ချစ်စကား(စ/ဆုံး)
————-
စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးထံ အမျိုးသမီးတစ်ယောက် ရောက်လာသည်။
“ထိုင်ကွယ် … သမီး ဘာဖြစ်သလဲပြော”
“ဆရာကြီး သမီးတို့အိမ်ထောင်ရေး အဆင်မပြေဘူး”
“သမီးရေ … ဖြစ်တတ်တဲ့ သဘာဝပဲ … အဆင်ပြေလွန်းနေရင် ပျင်းစရာကောင်းမှာပေါ့ … ဟား … ဟား … ဟား”
ဆရာဝန်ကြီးက ရယ်စရာပြောပြီး အမျိုးသမီးကို စိတ်ဖြေသိမ့်လိုက်သည်။
“အဆင်မပြေဘူးဆိုတာ ဘာကြောင့် သမီးဘက်က ပြောနိုင်တာလဲ”
“သမီးတို့ စကားမပြောတာကြာပြီ”
“ဘယ်လောက်ကြာပြီလဲ”
“တစ်လလောက်ရှိပြီ”
“ဘာဖြစ်လို့လဲဆိုတာ သိရမလား”
“ဒီလိုပါပဲဆရာကြီး … စိတ်ထဲမှာ သူ့အပေါ် ဘဝင်မကျတာတွေ ဖြစ်လာလို့ပါ”
“သမီး … သမီးတို့အချင်းချင်း လက်ထပ်လိုက်ကြတာ နှစ်ဦးသဘောတူ ကြိုက်လို့လား … အိမ်က ပေးစား တာလား”
“သမီးတို့ချင်း ကြိုက်လို့ပါ”
“အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲ”
“၅ နှစ်”
“အိုး … ၅ နှစ်တောင် ရှိနေမှပဲ … နေဦး … သမီးက သူ့ကို ချစ်တယ်လို့ နောက်ဆုံး ပြောခဲ့တာ ဘယ်တုန်းကလဲ”
အမျိုးသမီးက ငိုင်သွားသည်
“သမီးတို့ လက်ထပ်ပြီးလောက်ကတည်းက မပြောဖြစ်တော့တာပဲဆရာကြီး”
“သူကရော ဘယ်တုန်းက သမီးကို ချစ်တယ်လို့ နောက်ဆုံး ပြောခဲ့သလဲ”
“လက်ထပ်ပြီး နောက်ပိုင်း မကြားရသလောက်ပါပဲဆရာကြီး”
“ကောင်းပြီ … ဒီနေ့ကစပြီး ချစ်တယ်ဆိုတဲ့ စကားလေး ပြောကြည့်လိုက်”
“အို … မပြောချင်ပါဘူးဆရာကြီးရယ် … ဒီအချိန်မှလည်း ပြောမထွက်တော့ပါဘူး”
“ညံ့လိုက်တဲ့ ကလေး … ဒီမှာကြည့်”
ဆရာဝန်ကြီးက သူ့ဖုန်းကို ယူလာပြီး
“ကြည့်” ဟုပြောလိုက်သည်
ဆရာဝန်ကြီးက သူ့ဇနီးထံ စာရိုက်ပြီး ပို့လိုက်သည်။
“ချစ်တယ်”
တစ်ဖက်ကလည်း စာပြန်လာသည်
“ချစ်တယ် … ဒီည စောစောပြန်ခဲ့”
တစ်ဖက်မှ အသည်းပုံလေးတွေပါ ပေးထားသေးသည်။
“တွေ့လား … ဒီခေတ်မှာ ချစ်တယ်ဆိုတာကို ပါးစပ်က ပြောမထွက်ရင်တောင် စာလေး ရိုက်ပို့လိုက်တာ ခက်လို့လား သမီးရယ်”
“ဟုတ်ကဲ့ဆရာကြီး … သမီးသဘောပေါက်ပါပြီ”
“ခေတ်လူငယ်တွေများ … ငါ့လောက်တောင်မရိုတတ်ဘူး … ညံ့လိုက်တာ”
နောက်သုံးရက်အကြာတွင် ဆရာဝန်ကြီးထံ ထိုအမျိုးသမီး ပြန်ရောက်လာပြန်သည်
“သမီးရေ … ဘယ်လိုလဲ အဆင်ပြေတယ် မဟုတ်လား”
“ဒီမှာသာကြည့်ပါတော့ ဆရာကြီးရှင့်”
အောက်ပါစာများမှာ အမျိုးသမီးက သူ့ခင်ပွန်းထံ “ချစ်တယ်” ဟု တစ်လုံးပို့တိုင်း ပြန်ကြားထားသည့် စာများဖြစ်သည်။
“ချစ်တယ်”
မိန်းမ မင်းနေကောင်းပါတယ်နော်
“ချစ်တယ်”
ဒီနေ့ ထမင်းမချက်ရသေးဘူးလား
“ချစ်တယ်”
ပိုက်ဆံ ကုန်ပြီနဲ့တူတယ်
“ချစ်တယ်”
ဘာဖြစ်နေတာလဲ
“ချစ်တယ်”
မင်းပဲ ရူးနေသလား … ငါပဲရူးနေလား
“ချစ်တယ်”
ဟေ့ ဆွဲကြိုးတော့ ပေါင်မသုံးထားဘူးနဲ့တူတယ်
“ချစ်တယ်”
အစည်းအဝေး တက်နေရတယ်ကွ … ရူးကြောင်ကြောင်စာတွေ ခဏခဏပို့မနေနဲ့
“ချစ်တယ်”
ဘာဖြစ်နေလဲ သူငယ်ပြန်နေလား … ဒီစာလုံးတွေကို ပို့မနေနဲ့ ရင်မခုန်ဘူး
“ချစ်တယ်”
ဘာလဲ ကားတိုက်ပြန်ပြီလား
“ချစ်တယ်”
ကလေးတွေကို ကျောင်းကြိုလာဖို့ ပြောမလို့လား
“ချစ်တယ်”
နေဦး ငါ့မိန်းမဖုန်းနဲ့ ငါ့ကို သောက်ရေးမပါတဲ့စာတွေ ပို့နေတာ ဘယ်ကောင်လဲကွ
(Saying I Love You)
#တင်ညွန့်
၇.၉.၂၀၂၀