ နောက်ပြီးတော့ပြောလိုက်သေးတယ်၊ အဲဒီလမ်းက လူသူပြတ်တော့ တစ်ယောက်တည်းမသွားတာကောင်းတယ်တဲ့၊ လူဆိုးလူမိုက်တွေ ခိုးချင်ဝှက်ချင်တဲ့လူတွေက အဲဒီလမ်းကလာမယ့်သူကိုစောင့်ပြီး လုယက်တတ်တယ်တဲ့ဗျာ။


ကျောင်းကဆရာမတွေ၊ ကျောင်းသားမိဘတွေကိုမေးကြည့်တော့ အဲဒီလမ်းမှာ နာနာဘာဝတွေ၊ ပရလောကသားတွေ ကျက်စားတတ်တယ်လို့ပြောတယ်၊ အဲဒီလမ်းကသွားရင်း နာနာဘာဝတွေရဲ့အခြောက်အလှန့်ကိုခံရလို့ ပြန်ပြေးလာကြရတဲ့ ဇာတ်လမ်းတွေလည်း မနည်းဘူးဆိုပဲ။ ဒါဆိုရင် ကျုပ်နဲ့တွေ့ခဲ့တာက ကျတ်တွေများလား၊ ဟိုအဘကြီးကရော နာနာဘာဝကြီးပဲလား၊ သူများတွေကို ခြောက်လှန့်ပြီး ကျုပ်ကိုကျတော့ ဘာဖြစ်လို့ကူညီခဲ့တာလဲဆိုတာ ကျုပ်ပြန်စဉ်းစားမိတယ်၊ နောက်ဆုံး ကျုပ်ကောက်ချက်ချလိုက်နိုင်တာကတော့ သမ္ဗုဒ္ဓေဂါထာကြောင့်ဖြစ်မယ်ဗျ။ ကျုပ်က လမ်းသွားရင်း ဒီဂါထာကိုရွတ်သွားတာဆိုတော့ ကျုပ်ကြုံတွေ့လာရမယ့်အန္တရာယ်တွေကို ကျတ်တွေကကြိုသိနေလို့ ကျုပ်ကိုကယ်တင်လိုက်တာပဲနေမှာ။ ဒီအတွေ့အကြုံကတော့ ကျုပ်ဘဝမှာ ပထမဆုံးအကြိမ်တွေ့ကြုံခဲ့ရတဲ့ ကျတ်ရွာဆီရောက်ခဲ့ဖူးတဲ့ အတွေ့အကြုံပါပဲဗျာ။ နောက်ပိုင်း အဲဒီလမ်းကိုတစ်ခါမှ မသွားဖြစ်တော့တာလည်းပါတာပေါ့။


ပိုပြီးထူးဆန်းတာပြောရအုံးမယ်ဗျ၊ ကျတ်တွေတိုက်လိုက်တဲ့ ဆေးလက်ဖက်ခြောက်ဆိုတာကို သောက်ပြီးတဲ့နောက်မှာ ကျုပ်သုံးလလောက်အထိကို ဘာရောဂါမှမဖြစ်ခဲ့ဘူးဗျ၊ နှာတစ်ချက်တောင် မချေခဲ့ဘူး၊ ကျုပ်မှာအရင်က ပန်းနာရင်ကြပ်ရောဂါအခံရှိတယ်၊ အဆုတ်အအေးပတ်ခံလို့မရဘူးဗျ၊ မိုးတစ်ချက် နှစ်ချက်မိရင်တောင်မှ နောက်နေ့ဆို ချောင်းတွေဆိုး အခန့်မသင့်ရင်ဖျားနာတတ်တဲ့လူမျိုးဗျ၊ အခုတော့ ဆောင်းတွင်းရောက်တာတောင် ပန်းနာရင်ကြပ်မထတဲ့အပြင် အဲဒီသုံးလအတွင်းမှာ ဖျားတာနာတာလည်း တစ်ခါမှမဖြစ်ခဲ့ဖူးဗျ၊ ကျုပ်ကိုယ်ကျုပ် မယုံလို့စမ်းသပ်ကြည့်သေးတယ်၊ ဆောင်းတွင်းမှာ ညနေပိုင်းရေချိုးပြီး စွပ်ကျယ်လက်ပြတ်နဲ့အိပ်တာတောင် ဘာမှမဖြစ်တာ အံ့သြစရာပါပဲဗျာ၊ ကျုပ်အထင်ကတော့ သူတို့တိုက်တဲ့ရေနွေးကြမ်းကို သုံးခွက်သောက်ခဲ့လို့ သုံးလလောက်မဖျားတာနေမယ်လို့ တွေးမိတယ်။ သုံးလပြည့်ပြီးတဲ့နောက် နွေခေါင်ခေါင်ကြီးရောက်တော့မှ ကျုပ်ကောက်ကာငင်ကာ ကောက်ဖျားတော့တာပါပဲဗျာ။ ကျုပ်တစ်ခုတွေးမိတာက အဲဒီတုန်းက သူတို့ကျွေးတဲ့ ထန်းလျက်ပေါက်ပေါက်ဆုပ်တွေကိုစားလိုက်ရင် ဘာတွေဖြစ်မလဲလို့ တွေးနေမိတယ်။


အဲဒီရွာကလေးမှာ တစ်နှစ်လောက်လုပ်ပြီးတော့ ကျုပ်တခြားကိုပြောင်းရတယ်၊ အဲဒီကတည်းက အဲဒီရွာကလေးကို သွားလည်မယ် လည်မယ်နဲ့ မရောက်ဖြစ်တာ အခုထိပါပဲဗျာ၊ အခုတော့ အဲဒီရွာကလေးလည်း မြို့ဖြစ်နေပါပြီ၊ ကျုပ်ဖြင့် အခုအချိန်ထိ မိုးတွေတအားသည်းသည်းမည်းမည်းရွာတဲ့အချိန်ရောက်တိုင်း ကျုပ်ကိုကူညီခဲ့တဲ့ အဘကြီးရယ်၊ ကျုပ်အလည်တစ်ခေါက်ရောက်ဖူးတဲ့ ကျတ်ရွာကြီးရယ်ကို အောက်မေ့သတိရနေမိပါသေးတယ်၊ ဆရာလေးမြင့်မြတ်ကိုလည်း သတိရပါတယ်၊ ဆရာလေး နေမှကောင်းရဲ့လား၊ အိမ်ထောင်တွေဘာတွေ ကျနေပြီလားပေါ့။


ပြီးပါပြီ။


က