အာသာပြေ

 အာသာပြေ(စ/ဆုံး)

————-


မနေ့က သားတစ်ယောက်ကရောက်လာသည်။


အိမ်တွင်းအောင်းနေသည်မှာ တစ်လခန့်ရှိတော့မည်။ စားသောက်ရသည်တွေက အထူးအဆန်းမဟုတ်။ ကြက်ဥနှင့် ကြက်သားတစ်လှည့်စီဖြစ်နေပြီ။ အပ်ကြောင်းထပ်ပြီး မစားချင်သည်ကများနေသည်။ ကြက်သားက ဈေးပေါသည်။ တစ်ပေါင်လုံးမှ ၁၀၀၀ ကျပ်၊ သုံးရက်လောက်စားရသည်။


သားက သူနှင့်အတူ မိသားစုပါခေါ်လာသည်။ သူက ဒံပေါက်တွေဝယ်လာသည်။


“များလှချည်လားကွ … ဘယ်နှထုပ်တောင်လဲ”


“ငါးထုပ် … အားလုံးစားမှာလေ”


သူ့ဇနီးက ဒံပေါက်တွေကို ပန်းကန်တွေထဲထည့်လာသည်။ ထမင်းဝိုင်းသည် ယခုမှ ဆူဆူညံညံ စိုစိုပြည်ပြည် လေး ဖြစ်လာသည်။


အားလုံး ငါးယောက် တစ်ယောက် တစ်ပန်းကန်


ကျွန်တော်က သားပန်းကန်ထဲကို ဒံပေါက်နှင့် ကြက်သားများ ခွဲထည့်ပေးလိုက်သည်။


“ဖေဖေ စားလေ … ဘာဖြစ်လို့ ထည့်ပေးနေတာလဲ”


“တစ်ထုပ်လုံး ဘယ်ကုန်မှာလဲ … များလွန်းလို့ မစားနိုင်ဘူး”


ကျွန်တော်က ဒံပေါက်ကို မြို့ထဲထွက်ချိန်တွေကလည်း စားချင်လျှင် စားပါသည်။ ယခု ၆၅ နှစ်အရွယ်တိုင် စားချင်တာ စားလိုက်သည်။ အုန်းနို့ခေါက်ဆွဲ၊ ဒံပေါက်၊ ငါးသလောက်ပေါင်း ဘာမျှမရှောင်ပါ။ စိတ်ထဲက စားချင်လာလျှင် စားလိုက်သည်။ အိပ်ချင်လာလျှင် အိပ်လိုက်သည်။


ထမင်းစားနေစဉ် မြေးနှစ်ယောက်ကို ကျွန်တော်ထည့်ပေးလိုက်သည့် ကြက်သားနှင့် ဒံပေါက်များအား သားက ပြန်မျှဝေကာ ထည့်ပေးနေပြန်သည်။


ကျွန်တော့်စိတ်က လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကာလကို ပြန်ရောက်သွားသည်။


ထိုစဉ်က ကျွန်တော် ယုဇနဥယျာဉ်မြို့တော်တွင်နေသည်။ တိုက်ရှင်က အခန်းကို တစ်လနှစ်သောင်းနှင့် ငှားပေးထားသောကြောင့် တိုက်ခန်းနှင့် နေနိုင်သည်။ သို့သော် မြို့ထဲသို့ နေ့စဉ်အလုပ်ဆင်းရသည်မှာ ထိုစဉ်က မလွယ်ပါ။ ကားချောင်ချောင်စီးချင်သောကြောင့် မနက်အစောကြီး စီးရသည်။ ညမိုးချုပ်မှ ပြန်ရသည်။


တိုက်ခန်းတွင် သားနှစ်ယောက်ကို ထားခဲ့ရသည်။ သူတို့အတွက် ထမင်းက ပေါင်းအိုးနှင့်ချက်ပေးခဲ့သည်။ ဟင်းဝယ်စားရန် ပိုက်ဆံထားခဲ့သည်။ ကျွန်တော်ကတော့ မြို့ထဲတွင် တစ်နေ့လုံး ထမင်းတစ်နပ်လောက်နှင့် ကျေနပ်နေရချိန်ဖြစ်သည်။


တစ်နေ့တွင် သားအငယ်ဆုံးက


“ဖေဖေ မနက်ဖြန် အလုပ်နားလား”


“အေးလေ … မနက်ဖြန် တနင်္ဂနွေ နားတာပေါ့”


“သားတို့ ဒံပေါက်စားချင်တယ်”


သူတို့ တစ်ခါမျှ မတောင်းဆိုဖူးပါ။ လကုန်ခါနီးရက်ဖြစ်သောကြောင့် ကျွန်တော့်ထံတွင်လည်း ငွေကြေးအင်အား အတော်လေး နည်းပါးနေချိန်ဖြစ်သည်။ စိတ်ထဲက နင့်နေသော်လည်း


“အေး … စားရမှာပေါ့ကွာ”


တနင်္ဂနွေနေ့ ရုံးပိတ်သော်လည်း ကျွန်တော် အစောကြီး မြို့ထဲကို ထွက်လာသည်။ သားတွေက အိပ်ရာက မထသေး။ စာရေးပေးခဲ့သည်။


“ဖေဖေပြန်လာမှ နေ့လယ်စာစားမယ် … စောင့်နေ … မနက်အဆာပြေ ထမင်းကြော်ခဲ့တယ် … ပဲပြုတ်ဝယ်ပြီး ပြန်ကြော်စား”


မြို့ထဲရောက်သည့်အခါ ဗြူတီတိုက်ကိုသွားသည်။ တံခါးပိတ်ထားသည်။ တံခါးခေါက်လိုက်သည်။ လူတစ်ယောက် အိပ်ချင်မူးတူးထွက်လာသည်။


“ဟာ … ဆရာ … စောစောစီးစီး”


“ကိုမျိုးရေ … ဒီလ စာမူခလေးများ ကြိုထုတ်လို့ရမလား … ပိုက်ဆံပြတ်နေလို့”


“ကျွန်တော်စိုက်ပေးလိုက်မယ်လေဆရာ … ယူသွား”


အယ်ဒီတာကောင်းမှုဖြင့် ပိုက်ဆံရလိုက်သောကြောင့် ပျော်သွားသည်။ ဒံပေါက် ၃ ထုပ်ဝယ်လိုက်ပြီး ယုဇနကို အမြန်ဆုံးပြန်ခဲ့သည်။


ထိုစဉ်က ယုဇနကို လိုင်းကားမှာ နံပါတ် ၃၂ နှင့် ၅၆ သာရှိသည်။ ကျွန်တော်က ၃၂ ကို အစီးများသည်။ ကားပေါ်တက်လိုက်လျှင် ပန်းချီဆရာတစ်ယောက်နှင့်တွေ့လိုက်ရသည်။ သူက သာကေတတွင်နေသည်။ နေ့ခင်းဖြစ်သောကြောင့် လူနည်းသည်။ ထိုင်ခုံရသည်။ ကျွန်တော်က ပန်းချီဆရာဘေးရှိ ထိုင်ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။


“ဘယ်ကပြန်လာသလဲ”


“ကာတွန်းသွားပို့တာ”


“အဆင်ပြေရဲ့လား”


ကျွန်တော်တို့ စာပေနယ်မှ တစ်ဦးနှင့်တစ်ဦးတွေ့လျှင် မေးနေကျစကားဖြစ်သည်။ အဆင်မပြေကြမှန်း သိသိကြီးနှင့်ကို ဦးသူက မေးနေကြခြင်းဖြစ်သည်။


“ကာတွန်းပို့ပြီး ပြန်လာတာ … တိုက်တွေကလည်း သိပ်မသုံးတော့ပါဘူး … ဒီလိုပါပဲ”


သူက အပြင်ကိုငေးနေသည်။ ကျွန်တော်လည်း ဒံပေါက်ထုပ်လေးတွေကိုကိုင်ရင်း သူငေးသည့်ဘက်ကိုပင် ငေး နေသည်။


“ဆရာ … တစ်ခုလောက် အကူအညီတောင်းချင်လို့”


“ပြောလေ”


“ပိုက်ဆံလေးများ ချေးနိုင်မလားလို့”


“ဘယ်လောက်လဲဗျ”


“ငါးရာလောက်ပေါ့”


“လကုန်ခါနီးဆိုတော့ …”


ကျွန်တော်က ပြောပြီးမှ စကားဖြတ်လိုက်သည်။ လက်ထဲတွင် ဒံပေါက်ထုပ်တွေကိုင်လာသူက မရှိစကား ပြောရမှာ အားနာနေသည်။


“အေးဗျာ … နှစ်ရာလောက် ယူသွားပေါ့ … မချေးပါဘူး … ယူသွားပါ … ဒီလိုပေါ့”


ကျွန်တော်က သူ့ကို အိတ်ထဲက ပိုက်ဆံထုတ်ပေးရန် ဒံပေါက်ထုပ်တွေကို ကိုင်ခိုင်းထားသည်။ ထို့နောက် ပိုက်ဆံရေကာ ပေးလိုက်သည်။


“ဘာတွေလဲဆရာ”


“ဒံပေါက်တွေပါ”


“အင်း … ဒံပေါက်ဆိုတာ ဘာလဲလို့ မေးရမလိုတောင်ဖြစ်နေပြီ”


ကျွန်တော်က သူ့လက်ထဲမှ ဒံပေါက်ထုပ်ကို ပြန်ယူလိုက်သည်။ သူက


“ရှေ့မှတ်တိုင် ကျွန်တော်ဆင်းတော့မယ်”


သူကထရပ်သည်။ ကျွန်တော်က သူ့လက်ကိုဆွဲလိုက်ပြီး


“နေဦး”


“ဘာလဲဆရာ”


“ရော့”


ကျွန်တော်က ဒံပေါက်တစ်ထုပ်ကိုထုတ်ပြီး သူ့လက်ထဲထည့်လိုက်သည်။


“နေပါစေဆရာ … သွားမယ်”


“မဟုတ်ဘူး … ယူသွားပါ … ကျွန်တော်က ဒံပေါက်မစားဘူး … တစ်ထုပ်ပိုနေတာ … ယူသွားပါ”


သူက ဒံပေါက်ထုပ်ကို ယူလိုက်ပြီး ကားပေါ်က အမြန်ဆင်းပြေးသွားသည်။ ကျွန်တော်တို့ အချင်းချင်း ကြားတွင် ကျေးဇူးစကားမလိုပါ။


အိမ်ရောက်သော် သားနှစ်ယောက်ကနိုးနေကြပြီ။


“ထမင်းကြော် စားပြီးကြပြီလား”


“ပြီးပြီ … ဖေဖေ့ဖို့တောင် ချန်ထားသေးတယ်”


“မြို့ထဲက စားလာပြီးပြီ … ဒီမှာ ဒံပေါက်တွေ”


“ဟေး … ဒံပေါက်စားရတော့မယ်”


အငယ်ကောင်ကထအော်သည်။


နေ့ခင်းထမင်းစားချိန်ဖြစ်သည်။


“ဖေဖေ … ဒံပေါက်က နှစ်ထုပ်ပဲလား”


“အေးလေ … သားတို့ တစ်ယောက် တစ်ထုပ်စားလိုက်”


“ဖေဖေ့ဖို့ရော”


“ဖေဖေက မြို့ထဲက စားလာပြီးပြီ”


“ဟာ မဟုတ်တာ ကြာနေပြီပဲ ဆာမှာပေါ့”


“မဆာပါဘူး … မင်းတို့နှစ်ယောက် စားလိုက်ကြ”


ကျွန်တော်က သူတို့ကိုပြောပြီး စာဆက်ရေးနေသည်။


“ဖေဖေ ထမင်းစားရအောင်”


“စားလေကွာ … မဆာပါဘူး”


“မဟုတ်ဘူး … ပြင်ပြီးပြီ”


အငယ်ကောင်က အတင်းဆွဲခေါ်နေသဖြင့် မီးဖိုခန်းထဲ ထလိုက်လာသည်။ စားပွဲပေါ်တွင် ထမင်းပန်းကန် သုံးပန်းကန် ပြင်ထားသည်။ သုံးပန်းကန်စလုံးတွင် ဒံပေါက်တွေက အပြည့်အမောက်


“ဟ … ဖေဖေ ဝယ်ခဲ့တာ နှစ်ပွဲတည်းပါ … များလှချည်လား”


ကျွန်တော်က စားပွဲတွင် ထိုင်လိုက်သည်။ ဒံပေါက်ဖုံးထားသည့်အောက်ကို ဖွကြည့်လိုက်တော့လည်း ကြက်သားတွေကို တွေ့ရသည်။ သို့သော် ပေါင်လုံးလိုက်တွေမဟုတ်တော့။ ဖဲ့ထားသည်။


“ဘယ်လိုလုပ်လိုက်တာလဲကွ … အပြင်မှာ သွားဝယ်လိုက်တာလား”


“မဟုတ်ဘူး ဖေဖေ ဒံပေါက် နှစ်ပွဲကို အိမ်မှာရှိတဲ့ ထမင်းအကျန်တွေနဲ့ပေါင်းပြီး နယ်လိုက်တာ။ အရသာကို စားကြည့် ဒီအတိုင်းပဲ”


သားအကြီးကောင်ကပြောသည်


ကျွန်တော်တို့ သားအဘသုံးယောက် ဒံပေါက် နှစ်ပွဲကို တစ်ယောက်တစ်ပန်းကန် စားကြရသည့်ထိုနေ့မှာ မေ့နိုင် စရာအကြောင်းမရှိ။


ခုတော့ မြေးတွေက တစ်ယောက် တစ်ပန်းကန် ရသည်ကိုပင် မကျေနပ်။ အပိုဆောင်း ကြက်သားဖတ်တွေကို လုနေကြသည်။


“အင်း … မင်းတို့ ကံကောင်းကြတယ်ကွယ် … ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကဆိုရင် ထမင်းဖြူတွေနဲ့ ရောနယ်ထားတဲ့ အာသာပြေဒံပေါက်ကိုပဲ စားကြရမှာ”


ကျွန်တော်ပြောသည်ကို သားတွေက သဘောပေါက်သော်လည်း မြေးတွေကမေးသည်


“ဘိုးဘိုးကြီး အာသာပြေဒံပေါက်ဆိုတာဘာလဲ”


“အာသာပြေဒံပေါက်ဆိုတာ ဟိုးအရင်ကရှိခဲ့တာ … ခုတော့ မရှိတော့ပါဘူးကွယ် … စားကြ … စားကြ … မဝရင် ဒီမှာ ယူကြ”


#တင်ညွန့်


၁.၅.၂၀၂၀