၄၀ ကျော်အချစ်များ(စ/ဆုံး)
—————–
၄၀ ကျော်သည်အထိ ချစ်သည်ဆိုသည့်စကားလုံးကို မည်သို့သုံးရမည်မှန်းမသိသော လူပျိုကြီးနှင့် ရည်းစားရှိဖူး သော်လည်း ချစ်သည်ဆိုသော စကားကို နောက်တစ်ကြိမ် ကြားချင်နေသော အပျိုကြီး အေးမေတို့ ကန်ပေါင်တွင် တွေ့ကြသည်။
တွေ့ကြသည် ဆိုသော်လည်း ချိန်းတွေ့ခြင်းမျိုးမဟုတ်။ မတော်တဆ တွေ့ကြခြင်းသာဖြစ်သည်။
ကျောင်းဆရာ ကိုလှကြည်က စကားစသည်။
“မအေးမေ နေကောင်းတယ်နော်”
“ဟိုလေ နည်းနည်းတော့ နေမကောင်းဘူး”
“ဘာများဖြစ်လို့ပါလိမ့် မအေးမေ”
“ဘယ်လိုပြောရမလဲမသိဘူး … ညဆိုရင် အိပ်မပျော် … သန်းခေါင်ကျော်ရင် လန့်နိုး … မိုးလင်းတော့ မနိုးအောင် ဖြစ်နေတယ်ဆရာရဲ့”
“ဟုတ်လား … အဲဒါကို ရောဂါလို့ခေါ်ရမလား … မခေါ်ရမလားတော့ မသိဘူးဗျ … ကျွန်တော်လည်း အဲဒီအတိုင်းဖြစ်နေတာ ကြာပြီဗျာ”
“ဟုတ်လား … ဒါနဲ့ဆရာ စားပြီးပြီလားရှင့်”
“မစားရသေးဘူးဗျ … စောသေးလို့ လမ်းလျှောက်ထွက်ခဲ့တာ … ဒါနဲ့ မအေးမေရော”
“ဘုန်းကြီးကျောင်းမှာ အုန်းခြစ်သွားငှားမလို့ရှင့်”
“ဘာတွေများ လုပ်စားမလို့လဲ”
“မနက်ဖြန် အုန်းနို့ခေါက်ဆွဲဆွမ်းကပ်ချင်လို့ရှင့် … အဲဒါ အုန်းခြစ်လည်းငှား ဆရာတော်ဘုရားကိုလည်း အိမ်ပင့်ရင်းနဲ့ပေါ့ … တစ်လက်စတည်း ဆရာ့ကိုပါ အိမ်ကိုဖိတ်ပါတယ်ရှင့်”
“ဘာအထိမ်းအမှတ်နဲ့ ဆွမ်းကပ်သလဲဗျာ”
“သားလေးဆုံးတဲ့ တစ်လပြည့်ပါရှင့်”
“အလို သားလေးတဲ့လား … ကျွန်တော်သိတာတော့ မအေးမေမှာ အိမ်ထောင်ရှိတယ် မကြားမိပါလား”
“အို ဆရာကတော့ ပြောရော့မယ် …. သားလေးဆိုတာ ကြောင်လေး ချစ်ဖူးကို ပြောတာရှင့်”
“ဪ မှားလို့ဗျာ”
“ဆရာရော … အိမ်သူကို သတိရလို့ လမ်းလျှောက်ပြီး စိတ်ကူးနေသလား”
“ဟင်း … ဟင်း … ခက်တော့တာပဲ … အိမ်သူမရှိသေးဘူးဗျ … အူသိမ်တော့ရှိပါတယ်”
“ဆရာကတော့ လုပ်ရော့မယ် … အလိုရှင် ဒီအရွယ်ရောက်မှ … အို ကျွန်မစကား ဘယ်ရောက်သွားပြီလဲ ကန်တော့နော် ကန်တော့”
“ပြောပါခင်ဗျာ … ဒီအရွယ်ရောက်မှ အမြီးမပေါက်သေးတာ ပွင့်လင်းစွာ ပြောပါတော့”
“အဲဒီလို ဆိုလိုတာမဟုတ်ပါဘူးရှင့် … ဒါပေမဲ့ အဲဒီလိုပဲ မေးချင်တော့တာ”
“ဘာမျောက်လဲလို့ မေးချင်တာ မဟုတ်လား … လူပဲဗျာ မျောက်ကဆင်းသက်လာသတဲ့ … နာစရာ မဟုတ်ပါဘူး … ဒါနဲ့ ကြောင်လေး သေတော့ မျောက်မွေးဖို့ စိတ်မကူးမိဖူးလားခင်ဗျာ”
“အို ဆရာ့နှယ် ဘယ်လို ပြောလိုက်တာလဲ … မျောက်မွေးတယ်ဆိုတော့ကာ ဆရာ့စကား ဘယ်ဆီများ ရောက်သွားပြီလဲ … ဘာလဲရှင့် စောစောက ကျွန်မစကား မကျေနပ်လို့ သာသာနဲ့ နာနာလေး ပြန်နှက်လိုက်တာ ပေါ့လေ”
“အို ဟုတ်သားနော် … ကျွန်တော့်စကား ဘယ်များ ရောက်သွားပါလိမ့် … စိတ်မဆိုးနဲ့နော်”
“ဆရာ”
“ခင်ဗျာ”
“မတ်တတ်ကြီး … ထိုင်ကြရအောင်”
“မဖြစ်ပေါင်ဗျာ … အတူတူနှစ်ယောက်တွဲ ထပြောတာပဲကောင်းမယ်ထင်ပါရဲ့ … ထိုင်ပြောတော့ ဘာလိုလို”
“အလိုရှင် … ကန်ထဲက ကြာပန်းလေးတွေ လှချက်ကလွန်ရော”
“အေးဗျာ … ကြာဆိုတာလည်း ဘုရားတင်ဖို့ပဲကောင်းတာပါ … လူပန်ရင်တော့ ကြည့်မကောင်းပါဘူး”
“ဆရာ ဟို တောစံပယ်လေးတွေက မွှေးနေတာပဲနော် … အရပ်ကလည်း ပုသနဲ့ … ပန်းခူးလို့ အဆင်မပြေ လှပါဘူး”
“သဘာဝအတိုင်းလေး လန်းနေတာက ကြည့်ကောင်းပါသဗျာ”
မအေးမေစိတ်မရှည်။ တောစံပယ်လေးတွေကို သွားအခူး
“အလို ဆရာ … ပန်းချုံထဲက ဘာကိုက်လိုက်တယ်မသိ … နာလိုက်တာ”
“ဟဲ့ … ရွှေး … ရွှေး … ပျားတွေနဲ့ တူပါရဲ့”
“မဟုတ်ဘူးဆရာ ချက်ချင်းကြီး မူးလာပြီ … အလိုလေး”
ပြောပြောဆိုဆို ထိုင်လျက်သားလဲကျ
“ဆရာ အေးမေကို ကယ်ပါဦး”
“နေဦး … နေဦး … ကျုပ်ကဆေးဆရာမဟုတ်”
ဆရာလေးကိုလှကြည်ကပြေးကာ
“ဟေ့ ရေခပ်နေတဲ့ သာမောင်နဲ့ တုတ်ပေါ … လာကြစမ်း”
“ဘာဖြစ်လို့လဲဆရာလေး”
သူတို့နှစ်ယောက်က ရေထမ်းတွေကိုချ ဆရာလေးထံပြေးလာ
“ဟိုမှာ … ဟိုမှာ … မအေးမေတစ်ယောက် ဘာဖြစ်မှန်းမသိလို့”
သူတို့က မအေးမေအနားပြေးလာ
“အစ်မ … အစ်မ … ဘာဖြစ်သလဲဗျ”
“ဘာမှ မဖြစ်ဘူး … ဘာမှ မဖြစ်ဘူး … ခေါင်းထဲက မိုက်ခနဲဖြစ်သွားတာ ကောင်းသွားပြီ”
“မအေးမေ”
ဆရာလေး ကိုလှကြည်ကခေါ် … စိတ်တိုနေသော မအေးမေက
“ဘာလဲတော့”
“အိမ်ရောက်ရင် သွေးဆေးလေးကို သကြားနဲ့ဖျော်သောက် … ပျောက်ရောဗျ”
“အဲဒါတော့ ရှင်ပြောမှလား”
မအေးမေက ခြေဆောင့်ကာ ထွက်သွား။ သာမောင်က
“ဆရာလေး”
“ဘာလဲကွ”
“မူးလဲတော့ ဆရာလေးက အနားမှာရှိနေလား”
“ရှိပေါ့”
“ဟာ တို့ဆရာနှယ် … တစ်ချက်တည်း ဆွဲပွေ့ပြီး မွှေ့လိုက်ရမှာ”
“မမွှေ့ချင်ပေါင်ကွယ်”
“ဘာဖြစ်လို့လဲဆရာလေး”
“သူ့ချွေးကနံလှ ဟန်မကျပါဘူး”
တင်ညွန့်
၁၇.၁.၂၀၂၁