ဘာရမလဲငါကွ
------------------
ဦးဘပုသည် မြို့မှပြန်အလာ တောလမ်းခရီးတွင် ဓားပြအတိုက်ခံရသည်။
သူ့ထံတွင် ဆရာတော်ကမှာလိုက်သည့် ကြေးပုတီး၊ သူ့ဇနီးအတွက် ဝယ်လာသည့် ရွှေဆွဲကြိုးတစ်ကုံးနှင့် ပါတိတ်ထဘီ နှစ်ထည်၊ မြို့တွင် နွားရောင်းပြီးလာသည့် ငွေသား သုံးထောင်ခန့် ပြန်ပါလာသည်။
နွားပွဲမှာကတည်းက သူသည် လူစိမ်းသုံးယောက်ကို မသင်္ကာဖြစ်နေသည်။ ထိုသုံးရောက်သည် သူ့ထံမှ နွားဝယ်မလိုလိုနှင့် ဈေးတွေလာစုံစမ်းသည်။ နောက်ဆုံး နွားရောင်းပြီးသည့်အခါတွင်လည်း စကားရော ဖောရောနှင့် သူ့နွားမှာ ထို့ထက်ပိုရသင့်ကြောင်းတွေ လာပြောပြန်သည်။ သူက ထိုလူတွေကို ဈေးမှာ ကတည်းက မသင်္ကာဖြစ်နေသည်။
လှပန်းတောရွာကို ပြန်လာရသည့်လမ်းသည် တောအုပ်သုံးခုကို ဖြတ်ရသည်။ ခေတ်အနေအထားကလည်း ရောင်စုံသူပုန်တွေ သောင်းကျန်းနေသဖြင့် လူစုလူဝေးနှင့်မှ သွားလာရဲသောခေတ်ဖြစ်သည်။ ဦးဘပု သည်လည်း ခေသူတစ်ဦးတော့မဟုတ်။ သူလည်း တစ်ချိန်က ဓားပြတစ်ဦးဖြစ်ခဲ့ပြီး ယခုမှ သူတော်ကောင်း ယောင်ဆောင်ကာ နေသူဖြစ်သည်။ “ဘပု” ဆိုသည့်နာမည်တစ်လုံးနှင့်နေသူဖြစ်သည်။ သူ့ရွာတွင်တော့ သူ့ကို ကြောက်ကြသည်။
သူကရွာပြန်မည်ဆိုပြီး ဈေးထိပ်တွင်ကားသွားစောင့်သည်။ ဖြစ်ချင်တော့ ကားကပျက်နေသည်။ သူ့မှာ မြို့တွင် တည်းခိုစရာမရှိ။ သူ့လက်ထဲတွင် နွားရောင်းရသည့်ငွေနှင့် ထမင်းဆိုင်တွင်တည်းခိုရမည်ကိုလည်း စိတ်မချ။ ထို့ကြောင့် အိမ်တွင်သုံးရန်ဆိုကာ ဓားမကောင်းကောင်းတစ်ချောင်းဝယ်ပြီး အဆောင်အဖြစ်ထားကာ ၁၃ မိုင် ခန့်ဝေးသည့် လှပန်းရွာကို ခြေကျင်ပြန်ခဲ့သည်။
ကျွန်းတောမအလွန် စလင်းကုန်းအတက်တွင် သူ့ကို ဓားပြတိုက်တော့သည်။
“ဟိတ် မပြေးနဲ့”
သူကရပ်လိုက်သည်။
ဓားပြသုံးယောက်သည် လုပ်သေနတ်တစ်လက်နှင့် သူ့ရှေ့က ပေါ်လာသည်။ နွားပွဲတွင်တွေ့ခဲ့သူတွေဖြစ်သည်။
သူက ပလိုင်းထဲက ဓားမကိုဆွဲထုတ်ချိန်ပင်မရလိုက်။ ဓားပြတစ်ယောက်က သူ့ဘေးကိုရောက်လာပြီး ပလိုင်းကို ဆွဲလုရာ ကြိုးပြတ်ပြီး ပါသွားသည်။
ပလိုင်းထဲထည့်လာသည့် သူ့ပစ္စည်းတွေအကုန် ဓားပြတွေနောက်ပါသွားသည်။ ငွေတွေလည်း အကုန်ပါသွား သည်။ သူသည်စိတ်ပျက်စွာနှင့် ရွာကိုလက်ဗလာပြန်လာသည်။
“ဘပုဓားပြအတိုက်ခံရလို့” ဆိုသည့် သတင်းစကားသည်တစ်ရွာလုံးပျံ့သွားသည်။
သူကြီးအိမ်ကိုသူရောက်လာသည်။
“ဟဲ့ဘပု မင်းဓားပြအတိုက်ခံရတယ်ဆို”
“ဟုတ်တယ်ကွ”
“အလိုကွယ် မင်းဗလကြီးနဲ့ ခံမချဘူးလား”
“သူတို့က သုံးယောက်တောင်”
“မင်းက ငါးယောက်လောက်တောင် ကိုင်ပေါက်နိုင်တယ်ဆိုကွ”
“သူတို့လက်ထဲမှာ သေနတ်နဲ့ကွ”
“ဘာဖြစ်ဖြစ် မင်းဒီအတိုင်းအညံ့ခံခဲ့တာတော့ ဒီရွာမှာ မင်းသမိုင်းရိုင်းသွားပြီထင်တယ်”
“မရိုင်းပါဘူး”
“ဘာဖြစ်လို့လဲ”
“ဓားပြတွေက ကျုပ်ဆီက ပစ္စည်းတွေအကုန်ယူသွားပြီး ကျုပ်ကို စည်းဝိုင်းတစ်ခုဝိုင်းပြီး အထဲမှာ ရပ်ခိုင်း တယ်လေ”
“အဲဒီတော့”
“သူတို့က ကျုပ်ကို နောက် တစ်နာရီအတွင်း အဲဒီစည်းဝိုင်းထဲကမထွက်နဲ့လို့ပြောပြီး တောထဲကို ဝင်ပြေး ကြတာဗျ”
နားထောင်နေသူတွေက စိတ်ဝင်စားကာ
“ပြောစမ်းပါ နောက်ကလိုက်ပြီး ချရောလား”
“သူတို့လည်း ထွက်သွားရော ဘပုပဲ ဘာရမလဲ ကျုပ်စည်းဝိုင်းထဲကနေ အပြင်ကို ခုန်ထွက်လိုက်၊ ပြန်ဝင်လိုက် ဆယ်ကြိမ်လောက် လုပ်ပစ်လိုက်တာ။ ငါးမိနစ်နဲ့ ကိုယ့်ရွာ ကိုယ်ပြန်ခဲ့တာပေါ့။ ဘာရမလဲ ငါကွ”
ယင်းကား ဘပုသတ္တိဖြစ်ပေတော့သည်။
တင်ညွန့်
၂၄.၁.၂၀၂၆