သားသမီးဆိုးမိဘအိုဒုက္ခ

 သားသမီးဆိုးမိဘအိုဒုက္ခ(စ/ဆုံး)


————————

ဒီနေ့ နေ့ခင်းပိုင်းအလုပ်မှာရှိနေတဲ့အချိန် ဖုန်းတကော

ဝင်လာလို့ ကိုင်လိုက်တော့ အရင်ကတလမ်းထဲအတူ

နေခဲ့ပြီးဒဂုံဘက်ကိုပြောင်းသွားတဲ့ ကိုခင်စိုးဖြစ်နေတယ်။

ကိစ္စတခုတိုင်ပင်စရာရှိလို့ အိမ်ကိုလာမယ် ဘယ်အချိန်လောက်လာရမလဲ မေးတာနဲ့ အလုပ်ကနေအိမ်ကို

တန်းပြန်မှာမို့ ညနေ(၅)နာရီလောက်ဆိုရင် အိမ်ကို

ပြန်ရောက်မယ်လို့ ပြောလိုက်တယ်။

သူက ဘာကိစ္စတိုင်ပင်မယ် မပြောသလို

ကျွန်တော်ကလည်း ဘာကိစ္စတိုင်ပင်မလဲဆိုတာကို

မမေးလိုက်ပါဘူး။


ညနေအလုပ်ကပြန်လာ ရေမိုးချိုးပြီး ဧည့်ခန်းထဲ TV

ကြည့်နေတဲ့အချိန် ခြံဝက ဘဲလ်တီးသံကြားလို့

ထွက်ကြည့်လိုက်တော့ ခြံဝမှာ ကိုခင်စိုးရောက်နေတာနဲ့

သော့ဖွင့်ပေး ဧည့်ခန်းထဲခေါ် အအေးခွက်လေး

ချပေးလိုက်တယ်။

ကျွန်တော်က-

“ကိုခင်စိုးရေ မတွေ့တာတောင် တော်တော်လေး

ကြာပြီနော် ကိုယ့်လမ်းထဲက လူဟောင်းတွေ

သတိရတယ်ဗျ”

“အစ်ကိုလည်းအတူတူပါပဲ ညီလေးရာ နည်းနည်း

ဝိတ်လျှော့တဲ့အနေနဲ့ ဒီကခြံရောင်းပြီး ဟိုဘက်ကို

ပြောင်းပေမယ့် အဲ့မှာမပျော်ပါဘူးကွာ

ဒီကလူတွေပဲသတိရတယ် ဒီမှာက မိသားစုတွေလို

နေကြတာကွ”

“ဟုတ်တယ် ကိုခင်စိုးရေ လမ်းထဲကလူတွေကလည်း အစုအမှုတခုခုရှိရင် ကိုခင်စိုးတို့လင်မယား ရှိရင်

ပိုကောင်းမှာပဲဆိုပြီး အမြဲ ပြောနေကြတာဗျ

ဒါနဲ့ ကိုခင်စိုးတိုင်ပင်မယ်ဆိုတာက ဘာကိစ္စများလဲဗျ”


+++++++++++++++++++++++++++++++++


“ဒီလိုညီလေးရာ အစ်ကို့ရဲ့ ဦးလေးကိစ္စကွာ

သူ့သားတယောက်က တော်တော်ဆိုးတယ်ကွ အရက်လဲသောက်တယ်၊ ဆေးလည်းချတဲ့ပုံပဲ မိဘတွေကိုတော်တော်ဒုက္ခပေးတယ် သူအိမ်ထောင်ကျတော့

မိဘတွေက တိုက်ခန်းတခန်း ကားတစီး

ပေးလိုက်တာလည်းပြောင်ပြီ သူဆိုးလွန်းလို့

သူ့မိန်းမကလည်း သူနဲ့ရတဲ့ကလေးခေါ်ပြီး မိဘအိမ်

ပြန်သွားပြီ အခုသူက တိုက်ခန်းတခန်းငှါးနေတယ်

ဦးလေးရဲ့ကား လိုင်စင်သက်တမ်း တိုးခိုင်းလိုက်တာလည်း ရောင်းစားလိုက်တယ် ဦးလေးက မြေကွက်လေး

(၂)ကွက်ဝယ်ထားတာလည်း စာရွက်စာတမ်းတွေခိုးပြီး

ရောင်းစားလိုက်တယ်ကွာ အခုနောက်ပိုင်း ပိုဆိုးတာက

အမွေခွဲပေးရမယ် ဆိုပြီးအတင်းအကြပ်လုပ်တော့

သူ့အမေနဲ့စကားများတယ် ပြီးတော့ သူ့အမေကို

ဆောင့်တွန်းလိုက်တာ ဆိုဖာဆက်တီပေါ်ကျလို့

ကံကောင်းသွားတာ ကြမ်းပြင်ပေါ်ကျရင် တခါထဲ အသက်ပါသွားနိုင်တယ် ဆိုဖာဆက်တီပေါ်

ကျတာတောင် လက်နဲ့ထောက်လိုက်တော့ လက်ကအရိုး

အက်သွားတယ်တဲ့ ကျောက်ပတ်တီးစည်းထားရတယ်

ဦးလေးတို့လင်မယားက တခြားသားသမီးတွေအတွက်

အမွေချန်ထားခဲ့ချင်တယ်ကွာ သူဖြုန်းတာကလည်း

အရမ်းများနေပြီ

အဲ့တာကြောင့် သူ့ကိုအမွေဖြတ်ချင်တယ်တဲ့

တချို့ကပြောတာတော့ သတင်းစာထဲ ကြော်ငြာရင်

အမွေပြတ်တယ်လို့ပြောတယ် အဲ့တာဟုတ်လား

ညီလေး”


“သတင်းစာထဲ ကြော်ငြာရုံနဲ့ကတော့ အမွေခန်း

မပြတ်သွားဘူးဗျ ဒါပေမယ့် အကျိုးမရှိဘူးလား

လို့မေးရင်တော့ အကျိုးတော့ရှိတယ် ပြောရမှာပဲ

ကိုခင်စိုးကို ကျွန်တော်ရှင်းပြမယ်”

“အေး လုပ်ပါအုံး ညီလေးရ”


+++++++++++++++++++++++++++++++++


“မိဘတွေကနေ သူတို့ရဲ့ သား/သမီး မောင်ဘယ်သူ၊

မဘယ်သူသည် မိဘကိုအမျိုးမျိုး စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်း၊ မိဘ၏ ကိုယ်၊စိတ်၊ဂုဏ်သရေ၊ပစ္စည်း

စတာတွေကို ထိခိုက်အောင်ပြုလုပ်ခြင်း၊ မိဘကိုရန်သူသဖွယ်ဆက်ဆံခြင်း၊ ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်ခြင်း၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်းတို့ကြောင့်

ဘယ်နေ့ဘယ်ရက်မှစပြီး သားသမီးအဖြစ်က စွန့်လွှတ်လိုက်ပါသည်

၎င်းနှင့်ပတ်သက်သည့် ကိစ္စအဝဝကို မိဘဖြစ်သည့်

ဦးဘယ်သူ ဒေါ်ဘယ်သူတို့က လုံးဝတာဝန်ယူ ဖြေရှင်း

ပေးမည်မဟုတ်ပါ ဆိုတာမျိုး ကြော်ငြာထားရင်

ဥပမာဗျာ သားသမီးအဖြစ် စွန့်လွှတ်ကြောင်း ကြော်ငြာခံထားရတဲ့သူက တခြားသူဆီကနေ ပိုက်ဆံချေး

ထားတာပဲဖြစ်ဖြစ် တခြားပြဿနာတခုခုကြောင့် ငွေကြေးပေးရမည့် ကိစ္စပဲဖြစ်ဖြစ်ကြုံလာလို့ သူနဲ့ ပတ်သက်သူက မိဘတွေဆီရောက်လာရင် သတင်းစာကို

အထောက်အထားပြပြီး ငါတို့ကနဂိုကတည်းက သူနဲ့ပတ်သက်တဲ့ ကိစ္စအဝဝကို လုံးဝတာဝန်ယူ ဖြေရှင်းပေးမှာမဟုတ်ကြောင်း တနိုင်ငံလုံးသိအောင် ကြေညာ

ထားပြီးသား ကိုယ့်ဘာသာသွားပတ်သက်တဲ့ကိစ္စ

ငါတို့နဲ့မဆိုင်ဘူး ဆိုတာမျိုးနဲ့ ရှောင်ထွက်လို့

ရနိုင်တယ်ဗျ

အဲ့တော့သတင်းစာထဲ ကြော်ငြာတာက တရားဝင် အမွေမပြတ်ပေမယ့် မိဘတွေအတွက် cover တခုတော့

ဖြစ်တယ်လို့ပြောရမယ်ဗျ”

“အေး အေး သဘောပေါက်ပြီ

ဒါနဲ့ညီလေး တရားဝင် အမွေပြတ်အောင်ကရော

ဘယ်လိုလုပ်ရမလဲ”


“တရားဝင်အမွေပြတ်အောင်က တရားရုံးမှာ

သွာနုတ္တရ သားသမီးအဖြစ် မြွက်ဟကြေညာ

ပေးစေလိုမှုနဲ့ တရားစွဲရတယ်ဗျ အဲ့တာအရင်ကနော်

စောစောကပြောသလို မိဘကိုစိတ်ဆင်းရဲအောင်လုပ်တယ်၊မိဘစကားကိုမနာခံဘူး မိဘတွေရဲ့ကိုယ်၊စိတ်၊ဂုဏ်သရေ၊ ပစ္စည်းကို ထိခိုက်အောင်လုပ်တယ်

မိဘတွေကို ရန်သူသဖွယ်ဆက်ဆံတယ် ထိခိုက်နာကျင် အသက်အန္တရာယ်ကိုခြိမ်းခြောက်လောက်တဲ့အထိ

လုပ်တယ်ဆိုရင် အဲ့အချက်အလက်အထောက်အထားတွေနဲ့ သွာနုတ္တသားသမီး(ခွေ းနဲ့တူသောသားသမီး)

အဖြစ်မြွက်ဟ ကြေညာပေးစေလိုမှုနဲ့ တရားရုံးကို

လျှောက်ထားရတယ် ရုံးကစစ်ဆေးလို့ မိဘတွေရဲ့

တင်ပြချက်တွေက မှန်ကန်တယ်ဆိုရင် အဲ့သား/သမီးကို

သွာနုတ္တရ သားသမီးအဖြစ် မြွက်ဟ ကြေငြာပေးတယ်

တရားရုံးက အဲ့လိုမြွက်ဟ ကြေညာပေးပြီးပြီ ဆိုရင်တော့

သွေးသားအရ သားအရင်း သမီးအရင်းဖြစ်ပေမယ့်

ဥပဒေအရ လုံးဝသက်ဆိုင်မှု မရှိတော့တဲ့ သူစိမ်းတွေ

ဖြစ်သွားကြပြီ

အမွေခန်းလည်း လုံးဝပြတ်သွားပြီပေါ့ဗျာ

အဲ့တာက အရင်တုန်းကတော့ရတယ် အခုမရတော့တာ

များတယ်”

“ဘာဖြစ်လို့လဲ ညီလေး”


+++++++++++++++++++++++++++++++++


“အဲ့လိုသွာနုတ္တရသား/သမီးအဖြစ်မြွက်ဟကြေညာတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော် စီရင်ထုံး

အသစ်တခုထွက်လာပြီးနောက်ပိုင်း အဲ့လိုဖြစ်ကုန်ကြတာ

ကိုခင်စိုးရေ 2021 တရားစီရင်ထုံးထင်တယ်

အဲ့လိုအမှုတခု ခရိုင်တရားရုံးမှာ အဖေဖြစ်သူက

သား(၂)ယောက်ကို တရားစွဲတယ်

အဲ့ဦးလေးကြီးက အောက်ပိုင်းလေဖြတ်နေတာ ကြာပြီ

အဲ့ဦးလေးကြီးရဲ့ သားတွေကလည်း တော်တော်ဆိုးတယ်

ရှိသမျှသုံးဖြုန်းပစ်တယ်

အဲ့ဦးလေးကြီး ခေါင်းရင်းက မီးခံသေတ္တာကအစ

သယ်ထုတ်ဂလိုက်ဒါ(ဂရိုင်ဒါ)နဲ့ဖြတ် သံတူရွင်းနဲ့

ကလန့်ပြီးအထဲကပိုက်ဆံကိုယူ သုံးဖြုန်းပစ်တယ်တဲ့

အဲ့ဦးကြီးရဲ့လည်ပင်းကဆွဲကြိုးကို အတင်းဆွဲဖြတ်လို့

ဆွဲကြိုးရှပြီးလည်ပင်းပြဲထွက်သွားတာဆေးရုံပါ

တက်ရတယ်တဲ့

အဲ့တော့ ဦးလေးကြီးလည်း ကျန်တဲ့ပိုင်ဆိုင်မှုတွေ

စာရွက်စာတမ်းတွေကို သူတို့မသိအောင် သူယုံကြည်ရတဲ့

လူတယောက်ကို သိမ်းခိုင်းထားတယ်တဲ့ဗျ

သူ့သားတွေက ငွေလိုတော့ အဲ့ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကိုတောင်းတယ် ဦးလေးကြီးကလည်း လုံးဝမပေးဘူးတဲ့

နောက်တော့လေဖြတ်နေတဲ့ ဦးလေးကြီးကို သူ့သား

(၂)ယောက်က ကားပေါ်ဆွဲတင် လှည်းကူးဘက်ကို

မောင်းသွားတယ်

လူပြတ်တဲ့ တောလမ်းတနေရာရောက်တော့

ဦးလေးကြီးကို ရိုက် နှက် ထိုး ကြိတ်ပြီး စာရွက်စာတမ်းတွေ ဘယ်မှာထားလဲ မေးတယ် ဦးလေးကြီးကလည်း

လုံးဝမပြောဘူးတဲ့ အဲ့လိုနှိပ် စက် နေတုန်း

ဦးလေးကြီးက မခံနိုင်တော့လို့ ‘ကယ်ကြပါအုံး’အော်တော့ အနီးအနား စိုက်ခင်းထဲကလူတွေ ထွက်လာမှ

ဦးလေးကြီးကို ‌ကားပေါ်က တွန်းချ ညီအစ်ကို (၂)ယောက် ကားမောင်းပြီး ထွက်ပြေးသွားတယ်တဲ့

စိုက်ခင်းထဲက လူတွေအကူအညီနဲ့ အိမ်ကို

ပြန်လာရတယ်တဲ့

အဲ့ဦးလေးကြီးက သူ့သား(၂)ယောက်ကို သွာနုတ္တရသားတွေအဖြစ် တရားရုံးမှာ တရားစွဲတယ်

သား(၂)ယောက်က ရုံးကဆင့်ခေါ်တာ မလာဘူး

အဲ့တော့ တရားလိုဘက်ကိုပဲ စစ်ပြီး တဖက်သ တ် အမိန့်ချရမယ့်ကိစ္စပဲ အမှုကအရမ်းရိုးရှင်းတယ်

ဒါတောင် အဲ့စီရင်ထုံးထွက်လာတော့

ဦးလေးကြီးအမှုမနိုင်တော့ဘူး သူ့သားတွေကို

သွာနုတ္တရသားအဖြစ် တရားရုံးက မြွက်ဟမကြေငြာ

ပေးဘူးဗျ”

“တကယ်ဆို အဲ့လောက်ဆိုးနေတဲ့ သားသမီးတွေကို

သွာနုတ္တရ ကြေညာပေးသင့်တာပေါ့နော် ညီလေး”


+++++++++++++++++++++++++++++++++


“ဟုတ်တော့ ဟုတ်တယ်ဗျ

အဲ့စီရင်ထုံးကို ဖတ်ကြည့်တော့လည်း ဆုံးဖြတ်

ထားတာက ယုတ္တိရှိနေတယ်

အဲ့စီရင်ထုံးမှာ အချက်(၃)ချက်တွေ့ရတယ်”

“ဘာတွေများလဲ ညီလေး ပြောပြပါအုံး”

“ပထမအချက်က မိဘရဲ့အခွင့်အရေးဗျ

မိဘက သူသက်ရှိထင်ရှားရှိစဉ်မှာ သူပိုင်တဲ့ပစ္စည်း

သူကြိုက်သလို စီမံပိုင်ခွင့်ရှိတယ်ဗျ

ဥပမာဗျာ မိဘကသူပိုင်ဆိုင်သမျှကို အကုန်ရောင်းပြီး ဘုရားမှာလှူမလား လှူလို့ရတယ်

တခြားတယောက်ယောက်ကိုပေးမလား ပေးလို့ရတယ်

အဲ့လိုမိမိကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိနေပြီးသားကိစ္စမို့

သား/သမီးစတာတွေကို အမွေဖြတ်မည့်ကိစ္စ တရားရုံးက

ဝင်ရောက်စွက်ဖက်ဖို့ မလိုအပ်ဘူးဆိုတာက တချက်ဗျ”

“အေး ညီလေး”


“နောက်တချက်က အချိန်ကာလဗျ

မြန်မာဓလေ့ထုံးတမ်းအစဉ်အလာအရ အမွေရပိုင်ခွင့်

ရတဲ့အချိန်က မိဘဆုံးပါးတဲ့အချိန်လို့ပြောရမယ်ဗျ

တချို့မိဘတွေက မဆုံးပါးခင် သားသမီးတွေကို

အမွေခွဲပေးတာကတော့ချွင်းချက်ပေါ့

ယေဘုယျအားဖြင့် အမွေရပိုင်ခွင့် အခွင့်အရေး

ရတဲ့အချိန်ကာလဟာ မိဘဆုံးပါးတဲ့အချိန်ဖြစ်တယ်ဗျ

အခုလက်ရှိမိဘက သက်ရှိထင်ရှားရှိနေတော့

အမွေရပိုင်ခွင့်ရှိတဲ့ ကာလအပိုင်းအခြားကို

မရောက်သေးဘူး

အဲ့တော့ အမွေရပိုင်ခွင့် မရသေးခင်ကာလမှာ အဲ့အမွေရပိုင်ခွင့်နဲ့ပတ်သက်ပြီး ရုံးတော်က ကြိုတင်အမိန့်ချမှတ်တာမျိုး မလုပ်သင့်ဘူး ဆိုတဲ့အချက်ပဲ

တရားစီရင်ရေးသဘောတရားမှာက မရသေး၊ မရှိသေး၊ မဖြစ်သေးတဲ့ ကိစ္စတခုခုကို ကြိုတင်ပြီး အမိန့်ချမှတ်

တာမျိုးလုပ်လေ့မရှိဘူးတဲ့ဗျ

အဲ့တော့ သဘောသဘာဝအားဖြင့်ပြောရရင် မွေးချင်းမောင်နှမတွေမှာ တယောက်က မိဘတွေအပေါ်

ဆိုးသွမ်းတယ် ဆိုရင်တောင် မိဘသက်ရှိထင်ရှား

ရှိချိန်မှာ သွာနုတ္တအဖြစ် မြွက်ဟကြေညာပေးမှာ

မဟုတ် မိဘဆုံးပါးလို့ အမွေခွဲရမယ့်(အမွေရပိုင်ခွင့်ရှိတဲ့ကာလ)အချိန်ကျမှသာ

ကျန်တဲ့ညီအစ်ကိုမောင်နှတွေက အဲ့သားသမီးဟာ

မိဘတွေအပေါ် အင်မတန်ဆိုးသွမ်းခဲ့တဲ့အတွက်

မိဘအမွေကို မခံယူထိုက်တဲ့ သွာနုတ္တရဖြစ် မြွက်ဟကြေညာပြီး အမွေခွဲဝေတဲ့အခါမှာ သူ့ကိုခွဲမပေးဘဲ

ချန်လှပ်ထားဖို့ တရားစွဲရမည့် သဘောလို့ပြောရမှာပဲဗျ”

“အေး-ညီလေး ဆက်ပြောပါအုံး”


+++++++++++++++++++++++++++++++++


“နောက်ဆုံးတချက်ကတော့ လူ့အခွင့်အရေးနဲ့ ရိုးရာထုံးတမ်းအစဉ်အလာ ရှုထောင့်ပဲဗျ

မြန်မာ့ရိုးရာ အစဉ်အလာအရ မိဘတွေဆုံးပါးရင်

ကျန်ခဲ့တဲ့ ဆိုးမွေ/ကောင်းမွေကို သားသမီးက

လက်ခံရတာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာလို့

ပြောရမယ်ဗျ

မြန်မာစကားမှာ ‘အမွေစား၊ အမွေခံ’ ဆိုတာရှိတယ်ဗျာ

သဘောကတော့ မိဘဆုံးပါးလို့ ပိုင်ဆိုင်မှုပစ္စည်း

ကျန်ခဲ့ရင်သားသမီးကရမယ်

မိဘဆုံးပါးချိန် ဆပ်စရာအကြွေးကျန်ခဲ့ရင်လည်း

သားသမီးတွေက ဆပ်ရတယ် ဆိုတဲ့သဘောပါပဲ

အဲ့တော့ မိဘသက်ရှိထင်ရှားရှိစဉ်ကတည်းက

သွာနုတ္တရအဖြစ်ကြေညာပြီး အမွေခန်းဖြတ်လိုက်တာက

ဓလေ့ထုံးတမ်းအစဉ်အလာအရ သားသမီးရရှိမည့်အခွင့်အရေး(Virtual right)ကိုထိခိုက်စေတယ်ဆိုတဲ့

သဘောပဲဗျ

ဒါကတော့ အဲ့စီရင်ထုံးကို ဖတ်ပြီး ကျွန်တော် မှတ်သားမိသလောက် ပြောပြတာပါ”

“အဲ့တာဆိုရင် သားသမီးကို ဆိုးလွန်းလို့ မိဘတွေက

သွာနုတ္တရကြေငြာဖို့ တရားစွဲလည်း ဘာအကျိုးမှ

မထူးဘူးပေါ့နော်”


“အဲ့လို‌လည်းမဟုတ်သေးဘူး အကျိုးရှိတဲ့အပိုင်းလည်း

ရှိတယ်ဗျ

သွာနုတ္တရအဖြစ်မြွက်ဟ ကြေညာပေးဖို့ မိဘတွေက

သားသမီးကို တရားစွဲတယ်

ရုံးက သက်သေအထောက်အထားတွေ အကုန်စစ်တယ်

နောက်ဆုံးအမိန့်ချတဲ့အခါမှာတော့ စောစောက ပြောခဲ့တဲ့

စီရင်ထုံးကို ကိုးကားပြီး သွာနုတ္တရအဖြစ်

မကြေညာပေးဘူး ဆိုတဲ့ အမိန့်ချတယ်ဆိုပါစို့ဗျာ

သာမာန်အားဖြင့် ကြည့်ရင်အမှုရှုံးတယ်ပေါ့ဗျာ

ဒါပေမယ့် အကျိုးရှိတဲ့အချက်တွေရှိတယ်

မိဘဆုံးပါးလို့ ကျန်တဲ့ညီအစ်ကိုမောင်နှမတွေက

သူ့ကို မိဘအမွေမခံထိုက်တဲ့ သွာနုတ္တရအဖြစ် တရားစွဲတဲ့အခါ စောစောက မိဘတွေကိုယ်တိုင်သူ့ကိုတရားစွဲခဲ့တယ်ဆိုတဲ့အချက် ရုံးအမှုတွဲမှာမှတ်တမ်းဝင်ပြီးသား

ရှိနေတယ်

မိဘတွေကိုယ်တိုင် ထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက်တွေ၊

မိဘတွေ တင်ပြခဲ့တဲ့ သက်သေခံအထောက်အထား

တွေရုံးအမှုတွဲထဲမှာ ရှိနေပြီးသား ဖြစ်နေတယ်

သွာနုတ္တအဖြစ်ကြေညာပေးမှာမဟုတ်ပေမယ့်

မိဘတွေက သက်ရှိထင်ရှားရှိနေတုန်း တရားစွဲ

ထားခဲ့တော့ မိဘဆုံးပါးတဲ့အချိန် ကျန်တဲ့ညီအစ်ကို

မောင်နှမတွေ သူ့ကို အမွေမပေးဘဲ ချန်လှပ်ထားခဲ့ဖို့

တရားစွဲတဲ့အခါ မိဘတွေကိုယ်တိုင် သွာနုတ္တရအဖြစ်

ကြေညာပေးဖို့ တရားစွဲခဲ့တယ်ဆိုတဲ့အချက်၊

မိဘတွေအပေါ် ဘယ်လိုဆိုးသွမ်းခဲ့တယ်ဆိုတဲ့

မိဘတွေရဲ့ ထွက်ဆိုချက်၊ တင်သွင်းခဲ့တဲ့ သက်သေခံ

အထောက်အထားကြောင့် အမှုကိုပိုပြီး ခိုင်မာအားကောင်းစေတယ်ဗျ”


+++++++++++++++++++++++++++++++++


“အစ်ကို သဘောပေါက်ပြီ ညီလေးရေ

အဲ့တော့ လတ်တလော အရှုတ်အရှင်းကို ရှောင်ရှားဖို့

သတင်းစာထဲ ကြော်ငြာရမယ်၊ နောက်ပိုင်း မိဘတွေ

ဆုံးလို့ အမွေခွဲတဲ့အချိန် သူ့ကိုအမွေမပေးဘဲ ချန်လှပ်ခဲ့ဖို့

တခြားညီအစ်ကို မောင်နှမတွေကတရားစွဲတဲ့အခါ

အမှုပိုခိုင်မာအောင် မိဘတွေကိုယ်တိုင်က သွာနုတ္တရအဖြစ်ကြေညာပေးဖို့ တရားစွဲထားရမယ် ဆိုတဲ့ သဘောပေါ့”

“အမှန်ပဲ ကိုခင်စိုးရေ”


“ကျေးဇူးပဲ ညီလေးရာ အစ်ကို့ဦးလေး လင်မယားလည်း

အသက်ကြီးမှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေတယ်ကွာ

အစ်ကိုလည်း ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိလို့

ငါ့ညီနဲ့ လာတိုင်ပင်တာ အခုလိုရှင်းပြပေးတာ

ကျေးဇူးပဲကွာ”

“ရပါတယ်ဗျာ ဒါက အပန်းကြီးတဲ့ ကိစ္စမှမဟုတ်တာ”

“ဒါနဲ့ ညီလေး မင်းက ဥပဒေနဲ့ကျောင်းပြီးတာလည်း

မဟုတ်ဘဲ ဒါတွေ ဘယ်လိုလုပ်သိတာလဲ”

“ဒီလိုပဲ လေ့လာရတော့ ကိုခင်စိုးရာ”


စိတ်ထဲမှာတော့ သားသမီးဆိုးမိဘ အိုဒုက္ခ

စိတ်မသက်သာစရာပါလားလို့တွေးရင်း–


#ကိုရွှေတိုး