မခွဲအတူ

 မခွဲအတူ(စ/ဆုံး)


———-


ထားသည် နွေဦးကာလ၏နံနက်ခင်းကို နှစ်သက်သဘောကျ လေသည်။ နှင်း ကြွင်းနှင်းကျန်လေး တွေ ဝေ့ဝေ့ဝဲဝဲနှင့် မြူပါးပါးလေး ဆိုင်း နေတတ်သော လှပသည့် ထို နံနက်သည် စိမ့်စိမ့်ကလေး အေးနေ တတ်သည်။

ထားတို့အိမ်ရှေ့မှ ဘန်ဒါပင် ကြီး သည် အရွက်တွေကြွေပြီး စိမ်း နုနု ပုရစ်ဖူးတွေ တစ်ပင်လုံးဝေနေ လေသည်။ ရေတမာပင်တန်းမှ ရွက်နုကလေးတွေကလည်း စိမ်းမြပြီး အလွန်တောက်ပလေသည်။

နေ့ခင်းမှာ နေ ဘယ်လောက်ပဲ ပူပါ စေ ရွက်နုကလေးတွေ စိမ်းလဲ့လန်း ဆန်း နေတာကတော့ သဘောကျ ဖို့ကောင်းလှသည်။

ခြံထောင့် ရှိ သရက်ပင်ပျိုများ၏ ပင်စည်တွင် ရတနာ ရွှေခက်အဝါများ လက်တံတို လက်တံရှည် ဖယောင်းသစ်ခွ ခရမ်းရောင်များ ပြွတ်ခဲအောင်ပွင့် နေကြ လေသည်။ မြက်ခင်းများ သည် စိမ်းစိမ်းနု၍ နှင်းရည်ဥက လေး များခဲနေကြသည်။

သည်အိမ် သည်ခြံကြီးသည် ထားနှင့်ကိုကိုအတွက်တော့ သီရိဂေ ဟာပင် ဖြစ်လေသည်။ သည်သီရိ ဂေဟာမှာ ကိုကိုသည် ဇိမ်နှင့် မနေနိုင်ရှာပါ။

ကိုကိုက စိုက်ပျိုးရေးအရာရှိကြီးမို့ မကြာခဏခရီးထွက်ရသည် အစည်းအဝေးသွားတက်ရသည် ကိုကိုပင်ပန်းလှပါသည်။

ခုလည်း ကိုကို ခရီးထွက်နေတာ နှစ်ပတ် ပြည့်ပါပြီ။ မနေ့ကတော့ ကိုကိုဒီနေ့ ပြန်လာမည်ဟုဖုန်းဆက်သည်။

ထားလည်း ကိုကို့ကို လွမ်းလှပါပြီ။ထားသည် ကိုကိုပြန်လာမည့်တစ်မနက်လုံး အလုပ်နှင့်

လက်မပြတ်တော့ချေ။

အိမ်အကူအလုပ်သမားများကို ခိုင်းစေနေရသော်လည်း အားမရနိုင် စိတ်တိုင်းမကျနိုင်၊

ထားကိုယ်တိုင်ဝင်လုပ်ကိုင်နေမိသည်။ ထားတို့အိမ်ကြီးကနှစ်ဆောင်ပြိုင်အိမ်ကြီးဖြစ်သည်။ အခန်းခန်း အဆောင်ဆောင်ဖြင့်ခံ့ညားထယ် ဝါလှသည်။ထားသည် အိမ်ထောင်ပရိဘောဂများကို ဖုန် မတင်စေရန် အထပ်ထပ်သုတ် ခိုင်း သည်။

ပြတင်းမှ ခန်းဆီးများအသစ် လဲသည် လျှာထိုးကြမ်းပြင်ကို လက် လက် တောက်နေအောင်ပွတ်တိုက် စေ သည်။ ဘုရားပန်းများ အသစ် လဲ၍ ဝေဝေဆာဆာ လှပစေသည်။ ကိုယ့်အိမ် ကိုယ့်ယာကို ပြန်လာရ သည့်ကိုကို စိတ်ကြည်နူးချမ်းမြေ့ပါစေ။

ထားသည် အိမ်ကို သ, ရင်း ကိုယ်လုံးပေါ်မှန်ကြီးကို လည်း မကြာခဏ ပြေးကြည့်ရ သေးသည်။

မှန်ထဲမှထားသည် ဆံထုံးပုံ့ပုံ့ကလေးထုံးလျက် ရတနာရွှေခက်ပန်းနှစ်ခက်ကို ဝေနေအောင်ဆင့် ပန်ထားသဖြင့် နန်းဆန်ဆန်အလှကြီး လှနေလေသည်။

ထား၏ အသား ဝင်းဝင်းကလေးနှင့် ရွှေဝါရောင် ပန်းကလေး အလွန်လိုက်ဖက် လေသည်။

အိမ်ရှေ့ဆင်ဝင်မှာ ကားရပ်သံ ကြားရသည်။

ဟော ကိုကိုပြန်လာပြီ။

ထားသည် ဆင်ဝင်ပြတင်းပေါက်မှ ခြံထဲသို့ လှမ်းကြည့်လိုက် သည်။ ကိုကိုက ကားပေါ်မှ ဆင်းပြီး ထားကို လက်ပြသည်။

“ကိုကို” ဟုခေါ်ပြီး ထားလှေကားမှခပ်သွက်သွက် ဆင်းခဲ့လေသည်။

“ထားလေး နေကောင်းရဲ့လား”

“ကောင်းပါတယ် ကိုကို”

ထားက ကိုကိုလက်ဆွဲအိတ်ကို လှမ်းဆွဲသည်။

“ထား လေးနေပါ့မယ်ကွာ”

“ရပါတယ် ကိုကိုရဲ့ ထားကိုပေးပါ”

ထားကိုကို့မျက်နှာကို မော့ကြည့်ရင်း ပျော်လွန်းလို့ မောနေသည်။

ထိုစဉ် ကားနောက်ခန်းမှတံခါး ပွင့်လာပြီး မိန်းကလေး တစ်ယောက်ဆင်းလာ လေသည်။

အကြည့် တစ်ခဏမှာပင် မိန်းမသားချင်းမို့ သူမ ရုပ်သွင်က ဓာတ်ပုံရိုက်ထားသလို ထားစိတ်ထဲ မှာ စွဲထင်သွားသည်။ မိန်းကလေးက အသားညိုညိုစိုစိုဖြစ်သည်။

ကိုယ်ခန္ဓာ လုံးကြီးပေါက်လှ ဖြစ် ပြီး မျက်တောင်မည်းမည်း စိပ်စိပ် များ ဝန်းရံထားသော မျက်ဝန်း ကျယ်ကျယ်က သူမမျက်နှာမှာ သိသာထင်ရှားလေသည်။

“လာ ခင်သီ မင်းကိုထားနဲ့ မိတ်ဆက်ပေးမယ်”

အော် ကားနောက်ခန်းမှာ မထင်မှတ်ပဲ ပါလာသော မိန်းမ တစ်ယောက်၏ အမည်က ခင်သီ ဆိုပါလား။

“သူ့နာမည်က ခင်သီ တဲ့ ထား၊ မြောင်းမြက ကိုကို့ ညီမ ဝမ်းကွဲလေးပါ မိဘတွေဆုံးသွားလို့ ဒုက္ခ ရောက်နေတာနဲ့ ကိုကို ခေါ် လာတာ ထားလည်း အဖေါ်ရတာပေါ့”

ထားခေါင်းညိတ်ကာ ခင်သီ့ကိုပြုံးပြလိုက်သည်။ သည်အိမ်မှာကိုကိုက အရှင် သခင်ဖြစ်သည်။

ကိုကိုက အဖြူဆိုလျှင် ထားကအဖြူ၊ကိုကိုက အမည်းဆိုလျှင် ထား က မည်းပြီးသားပါပဲ။

မြောင်းမြမှာ ကိုကို့ ဆွေမျိုးတွေရှိသည်။ ကိုကို့ညီမဝမ်းကွဲဆိုတော့ ထားမှာ ထူးထူး ထွေထွေပြောစရာမရှိတော့ပါ။

ထားတို့နောက် ခပ်လှမ်းလှမ်းမှခင်သီသည် လှေကားကို ခပ်ဖွဖွနင်းကာ လိုက်တက်လာသည်။

သည်ခြေလှမ်းတွေက ထားအိမ်ထဲသို့ ဝင်လာသောခြေလှမ်းဖြစ်ရုံမက ထားတို့ ဘဝထဲ သူမ ချဉ်းနင်း ဝင်ရောက် လာခြင်းလည်းဖြစ်သည်။

ထိုခြေ လှမ်းများသည် လှေကားထစ် များ ကို နင်းလာခြင်းမဟုတ် ထား၏နှလုံးသားကိုနင်းလာခြင်း ဖြစ် ကြောင်း အချိန်များစွာကြာမှ သိခဲ့ရ လေသည်။

“ကိုကို ဆာနေပြီလား ထမင်း အရင် စားမလားဟင်”

“ဘာဟင်းတွေ စီစဉ်ထားသလဲ ထား”

“ဆိတ်ကလီစာကိုကို၊ ကိုကို့ အကြိုက်ဆောင်းထပ်များများနဲ့ ထားကိုယ် တိုင်ချက်ထားတာ”

“ဒါဆို ကိုကို ရေအရင်ချိုး လိုက်ဦး မယ် ထမင်းပိုဝင်တာပေါ့ ထားခင်သီကို နေရာချထားပေး

လိုက်ဦးနော်”

“ဟုတ်ကဲ့ပါ ကိုကို”

ခင်သီက ကိုကိုညီမတဲ့ အိမ် အောက်ထပ်မှာ အလုပ်သမားတွေ နဲ့ တပြေးတည်းထားရင် ဘယ်တင့် တယ်ပါ့မလဲ အိမ်မ နှင့်တစ်ဆက်တည်း အနောက်ဘက်ဆောင်က အခန်းကျယ်တစ်ခုမှာ ခင်သီကို နေရာပေး လိုက်သည်။

ခင်သီ လွတ်လွတ်လပ်လပ်နေနော် ဟု လောကဝတ်စကား လေး ပြောခဲ့ပြီး ကိုကိုဆီပြေး ရ သည်။

ကိုကို ခရီးထွက်နေစဉ် ကိုကို့ အတွက် သိုးမွေးဆွယ်တာများ ခြေအိတ် လက်အိတ်များ ထိုးရင်း အေးဆေးစွာ အချိန်ဖြုန်းနေလို့ရပေမယ့် ကိုကိုအိမ်မှာ ရှိလျှင် ထားပျာယာခတ်နေတတ်သည် ကိုကို ရေချိုးခန်းမှ ထွက်လျှင် မျက်နှာ သုတ်ပဝါတစ်ထည်နှင့် ရေသုတ်ပေးရသည်။ ကိုယ်လိမ်းပေါင်ဒါ လိမ်း ပေးရသည်။

စွပ်ကျယ် ပုဆိုးများအား အဆင်သင့်ထုတ်ထားပြီး ဘေးမှ ရပ်ကာစောင့်နေရသည်။

ကိုယ်တိုင်ကလည်း ကိုကို့ အပေါ် စေတနာတွေပိုလွန်းပါသည်။ ဟင်းချက် သည့်ဒေါ်ကြီးလှရှိပါလျက် နှင့် ကိုကို့အတွက် ဟင်းတစ်ခွက်ဖြစ်ဖြစ် ထား ကိုယ်တိုင်ဝင်ချက်မြဲဖြစ်သည်။

အလုပ်ပင်ပန်းပြီး တာဝန်တွေပိနေတဲ့ကိုကို ကိုယ်ဇနီးနဲ့ အိမ်မှာ အေးအေး ဆေးဆေး အနားယူ နေချိန်မှာ စိတ်အေးချမ်း သာရှိပါစေ။

ခင်သီကတော့ တော်တော် အေးသည့်မိန်းမဖြစ်သည်။

စကားနည်းလှပေမယ့် အလုပ်တော့ လုပ် သားပင်။ ဒေါ်ကြီးကို မီးဖိုထဲ မှာကူ သည် အိမ်သန့်ရှင်းရေးလည်း ကူ လုပ်သည်။

ထားကတားလည်း မရ “ခင်သီ အလုပ် မရှိရင်မနေ တတ် လို့ပါ မမထား”ဟု ပြောသည်။

တစ်နေ့မှာတော့ မှတ်မှတ်ရရ ထိုတစ်နေ့မှာ ထားတို့ ခြံထောင့်မှ ကုက္ကိုပင် ခြောက်ကြီး အမြစ်မှ ကျွတ်ပြီး ဝုန်းခနဲလဲပြို ကျသွားသော နေ့ဖြစ်သည်။

ကျီးငှက်တွေက အုပ် စုလိုက် ဝိုင်းအာပြီး ချောက်ချားဖွယ် ကောင်းလှသော ထိုတစ်နေ့တွင် ထားလည်း တစ်ဘဝစာ အကုသိုလ်ဆိုး နှင့် ထိတ်တိုက် ရင်ဆိုင် တွေ့ ရလေတော့သည်။

ထားက ဧည့်ခန်းမကြီး၏ ဆိုဖါပေါ်မှာ ထိုင်လျက်သိုးမွေးထိုး နေသည်။ ခင်သီက ဧည့်ခန်း ကြမ်း ပြင်ညိုညိုကို လက်လက်တောက်အောင် ကြမ်းတိုက်နေသည်။

ထား သည် သိုးမွေးကွက်တွေပုံဖေါ်ရင်း ဇက်ညောင်းလာသည်နှင့် ပတ်ဝန်း ကျင်ကို ဟိုကြည့် ဒီကြည့်နှင့် မျက်စိ အညောင်းဖြေရင်း ခင်သီ့ကိုယ်ခန္ဓာ

ပေါ် အကြည့်ရောက်သွားလေသည်။ ကြည့်ကာစကတော့ ဟယ် ဒီ ကောင်မလေး ဝလာလိုက်တာ ကောင်းကောင်းအိပ်၊ ကောင်းကောင်း စားရလို့ ထင်ပါ့၊ ခါးကလေးကို တုတ်လို့ဟု တွေးမိသေးသည်။

နောက်တော့ ရင်ထဲမှာအတွေးတွေဝင်လာပြီး ရုတ်တရက်

ပူဆို့သွားသည်။

ခင်သီခါးတုတ်ပုံက တစ်မျိုး ကြီးပါပဲ။

ထားက အိမ်ထောင်သည် ပေမယ့် ကလေး တစ်ခါမှ မရဖူးပါ ဓာတ်ကော နတ်ကော ဗေဒင်ပါစုံအောင် ကြိုးစားပေမယ့် ထား ကလေးမရခဲ့ပါ။

ဒါကြောင့် သူများ ခါးတုတ်တုတ် ကလေးတွေကို လိုက်ငေးရင်း အားကျခဲ့ပါသည်။

ခုခင်သီက အိမ်ထဲမှာနေရင်း ခါးတုတ်နေပြီ။ ဖွဟဲ့ မပြောကောင်းမဆိုကောင်း တစ်စုံ တစ်ခုများ ဖြစ်

ခဲ့လျှင် ကိုကို့ညီမမို့ ထား မျက်နှာဘယ်မှာဖွက်ထားရမှန်းမသိ ထားအုပ်ချုပ်မှု ညံ့၍ ဖြစ်ချေတော့မည်။

“ခင်သီ ငါနဲ ပန်းခြံထဲလိုက်ခဲ့စမ်း”

“ဟုတ်ကဲ့ မမထား”

ပိတောက်ပင် အောက်ရှိခုံတန်း ကလေးပေါ်တွင် ထားတို့ ယှဉ်တွဲ ထိုင်နေကြသည်။

လေရူးက ကလူကျီစယ်သဖြင့် ထား၏ ဆံပင် တွေ လေအနော့မှာ တလွင့်လွင့် မျောနေကြသည် ပိတောက်ပင်ထက်မှ အဖူးစိမ်းစိမ်းတွေ ပြွတ်ခဲနေပြီ ဟိုးအဝေးမှ ချိုးကူသံ သဲ့သဲ့ကို ကြားရသည်။

နေပူလေ ချိုးက မနားတမ်းကူလေဖြစ်သည် ခင်သီသည် ထားက ပွင့်ပွင့်လင်းလင်းမေး လိုက် ကတည်းက ငိုချည့်နေ လေတော့သည်။

“တို့က ယောင်းမ,သာတော်ပေမယ့် ကိုယ့်ညီမလေးလိုပါပဲ ခင်သီရဲ့ နင့်မှာပြဿနာရှိရင် ငါ့ကို ဖွင့်ပြောပြမှပေါ့ ဒါမှ ငါက ကူညီနိုင်မှာ”

ခင်သီက ခေါင်းမဖေါ်ပဲ ရှိုက်ကာ ရှိုက်ကာ ငိုပြန်သည်။

အင်း ဒါဆိုရင်တော့ ထား တွက် ကိန်းမှန်နေပြီ ခင်သီ တစ်စုံတစ်ယောက်နဲ့ မှားယွင်းခဲ့ပြီပဲ။

ထား ထိုတစ်စုံတစ်ယောက်ကို သိလိုပါသည်။

ထားတို့မှာ ငွေရှိတာပဲ ငွေပုံကြီးချပြလိုက်လျှင် ထိုယောက်ျား၌ တာဝန်ယူလိုစိတ်ပေါ်လာနိုင်ပါသည်။

“ပြောစမ်းပါ ခင်သီရယ် ငို ချည့်နေလို့ပြီးမှာမှ မဟုတ်ဘဲ၊ ထားကူညီမှာပါ”

ခင်သီက မျက်ရည်သုတ် သည်။ ပြီး သက်ပြင်းရှည်ကိုချသည် ထားနှင့်ဆန့်ကျင်ဘက်ကို ငေးပြီး စကားတစ်ခွန်းပြောလိုက်လေသည်။

ထိုစကားကို ထားအပီအပြင်ကြား လိုက်ရပါသည်။ ကြားလိုက်ရတာ ပီပြင်ပေမယ့် ထားမယုံကြည်နိုင်ချေ။

ထိုစကားကို ထပ်လဲမကြားရဲပြန်။ ထားတစ်ကိုယ်လုံးလောင် မီးကျသလို ကြွမ်းခြစ်ပူလောင်သွား လေသည်။

“အဲဒါကို ကိုကိုသိလားဟင်”

“သိပါတယ်”

ထားစိတ်မထိန်းနိုင်ဘဲ ဝုန်းခနဲထရပ် လိုက်သည်။ မျက်ဝန်း မှာ ဒေါသဖြင့် ရဲရဲနီ သောမျက်ရည် ပူများ ဖိတ်ဖိတ်လက်နေသည်။

“ညည်းတို့ အမျိုးတော်တယ်ဆိုတာ ဟုတ်ရဲ့လား”

ခင်သီကထားကိုမော့ကြည့်ရင်းဖြေသည်။ ခင်သီမျက်ဝန်းများ ဝိုင်းဝိုင်းလည်ကာ အသားတွေတ ဆတ်ဆတ်တုန်နေသည်။

ထား ကတော့ အသားတွေပါမက နှလုံးသားတွေပါ ထိန်းမနိုင်သိမ်းမရခုန် ပေါက် နေပါပြီ။

“ဆွေ မျိုးနီးစပ်တော့တော်ပါတယ်”

ထား အသက်ပြင်းပြင်းရှူသွင်းပြီးနောက်ဆုံးမေးခွန်းကို ကြောက်လန့်တကြား မေးလိုက်

သည်။

“ညည်းတို့ဖြစ်နေကြတာ ကြာပြီလား”

ခင်သီက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလေသည်။

ထား ရင်ကွဲရပါပြီ။ ကိုကို ပြုရက်သည်။ ကိုကို ရက်စက်သည် ကိုကို့ကို မျိုထားမတတ် ချစ်သည့်ထားကို သစ္စာဖေါက်ရက် သည်။

ထားအိမ်ခန်းထဲသို့ နွမ်းလျ စွာဝင် သွားခဲ့သည်။ ဘာမှလည်း မပြော ချင်။ ဖြေရှင်းချက်တွေ လည်း မကြားချင်တော့ အိပ်ရာပေါ်တွင် လှိမ့်အိပ်ပြီး မွေ့ရာတွေကိုဆုတ်ဖြဲကာ ငိုချည့်သာ နေမိသည်။

ဖြစ်နိုင်လျှင် ကိုကိုနှင့် ခင်သီ့ကို ဓားနှင့်နုတ်နုတ်စင်းပစ်ချင်သည်။ထားက စနေ နေတက်ဖွားဖြစ်သည်။စိတ်ကြီးလှသည်။ ဒါပေမယ့် စနေ နေတက်မို့ စိတ် ထက်လှသော ထားသည် ကိုကို့စကားတစ်ခွန်း အောက်မှာ ပြားပြားမှောက်ဝပ်စင်း သွားရလေ တော့သည်။

ကိုကိုက စင်ပေါ်ကလူဆိုတော့ ပြဿနာကို ရင်ဆိုင်ရာမှာ တည်ငြိမ်သွေး အေးလှသည်အကျိုးသင့်အကြောင်းသင့် ဖြစ်သင့်ဖြစ်ရာတွေ ရှင်းပြသည်။

အဲဒါတွေအားလုံး ထား အတွက်တော့ အကျိုးသင့် အကြောင်းသင့်မဟုတ်ပါ။ ဖြစ်သင့် ဖြစ်ရာလည်း မဟုတ်ပါ။ ဒါပေမယ့်ထားလက်ခံလိုက် ရပါသည်။

“ကိုကို ထားကို ဘယ် လောက် ချစ်တယ်ဆိုတာ ထား အသိပါ။ ဒါပေမယ့် တို့မှာ သား ထောက် သမီးခံမရှိဘူးလေ ထား။ ဒါ ကြောင့် ကိုယ်ခင်သီ့ကို အိမ်ခေါ် လာ လိုက်တာပါ။ ခင်သီဟာ ကိုကို နဲ့ ထားအတွက် ကလေး တစ် ယောက် မွေးပေးရမယ်။ ပြီးရင် ထား ခင်သီ့ကို မမြင်မတွေ့စေရ ပါဘူး။ သူ့ရပ်သူ့ရွာပြန် ပို့လိုက်မှာပါ ကိုကိုနဲ့ထားအတွက် သားသမီး ကလေးတစ်ယောက်တော့ ရှိသင့် တယ် မဟုတ်လား။ ဒါကို ထားနား လည်ရမယ်။ သဘောထားကြီးရမယ်နော်”

ဟင့်အင်း၊ နားမလည်ဘူး သဘောထားမကြီးဘူး တစ်မိုးအောက်ထဲမှာ ကိုကိုက မိန်းမနှစ်ယောက်နဲ့ တစ်ထီးတစ်နန်းစံမလို့ ပေါ့လေ စသည့်စကားနာများ ထိုးရင်း ငိုကာရှိုက်ကာ ရန်တွေ့ရင်း ကြာတော့ ထားအရှုံး ပေးလိုက်ရလေသည်။

ထားမှာလည်း ..ထားမပြုပြင်နိုင်တဲ့ ကြီးမားတဲ့ပြစ်ချက်ကြီးရှိ နေခဲ့တာကိုး။

ထိုအချိန်မှစ၍ ထားသည်ဝန်တို မစ္ဆရိယစိတ်ဖြင့် ထာဝစဉ် လောင်မြိုက် နေလေတော့ သည်။ ခင်သီကလည်း တစ်အိမ်တည်းမှာပင် ထားနှင့် မတွေ့ဖြစ်အောင်ရှောင်ပုန်း နေပါသည်။ သည်ကြားထဲက ခင်သီ၏ တစ်နေ့တစ်ခြားစူထွက်လာသော ဝမ်းဗိုက်ကို ရိပ်ခနဲ ဖျတ်ခနဲတွေ့လိုက်ရ သော အခါ ထား သွေးရူးသွေးတန်းခံစားရလေသည်။

ထားအဆိပ်သောက်ပစ်လိုက်ရင် လောကကြီး အေးသွား လေ မလား။ ဒါမှမဟုတ် ခင်သီ့ကိုပဲ အဆိပ်ခပ်လိုက်ရလေမလား။

ထား အတွက် အလွန်ကျက်သရေ ရှိလှသော သည်အိမ်သည် အလွန်ကြွမ်း ခြစ် ပူလောင်လှသော ငရဲခန်း အဖြစ် ပြောင်းလဲသွား လေတော့ သည်။

ထား၏ မခံချင်စိတ်ကို ချိုးနှိမ်၍မရနိုင်တော့ သောအခါ ခင်သီ့ အနားကပ်သွား၍ စကားနာ ထိုးကာ ထေ့ငေါ့ရန်စလေသည်။ ထားသည် ကျားနာမတစ်ကောင်နှင့် တူလေသည်။

“ညည်းက အိမ်ကြီးရှင်မ ဆိုပြီး ဘာ အလုပ်မှ မလုပ်နိုင်တော့ ဘူးလား။ ခုတော့ အခံ့ သားနေချင် ပြီ ပေါ့လေ” ဟု မြည်တွန်တောက် တီးသောအခါ ခင်သီသည် နိုင်သမျှ အလုပ်ကို တကုပ်ကုပ်နှင့် သိမ်းကျုံးလုပ်ရှာသည်။ ထားစိတ်ထဲတွင် ခင်သီကို ဒုက္ခပေးချင် စိတ်တွေ ပြည့်နှက်နေသည်။

တစ်နေ့တော့ ခြံထဲတွင် လမ်းလျှောက်ရင်း ရေတွင်းအနီး၌ ရေညှိများထုတက်နေသည်ကို တွေ့

ရ သောအခါ ချက်ချင်း အိမ်ပေါ် ပြန်တက်ပြီး ခင်သီကို ရေတွင်းအနီးစံပယ်ချုံမှ စံပယ်ပန်းများ သွားဆွတ်ခိုင်းလေသည်။

ထား၏အလိုဆန္ဒအတိုင်း ထားအကွက်ချ စီစဉ်ထားသည့်အတိုင်း အတိအကျ ဖြစ်လာကာ ခင်သီသည် ရေတွင်းဘေးမှာ ချော်လဲပြီး ကလေးပျက်ကျသွားလေသည်။

ထိုအခါ ကိုကို့ဒေါသမီးကယမ်းပုံ မီးကျသလို ပြင်းထန်စွာ တောက်လောင်လေတော့သည်။

ကိုကိုက တက်တခေါက်ခေါက်နှင့် ကြိတ်မနိုင်ခဲမရဖြစ်နေသည်။ ခင်သီ့ကိုလည်းဆူသည် ထားကိုလည်း ဆူသည် မျက်နှာကြီး သုန် မှုန်လျက် စိတ်မပြေနိုင်တော့ချေ။

နောက်ဆုံးမှာတော့ ကိုကို ထားကို အပြစ်တစ်ခုပေးလေသည်။ ထိုအပြစ်သည် ထားအတွက်တော့ အကြီးမားဆုံး အရက်စက်ဆုံး အပြစ် ပေးခံရခြင်းဖြစ်သည် ထို အပြစ်ကြောင့်ထားသည် မစ္ဆရိယပင်လယ်ကြောမှာ မျက်ရည် လည်ရွဲ နှင့် မျောပါခဲ့ရလေတော့သည်။

ကိုကိုသည် ထားနှင့် နှစ် ပေါင်း များစွာ နှစ်ကိုယ်ယှဉ်တွဲချစ်ပွဲဝင်ခဲ့သည့် အခန်းကြီးကို လှည့်ပင်မကြည့်တော့ပါ။ နောက်ဘက်အဆောင်ရှိ ခင်သီ့အခန်း သို့ ရွှေ့သွားပါသည်။ ထား၏ အထီး ကျန် ပူလောင်ပေါက်ကွဲ နေသော ညပေါင်းများစွာကား တွေးရက်စရာ ပင်မရှိတော့ပါ။


ကြေမွနေသောနှစ်ယောက်အိပ်ခုတင်မွေ့ရာကြီးပေါ်တွင် ထားတစ်ယောက်တည်းလူးလိမ့်ရင်း မိုးစင်စင်လင်းခဲ့ ရလေသည်။


ထားသည် ဘုရားမှန်းမသိ တရားမှန်းမသိ ကိုကိုများ အခန်းထဲ ယောင်မှားဝင်လာလေမလား၊ စိတ်လည်လာလေမလားနှင့် လာနိုးငယ်မျှော်ရင်း အသည်းနှလုံးတွေ မွမွ


ကြေခဲ့ပါပြီ။


တစ်ခါတစ်ရံ ညဥ့်သန်း ခေါင်ယံ အချိန် တရွေ့ရွေ့ထ သွား ပြီး ခင်သီ့အခန်းနံရံကိုမှီ၍ ထိုင်ကာ သည်းခင်အူပြတ်မျှ ဝမ်းနည်း ကြေကွဲစွာ ငိုကြွေးမိပါသည်။


ကိုကိုတို့ ကြားချင်လည်း ကြားမှာပါ။ ထားကို အသည်းနှလုံး ရှိသော လူသားတစ်ယောက်လို့ပင် မသတ်မှတ်ကြတော့ပါ။


ဖြစ်နိုင်လျှင် ထား ဝေးရာ ကိုပြေးချင်ပါပြီ။ ထားဒီအိမ်ကို စွန့် ခွာလိုက်လျှင် ကိုကိုနဲ့ ဒီတစ်သက် ဝေးရမှာသေချာပါသည်။


ထား သည် ကိုကို့ရင်ခွင်ကို မျှော်လင့်နေ ဆဲပါ။ ထား ကိုကို့ ကို သည်မျှမိုက် မိုက်မဲမဲချစ်ပါသည်


သာမာန်မိန်းမသားတို့ မခံစားနိုင်သည့် ငရဲ ခန်းကို မျက်ရည်လည်ရွဲနှင့် ဖြတ် ကျော်ရင်း နှစ်နှစ်မျှ အချိန်ကုန်သွားသောအခါ ခင်သီ ကလေးတစ် ယောက်မွေးဖွားလေသည်။


ကလေး မှာ ယောက်ျားလေးဖြစ်ပြီး ကိုယ်အလေးချိန် ၈ပေါင် ၂အောင်စရှိပါ သည်။


ခင်သီနှင့် ဆန့်ကျင်စွာ ဖွေး ဖွေးဖြူဖြူ ကလေးဖြစ်ပြီး မျက်နှာ ပုံပန်းက ကိုကိုနှင့် ဆင်ပါသည်။


သည်ကလေးအကြောင်းကို သည်မျှအနုစိတ် ပြောနိုင်၍ ထား သည်ကလေးကို ပွေ့ချီဖူးသလားသွားကြည့်ဖူးသလား သိချင်ကြပါ လိမ့်မည်။


ထားကတော့ သည် ကလေးကိုလက်ဖျားနှင့်ပင် မတို့ဖူးပါ။ အသိအမှတ်မပြုပါ။ အိမ် မှာ ကလေးတစ်ယောက် တိုးလာသည် ကို မသိသလိုပင် နေပါသည်။ သည် ကလေးနှင့်ထား ဘာမှ မဆိုင်ပါ။


ကိုင်း ကိုကို ဘယ့်နှယ်ရှိပါစ။ ထားကို ရင်ကွဲသေပါက သေစေတော့ဟဲ့ ဆိုပြီးပေးတဲ့အပြစ်။


ခု ထားကလည်း ရှင့်ကိုတုံ့ပြန်ပြီ ရှင့်အသည်းနှလုံးလေးကို မရွှေထားတို့က ဖုတ်လေတဲ့ငပိ ရှိလေတယ် တောင် မထင်ပေါင်ဆိုပြီး နေပြ လိုက်ပြီတွေ့လား။ ရှင်မခံချင်စိတ်နဲ့ အသည်းကျွဲခတ်သလို နာနေရှာမှာ ပေါ့ သနားလိုက်ပါဘိ ကိုကို။


သည်လိုနှင့်ပင် ကလေး နှစ် နှစ်ခန့် အရွယ်ရောက်၍ ဟိုဒီပြေး လွှား ဆော့ကစား နိုင်သောအချိန် တွင် ထားလုံးဝမမျှော်လင့် ထားခဲ့ သော အဖြစ်အပျက်တစ်ခုဖြစ်ပျက် သွားခဲ့လေသည်။


ထား ကိုကိုနှင့် ခပ်စိမ်းစိမ်း နေခဲ့သည်မှာ ကြာခဲ့ပါပြီ။ ကိုကို ထား ၏ အကြင်နာ အယုအယတွေ နှင့် ကင်းဝေးခဲ့ သည်မှာလည်း ကြာ ခဲ့ပါပြီ။


ထားကိုကို့ကို ခင်.သီ့ရင်ခွင်ထဲဖြစ်လိုရာဖြစ်စေ ပစ်ထားခဲ့ပါသည်။


ထိုအချိန်များတွင် ကိုကို့ကျန်းမာရေးချို့တဲ့လာသည်ကို ထား မသိခဲ့ပါ။


ကိုကို အစည်းအဝေးလုပ်နေရင်း ရုတ်တရက်လဲကျကာ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွား ကြောင်းသိလိုက် ရသောအခါ ထားအပူလုံးဆို့ပြီး သတိလစ် မေ့မြောသွားခဲ့ပါသည်။


ကိုကို့ကို နှမြောတသစိတ်ဖြင့် ဖြေဆည်မရနိုင်တော့ပါ ထားရင်ကွဲ ရပြန်ပါပြီ။


ထားတို့နှစ် ယောက် အာဃာတတွေနဲ့ တစ်ယောက်ကို တစ်ယောက် အလျှော့ မပေးဘဲ စိမ်းကားနေခဲ့ကြသည်။ ကိုကိုသက်ရှိ ထင်ရှားရှိနေစဉ် ကတည်း


က ကိုကိုနဲ့ထား ဝေး နေခဲ့ကြတာပါ။


ခုတော့ ကိုကိုနဲ့ဝေးချင်လှတဲ့ မိန်းမ ကိုကို့ကို ရွဲ့ချင်လှတဲ့ မိန်းမ ကိုကို့ အပေါ် တာဝန်မကျေခဲ့တဲ့မိန်းမ ကိုကိုနဲ့ အပြီးတိုင်ဝေးခဲ့ရပါပြီ။


ထားသည် လှုပ်လီလှုပ်လဲ့ ကိုယ်ခန္ဓာကို အတင်းကြိုးစား ထောင်မတ်ရင်း ကိုကို့ နောက်ဆုံး ခရီးကို လိုက်ပို့ခဲ့ပါသေးသည်။


သွားနှင့်ပါတော့ ကိုကို။


ကိုကို့အတွက် ရက်လည် ဆွမ်းသွပ်ပြီးလျင် ထား သည်အိမ်ကြီးထဲမှ အပြီးအပိုင် ဆင်းခဲ့ပါ သည်။ ခင်သီက မျက်ရည်လည်ရွဲ နှင့်တားပါသေးသည်။


“မသွားပါနဲ့ မမထားရယ်အမှန်တော့ ခင်သီတို့သားအမိ ဆင်း ရ မှာပါ မမထား ပိုင်တဲ့ အိမ်ကြီးပါ မမထားပဲ နေသင့်ပါတယ်”


“မတားနဲ့တော့ ခင်သီ ငါ ကိုယ်၌က ဒီအိမ်မှာမနေချင်တော့ လို့ပါ။ ငါ့မှာပြန်စရာ ညီမတွေ အိမ်ရှိပါတယ် ငါသွားပါရစေ”


ထားအတွက်တော့ သည် အိမ်ကြီးသည် ကိုကို့ကို အနည်းနည်း အဖုံဖုံ သတိရစေသည်။ ချစ် လို့ သတိရလျှင်လည်း ငိုရသည်။


ကိုကိုရက်စက်ခဲ့သည့် အဖြစ်ဆိုး တွေကို သတိရလျှင်လည်း ငိုရ သည်။ ထားအတွက်တော့ ကြေကွဲ ထိခိုက်ဖွယ် အိမ်ကြီးသာဖြစ်လေသည်။ထားမနေလိုတော့ပြီ


ထားဆွေမျိုးတွေ အိမ်ပြန် သွားပြီး တစ်နှစ်အကြာတွင် ထား အကြီးအကျယ် ဖျားလေသည်။


ထားတို့ ကြင်နာခဲ့စဉ်က ထားဖျားလျှင် ခြေမကိုင်မိ လက်မကိုင်မိနှင့် သည်းသည်းလှုပ်နေသော ကိုကို့ကိုသတိရသည်။


ထားအနည်းငယ် အဖျားကျသွားတော့ အိမ်ပြတင်းဘောင်ကို မှီရင်း မှိုင်းမှုံရီဝေသော ပတ် ဝန်းကျင်ကို ငေးကြည့်နေမိ သည်။


ပတ်ဝန်းကျင်သည် ဆောင်း အကုန် နွေအကူးမို့ စိတ်ကူးတွေ တိမ်းတိမ်းပွေပွေဖြစ်လောက်အောင် နူးညံ့လှပလေသည်။ ရတနာရွှေခက်ပန်းတွေ ကလည်း ထိန်ထိန်ဝါ အောင် ပွင့်နေကြသည်။


စံပယ်ချုံ ထဲက ချိုးကလေးသည် ရင်ခေါင်းသံ ပါအောင် ကြေကြေကွဲကွဲ ကူလေသည်။


သည်လိုအချိန်အခါမျိုးမှာပေါ့။ ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ခင်သီဆိုတဲ့ မိန်းမဆင်းချလာခဲ့တာ။


အဲဒီအချိန်ကစပြီး ထားရဲ့ကမ္ဘာ လေး ပျက်တော့တာပါပဲ။


ထားသည် အသစ်တစ်ဖန် ပြန်လည်ခံစားရရင်း ရင်ထဲမှာတလှိုက် လှိုက်မော လာလေသည်။


ထားသည်လို မောနေသည်မှာကြာပြီ ဝန်တိုမစ္ဆရိယကြောင့် ဒေါသကြောင့်၊ အချစ်ကြောင့်၊ အမုန်းကြောင့် မောခဲ့သည့် အမောများကထားကို နှလုံးရောဂါရအောင် ဖိစီးခဲ့လေသည်။


ထား မဆုံးနိုင်သော အမော များဖြင့် အိပ်ရာထဲလဲနေသောအခါ ထား အမုန်းကြီးမုန်းခဲ့သော ခင်သီ့ကိုခေါ်တွေ့လေသည်။


ခင်သီက မောဟိုက်နေသောထား၏အနား မှာ ကျုံ့ကျုံ့ကလေးထိုင်ရင်း ထား၏ လက်ဖျား ကလေးကို ဆုပ်ကိုင်ထားသည်။


“မမထားရယ် … ခင်သီ အမိုက်မကို ခွင့်လွတ်ပါ။ ခင်သီတို့ရဲ့ ဝဋ်ကြွေးအတုံ့အလှည့်တွေ ဒီဘ၀ဒီတင်ပြီးပါရစေလို့ ခင်သီ ဆုတောင်းပါတယ်”


ထားသည် ရှိုက်ကာရှိုက်ကာ ငိုနေသော ခင်သီ့မျက်နှာကို စိုက်ကြည့်နေသည် ထားအမြင်တွေ ဝေဝါးနေ၍ ပီပီပြင်ပြင် မမြင်ရတော့ချေ။ ခင်သီငိုနေမှန်းတော့ သိသည်။


“ခင်သီ ငါ့ကို တစ်ခုကူညီပါ။ ငါ့ အလောင်းကို ကိုကို့အုတ်ဂူ ကို ဖောက်ပြီး ထည့်မြှုပ်ပေးပါ။ ငါ နားပါရ စေတော့ ခင်သီ”


ခင်သီခေါင်းညိတ်သည်ဟုထင်ရသည်။


“စိတ်ချပါ မမထားရယ်” ဟုပြောသံ ကိုတော့အသေအချာကို ကြားလိုက်ရသည်။


တကယ့်ကို ထားစိတ်ချပြီ။ အုတ်ဂူထဲမှာတော့ ကိုကိုနဲ့ မခွဲအတူ နေနိုင်ပြီ။


ထား မျက်ခွံကိုပိတ်ပြီး ပြင်းထန်သော အမောထဲမှာ စိတ် ကို နှစ်ထားလိုက်သည်။


အသက်ကို ကြိုးစားပြီး ပြင်းပြင်းရှုနေရာမှ ပင့် သက်ကို ညင်ညင်သာသာချပြီး စိတ် ကိုလျှော့ချလိုက်သောအခါ ထား သည် မနိုးသောအိပ်ခြင်းဖြင့် ထာဝရ အိပ်စက်သွားလတော့သည်။


 


ညို နှင်း အိမ်