မျက်ဝန်းထဲတွင်စွဲနေသော

 မျက်ဝန်းထဲတွင်စွဲထင်နေသော(စ/ဆုံး)

———————-

ဟိုကလာနေတာ ခင်မောင်လေး ပါလား။


ထိပ်ကြီးပြောင်နေလိုက်တာများဆိုတာမြင်လို့မကောင်းဘူး။


ကျောင်းတုန်းကဆိုအိတ်ထဲမှာဘီးတစ်ချောင်းအမြဲဆောင်ထားတဲ့ငနဲကခုတော့ ဆံပင်က ပလူမွှေးပလူထောင် ဖြစ်သွားပါရောလား။


သူ့ဆံပင်တွေကိုလူရှေ့မရှောင် သူရှေ့မရှောင်ခေါင်းအမြဲဖြီးနေတဲ့သူ။


အခုသူ့ဆံပင်တွေ ဘယ်ရောက်သွားပါလိမ့်။


မျက်နှာကြီးကလည်းဖောသွပ်သွပ်နဲ့မျက်စိပေါက်တောင်မပွင့်တော့ဘူး။


လူကလည်း ပွစိပွယောင်းနဲ့ဝက်အသားအရေလိုဖြစ်နေပါလား။


ဗိုက်ကြီးကလည်း ပူနေလိုက်တာများဟယ်။

ဘာတွေစားလို့ ဒီလောက်ပူကားနေရတာတုန်း။

ဘီယာဗိုက်ဆိုတာလား။


ဘုရား …ဘုရား ။

တော်ပါသေးရဲ့။

ကျောင်းတုန်းကငါ့ကိုသေအောင်ကြိုက်ခဲ့တာ။


ငါသူ့ကိုပြန်မကြိုက်မိတာ မှန်သွားတာပေါ့။


သူပေးတဲ့ မောင်ပန်းမွှေးပို့စကဒ်တွေငါ့ဆီမှာ တစ်ထပ်ကြီး။


သွားတွေကလည်း ကွမ်းချေးတွေတက်နေလိုက်တာ။


မိုးကုတ်က ကျောက်နီတွေစီထားသလိုပဲ။


နီရဲတဲ့အဆင့်ကနေ မဲတူးတဲ့အဆင့်ရောက်နေပြီ။


လက်မှာဝတ်ထားတာတဲ့ ရွှေလက်စွပ်ကြီးကလည်း ပြူးနေပါလား။


ဟန်းချိန်းကြီးကလည်း သုံးကျပ်သားလောက်ရှိမယ်။

မှန်းစမ်း…ဒီခေတ်ပေါက်စျေးနဲ့ငါတွက်ကြည့်စမ်းမယ်။

အင်္ကျီရင်ဘတ်ကို ကြယ်သီးနှစ်လုံးဖြုတ်ထားရတဲ့အကြောင်းရင်းကဘာလဲ။


အလိုလေးးးးးးး

လည်ပင်းက သင်္ဘောချည်ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကို လူမြင်အောင်ကိုး။


ဒီကောင်တွေ့သမျှလူတွေကိုရှိသမျှသွားအကုန် ဖြဲ ပြီးလိုက်နှုတ်ဆက်နေပါလား။


ငနဲက စီးပွားရေးအတော်ပြေလည်ပုံရတယ်။


ဆရာကန်တော့ပွဲမှာလည်း သူက

အလှုငွေအများဆုံးထည့်ထားတယ်လို့သတင်းရတယ်။


သူကဘာစီးပွားရေးလုပ်နေပါလိမ့်??။


ဝလွန်းတော့ခေါင်းနဲ့ပုခုံး

ကဆက်နေတယ်။


လည်ပင်းကိုဘယ်နားမှာရှာရမှန်းမသိဖြစ်နေတယ်။


စကားကိုလည်း လိုတာထက်ပိုပြီးအော်ကျယ်အော်ကျယ်ပြောနေတာစိတ်ပျက်စရာကြီး။


ဒီကောင် နားလေးတယ်နဲ့တူတယ်။


နားလေးတဲ့သူတွေက စကားကိုအော်ပြောတာတွေ့ဖူးတယ်။


အဆီပြန်မျက်နှာကြီး တပြပြနဲ့မြင်ရတာ စိတ်ပျက်တယ်ကွယ်။


တော်ပါသေးရဲ့ခင်မောင်လေး ရယ်။

ငါနင်နဲ့ဖူးစာမဆုံဖြစ်လို့။


ငါ့ fbထဲမှာနင့်ကိုတွေ့မိပါရဲ့။

နင့်ရဲ့ post တွေမှာ

ခွေးပုံတင်လိုက်။

ကြောင်ပုံတင်လိုက်နဲ့။

မထော်မနန်းပုံတွေ ငါတွေ့ပါတယ်။


ဦးထုပ်မျိုးစုံဆောင်းပြီး

ပုံတွေတင်တော့ နင်ဆံပင်မရှိတာငါမသိလိုက်ဖူး။


Iphone နဲ့ရိုက်ထားတော့နင့်ရုပ်ကအလွန်ကြည့်ကောင်းနေတာ။

ခုတော့ fb ကနင့်ဓါတ်ပုံနဲ့အပြင်ကရုပ်တခြားစီပါလား။


ထိုင်းကကမ်းခြေတွေမှာ

အဝေးကနေရိုက်ထားတဲ့

နင့်ပုံတွေကိုငါတွေ့တယ်။


ဒီကောင် မိုက်လှချည်လားလို့တောင်ထင်နေမိတာ။


အခုဆရာကန်တော့ပွဲမှာ နင့်ကိုမျက်ဝါးထင်ထင်မြင်တော့မှ အထင်နဲ့အမြင်လွဲပါပေါ့လား ခင်မောင်လေးရယ်။

.

.

.


ဟိုဟာ ရှင်စောမေ ပါလား။

အိုစာသွားလိုက်တာ။

အဖွားကြီးလုံးလုံးဖြစ်သွားပါလား။


မှတ်တောင်မမှတ်မိဘူး။


ဟယ်!!

ထိုင်ရာကတောင်မထနိုင်ပါလား။


အဆီပိတ်နေတဲ့ခန္ဒာကိုယ်ဆိုတာဒါမျိုးနဲ့တူတယ်။


လက်နှစ်ဘက်ကိုရှေ့ကိုအားပြုထောက်ပြီးမှထလို့ရတယ်။


မျက်နှာမှာလည်းမေးနှစ်ထပ်နဲ့ပါလား။


ပါးမှာလည်းအဆီတွေနဲ့ဝလိုက်တာ။


ကျောကုန်းနဲ့တင်ပါးကတဆက်ထဲဖြစ်လို့။


ငယ်ငယ်တုန်းကနင်ကခါးသေးသေးလေးပါ။


ဝမ်းဆက်အဝါရောင်လေးများဝတ်လာရင်လူတကာငေးကြည့်ရ တယ်။

အဲဒီတုန်းက နင့်ကိုယ်လုံးလေးကလှလိုက်တာ။


နင်ကျောင်းလာရင် လူတကာက

သမင်လည်ပြန်ကြည့်ရတဲ့ငရံ့ကိုယ်လုံးလေးဘယ်ရောက်သွားပြီလဲရှင်စောမေ။


သူများတွေဝမ်းဆက်ဝတ်ရတဲ့ပိတ်စ။


နင်ကထမီတစ်ထည်ထဲနဲ့ကွက်တိကျနေပုံပဲ။


နင့်ရဲ့မျက်လုံးတွေကဘယ်နားမှာလည်း ရှင်စောမေ။


ဝလွန်းလို့ မျက်စေ့ပေါက်တောင်ပိတ်နေပြီ။


အရင်တုန်းကနင့်ရဲ့သမင်မျက်လုံးနှင့်တူတဲ့ညှို့မျက်ဝန်းရဲ့အကြည့်မှာငါကျရှုံးခဲ့ဖူးတယ်။


အခုအဲဒီမျက်ဝန်းတွေကော။


လည်ပင်းမှာလည်းအရစ်တွေလား။ အဆီတွေလား။


ပုတီးရောင်စုံလေးဆွဲလာရင်လှပလွန်းတဲ့လည်တိုင်ကြော့ကြော့ ရွှေလည်တိုင်လေး ငါတို့ငေးကြည့်ခဲ့ဖူးတယ်။


ခုများတော့ဘယ်ဆီရောက်သွားပြီလဲ။


တွေးရခက်နေပြီ။

တော်ပါသေးရဲ့ ရှင်စောမေ ရယ်။


ဖူးစာရေး နတ်မင်းကြီးက

နင်နဲ့ဖူးစာဖက်မပေးလိုက်တာကိုပဲကျေးဇူးအခါခါတင်မိပါပြီ။


အင်းယားကန်ဘေးကမုန့်ဆိုင်မှာမုန့်စားရင် ပါးစပ်ကလေးမပွင့်တပွင့်နဲ့ တို့ကနန်း ဆိတ််ကနန်း စားတတ်တဲ့နင်။


အခုတော့ဒန်ပေါက်ကို သုံးပွဲတိတိစားတာ ငါလက်ရေချိုးထားတယ်။


ပါးစပ်ပေါက်ကို အကျယ်ကြီးဟပြီး ပလုပ်ပလောင်း စားနေလိုက်တာများ။


ရှင်စောမေရယ်။

ဟိုအရင်တုန်းက နှင်းဆီဖူးနှုတ်ခမ်းလေးကဘယ်အဝေးမှာထားခဲ့လိုက်ပြီလဲ။


ဟိုမှာ။

နင့်ဘေးနားကငနဲက နင့်ယောက်ကျားနဲ့တူတယ်။


လူပုံစံကလဲ ငမျောက် ငချောက်ပေစိပါလား။


ဟယ်။

ဆံပင်ကလည်း တစ်ခေါင်းလုံးပြောင်နေပြီး နားရွက်အထက်နားမှာပဲရှိနေတာလား။


ကျောင်းတုန်းကတော့ ခင်မောင်လေး ရေ။

ငါကဆံပင်တိုရင်သဘောမကျဘူးလို့ပြောမိတယ်လို့ငါထင်တယ်။


ရှင်စောမေ။

နင်ကဝတုတ်ကြီး။

နင့်ဘေးက အကောင်က ပိန်ပိန်လေး။


နင်တို့ကြည့်ရတာစဥ့်အိုးနား

အိမ်မြှောင်ကပ်နေသလိုပါလား။


ကြည့်မကောင်းလိုက်တာ။

ရှင်စောမေ ရယ်။

ဟူးးးးးး

တော်ပါသေးရဲ့။


.

.

.

#ချစ်တဲ့

#ခင်လှမြတ်ခိုင်