အလုပ်မရှိတဲ့မိန်းမ

 🖌️🖌️အလုပ်မရှိတဲ့မိန်းမ🖌️🖌️


          #တင်ညွန့်


တနင်္ဂနွေနေ့ဖြစ်သဖြင့် လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင် ကြာဆံကြော်ရသည်။ ထိုနေ့ နာရီဝက်စောကာ လမ်းလျှောက်ထွက်ရသည်။ အဘယ်ကြောင့်ဆိုသော် ၈ နာရီလောက်ဆိုလျှင် ကြာဆံကြော်က ကုန်ပြီ။ ကျွန်တော် ထိုဆိုင်က ကြာဆံကြော်ကိုကြိုက်သည်။ အချဉ်ရည်ကောင်းသောကြောင့်ဖြစ်သည်။ ကြာဆံကြော် က ဘဲဥနှင့်ကြော်သည်ဆိုသော်လည်း ဆီလည်းမများ မာဆတ်ဆတ်လည်းမဖြစ် စားကောင်းသဖြင့် တနင်္ဂနွေနေ့တိုင်း ထိုဆိုင်ကိုစောစောရောက်အောင်လာရသည်။


“ဟာ ဆရာ ... ဒီနေ့တော့ အစောကြီးပါလား”


ကျွန်တော့်ထက် ဆိုင်ကို စောစွာရောက်နေသူ မောင်ကျော်စိုးက ကျွန်တော့်ကို နှုတ်ဆက်သည်။ ကျွန်တော်က သူနှင့် တစ်ဝိုင်းတည်းထိုင်လိုက်သည်။ 


“အေးကွာ ... နောက်ကျရင် ကြာဆံကြော် မရတော့မှာ စိုးလို့”


“ခုလည်း မရှိတော့ပါဘူးဆရာရယ် ... ကုန်ပြီတဲ့”


“ဟာ အစောကြီးကုန်ပြီလား”


ထိုစဉ် စားပွဲထိုးကောင်လေးက ကြာဆံကြော်ကိုလာချသည်။


“ကုန်ပြီဆိုကွ”


“ဆရာကြီးအတွက် ဆိုင်ရှင်ကဖယ်ပေးထားတာ”


“ကျေးဇူးပဲကွာ”


မောင်ကျော်စိုးက ဘဏ်တွင်အလုပ် လုပ်သည်။ ယနေ့ ဘဏ်ပိတ်သဖြင့် သူနှင့်ဆုံရခြင်းဖြစ်သည်။ ခါတိုင်း ဆိုလျှင် သူက ရုံးကြိုကားနှင့် ပါသွားပြီ။ သူက ကျွန်တော်နှင့် အိမ်နီးချင်းလည်းဖြစ်သည်။


“မောင်ကျော်စိုး ဒီနေ့ ရုံးပိတ်တော့ အိမ်မှာ နားရပြီပေါ့”


“အိမ်မှာ နားရတာကို မနားချင်တာ ဆရာ”


“မင်းဟာကအဆန်းပါလားကွာ။ သူများတွေ ပိတ်ရက်ကို မျှော်နေတာ”


“ကျွန်တော်ကတော့ ပိတ်ရက်ကို အိမ်မှာ မနေချင်တာ ... ခုလည်း စိတ်ဆိုးပြီး အိမ်က ထွက်လာတာ”


“ဘာတွေများ စိတ်ဆိုးစရာရှိသလဲကွာ”


“ဆရာ စဉ်းစားကြည့်လေ ... အိမ်ကမိန်းမ ဘာအလုပ်အကိုင်မှမရှိ ... မိုးလင်းတာနဲ့ ပါးစပ်က ပေါက်ပေါက် ဖောက်နေတာ”


“မင်း မိန်းမက အလုပ်မရှိဘူးလား”


“ဟုတ်တယ်လေ”


“နေပါဦးကွာ ဒါဆိုရင် မင်း မနက်တိုင်း ထမင်းချိုင့်လေးဆွဲပြီးထွက်လာတာ အစောကြီး ဘယ်သူချက်ပေး သလဲကွ”


“ကျွန်တော့်မိန်းမလေ”


“သူဘယ်အချိန်ထလဲကွာ”


“သူ မနက်ဆို ၅ နာရီထတယ်”


“သူဘာမှ မလုပ်ဘဲ ဘာဖြစ်လို့ အစောကြီးထတာလဲ”


“ထမင်းတွေ ဟင်းတွေ ထချက်တာပေါ့ဆရာ”


“ဟုတ်လား ... ကလေးတွေကို ထမင်းကျွေးတာ ရေချိုးပေးတာ ကျောင်းပို့ပေးတာတွေကိုရော ဘယ်သူ လုပ်သလဲကွာ”


“ကျွန်တော့် မိန်းမပဲ ... ကျွန်တော်ကတော့ ၇ နာရီဆို အိမ်ကထွက်လာပြီ”


“အဲဒီ ဘာအလုပ်မှ မရှိတဲ့ မင်းမိန်းမက အိမ်မှာ တစ်နေကုန် အိပ်နေတာပဲလား”


“အဲဒီလိုတော့ မဟုတ်ပါဘူး”


“အိမ်မှာ မင်းနဲ့ ကလေးတွေ ဝတ်တဲ့ အဝတ်အစားတွေ လျှော်တာဖွတ်တာ ဘယ်သူတွေ လုပ်ပေးသလဲ”


“ကျွန်တော်တို့မှာက ကိုယ်ခွဲရှိတာမှမဟုတ်တာ ဆရာရယ် ... ကျွန်တော့် မိန်းမပဲ လုပ်တာပေါ့”


“ဟေ ... ဒါဆိုရင် ဈေးသွားတာ ... ဟင်းချက်စရာဝယ်တာ ... ချက်တာပြုတ်တာတွေရော ဘယ်သူ လုပ်သလဲ”


“ကျွန်တော့် မိန်းမ”


“တစ်အိမ်လုံး ရှင်းတာ လှည်းတာတွေရောကွာ”


“ကျွန်တော့် မိန်းမပဲ”


“ညနေ မင်း အလုပ်က ပြန်လာရင် ဘာလုပ်သလဲကွာ”


“မောလွန်းလို့ဆရာရယ် နားတာပေါ့”


“အဲဒီအချိန်မှာ မင်းမိန်းမကလည်း မင်းနဲ့အပြိုင် နားတာပဲလား”


“မနားပါဘူး ... အဝတ်တွေ မီးပူတိုက် ... ကလေးတွေကို စာပြပေး ရှုပ်နေတာပဲ”


“မင်းထမင်းစားတော့ရော မင်းကိုယ်တိုင် ခူးစားသလား”


“ကျွန်တော့် မိန်းမ ခူးပေးတယ်”


“မင်းစားပြီးသား ပန်းကန်ကိုရော ကိုယ်တိုင်ဆေးသလား”


“ကျွန်တော့် မိန်းမပဲဆေးတယ်”


“ဟုတ်ပြီ ညအိပ်ရာ ဝင်ပါပြီတဲ့ကွာ ... မင်း မိန်းမက မင်းကို နင်းခိုင်း နှိပ်ခိုင်းသေးလား”


“ကျွန်တော် ညောင်းရင် နှိပ်ခိုင်းတာပဲဆရာ”


“ညအိပ်ရင် ဘယ်သူ အိပ်ရာထဲအရင် ဝင်သလဲကွာ”


“ကျွန်တော်က ထမင်းစားပြီးရင် အိပ်ချင်နေပြီ ... သူကတော့ စားပြီးသား ပန်းကန်တွေဆေး၊ အဝတ်တွေ ထိုင်ချုပ် ... မိုးချုပ်မှ အိပ်တာများတယ်”


“မောင်ကျော်စိုး”


“ခင်ဗျာ”


“အလုပ်ဆိုတာ ဘာလဲကွာ”


“ဆရာ ဘာကိုပြောချင်တာလဲဟင်”


“မင်းက အိမ်ထောင်ဦးစီး ... ငါငွေရှာပေးရင်ပြီးရော ... ငွေရှာတာ အလုပ်လို့ ထင်သလားကွာ”


“ငွေရှာတာ အလုပ်ပေါ့ဆရာ”


“ငွေရှာတိုင်း အလုပ်မဟုတ်ဘူးကွ ... မင်းမိန်းမကို ကြည့်စမ်း မိုးလင်းမိုးချုပ် တစ်နေကုန် မင်းနဲ့ မင်းသားသမီးတွေ အသင့် စားနိုင်၊ ဝတ်နိုင်၊ အိပ်နိုင်၊ နေနိုင်အောင် သူ့မှာ မနေမနား လုပ်လိုက်ရတာကွယ်။ မင်းမှာ လက် ၁၀ ခုရှိတာတောင် သူတို့ကို လိုက်မီမှာ မဟုတ်ဘူး။ ဒီလောက် လုပ်နေရတာကို မင်းက မင်းမိန်းမမှာ ဘာအလုပ်အကိုင်မှ မရှိဘူးလို့ ပြောချင်သေးလား”


“ဟုတ်တယ်နော်”


“ကိုယ်ချင်းစာကြည့်ကွ ... မင်း သူ့နေရမှာနေပြီး သူက အလုပ်ထွက်လုပ်မယ်ဆိုရင် သူ့လို အိမ်ထောင့် တာဝန်တွေကို မင်းပြီးအောင် အချိန်ကိုက် လုပ်နိုင်ပါ့မလား တွေးကြည့်ဖူးလား"


“မတွေးကြည့်မိဘူးဆရာ"


“ကိုယ်ချင်းစာစိတ်ဆိုတာ ကိုယ့်စိတ်ကို သူ့ကိုယ်ထဲဝင်ပြီး သူ့လိုတွေးကြည့် သူ့လို လုပ်ကြည့်ဖို့ ပြောတာ။ မင်းကို တူသားတစ်ယောက်လို ခင်လို့ ပြောတာ။ မင်းမိန်းမကို အလုပ်မရှိ အကိုင်မရှိ အိမ်မှာ ထိုင်စားနေတဲ့ အလကားမိန်းမလို့ စိတ်ထဲမှာ တွေးမိတိုင်း ငါသူ့နေရာမှာသာဆိုရင် တွေးကြည့်လိုက်ပါကွယ်"


“ကျွန်တော် သဘောပေါက်ပါပြီဆရာ”


“တို့လူနေမှုစနစ်ကြီးက အိမ်ထောင်ကျပြီ ဆိုလိုက်တာနဲ့ အလုပ်မရှိ အကိုင်မရှိ မိန်းမက ကလေးထိုင် မွေးပေးနေရမယ်ဆိုတဲ့ အယူအဆတွေ လွှမ်းမိုးနေတယ်ကွ။ တကယ်တော့ အိမ်ထောင့်တာဝန်ဆိုတာ မောင်တစ်ထမ်း၊ မယ်တစ်ရွက်ပဲ။ ငွေရှာနိုင်တဲ့သူက ဦးစားပေး အဆင့်တစ်ဆိုတာကြီးနဲ့ အိမ်ဦးနတ်ကြီးဆိုတဲ့ အတွေးအခေါ်တွေကို တော်လှန်သင့်တာကြာပြီ”


“ဟုတ်ကဲ့ ... ကျွန်တော် ပြန်တော့မယ်ဆရာ”


“နေဦး ... မင်းအိမ်အတွက် ဘာမှ ဝယ်မသွားဘူးလား”


“ကျွန်တော်က လက်ဖက်ရည်ဖိုးလောက်ပဲ ပါတာဆရာ”


“မင်းက လက်ဖက်ရည်သောက်နေချိန်မှာ ဟိုက မင်းမိန်းမ ကလေးတွေနဲ့ နပန်းလုံးနေလောက်ပြီ။ သွား ကလေးတွေအတွက် မုန့်ဟင်းခါး သုံးထုပ်ဝယ်သွား။ ပိုက်ဆံကို ငါပေးလိုက်မယ်။ အိမ်ရောက်ရင် မိန်းမကို မင်းစားဖို့ မုန့်ဟင်းခါး ဝယ်လာတယ်ဆိုတာလေးနဲ့ ချော့ကြည့်လိုက်”


“ဟုတ်ကဲ့ဆရာ ... ကျေးဇူးတင်ပါတယ်”


“ငါ့ကို လွယ်လွယ်နဲ့ ကျေးဇူးတင်ပါတယ်လို့ပြောသလို မင်းမိန်းကို မျက်နှာချိုချိုလေးနဲ့ ပြောလိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲကွာ”


ဆရာကြီးတင်ညွန့်